အပြင်ဘက်ရှိ လူတိုင်းမှာ အချိန်များ ကုန်ဆုံးလာသည်နှင့် အမျှ ပို၍ စိတ်လှုပ်ရှားလာကြတော့သည်။ တွင်းအထဲတွင်တော့ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး ပျော်ရွှင်မှုများဖြင့် မျက်ခုံးများပင့်တက်နေတော့သည်။
ယခုအခါ သူ့တွင်ရှိသမျှ ဝိညာဥ်စုစည်းဆေးလုံးများ ကုန်သလောက်ဖြစ်နေလေပြီ။ ဆေးလုံး ထောင်များစွာ သုံးပစ်ခဲ့ပြီး တစ်နေ့လုံးပင်ကြာသွားခဲ့သည် ဖြစ်ရာ သူသည် ဝိညာဥ်သန်းပေါင်းများစွာ စုဆောင်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြနေသည်။
သူ၏ အိတ်ထဲရှိ ဝိညာဥ်စက်လုံးထောင်ပေါင်းများစွာကို စစ်ကြည့်လိုက်သည့်အချိန်တိုင်း သူ့ထံသို့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များ လာနေသည်ကို မြင်နေရပြီး သူ မည်မျှ အံ့သြဖွယ်ကောင်းကြောင်း မတွေးပဲ မတွေးနိုင်တော့ပေ။
” ငါ သေချာပေါက် စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ရမယ်။ ”
သူက စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများ ဝင်းလက်နေရင်း ကျယ်လောက်စွာ ဟစ်ကြွေးလိုက်လေသည်။ သူ၏ နောက်ဆုံးလက်ကျန် ဝိညာဥ်စုစည်းဆေးလုံးများကို အသုံးပြုပြီးနောက် အတန်ငယ် နှမြောတသဖြစ်လျက် သူ့အိတ်ကို ပုတ်လိုက်လေသည်။
” ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိလို့ကတော့ ပြင်ဆင်ပြီးလာပါတယ်ကွာ ”
ထိုနေရာတွင် ဝိညာဥ်များ မရေမတွက်နိုင်အောင် ရှိနေသေသည်။ သူသည် ရွှေတောင်ကြီးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသော်လည်း ထိပ်ပိုင်းလေးတင် မြင်နေရသည့်အလား ခံစားသွားတော့သည်။
ထွက်မသွားချင်သည့် ခံစားချက်ကြီးက သူ့ကို သက်ပြင်းများစွာ ချမိသွားစေသည်။
” အင်း.. ငါ ဘာမှ မလုပ်နိုင်တော့တာပဲလေ ”
သူက အံတင်းတင်းကြိတ်၍ ရဲရဲနီနေသော မျက်လုံးများဖြင့် တွေးလိုက်သည်။
” အပြင်ဘက်က ငါ့ညီအစ်ကိုတွေရဲ့ လုံခြုံမှုအတွက် ပြန်တက်သင့်နေပြီ။ ပြီးရင် ဝိညာဥ်စုစည်းဆေးတွေ ဖော်ပြီးမှ ပြန်လာလို့ရတယ် ”
စစ်ဦးစီးမှူးအဆင့်သို့ မြှင့်တင်ပေးနိုင်သည့် အမုန်းဝိညာဥ်များလုံလောက်သည်ထက်ပိုသည်မှာ အသေအချာပင်။ လက်တစ်လှမ်းလေးတင် ရာထူးတိုးတော့မည့် ခံစားချက်က အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး စစ်ဦးစီးမှူးတစ်ယောက်ဖြစ်သည်နှင့် သူ့ဘဝ မည်မျှခြားနားသွားမည်ကို တွေးလိုက်ရုံနှင့် သူ၏ ရင်ခုန်သံ မြန်ဆန်လာတော့သည်။ နောက်ဆုံး၌ သူကလှည့်၍ တွင်းထဲမှ ထွက်လိုက်တော့သည်။
အပေါက်ဝထံသို့ သူပျံထွက်လိုက်သည်နှင့် သူ့တပ်ရင်းရှိ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆတ်ခနဲ ကိုယ်ကို မတ်လိုက်ကြပြီး သူ၏အမိန့်များကို စောင့်လိုက်ကြသည်။ ကျင့်ကြံသူ အဘိုးအိုမှာမူ နှလုံးကို ဆောင့်တိုက်နေသော တုန်လှုပ်ခြင်းလှိုင်းများကြောင့် တစ်ကိုယ်လုံးတုန်ရီနေလေသည်။
သိသာစွာပင် ပိုင်ရှောင်ချန်းက အနည်းငယ်မျှ မထိခိုက်ပေ။ သူ၏ မျက်လုံးများမှာ ရဲရဲနီနေပြီး အလွန် ပင်ပန်းနွမ်းနယ်နေသော်လည်း တက်ကြွနေသေးသည်။ ထိုအရာအားလုံးက အဘိုးအိုကို သူ၏ယူဆချက်များ မှန်ကန်ကြောင်း ယုံကြည်သွားစေတော့သည်။
” သေချာပေါက် နတ်အဆင့်ကျင့်ကြံသူပဲ… ”
အဘိုးအိုမှာ မျက်ရည်များဝဲလျက် တွေးလိုက်လေသည်။ သူပြောနိုင်သမျှကတော့ နတ်အဆင့်ကျင့်ကြံသူမှလွဲ၍ မည်သူမျှ ဤသို့ ကြောက်မက်ဖွယ်တွင်းကြီးထဲတွင် ထိခိုက်မှုတစ်စုံတရာမရှိပဲ တစ်ရက်ရှင်သန်နိုင်မည်မဟုတ်ပေ။
” ဘာကြောင့် နတ်အဆင့်ကျင့်ကြံသူ ငါ့ကို ရွေးလိုက်ရတာတုံး ”
သူက ပိုင်ရှောင်ချန်းကို စိတ်ပျက်လက်ပျက် စိုက်ကြည့်ရင်း တွေးလိုက်လေသည်။
လူတိုင်းကြည့်နေစဥ်တွင် တွင်းပေါက်ဝ၌ ပိုင်ရှောင်ချန်းက အခြေခံမန္တန်အစီအရင်တစ်ခု နေရာချလိုက်ပြီး ပျံသန်းလာကာ သူ၏ အင်္ကျီလက်စကို ခါ၍ ပြောလေသည်။
“မဟာတံတိုင်းကို ပြန်ကြစို့ ”
တပ်ရင်းရှိ ကျင့်ကြံသူများမှာ ထိုအခါတွင်မှ စိတ်သက်သာရာရပြီး သက်ပြင်းများ ချလိုက်လေသည်။
သူတို့အားလုံးသည် ကျော်ကြားသောအရာရှိတစ်ဦး၏ ခေါင်းဆောင်မှုအောက်ရှိ အတွေ့အကြုံရင့်ကျက်သော တပ်သားများဖြစ်သော်လည်း မဟာတံတိုင်းမှ အချိန်အတန်ကြာ ဝေးကွာနေခဲ့လေသည်။ ထို့ပြင် ဤပတ်ဝန်းကျင်သည် အလွန့်အလွန် တိတ်ဆိတ်ငြိမ်သက်လွန်းလှ၏။ ဤနေရာရှိ သဘာဝ အတားအဆီးမန္တန်များေကြာင့် ထူးဆန်းသော သဘာဝဖြစ်စဥ်များကို မည်သူမျှ အာရုံမရစေသည့် အကြောင်းအရင်း ဖြစ်တန်ရာသည်ဟု သူတို့ ပြောနိုင်သော်လည်း တစ်နေရာထဲတွင် ကြာကြာနေခြင်းက အန္တရာယ်များသည်ဟုလည်း သိထားကြလေသည်။
အကယ်၍ မြေရိုင်းဒေသရှိ အင်အားကြီးသောအဖွဲ့တစ်ခုခု ရောက်လာခဲ့သည်ရှိသော် ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရခြင်းအားဖြင့် သူတို့ အဆုံးသတ်သွားရလိမ့်မည်မှာ အသေအချာပင်။
ထို့ကြောင့် ပိုင်ရှောင်ချန်း၏နှုတ်မှ အမိန့်များထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က လူစုခွဲလိုက်ကြပြီး မဟာတံတိုင်းထံပြန်ရန် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်း အသီးအသီး ခွဲသွားကြသည်။
ပိုင်ရှောင်ချန်းမှာ သူ၏ ယခင်လာရာလမ်းကြောင်းအတိုင်း ပြန်လာခဲ့ေလသည်။ အတန်ငယ် ရှေ့ဆက်သွားပြီးနောက် သူက တွင်းရှိရာဘက် ပြန်လှည့်ကြည့်ပြီး မရေမတွက်နိုင်သော အရိပ်များထပ်နေသည့် တောင်စဥ်တောင်တန်းတစ်ခုမှလွဲ၍ မည်သို့မျှဖြစ်ဟန်မတူသည်ကို မြင်လိုက်ရလေသည်။ ထိုနေရာမှ မည်သည့်အသံမျှပင် ထွက်မလာချေ။
လက်ရှိအချိန်မှာ ညဥ့်အတော်နက်နေကြောင်း ထည့်တွက်ကြည့်ပါက မရေမတွက်နိုင်သော အရိပ်များမှာ အလွန် စိတ်ထင့်စရာပင်။
” အဲဒီက အတားအဆီးမန္တန်တွေက တကယ်ကြီး သဘာဝတရားများလား ”
သူကတွေးလိုက်သည်။ ဧရာမမိကျောင်းအရိုးစုကြီး၏ ပုံရိပ်ကို ပြန်စဥ်းစားနေရင်း တိတ်ဆိတ်စွာ လှည့်၍ မဟာတံတိုင်းထံ ပြန်သွားလိုက်သည်။
သူ၏ တံတိုင်းမှ ထွက်ခွာလာခဲ့သော ကနဦး ခရီးစဥ်တွင် လမ်းတစ်လျှောက် သတိကြီးကြီးဖြင့် သွားခဲ့ရသည်။ အပြန်လမ်းတွင် သတိထားနေသေးသော်လည်း အတော်အတန်ခြားနားသော ခံစားချက်ဖြစ်ပေါ်နေလေသည်။ ထို့အပြင် အပြန်ခရီးစဥ်သည် အလွန် အဆင်ပြေ ချောချောမွေ့မွေ့ပင်။ အမုန်းဝိညာဥ်အဖွဲ့အနည်းငယ်နှင့် ပက်ပင်းတိုးသော်လည်း သူ့ကို အရှိန်လျော့မသွားစေဘဲ အချိန်အနည်းငယ်အတွင်း မဟာတံတိုင်းကြီး၏ မြင်ကွင်းအတွင်းရောက်လာတော့သည်။
ယခုအချိန်က အပြင်ဘက်သို့ထွက်လာသည့် သူ၏ တတိယမြောက်နေ့ ရောက်နီလာနေသည့်အချိန်သာ ရှိသေးသည်။ မြေပြင်များတွင် အမှောင်ထုများ ကြီးစိုးထားသော်လည်း တံတိုင်းပေါ်ရှိ မန္တန်အစီအရင်အကာအကွယ်သည် ကြည့်လိုက်သည့်မည်သူ့ကိုမဆို အံ့သြတုန်လှုပ်သွားစေမည့် အံ့မခန်းစွမ်းအားများ ထုတ်လွှတ်နေသော ဧရာမနဂါးကြီးအလားပင်။
အမှန်တွင် ပိုင်ရှောင်ချန်းနှင့် သူ၏တပ်ရင်းမှာ မဟာတံတိုင်း၏မြင်ကွင်းကို မြင်သားကျနေပြီဖြစ်သော်လည်း ဝိညာဥ်ကျင့်ကြံသူအဘိုးအိုကတော့ မဟုတ်ပေ။ သူက ယခင်ထက်ပင် တဆတ်ဆတ်တုန်ရီလာလေတော့သည်။ သို့သော် တပ်ရင်း၏ ကျင့်ကြံသူများ သူတို့၏ သက်သေခံလည်ဆွဲများကို ထုတ်၍ ဝင်ပေါက်ငယ်များထဲမှ တစ်ခုကို ဖြတ်ကာ မဟာတံတိုင်းထဲဝင်သွားစဥ်တွင် သူ မည်သို့မျှ မတတ်နိုင်တော့ပေ။
ထိုနေရာရောက်သည့်တိုင်အောင် အဘိုးအိုမှာ ပိုင်ရှောင်ချန်းက မည်သူမည်ဝါမှန်း မတွေးတတ်သေးပေ။ မဟာတံတိုင်းမြို့တော်ထဲ ဝင်ပြီးနောက် ကျင့်ကြံသူများက သူ့ကို တပ်စခန်း၏ အကျဥ်းထောင်သို့ ပို့လိုက်ကာ စစ်ဆေးမေးမြန်းရန်အတွက် စစ်ဆေးသူများထံ လွှဲပေးလိုက်လေသည်။
သူ၏ တပ်ရင်းရှိ လူတစ်ထောင်အတွက်မူ ပိုင်ရှောင်ချန်းက ကပ်စေးနှဲမနေပေ။ သူတို့ ပြန်လည်စုလိုက်သည်နှင့် သူက တစ်ယောက်ချင်းစီအား ဝိညာဥ်စက်လုံးတစ်လုံးစီ ချီးမြှင့်ပေးလေသည်။
သူတို့ကို ပေးသည့် ဝိညာဥ်တစ်သောင်းမှာ များများစားစားမဟုတ်သော်လည်း ပိုင်ရှောင်ချန်းက စုစုပေါင်းဝိညာဥ်ဆယ်သန်းမျှသာ စုဆောင်းခဲ့ကြောင်း ပြန်စဥ်းစားကြည့်လျှင် ပမာဏများနေသေးသည်။ ၄င်းမှာ ပိုင်လင်းနှင့် အခြားစစ်သူကြီးများပင်လျှင် ဆုလာဘ်အဖြစ် ပေးမည့် ပမာဏမျိုးမဟုတ်ပေ။
” ညီအစ်ကိုတို့ ကျုပ်နဲ့သာ နေပါ။ မင်းတို့ သောက်ဖို့ အရက်တွေ၊ စားဖို့ အသားတွေ အမြဲရနေလိမ့်မယ်။ ကျုပ် ကောင်းတာတွေ ဖြစ်ရင် မင်းတို့ကို မေ့မှာ မဟုတ်ဘူး ”
သူ့လူများ၏ မျက်လုံးများမှာ ပို၍ တောက်ပစွာ လင်းလက်လာသည်သာမက အပြင်ဘက်တွင် ဖြစ်ပွားခဲ့သောကိစ္စများကို ရေငုံနှုတ်ပိတ်ထားရန် ပိုင်ရှောင်ချန်းမှ သတိပေးစရာပင် မလိုပေ။
ပိုင်ရှောင်ချန်းက အချိန်ဖြုန်းမနေပေ။ တပ်သားများကို ဆုလာဘ်များ ပေးကမ်းပြီးနောက် သူ အနားမယူဘဲ ထိုအစား ဆေးဖော်ရန် သူ၏ နေအိမ်သို့ စိတ်လှုပ်တရှား သွားလိုက်၏။ သူ၏ အဓိက ပန်းတိုင်မှာ အချိန်တိုအတွင်း ဝိညာဥ်စုစည်းဆေးလုံးများ များနိုင်သမျှများများ ဖော်ရန်ဖြစ်သည်။
ဝိညာဥ်ဦးချို တာဝန်အတွက်မူ သူက ကျောက်လုံနှင့်အခြားလူတချို့ကို သွားအပ်ခိုင်းလိုက်သည်။ သူတို့သွားပြီး မကြာမီ ပိုင်ရှောင်ချန်း၏ သက်သေခံ အမိန့်လည်ဆွဲမှာ တုန်ခါလာပြီး တိုက်ပွဲစွမ်းဆောင်မှုရမှတ် ဆယ်သိန်း ထည့်ပေါင်းလိုက်သောကြောင့် တောက်ပနေသော အနီရောင်အလင်းများ ထုတ်လွှတ်လိုက်လေသည်။
နောက်ထပ်သုံးရက်ကုန်ဆုံးသွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းက လုံးဝ အနားမယူပေ။ မျက်လုံးများရဲရဲနီလျက် ဝိညာဥ်စုစည်းဆေးလုံးတစ်သုတ်ပြီး တစ်သုတ်ပြုလုပ်ရင်း အရူးတစ်ယောက်ကဲ့သို့ ဆေးဖော်နေတော့သည်။ သူ့မှာရှိသော ဆေးလုံးအချို့အပါအဝင် ယခုအခါ ငါးထောင်ကျော်ရှိနေလေရာ ထပ်စောင့်မနေနိုင်တော့ပေ။
” အချိန်ကြန့်ကြာတာက အမြဲ ဒုက္ခရောက်စေတယ်။ ငါကြာကြာစောင့်နေတာနဲ့ တစ်ယောက်ယောက် ရှာတွေ့သွားနိုင်တယ် ”
ထိုအချိန်တွင် သူက စစ်ဦးစီးမှူးအဖြစ် ရာထူးတက်မည်မှာ ယခင်ထက်ပိုဖြစ်နိုင်နေတော့သည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်၍ စိတ်ရှိအတိုင်း ပြုမူလိုက်တော့သည်။ ညအချိန်ကျရောက်လာသောအခါ သူက သူထွက်သွားကြောင်း မည်သူ့ကိုမှ အသိမပေးပဲ ဌာနချုပ်မှ ခိုးထွက်လိုက်လေသည်။ သူ၏ ထာဝရအရွတ်အကြောများနှင့် သူဉာဏ်အလင်းရခဲ့သော ထာဝရပြုစားခြင်းသိုင်းကျမ်းမှ နတ်ဘုရားစွမ်းရည်များကို အသုံးချရင်း မြို့တော်မှ ထွက်ခွာလိုက်လေသည်။
သူပျောက်ကွယ်သွားပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကို စုတ်ဖြဲလိုက်သည့်အလား နောက်တစ်ဖန် ခံစားလိုက်ရလေသည်။။ အချိန်အနည်းငယ်ကုန်လွန်သွားပြီးနောက် မဟာတံတိုင်း၏ အပြင်ဘက် စစ်မြေပြင်ပေါ်တွင် ပြန်ပေါ်လာတော့သည်။ ထို့နောက် တုံ့ဆိုင်းခြင်း အလျဥ်းမရှိပဲ သူက ညအမှောင်ထဲသို့ ပြေးဝင်သွားတော့သည်။
အမှန်ပင် သူက မျက်နှာဖုံးကို ဝတ်ဆင်ထားပြီးလေပြီ။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါနှင့်တကွ ၄င်းထုတ်လွှတ်နေသည့် ဝိညာဥ်အငွေ့အသက်များအရ လမ်းတစ်လျှောက် သူ့ကို မြင်သည့် မည်သည့် လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမဆို မည်သူမှ ရန်မစနိုင်သည့်လူတစ်ယောက်အဖြစ် မြင်သွားမည်မှာ အသေအချာပင်။
သူထုတ်နိုင်သမျှ အရှိန်ကုန်ထုတ်ပြီးနောက် မကြာမီ ပိုင်ရှောင်ချန်းသည် ယခင်ရက်အနည်းငယ်က သူထွက်ခွာခဲ့သော ထိုအရိပ်များအုပ်မိုးနေသည့် တောင်တန်းများထံ ရောက်သွားတော့သည်။ သူက နောက်မှအလိုက်မခံရကြောင်း သေချာအောင်လုပ်ရင်း တောင်တန်းများထံ ဦးတည်လိုက်သည်။
သို့သော် နေရာအနှံ့ရှာပြီးနောက် တွင်းကြီးကို မည်သည့်နေရာတွင်မှ ရှာမရသောကြောင့် သူမျက်နှာပျက်သွားတော့သည်။
” သေချာပေါက် ဒီနေရာပါပဲ….. ဘာလို့ ဒီမှာ မရှိတာတုန်း။ အတားအဆီးမန္တန်တွေနဲ့များ ဆိုင်နေမလား။ ”
အကြိမ်အနည်းငယ် လှည့်ပတ်ရှာပြီးနောက်ဆုံးတွင် သူ၏ တတိယမျက်လုံးကို ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုသည်ကပင် မည်သို့မျှ မသိရပေ။
လူအများစုဆိုလျှင် ထိုအချိန်တွင် လက်လျှော့လိုက်လိမ့်မည်။ သို့သော် ပိုင်ရှောင်ချန်းသည် လက်လျှော့လိုစိတ် လုံးဝမရှိပေ။ သူက ကောင်းကင်တံတား ဓမ္မမျက်လုံးအား မကြာခဏ ဆင့်ခေါ်ရင်း ဟိုဟိုသည်သည် ဆက်ရှာနေလေသည်။ အချိန်များစွာကုန်လွန်သွားပြီး မိုးသောက်ချိန်နီးကပ်လာပြီးနောက် တောင်များဖြစ်သည့် မရေမတွက်နိုင်သော ထပ်နေသည့် အရိပ်များသည် ရုတ်တရက် အထက်သို့ တလိပ်လိပ်တက်လာလေသည်။
” ဒီလိုပါလား ”
ပိုင်ရှောင်ချန်းက ဝင်းလက်သွားသော အမူအရာဖြင့် တွေးလိုက်လေသည်။