Switch Mode

အခန်း ( ၅၁၇ )

နတ်အဆင့်ကျင့်ကြံသူ ပေလား

ပိုင်ရှောင်ချန်းတပ်ရင်းရှိ လူတစ်ထောင်မှာ အံ့သြတုန်လှုပ်ခြင်းနှင့် စိတ်အားထက်သန်မှုများ ဒွန်တွဲလျက် ကြည့်လိုက်ကြသည်။ သို့သော်လည်း စစ်တပ်တွင် ပိုင်ရှောင်ချန်းက မည်သူမည်ဝါဖြစ်ကြောင်း ပြန်စဥ်းစားကြည့်လိုက်သောအခါ သူနှင့်ဆိုလျှင် ဖြစ်နိုင်မှုနယ်ပယ်ကို မကျော်လွန်သော အရာဟူ၍ မရှိကြောင်း သဘောပေါက်သွားကြသည်။

သူသည်ကား မဟာသမားတော်ပိုင်ပင်။ မြေရိုင်းဒေသသေမိန့်ကျစာရင်းပေါ်ရှိ ထိပ်ဆုံးဆယ်ယောက်ဝင် ဖြစ်သည်။ သူသည် တိုက်ပွဲတစ်ပွဲတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် ချေမှုန်းခဲ့သည်။

သူ အမုန်းဝိညာဥ်မည်မျှ အဆုံးသတ်ပေးခဲ့သည်ဆိုလျှင် ပြောပြရန်ပင် မဖြစ်နိုင်ပေ။ အမှန်တွင် သူ့ကို အမုန်းဝိညာဥ်များ၏ အဆိပ်ဟု ခေါ်သည်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။

ထိုကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကို စုံလုံးကန်းနေသော လေးစားမှုများဖြင့် မြင်ကြလေရာ ထိုကိစ္စကို ဟန်မပျက်ဆက်ကြည့်နေနိုင်လေသည်။ သို့သော် ကျင့်ကြံသူ အဘိုးအိုမှာမူ အလွန်အံ့သြတုန်လှုပ်သွား၍ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးချာချာလည်သွားသည့်အလား ခံစားလိုက်ရတော့သည်။

” ဘယ်လို…ဘယ်လိုလုပ်…ဖြစ်နိုင်မှာလဲ ”

” အဲ…. အဲဒီမှာ… ဝိညာဥ်သန်းပေါင်းများစွာ ရှိတာလေ။ ဒ…ဒါ…ဒါက…”
အဘိုးအိုမှာ စကားကိုပင် အဆီအငေါ်တည့်အောင် မပြောနိုင်တော့သော အခြေအနေသို့ပင် ရောက်သွားတော့သည်။ စောစောက သူကိုယ်တိုင် ကြုံတွေ့ခဲ့သောအရာကို ပြန်စဥ်းစားကြည့်ပါက ပိုင်ရှောင်ချန်း လုံးဝတည်ငြိမ်စွာပြုမူနေသောဖြစ်ရပ်မှာ လက်ခံရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် နောက်ထပ်ဖြစ်လာသည်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။ အဘိုးအိုမှာ လဲကျတော့မတတ် ယိုင်နဲ့နဲ့ ဖြစ်နေချိန် ပိုင်ရှောင်ချန်းက နောက်ထပ် ဝိညာဥ် စုစည်းဆေးလုံးထုတ်၍ ချေပစ်လိုက်သည်။ ချက်ချင်းပင် ဝိညာဥ်များစွာ စုပ်ယူခံလိုက်ရကာ သူက နောက်ဆေးလုံးထပ်ထုတ်လိုက်ပြန်သည်။

ဤသို့ဖြင့် ပိုင်ရှောင်ချန်က တွင်း၏ အနက်ပိုင်းထဲသို့ ဆက်ဝင်သွားတော့သည်။ လမ်းတစ်လျှောက် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူက ဝိညာဥ်စုစည်းဆေးလုံး နောက်တစ်လုံးကိုထုတ်လိုက်ပြန်သည်။ ဝိညာဥ် တစ်သောင်း။ သုံးသောင်း။ ငါးသောင်း။ တစ်သိန်း…..နှစ်သိန်း… ငါးသိန်း….။ မကြာမီ ပိုင်ရှောင်ချန်းသည် ဝိညာဥ်ဆယ်သိန်း အနည်းဆုံးစုဆောင်းပြီးသွားလေပြီ။ ထို့ပြင် သူက အားတစ်ချက်ကလေးပင် မထုတ်လိုက်ရပေ။

တွင်း၏ ဝင်ပေါက်တွင် ဝိညာဥ် ဆယ်သန်းကျော် တည်ရှိလေရာ ပိုင်ရှောင်ချန်းစုဆောင်းလိုက်သော ဝိညာဥ်များမှာ ဆယ်ရာခိုင်နှုန်းကျော်ရှိကြောင်း သိသာလေသည်။ ဝိညာဥ်ကျင့်ကြံသူအဘိုးအိုမှာ လုံးလုံးလျားလျား အံအားသင့်သွားတော့သည်။

အထူးသဖြင့် အံ့သြစရာကောင်းသည်မှာ ပိုင်ရှောင်ချန်းက သူ၏ ကိုယ်ပိုင် ခြံဝင်းထဲတွင် လမ်းလျှောက်နေသည့်အလား ဟန်ပါပါဖြင့် လျှောက်နေခြင်းပင်။ အဘိုးအို၏ မျက်လုံးများမှာ သူ့မျက်နှာမှ အချိန်မရွေး ကျွတ်ကျတော့မည့်အလားဖြစ်နေပြီး သူ့မှာ ခက်ခက်ခဲခဲ အသက်ရှူနေရလေသည်။

” ယင်ယန်ဝိညာဥ် ”
သူက စိတ်ထဲတွင် အော်လိုက်လေသည်။
” ချီးပဲ။ ဒီကောင်က သေချာပေါက် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ ပဲ ။ ဒါက တစ်ခုတည်းသော ရှင်းလင်းချက်ပဲ။ သူက သေချာပေါက် စွမ်းအားကြီးမှော်ပစ္စည်းတွေပိုင်တဲ့ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ ဖြစ်ကို ဖြစ်ရမယ်”
အဘိုးအိုမှာ ပိုင်ရှောင်ချန်း၏ မယုံနိုင်ဖွယ်လုပ်ရပ်ကို ရှင်းပြရန် ထိုသည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယုံကြည်သွားလေသည်။ အမြုတေအဆင့်ပညာရှင်များကို ကလေးကစားစရာအလား ရှင်းပစ်လိုက်သည့်ပုံက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်မဟုတ်ပါလော။

” ကောင်းကင်တံတားကျင့်ကြံသူ ခွေးကောင်တွေ။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့ကိုယ်သူ အမြုတေအဆင့်ကျင့်ကြံသူပါလို့ ဟန်ဆောင်ပြီး လူတွေ လိုက်အနိုင်ကျင့်ရတာကို အကြိုက်တွေ့နေမယ်ဆိုတာ လုံးဝ မယုံနိုင်ဘူး။ ”
ခါးသီးနာကြည်းမှုများဖြင့် အဘိုးကြီး ခံပြင်း ဒေါသထွက်နေစဥ် ပိုင်ရှောင်ချန်းက ဝင်ပေါက်အနီးနားရှိ ဝိညာဥ်အများစုကို စုဆောင်းပြီးသည့် အခြေအနေရောက်နေလေပြီ။ သူက စိတ်လှုပ်ရှားနေသော်လည်း သူ၏ ဝိညာဥ်စုစည်းဆေးလုံးများ နည်းပါးလာကြောင်း ချက်ချင်းသတိပြုမိလိုက်လေသည်။

သူက တွင်းထဲမှ အလျင်အမြန်ထွက်လိုက်ပြီး သူ့ကို နတ်ဘုရားတစ်ပါးအလား စိုက်ကြည့်နေကြသော ကျောက်လုံနှင့် သူ့တပ်ရင်း၏ အခြားသောတပ်သားများထံ တဟုန်ထိုးသွားလိုက်သည်။

” မြန်မြန် ငါ့ကို ဝိညာဥ်စုစည်းဆေးလုံးတွေ ချေးစမ်းပါ ”
ပိုင်ရှောင်ချန်းက ပြော၏။
” နောက်ကျ ပြန်ပေးမယ်”
တုံ့ဆိုင်းမနေပဲ သူ့တပ်ရင်းရှိ ကျင့်ကြံသူများက သူတို့၏ ဝိညာဥ်စုစည်းဆေးလုံးများကို ထုတ်၍ ပိုင်ရှောင်ချန်းကို ကမ်းပေးလိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ သူ့စိတ်တိုင်းကျ ဝိညာဥ်စုစည်းဆေးလုံးများအား ချက်ချင်း ရလိုက်သည့်အတွက် ဝမ်းသာအားရဖြစ်သွားလေသည်။ သူက ကပျာကယာလှည့်၍ တွင်းထဲ အလောတကြီး ပြေးဝင်လိုက်ကာ ဝိညာဥ်အများအပြားရရန် တွင်း၏ အောက်ခြေထဲထိ ဦးတည်လိုက်လေသည်။

ကျောက်လုံနှင့် အခြားသူမှာ အတန်ကြာ တုံ့ဆိုင်းနေသော်လည်း သိချင်စိတ်ပြင်းပြစွာ တွင်း၏ အစွန်းနားသို့ တွားသွားကြပြီး ကြည့်လိုက်ကြသည်။

သူတို့ မြင်လိုက်သည့်အရာမှာ အဆုံးစွန်ထိ အံ့သြ တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုနေရာတွင် ပိုင်ရှောင်ချန်းသည် အဖြူရောင်မျက်နှာပြင်ပေါ်တွင်ရပ်နေရင်း ဘေးဘီဝဲယာအား အံ့သြမယုံကြည်နိုင်မှုများဖြင့် ကြည့်နေလေသည်။

ပထမတွင် သူတို့ မြင်နေရသော အရာကို မသေချာသော်လည်း အသေအချာ ဆန်းစစ်လေ့လာပြီးနောက်တွင်တော့ အဖြူရောင်မျက်နှာက မည်သည် ဖြစ်သည်ကို သိသွားလေရာ သူတို့၏ ခေါင်းများ ချာချာလည်လည်သွားတော့သည်။

“ဒါက..”

“ဘုရားရေ သူ..မတ်တတ်ရပ်နေတဲ့အောက်က… ”
တပ်ရင်းရှိ ကျင့်ကြံသူများအားလုံးမှာ သူတို့၏ ခေါင်းများ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရပြီး ကျင့်ကြံသူအဘိုးအိုမှာမူ အရှိအတိုင်း အော်လိုက်တော့သည်။

” ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက အရိုးစုကြီး”

တွင်းအပေါက်သည် အမှန်တကယ်ဆိုရလျှင် ယခုငုံ့ကြည့်နေကြသည့်အရာဖြစ်သော ဧရာမရှေးဟောင်းသင်္ချိုင်းပျက်ကြီးတစ်ခုကို ဦးတည်နေသည့် အဝင်လမ်းကြောင်း ဖြစ်နေတော့သည်။

သင်္ချိုင်းပျက်ကြီးမည်မျှကြီးမားကြောင်း ဖော်ပြရန် အမှန်တကယ် မဖြစ်နိုင်သော်လည်း အတွင်းထဲရှိ တုန်လှုပ်ဖွယ် အရိုးစုကြီးကို မြင်ရသေးသည်။

၄င်းသည် မီတာ သုံးသိန်းအပြည့်ရှိပြီး သူတို့ အပေါက်မှ မြင်ရသည်အရ ထိုသည်မှာ ဦးခေါင်းခွံ၏ အစိတ်အပိုင်းတစ်ခုသာရှိသေးသည်။

ပိုင်ရှောင်ချန်းမှာ ကျန်လူများထက်ပို၍ အမှန်တကယ် တုန်လှုပ်သွားတော့သည်။ ပထမက သူရပ်နေသော အဖြူရောင်မျက်နှာပြင်ကြီးကို မည်သည့်အရာဖြစ်ကြောင်းသေသေချာချာ မသိခဲ့သော်လည်း တခဏကြာသော် ၄င်းမှာ ဦးခေါင်းခွံတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ထို့နောက် သူက ကြောက်မက်ဖွယ်ရာ မီတာ သုံးသိန်း အရိုးစုကြီးကို မြင်လိုက်ရလေသည်။

၄င်းသည် လူသားဦးခွံ မဟုတ်ပဲ သချိုင်းတစ်လျှောက် ဆန့်တန်းနေသည့် ဧရာမမိကျောင်းမျိုးနွယ်ဝင် သတ္တဝါကြီး တစ်ကောင်၏ ဦးခွံဖြစ်လေသည်။

ထို့ပြင် ဧရာမ သင်္ချိုင်းပျက်ကြီးတွင်…… မရေမတွက်နိုင်သော အမုန်းဝိညာဥ်များစွာ ရှိပုံရလေသည်။ ဝိညာဥ်များမှာ ရံဖန်ရံခါ အရောင်အမျိုးမျိုးနှင့် မြူတိမ်စက်လုံးများအသွင် ပေါ်လာကြကာ တစ်ကောင်မှ ပုံစံတိတိကျကျမရှိကြပေ။

သင်္ချိုင်းပျက်ကြီးထဲတွင် ဟိုဟိုသည်သည် လွင့်မျောနေသော ဝိညာဥ်များ မည်မျှများကြောင်း စဥ်းစားကြည့်ပါလျှင် အနည်းဆုံး သန်းတစ်ရာ သို့မဟုတ် ထို့ထက်ပိုကြောင်း တွက်ချက်နိုင်လေသည်။ ဤမြင်ကွင်းကို တွေ့သော နတ်အဆင့်ကျင့်ကြံသူပင်လျှင် အမြုတေထဲအထိ တုန်လှုပ်သွားမည်ဖြစ်လေသည်။ ဝိညာဥ် သန်းတစ်ရာသာ တစ်ပြိုင်နက်တည်း စုပြုံ၍ တိုက်ခိုက်ပါလျှင် ဝိညာဥ်များကိုထိန်းချုပ်ခြင်းနည်း အထူးပညာများမရှိပါက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ထိုတိုက်ခိုက်မှုအောက်တွင် အသက်ဆုံးပါးရပေလိမ့်မည်။

” မိကျောင်း… ငါ ဖမ်းဆွဲလိုက်တဲ့ နတ်အဆင့်သားရဲဝိညာဥ်က မိကျောင်းတစ်ကောင်နဲ့တူတယ်။ မဟုတ်မှလွဲရော… ဒီအရိုးစုကြီးကများ အဲဒီကောင်ကြီးရဲ့ အပြင် ခန္ဓာကိုယ်ကြီးလား ”
တွေးလိုက်ရုံနှင့်တင် ပိုင်ရှောင်ချန်းလုံးဝ တုန်လှုပ်သွားလေသည်။

” ဒီတော့ တခြားဝိညာဥ်တွေအကုန်လုံးက ဒီကောင်ကြီးသေပြီးမှ ပေါ်လာတာများလား ဒါမှမဟုတ် …… သူတို့ သူ့ကို သတ်လိုက်တာများလား ” ကြည့်ရုံလေးနှင့် မေးခွန်း၏ အဖြေကို ဆုံးဖြတ်ရန်မဖြစ်နိုင်သော်လည်း ဒုတိယတစ်ခုမဟုတ်ပဲ သူ၏ပထမ ယူဆချက်က အမှန်ဖြစ်ပါစေဟု ပိုင်ရှောင်ချန်း မျှော်လင့်မိလေသည်။

သို့တိုင်အောင် အကြောင်းတချို့ကြောင့် ဤနေရာတွင် အလွန်ထူးဆန်းသော တစ်စုံတစ်ခုဖြစ်ပျက်နေကြောင်း ခံစားနေရပြီး ထိုဒုတိယယူဆချက်မှာလည်း…. အမှန်တရားနှင့် နီးစပ်နေနိုင်သည်။

သူသည် စိတ်ငြိမ်စေရန် အချိန်တခဏကြာ ယူလိုက်ရလေသည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နှလုံးသားထဲရှိ ထင်မြင်ချက်များကို မေ့ပစ်လိုက်ရန်သာဖြစ်သည်။ သေချာသောအရာတစ်ခုကတော့ ဤနေရာတွင် လျှို့ဝှက်ချက်ကြီးတချို့ကို သေချာစွာ မြှုပ်နှံထားသည်။ သိသာစွာပင် နေရာအပြည့်ဖြစ်နေသော အတားအဆီးမန္တန်များက ထူးဆန်းသော သဘာဝဖြစ်စဥ်များ သို့မဟုတ် မည်သူမှ လာရောက်လေ့လာခြင်း မပြုနိုင်စေရန် ဆောင်ရွက်ထားြခင်းဖြစ်လိမ့်မည်။ အမှန်တကယ်တော့ တွင်းနက်ကြီးပွင့်သွားပြီဖြစ်သောကြောင့် မဟာတံတိုင်းသော်လည်းကောင်း၊ မြေရိုင်းသားများသော်လည်းကောင်း ဤနေရာကိုရှာတွေ့ရန် ကြာမြင့်မည်မဟုတ်ဘဲ ထိုသို့ဖြစ်သွားလျှင် ပိုင်ရှောင်ချန်းတစ်ယောက်တည်း မည်သည့်နည်းနှင့်မျှ လေ့လာနိုင်တော့မည် မဟုတ်ပေ။

” ဒီဝိညာဥ်တွေအားလုံးက တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေပဲ”
သူ့မျက်ခုံးများက မျှော်လင့်ချက်များဖြင့် တွန့်ချိုးနေရင်း တွေးနေမိသည်။ ထို့နောက် ဝိညာဥ်စုစည်းဆေးလုံးကို လှမ်းယူ၍ ချေမွလိုက်လေသည်။ မျက်စိတစ်မှိတ်တွင်းမှာပင် မရေမတွက်နိုင်သော ဝိညာဥ်များအားလုံး သူ့ထံပြေးဝင်လာကြပြီး ဝိညာဥ်စက်လုံးများ ဖြစ်သွားကြတော့သည်။

သို့သော် ဤနေရာတွင် ဝိညာဥ်များ အလွန်များပြားသောကြောင့် မြေကြီးသည်တုန်ခါလာပြီး ဝိညာဥ်များ၏ စူးစူးဝါးဝါးအော်သံများက စောင့်ကြည့်နေကြသူများ၏ ခေါင်းထဲသို့ အန္တရာယ်အချက်ပေးသံအလား ထိုးဖောက်သွားလေသည်။

ပိုင်ရှောင်ချန်းတပ်ရင်းရှိ ကျင့်ကြံသူများနှင့် ဝိညာဥ်ကျင့်ကြံသူအဘိုးကြီးမှာ ထိုအသံကြောင့် သူတို့၏ ဝိညာဥ်များ တုန်ရီသွားသည်ကို ခံစားလိုက်ရပြီး အချို့မှာ ပါးစပ်ထောင့်မှ သွေးများပင်စီးကျလာတော့သည်။ သူတို့မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ဆုတ်သွားကြတော့သည်။ ဝိညာဥ်ကျင့်ကြံသူမှာ သူ၏ ကျင့်ကြံခြင်းအခြေခံပိတ်လှောင်ခံထားရသည့်အတွက် ထိတ်လန့်တုန်ရီနေတော့သည်။ သူက တဟွတ်ဟွတ်နှင့် သွေးများအန်နေပြီး သူ၏ မျက်နှာမှာ သေလူအား ဖြူဖပ်ဖြူရော်ဖြစ်နေတော့သည်။

” အောက်မှာ ဝိညာဥ်ဘယ်လောက်တောင်ရှိနေတာတုံး။ ဘုရားဘုရား။ ဒီအသံက ဝိညာဥ် ဆယ်သန်းအောက်က လာတာမဖြစ်နိုင်ဘူး။ ဒါမှမဟုတ်..သန်းတစ်ရာတောင်မှပဲ။ ”
အဘိုးအိုမှာ မယုံကြည်နိုင်မှုများဖြင့် ချာချာလည်နေတော့သည်။ သူ၏အတွေ့အကြုံအရ စစ်ချီတက်သည့် တပ်ဖွဲ့ကြီးတွင်ပင် ဝိညာဥ် ဆယ်သန်းထက် ပို၍ ဘယ်တော့မှ သွားမည်မဟုတ်ပေ။ သန်းတစ်ရာတပ်ဖွဲ့ဆိုသည်မှာ သူ တစ်ခါမှ မမြင်ခဲ့ဖူးသည့်အရာ ဖြစ်သည်။

တပ်ရင်းထဲရှိ ကျောက်လုံနှင့် အခြားကျင့်ကြံသူများမှာ တုန်လှုပ်အံ့သြသွားပြီး ပိုင်ရှောင်ချန်းအတွက်လည်း စိတ်ပူသွားကြသည်။ သို့သော် သူတို့ထဲရှိတစ်ယောက်မှ ထိုသို့သောခံစားချက်များကို မဖော်ပြပဲ နောက်ဆုတ်လိုက်ကြကာ တွင်းပေါ်တွင်သာ အာရုံစိုက်ထားကြလေသည်။

အောက်ထဲတွင် ပိုင်ရှောင်ချန်းက မျက်နှာဖုံး၏ နောက်ထပ်အသုံးဝင်ပုံကို တွေ့သွားခဲ့ကြောင်း သိလိုက်သဖြင့် ဘေးဘီဝဲယာကို ဖြူဖျော့နေသော မျက်နှာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ အံသြဖွယ်ကောင်းစွာ ၄င်းက ဝိညာဥ်အော်သံများကြောင့် သူခံစားလိုက်ရသည့် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ပြီး ထိခိုက်ဒဏ်ရာမရပဲ ရပ်နေနိုင်စေသည်။

” ပွပြီ ငါတော့ ပွပြီ ”
သူ့ စိတ်ထဲတွင် အလွန်ပျော်ရွှင်အူမြူသွားတော့သည်။ စိတ်လှုပ်ရှားမှူများဖြင့် မျက်လုံးများ တောက်ပနေရင်း တစ်ဆက်တည်းမှာပင် သူက တိုက်ပွဲစွမ်းဆောင်မှုရမှတ်များ မည်မျှ ရရှိမည်ကို တွက်ချက်ရင်း ပို၍များပြားသော ဝိညာဥ်စက်လုံးများကို ဆက်လက်စုဆောင်းနေတော့သည်။

တွင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ ဆက်လက် ပဲ့တင်ထပ်နေစဥ် တစ်ရက်သည် ရုတ်ခြည်းကုန်လွန်သွား၏။ အပြင်ဘက်တွင် ထိတ်လန့်ကြောက်ရွံစွာ တုန်ရီနေသော ဝိညာဥ်ကျင့်ကြံသူအဘိုးကြီးမှလွဲ၍ လူတိုင်းမှာ စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။

” ဘုရားဘုရား။ ဒီကောင်မှာ ဘယ်လို ကျင့်ကြံခြင်းအခြေခံမျိုးရှိတာပါလိမ့် ”

” ဒီအသံနဲ့ အင်မတန်နီးတဲ့နေရာမှာ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ပေါက်ကွဲမသွားပဲ ဘယ်လိုမှ မနေနိုင်ဘူး။ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်တစ်ယောက်တောင်မှ အကြာကြီး မလုပ်နိုင်ဘူး ”

” အဲဒီ လို လုပ်နိုင်တဲ့ လူမျိုးက… နတ်အဆင့်ကျင့်ကြံသူပဲ ”

” သူ…..သူက… မဟုတ်မှ…. နတ်အဆင့်ကျင့်ကြံသူဖြစ်နိုင်လား ”
အဘိုးအို၏ အတွေးများမှာ အကြောက်တရားများ မြင့်တက်လာဖြင့် ပရမ်းပတာ ဖြစ်လာတော့သည်။ လက်ရှိန်အချိန်မတိုင်ခင်က သူသည် ဤအခြေအနေမှ အသက်ရှင်လျက် ထွက်ပြေးပြီးနောက် လက်စားချေမည်ဟု မျှော်လင့်ချက်လေးဖြင့် တေးထားလေသည်။ သို့သော် ယခုတွင် ထိုအတွေးများအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့သည်။

“ဘုရားရေ သူသာ တကယ်ကြီး နတ်အဆင့်ကျင့်ကြံသူဆိုရင်တော့ အကုန်လုံး ယုတ္တိရှိသွားပြီ။ နတ်အဆင့်ကျင့်ကြံသူေတွမှာ အမြဲထူးဆန်းတဲ့ အကျင့်တွေရှိတယ်။ အမြုတေအဆင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်တာတွေက အစပေါ့ ”
အမှန်တရား၏ အခြေအမြစ်ကို ရောက်သွားပြီးဟု ယုံကြည်ပြီးနောက်တွင် အဘိုးအိုမှာ ယခင်ကထက် ပို၍ ကြောက်လန့်လာလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset