ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားများကိုကြားလိုက်ရသောအခါ ချက်ချင်းပင် အသက်ရှူသံများ မြန်ဆန်လာ၏။ သို့သော် သူသည် အတွေးလွန်နေခြင်းမရှိပေ။ လက်ရှိတွင် သူကြုံနေရသည့် ကာလံဒေသံများမှာ သူ့အား အသေးစိတ် စဉ်းစားတွေးတောနိုင်ရန် အခွင့်အရေး မပေးပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်၏။
” လုပ်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီး ညာဘက်လက်ဝါးဖြင့် သူ၏ရင်ဘတ်အား ရိုက်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ သူ၏ ခန္ဓာကိုယ်ထဲမှ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် ဓားအိမ်လေးကို ဆွဲထုတ်လိုက်တော့သည်။
ထိုဓားအိမ်လေးမှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် စတင်တုန်ရီလာ၏။ ၎င်းမှာ ဒူဂူလင်း၏ သားရဲလေးကောင်လက်သီးချက်ကိုပင် တောင့်ခံနိုင်ခဲ့ပါသော်လည်း ယခုတွင်မူ အလင်းရောင်အမျှင်အတန်းများ ထုတ်လွှတ်နေသည့် စွမ်းအားများကြောင့် တစ်စစီအက်ကွဲကာ ကျိုးပဲ့ပျက်စီးတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် လေထဲတွင် တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာပြီး ဓားအိမ်လေးပေါ်တွင် အက်ကွဲကြောင်းလေးတစ်ခု ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာ မမလေး မည်သို့မည်ဖုံ ပြုလုပ်လိုက်မှန်း မသိပါသော်လည်း ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့အား ရုပ်ဖျက်ပေးထားသည့် ကျယ်ပြန့်ဥပဒေသများမှ ပေါ်ပေါက်လာသော အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ ပုံပန်းသွင်ပြင်မှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ အလင်းရောင်အမျှင်အတန်းများနှင့် ရိုက်ခတ်သွားကြ၏။ ထိုအချိန်တွင် မမလေး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီး သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အလင်းရောင် အမျှင်အတန်းများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ သို့သော် မမလေးမှာ ထို အလင်းရောင် အမျှင်အတန်းများအား ရပ်တန့်နိုင်ရန် အပြင်းအထန် ကြိုးစားနေရသည်ဖြစ်ကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အသက်ရှူနှုန်းအား တည်ငြိမ်အောင်လုပ်လိုက်ပြီး မန္တန်လက်ကွက်များဖော်ကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဓားအိမ်လေးအား စတင်သန့်စင်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုဓားအိမ်လေးအား ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်အထိ အဆင့်မြှင့်တင်ရမည့် နည်းလမ်းများကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ သူသည် ကုန်ကြမ်းပစ္စည်းများကို အမြဲမပြတ် စုဆောင်းနေခဲ့သောကြောင့် ယခုတွင် သူ၏လက်ထဲ၌ အလုံအလောက်ရှိနေပြီလည်း ဖြစ်သည်။
သူသည် ယုံကြည်မှုရှိရန်သာ လိုအပ်နေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင် သူသည် ကျရှုံးမှုကြောင့် သူ၏ဓားအိမ်လေး ပျက်စီးသွားရမည်ကို စိုးရိမ်နေရသလို အခြားတစ်ဖက်တွင်လည်း လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ အလွန်အင်မတန်မှရှားပါးကာ အဖိုးတန်နေသည် မဟုတ်ပါလော။ ထို့ကြောင့် အကယ်၍ သူသာ ကျရှုံးသွားခဲ့မည်ဆိုပါက ၎င်းတို့အား ပင်ပင်ပန်းပန်း ပြန်လည်စုဆောင်းရမည်ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် သူ၏ သန့်စင်ခြင်းပညာရပ်၌ ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်ရင်းဖြင့်သာ အချိန်ကုန်နေခဲ့ရ၏။ နဂိုတုန်းက သူသည် သူ့ကိုယ်သူ အပြည့်အဝယုံကြည်မှုရှိသောအချိန်မှ စတင်သန့်စင်ရန် ရည်ရွယ်ထားသည်။ သို့သော် ယခုတွင်မူ သူ၏ရှေ့သို့ရောက်လာသော အခွင့်အရေးကြီးမှာ ရှားပါးလွန်းနေသည်ဖြစ်ရာ သူသည် သူ၏ဆန္ဒများကို မချုပ်တည်းနိုင်တော့ပေ။ ထို့အပြင် သူသည် မမလေး၏ စကားအဆုံးတွင် အရေးကြီးသော အချက်အလက်များကိုလည်း ကြားလိုက်ရသေးသည် မဟုတ်ပါလော …
” ငါ့ရဲ့ဓားအိမ်လေးက ဒီဂြိုဟ်ပေါ်က စွမ်းအားတချို့ကို စုပ်ယူနိုင်သွားမှာမလို့ ထိပ်သီးအဆင့် အဆောင်ပစ္စည်းတခုအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုကိုလည်း ပိုင်ဆိုင်သွားဦးမှာဆိုပဲ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာတော့သည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကုန်ကြမ်းပစ္စည်းအမြောက်အမြား ပျံထွက်လာ၏။ ထိုအချိန်တွင် သူသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်လိုက်ပြီး ထိုကုန်ကြမ်းပစ္စည်းများ၏ အဆီအနှစ်များကို ထုတ်ယူလိုက်သောကြောင့် ၎င်းတို့မှာ အရည်ပျော်ကျလာတော့သည်။
သန့်စင်ခြင်းလုပ်ငန်းအတွက် ဒယ်အိုးတစ်လုံး လိုအပ်နေသေးသည်။ ဝမ်ပေါင်လဲ့မှာ သာမန် ဓမ္မလက်နက်များအတွက် လုံလောက်သည့် မီးစွမ်းအင်သုံး နတ်ဘုရားစွမ်းရည်အချို့ကို သိထားပါသော်လည်း သူ၏ဓားအိမ်လေးမှာ သာမန် အဆောင်ပစ္စည်းတစ်ခုမဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်လုံးများအရောင်လက်သွားပြီး ရုတ်တရက် ဆိုလိုက်၏။
” မမလေး။ အလင်းရောင် အမျှင်အတန်း တစ်ခုလောက် လွှတ်ပေးလို့ရလား ”
ထိုအခါ မမလေးမှာ ဝမ်ပေါင်လဲ့အား လှည့်ကြည့်ကာ စကားပြောရန် ပြင်လိုက်ပါသော်လည်း သူ၏ မျက်ဝန်းများထဲရှိ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို မြင်လိုက်ရ၏။ ထို့ကြောင့် သူမသည် ငြင်းဆန်မနေတော့ဘဲ မန္တန်လက်ကွက်တစ်ခုဖော်ကာ ကျယ်ပြန့်ဥပဒေသများကို ထိန်းချုပ်၍ အလင်းရောင် အမျှင်အတန်းတစ်ခုအား လွှတ်ပေးလိုက်၏။ ထို့နောက် ၎င်းမှာ ယခင်တုန်းကလောက် မြန်ဆန်နေခြင်းမရှိတော့ဘဲ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။
၎င်းမှာ နှေးကွေးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အခွင့်အရေးတစ်ခုရသွား၏။ ထို အလင်းရောင် အမျှင်အတန်း သူ၏အနီးသို့ ရောက်ရှိလာသောအခါ ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းများအား ၎င်းဆီသို့ တစ်ခုချင်းစီ ပစ်လွှတ်လိုက်တော့သည်။ ထိုအခါ ထိုအမျှင်အတန်းလေးမှာ ထိုကုန်ကြမ်းပစ္စည်းများအား သူ အလိုရှိသည့် ပုံစံအရွယ်အစားအတိုင်း အတိအကျ ဖြတ်တောက်ပေးလိုက်၏။
ထိုလုပ်ရပ်မှာ ဓားသွားပေါ်၌ ကခုန်နေရသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်လေးပင် အာရုံလွင့်ပါး၍ မဖြစ်သောကြောင့် အာရုံအပြည့် စိုက်ထားရ၏။ သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ အန္တရာယ်များကို ဂရုမစိုက်နိုင်တော့သလို သူရောက်နေသည့် နေရာကိုပင် မေ့ပျောက်သွားတော့သည်။
သူ၏မျက်လုံးထဲတွင် သူ၏ဓားအိမ်လေးကိုသာ မြင်နေရ၏။ ၎င်းမှာ သူ၏ကမ္ဘာကြီးထဲရှိ တစ်ခုတည်းသောအရာ ဖြစ်ပေသည်။ သူသည် ကျရှုံးသွား၍ မဖြစ်ပေ။ မမလေးမှာ သူ့အား သေချာပေါက် အောင်မြင်နိုင်လိမ့်မည်ဟု ပြောခဲ့ပါသော်လည်း သူသည် သတိကြီးကြီး ထားနေဆဲပင်။
ထိုအချိန်တွင် လေထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ကုန်ကြမ်းပစ္စည်းအမြောက်အမြား ဖြတ်တောက်ခံလိုက်ရကာ အရည်ပျော်ကျသွားပြီးနောက် မမလေးမှာ အလင်းရောင် အမျှင်အတန်းအား ပြန်၍ချုပ်တည်းလိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ မန္တန်လက်ကွက်များ ဆက်ဖော်ကာ ထို ကုန်ကြမ်းပစ္စည်းများအား သူ၏ ဓားအိမ်လေးနှင့် ပေါင်းစည်းနေဆဲပင်။ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေ၏။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင်ပြုလုပ်ကာ ဓားအိမ်လေးထဲသို့ ထည့်သွင်းပြီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ သူ၏မျက်ဝန်းများမှာ စူးရှတောက်ပနေသည်။
သန့်စင်ခြင်း လုပ်ငန်းစဉ် အစစ်အမှန်မှာ ယခုမှ စတင်တော့မည် ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏သိုလှောင်လက်ကောက်ထဲမှ လက်နက်သဲများကို အလုံအလောက် ထုတ်ယူလိုက်ပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဓားအိမ်လေးနှင့် ပေါင်းစည်းလိုက်၏။ ထို့နောက် မန္တန်လက်ကွက်များ ထပ်ဖော်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ မီးစွမ်းအင်သုံး မန္တန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ မီးတောက်များမှာ ဓားအိမ်လေးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဓားအိမ်လေး၏ အငွေ့အသက်မှာ သိသိသာသာပို၍ အားကောင်းလာတော့သည်။
၎င်းမှာ ဆဋ္ဌမအဆင့်မှ ခုန်တက်သွားပြီး သတ္တမအဆင့်နားသို့ ချဉ်းကပ်လာ၏။ ၎င်း၏ အငွေ့အသက်များမှာလည်း တဖြည်းဖြည်းနှင့် ပို၍ ကြောက်စရာကောင်းလာပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ တက်လှမ်းနိုင်ရန် အဆင့်တစ်ဆင့် လိုနေဆဲပင်။
ဝမ်ပေါင်လဲ့မှာ မည်သည့်အဆင့်ကို လိုနေမှန်း မသိသောကြောင့် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူ၏ တွက်ချက်မှုများအတိုင်းသာဆိုလျှင် သူသည် ထိုဓားအိမ်လေးအား သတ္တမအဆင့် အဆောင်ပစ္စည်းတစ်ခုအဖြစ် အောင်မြင်စွာ သန့်စင်ပြီးသွားလောက်ပြီဖြစ်သည်။ ၎င်းအား သတ္တမအဆင့် အဆောင်ပစ္စည်း အစစ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် နတ်ဘုရားစိတ်ဆန္ဒ အကြွင်းအကျန်များကို ထည့်သွင်းရမည့် အဆင့်တစ်ဆင့်သာ ကျန်ရှိရတော့မည်ဖြစ်သည်။
” ငါ ဘယ်နေရာမှာများ မှားသွားတာလဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ဓားအိမ်လေး သန့်စင်ခြင်း လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်အထိ ရောက်ရှိသွားသဖြင့် ဆက်၍ မသန့်စင်နိုင်တော့သည့် မြင်ကွင်းကို စိုက်ကြည့်ရင်း ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။ သို့သော် ၎င်းမှာ အဆောင်ပစ္စည်းအဆင့် ဖောက်ထွက်သွားခြင်းမရှိဘဲ ကျိုးပဲ့ပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
သူသည် ဓမ္မလက်နက်များ၏ အကြောင်းကို ကောင်းကောင်းကြီးနားလည်ထားသောကြောင့် ဤပြဿနာအား ချက်ချင်းဖြေရှင်းနိုင်စွမ်း မရှိပါက ထိုဓားအိမ်လေးမှာ ပျက်စီးသွားတော့မည်ဖြစ်ကြောင်း သိထား၏။ ၎င်းမှာ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများအားလုံး ဝါးမျိုခံလိုက်ရပြီးလျှင် အဆောင်ပစ္စည်းမှာ ပျက်စီးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
” ဒီ အက်ကွဲကြောင်းတွေ ပေါ်လာတာက…. အလွယ်တကူပုံသွင်းနိုင်စွမ်း မရှိလို့များလား ” ဝမ်ပေါင်လဲ့တစ်ယောက် ရင်တထိတ်ထိတ် ဖြစ်နေစဉ်မှာပင် မမလေးမှာ ရုတ်တရက်ဆိုသလို မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ကျောက်ပြားလေးမှာ လေပေါ်သို့ မြောက်တက်လာပြီး ဓားအိမ်လေးဆီသို့ ဦးတည်ပျံသန်းလာတော့သည်။ ၎င်းမှာ ဓားအိမ်လေး၏ အပေါ်သို့ ရောက်ရှိလာပြီးနောက် အောက်သို့ပြုတ်ကျလာ၏။
ထိုအခါ ဓားအိမ်လေးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားသည်။ ထို့နောက် ဘေးပတ်ပတ်လည်ရှိ စွမ်းအားများမှာ အက်ကွဲကြောင်းများ မပေါ်ပေါက်လာနိုင်စေရန် တားဆီး ပေးလိုက်၏။
” မြန်မြန်လေး ပြန်ပြင်လိုက်။ ငါလည်း အခုလိုတွေ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး။ နင့်ရဲ့ ဓားအိမ်လေးက ငါ မှတ်မိတဲ့ ဖော်စပ်နည်းထဲက ဓားအိမ်နဲ့ မတူတော့ဘူးဟ။ ငါက အဲဒီဓားအိမ် ပျက်စီးမသွားအောင်ဘဲ ထိန်းထားပေးနိုင်မှာ ” မမလေးမှာ စကားပြောနိုင်ရန်ပင် အားစိုက်နေရပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ထုတ်ယူလိုက်၏။ သူသည် ထိုဓားအိမ်လေးအား ပြန်လည်ပြင်ဆင်နေရင်း ၎င်း၏ အလွယ်တကူ ပုံသွင်းနိုင်စွမ်းမရှိသည် ပြဿနာအား ဖြေရှင်းနိုင်ရန် အကြံထုတ်နေတော့သည်။ သူသည် မမလေး၏ စကားသံမှာ တောင်းပန်လိုသည့်လေသံ ပေါက်နေသည်ကို သတိထားမိပါသော်လည်း အရှုံးကို လက်မခံချင်သေးပေ။
အကယ်၍ ဤ သန့်စင်ခြင်းလုပ်ငန်းစဉ်သာ အမှန်တကယ် ပျက်ပြားသွားမည်ဆိုပါက သူသည် ထိုဓားအိမ်လေးအား သတ္တမအဆင့်အထိ လုံးဝမြှင့်တင်နိုင်တော့မည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။
” အဲလိုဆိုမှတော့လည်း ရရ မရရ ကြိုးစားကြည့်ရတာပေါ့။ အလွယ်တကူ ပုံသွင်းနိုင်စွမ်း မရှိဘူးပေါ့ ဟုတ်လား။ ငါ့ဆီမှာ ရှိသမျှ ကုန်ကြမ်းပစ္စည်းတွေလည်း အကုန်ကုန်တော့မယ်။ ဒါပေမဲ့ အသုံးတည့်မဲ့ ပစ္စည်းတစ်ခု ရှိနေသေးတယ်ကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ နီမြန်းလာပြီး မမလေး ပြန်လည် ချုပ်တည်းလိုက်သည့် အလင်းရောင် အမျှင်အတန်းလေးအား လှမ်းကြည့်လိုက်၏။
” မမလေး။ အဲဒီ အလင်းရောင် အမျှင်အတန်းလေးကို ပြန်လွှတ်လိုက် ” ဝမ်ပေါင်လဲ့မှာ အော်ပြောလိုက်၏။ ထိုအခါ မမလေးမှာ ဝမ်ပေါင်လဲ့၏ အကြံအား ရိပ်မိသွားသဖြင့် အံ့ဩတုန်လှုပ်သွားတော့သည်။
” ဒီလောက်အထိလုပ်ဖို့ တန်ရောတန်ရဲ့လား ” မမလေးမှာ မနေနိုင်တော့သဖြင့် ပြန်မေးမိလိုက်၏။
” ကျွန်တော်တို့တွေ ဒီအဆင့်အထိ ရောက်လာပြီပဲဗျာ။ မအောင်မြင်နိုင်ဘူးဆိုရင် ထပ်ပြီးတော့ မျှော်လင့်နေစရာ မလိုတော့ဘူးပေါ့ ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်၏။ မမလေးမှာမူ သူ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်ပြီးနောက် သူ့အား နားမချတော့ဘဲ မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ထိုအခါ သူမ ချုပ်တည်းခဲ့သည့် အလင်းရောင် အမျှင်အတန်းလေးမှာ ပြန်၍လွတ်မြောက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
ထို အလင်းရောင် အမျှင်အတန်းလေး သူ၏အနီးသို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ အကြံကုန် ဂဠုန်ဆားချက်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အသံကုန် အော်ဟစ်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဓားအိမ်လေးအား ထိန်းချုပ်ကာ အလင်းရောင် အမျှင်အတန်းလေးဆီသို့ ပစ်လွှတ်လိုက်၏။ သို့သော် သူသည် ၎င်းအား ထိုအလင်းရောင် အမျှင်အတန်းနှင့် ရိုက်ခတ်စေလိုသောကြောင့် မဟုတ်ဘဲ တစ်သားတည်း ပေါင်းစည်းသွားစေလိုသောကြောင့် ထိုကဲ့သို့ ပစ်လွှတ်လိုက်ခြင်းဖြစ်ပေသည်။
သူသည် ထို အချုပ်အနှောင် အလင်းရောင် အမျှင်အတန်းလေးအား သူ၏ ဓားအိမ်နှင့် ပေါင်းစည်းသွားအောင် လုပ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။
ထို အလင်းရောင် အမျှင်အတန်းလေးမှာ ဓားအိမ်လေးနှင့် ချက်ချင်းဆိုသလိုပင် ပေါင်းစည်းသွား၏။ သို့သော် ၎င်းမှာ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ ဓားအိမ်လေးမှာ ၎င်း၏ စွမ်းအားများကို ခုခံနိုင်စွမ်း မရှိသည့်ပုံပင်။ ထို့ကြောင့် ထိုဓားသွားမှာ သူ့အား အချိန်မရွေး ခုတ်ထစ်လိုက်တော့မည့်ပုံစံ ပေါက်နေတော့သည်။ သို့သော် ကျောက်ပြားလေး၏ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားမှာ ဓားအိမ်လေးအား မလွှတ်တမ်း ဖိနှိပ်ချုပ်တည်းထား၏။ ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းလာသည့်တိုင်အောင် အလင်းရောင် အမျှင်အတန်းလေးမှာ ဓားအိမ်လေးအား ထိုးဖောက်သွားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်တောက်လာပြီး အော်ပြောလိုက်၏။
” နောက်ထပ်တစ်ခု ထပ်လွှတ်လိုက် ”
မမလေးမှာလည်း သူမ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ သူမသည် မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်သဖြင့် ဒုတိယမြောက် အလင်းရောင် အမျှင်အတန်းမှာ ထပ်၍ ပျံထွက်လာပြီး ဓားအိမ်လေး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြန်သည်။ ထိုသို့ဖြင့် အလင်းရောင် အမျှင်အတန်းများ တစ်ခုပြီးတစ်ခု ဝါးမျိုခံလိုက်ရ၏…
အသက်ရှူကြိမ် အကြိမ်သုံးဆယ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ အလင်းရောင် အမျှင်အတန်း အခုတစ်ရာကျော်အား ဓားအိမ်လေးနှင့် ပေါင်းစည်းနိုင်ခဲ့၏။ ယခုတွင် ထိုဓားအိမ်လေးမှာ အပေါက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အကယ်၍ ကျောက်ပြားကြီးကသာ ၎င်းအား ဖိနှိပ်ချုပ်တည်းပေးထားခြင်း မရှိပါက ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွကာ ပြာပုံဘဝသို့ ရောက်နေလောက်ပြီ ဖြစ်သည်။
သို့သော် ယခုမူ ၎င်းမှာ အကောင်းပတိအတိုင်းရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခွင့်အရေးတစ်ခု ရသွား၏။ သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ထိုဓားအိမ်လေးအား သန့်စင်ကာ ပြန်လည်ပြုပြင်ရန် ကြိုးစားကြည့်လိုက်သည်။ သူသည် ကုန်ကြမ်းပစ္စည်းများအားလုံး အသုံးပြုပြီးသွားသောအခါ ကြယ်တာရာရင်းမြစ်တစ်ခုကို ထုတ်ယူ၍ ထိုဓားအိမ်လေးထဲသို့ ပစ်ထည့်လိုက်တော့သည်။
ထိုအချိန်တွင် သူ၏ခေါင်းထဲ၌ သန့်စင်ခြင်းနည်းလမ်းများ မရှိတော့ပေ။ သူသည် ထိုဓားအိမ်လေးအား ပြုပြင်နိုင်ရန်သာ အာရုံစိုက်ထားမိတော့သည်။
အချိန်မည်မျှခန့် ကုန်ဆုံးသွားကြောင်း အတိအကျ မသိနိုင်ပေ။ မမလေးမှာမူ ရီဝေဝေ ဖြစ်နေ၏။ ထိုနေရာတစ်ဝိုက်ရှိ အလင်းရောင် အမျှင်အတန်းအားလုံးမှာ ဓားအိမ်လေး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီဖြစ်ပြီး ဝမ်ပေါင်လဲ့မှာမူ သူ၏ ကြယ်တာရာရင်းမြစ် အားလုံးနီးပါးကို အသုံးပြုပြီးသွားပြီဖြစ်သည်။ ဓားအိမ်လေးမှာမူ အကောင်းပတိအတိုင်း ပြန်ဖြစ်မလာသေးပေ။ သို့သော် ထိုအချိန်တွင် ထိုဓားအိမ်လေးထဲမှ… အလွန်အင်မတန်မှ ပြင်းထန်လွန်းသည့် အငွေ့အသက်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
good