Switch Mode

အခန်း (၆၀၃)

ကျောက်ပြား

အဆုံးမဲ့မျိုးနွယ်စုဝင် ရာပေါင်းများစွာပါဝင်သော စစ်ဆင်ရေးကြီးမှာ ခြောက်နာရီအကြာတွင် ပြီးဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ တာအိုနန်းတော်ဘက်မှ အသေအပျောက် အရေအတွက်ကို အတိအကျမသိပါသော်လည်း အနည်းဆုံး အယောက်လေးဆယ်ကျော် ရှိမည်ဖြစ်ကြောင်း သိထားသည်။

နောက်ဆုံးတွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိုမြို့ပျက်ကြီးမှာ ဂြိုဟ်ပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။

ထိုစစ်ဆင်ရေးထဲ၌ ပါဝင်ရန် စုဆောင်းခံခဲ့ရသည့် ကျင့်ကြံသူများမှာ စစ်ဆင်ရေး ပြီးဆုံးသွားပြီးနောက် တပ်ဖွဲ့ထဲမှ ထွက်ခွာခွင့် ရသွားကြ၏။ သူတို့မှာ တစ်ယောက်တစ်လမ်းစီ ထွက်ခွာသွားကြပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသော ဝမ်ပေါင်လဲ့မှာလည်း ကျယ်ပြန့်တာအိုနန်းတော်တောင်ဝင်ပေါက်၏ နောက်ဘက်အခြမ်းဆီသို့ ပြေးသွားလိုက်သည်။

ဝမ်ပေါင်လဲ့မှာ ထိုစစ်ဆင်ရေးထဲ၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ပြီး အဆုံးမဲ့မျိုးနွယ်စု၏ တိုက်ခိုက်ပုံများကို မျက်ဝါးထင်ထင် မြင််ခဲ့ရသည့်ဖြစ်ရာ သူ၏ ဟန်ဆောင်မှုများမှာ ယခင်တုန်းကလောက် လိုအပ်ချက်များမရှိတော့ပေ။ ထို့ကြောင့် သူသည် ပုန်းလျှိုးကွယ်လျှိုး လုပ်နေခြင်းမရှိဘဲ လေထဲတွင် ရဲတင်းစွာ ပျံသန်းနေတော့သည်။

သူသည် လမ်းတစ်လျှောက်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်အချို့နှင့် ကြုံခဲ့ရ၏။ ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူများ သူ့အား မကြည့်နိုင်ခင်မှာပင် သူတို့အား အကဲခတ်သည့်အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။ သူတို့မှာ မျက်လုံးများ ဆုံသွားကြသည့်အချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ခေါင်းညိတ်ပြလိုက်ကြပြီးနောက် ကိုယ့်လမ်းကိုယ် ဆက်သွားလိုက်ကြသည်သာဖြစ်သည်။

ထို့ကြောင့် သူသည် လမ်းတစ်လျှောက်လုံး၌ မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်တောင်ဝင်ပေါင်၏ နောက်ဘက်သို့ ပြန်၍ရောက်ရှိလာတော့သည်။ သူသည် ကတော့ပုံစံ ဓမ္မအဆောင်ကြီးအား စိုက်ကြည့်ကာ ၎င်းဆီမှ ထွက်ပေါ်လာနေသည့် ထစ်ချုန်းသံများကို နားထောင်နေစဉ် မမလေး၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ထွက်ပေါ်လာ၏။

” နင် အဆုံးမဲ့မျိုးနွယ်စု ဘာသာစကားကို ဘယ်ကနေ တတ်လာတာလဲ ”

” အဲတာ အမှောင်ဂိုဏ်းရဲ့ ဘာသာစကားလေ။ မမလေး မသိဘူးလားဗျ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ပြန်ဖြေလိုက်၏။

ထိုအခါ မမလေးမှာ အချိန်အတော်အတန်ကြာအောင် ငြိမ်ကျသွားတော့သည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ အမှောင်အဆောင်ပစ္စည်း‌ထဲသို့ ရောက်ရှိသွားခဲ့စဉ်တုန်းက သူမ ယာယီမျှ ကြုံတွေ့ခဲ့ရသည့် ဟင်းလင်းပြင်ကြီးအား ပြန်၍သတိရသွားသည်။ ထို့ကြောင့် သူမသည် သံသယများဝင်လာရ၏။ တစ်ချိန်ထဲမှာပင် သူမသည် ဝမ်ပေါင်လဲ့အကြောင်းတွေးတောကာ ကြံရာမရ ဖြစ်လာရတော့သည်။ မည်မျှပင် အဓိပ္ပါယ်မရှိသော တာဝန်များဖြစ်စေကာမူ သူမ၏ နှုတ်မှ ဆိုလိုက်ရုံနှင့် သူသည် ထိုတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

ထို့ကြောင့် သူမမှာ ခေါင်းခဲလာရတော့သည်။ ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းနှင့်ပတ်သတ်သည့် သူမ၏ လိမ်ညာမှုကြီးအား အမှန်အတိုင်း ရိပ်မိသွားလောက်ပြီဖြစ်ကြောင်း သူမက နားလည်ထားပါသော်လည်း သူမဘက်မှ ဝန်မခံသရွေ့ အမှားဖြစ်မည်မဟုတ်ကြောင်း ယုံကြည်ထား၏။ ထို့ကြောင့် သူမသည် နှာမှုတ်ကာ ပြန်ပြောလိုက်တော့သည်။

” သိတာပေါ့ဟဲ့။ ငါက နင့်ကို စမ်းသပ်နေတာပါ ”

” ဪ။ ဘာလို့ စမ်းသပ်နေတာလဲဗျ။ မမလေးက ကျွန်တော့်ကို သူရဲကောင်းကြီးလုပ်ခိုင်းဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား။ ကျွန်တော့်ပုံစံနဲ့က သူရဲကောင်းလုပ်လို့ မရပါဘူးဗျာ ” ဝမ်ပေါင်လဲ့မှာ ပျင်းရိပျင်းတွဲနှင့် အကြောဆန့်ကာ ပြန်ဖြေလိုက်၏။ သူသည် ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်မှ သတ်ဖြတ်မှုကြီးနှင့် ပတ်သက်၍ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ရှုပ်ထွေးသောခံစားချက်များကို မေ့ပျောက်ထားလိုက်ပြီ ဖြစ်သည်။ သူ၏ စဉ်းစားတွေးခေါ်ပုံမှာ ရိုးရှင်းပေသည်။ သူသည် သူတော်ကောင်းတစ်ယောက် မဟုတ်သောကြောင့် သူ၏ နှလုံးသားထဲ၌ ပြည်ထောင်စုကြီးတစ်ခုသာ ရှိပြီး ပြည်ထောင်စုကြီး၏ အကျိုးကိုသာ ရှေးရှုမည်ဖြစ်သည်။

ပြည်ထောင်စုကြီးပြီးလျှင် အမှောင်ဂိုဏ်းမှာ သူ့အတွက် ဒုတိယအရေးအကြီးဆုံးဖြစ်၏။

သူသည် ကျယ်ပြန့်တာအိုဂြိုဟ်အပေါ် စာနာစိတ် ထားပေးရုံမှလွဲ၍ အခြားမတတ်နိုင်ပေ။ ထို့ကြောင့်လည်း သူသည် မမလေး သူ့အား ကျယ်ပြန့်တာအိုနန်းတော် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခိုင်းမည် စိုးသောကြာင့် ထိုကဲ့သို့ ပြန်မေးခဲ့ခြင်းဖြစ်သည်။

” အမှန်အတိုင်းပြောရရင် အမှောင်ဂိုဏ်းက ပျက်စီးသွားပြီဆိုပေမယ့် သူ့ရဲ့ အခြေခံအုတ်မြစ်တွေက ကျန်ခဲ့တုန်းပဲ။ အဆုံးမဲ့မျိုးနွယ်စုထဲမှာ အမှောင်ဂိုဏ်းက သူလျှိုတစ်ယောက်ရှိတယ်။ သူက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်ပြီးတော့ အစွမ်းထက်တာ။ ဒါ ထိပ်တန်းအဆင့် လျှို့ဝှက်ချက်ကြီးတစ်ခုပဲ။ ငါ တတ်ထားတဲ့ အမှောင်ပညာရပ်က အဲဒီပုဂ္ဂိုလ်ကြီးဆီကနေ အဆင့်ဆင့် ဆင်းသက်လာခဲ့တာလေ။ အဲတာမလို့ ငါ့ကို သူ့ရဲ့ မြေးတပည့်လို့တောင် သတ်မှတ်လို့ရတယ် ” မမလေးမှာ ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်ပြီးနောက် အတုအယောင် ဇာတ်လမ်းတစ်ပုဒ်အား စက္ကန့်အနည်းငယ်အတွင်း ဖန်တီးလိုက်၏။ သူမသည် ထိုသို့ လုပ်ကြံပြောဆိုလိုက်ပြီးနောက် သူမ၏ ဉာဏ်ပြေးမှုအား ဂုဏ်ယူမဆုံးဖြစ်နေတော့သည်။

” ငါက နင် ငါ့ဆရာရဲ့ ထောက်ခံချက်ကို ရနိုင်လား မရနိုင်ဘူးလားဆိုတာ သိချင်လို့ နင့်ကို စမ်းသပ်ခဲ့တာ။ သူ့ရဲ့ အကူအညီနဲ့သာဆိုရင် နင့်ရဲ့ အနာဂတ်ကို စိတ်ကြိုက်ပြောင်းလဲပစ်လို့ ရတယ် ”

မမလေးမှာ ထိုသို့ပြောရင်း သူမကိုယ်သူမ ပို၍ပင် ကျေနပ်လာတော့သည်။ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာမူ တဖြည်းဖြည်းနှင့် ပို၍ထူးဆန်းလာ၏။ သူသည် မမလေး၏ ပြောစကားများကိုမယုံပါသော်လည်း သူမ ပြောပြနေသည့် ပုံပြင်ဇာတ်လမ်းကြီးမှာ ကျိုးကြောင်းဆီလျော်မှု ရှိနေသည်မဟုတ်ပါလော။ သို့သော်လည်း နောက်ဆုံးတွင် သူသည် သူမအား မယုံရန်သာ ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ သူသည် တာဝန်ထမ်းဆောင်ရန် လိုအပ်နေသေးကြောင်း သိထားသဖြင့် သူ၏ မယုံကြည်မှုကို ထုတ်မပြရန် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် သူသည် ခေါင်းညိတ်ကာ မမလေးအား ရေလိုက်ငါးလိုက် စကားပြန်ပြောပေးနေလိုက်တော့သည်။ မမလေးမှာလည်း စိတ်ကျေနပ်သွားသဖြင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား လျှို့ဝှက်လမ်း၏ တည်နေရာကို ပြောပြလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုလျှို့ဝှက်လမ်းကို ရှာတွေ့သွားသောအခါ မမလေးအားစနောက်ရင်း ထိုလမ်းအတိုင်း ပြေးဆင်းသွားလိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်တောင်ဝင်ပေါက်၏ အတွင်းပိုင်းထဲသို့ ရောက်ရှိသွားတော့သည်။

ထိုလျှို့ဝှက်လမ်းမှာ အလွန်အင်မတန်မှ ချောင်ကျသောနေရာတွင် ရှိနေ၏။ လမ်းတစ်လျှောက်လုံးတွင် ဖုန်မှုန့်များနှင့် အညစ်အကြေးများဖြင့် ပြည့်နှက်နေပြီး အချို့နေရာများမှာဆိုလျှင် မြေကြီးအောက်သို့ ကျွံဝင်နေကြပြီ ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့အတွက် ပြဿနာမဟုတ်သောကြောင့် သူသည် ရှေ့သို့ ဖြေးဖြေးနှင့်မှန်မှန် ဆက်လက်ချီတက်လာ၏။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်တောင်ဝင်ပေါက်၏ အတွင်းပိုင်းထဲသို့ ရောက်ရှိသွားတော့သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူသည် ထိုတောင်ထဲသို့ ရောက်ရှိသွားခြင်းဖြစ်၏။

ထိုတောင်ကြီးမှာ ထပ်ခြမ်းကွဲနေပြီး ဧရာမဓမ္မဆောင်ပစ္စည်းတစ်ခုမှာ ၎င်း၏ ကြယ်တာရာရင်းမြစ်များကို အဆက်မပြတ် စုပ်ယူနေ၏။ ထို့ကြောင့်‌ တောင်ကြီး၏ ကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသဖြင့် ဝမ်ပေါင်လဲ့အတွက် အဟန့်အတား ဖြစ်နေတော့သည်။

သို့သော် ၎င်းတို့မှာ လုံးဝကျော်ဖြတ်၍မရသော အဟန့်အတားများတော့ မဟုတ်ပေ။ သူ့အား နှောင့်နှေးကြန့်ကြာသွားအောင်သာ လုပ်နိုင်ခဲ့၏။ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မမလေး၏ လမ်းညွှန်မှုနှင့်အတူ တောင်ကြီး၏ အတွင်းပိုင်းထဲရှိ လျှို့ဝှက်အခန်းတစ်ခန်း၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။

ထိုအခန်းအား ဝန်းရံထားသည့် နံရံများမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ထိုနေရာတွင် အချုပ်အနှောင်တစ်ခု၏ စွမ်းအင်အကြွင်းအကျန်များလည်း ရှိနေသေးသည်။ နံရံများပေါ်ရှိ အက်ကွဲကြောင်းများကြောင့် ထိုအချုပ်အနှောင်မှာ ထိခိုက်ပျက်စီးကာ အားလျော့နေရပါသော်လည်း ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား တစ်စစီ ဆုတ်ဖြဲပစ်နိုင်လောက်သည့်အထိ အားပြင်းနေဆဲပင်။ ထို့ကြောင့် သူ၏ ဝိညာဉ်မှာ တဆတ်ဆတ် တုန်ရီသွားရပြီး သူ၏ အတွေးများမှာ ဝေဝါးသွားရ၏။ ထို့နောက် သူသည် ဒယိမ်းဒယိုင်ဖြစ်ကာ သတိမေ့မျောသွားတော့မည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။

ကံကောင်းစွာဖြင့် ထိုကဲ့သို့ သေရေးရှင်ရေးတမျှ အရေးကြီးသောအချိန်တွင် ဝမ်ပေါင်လဲ့အား ရုပ်ဖျက်ပေးထားသည့် အငွေ့အသက်များမှာ နူးညံ့သိမ်မွေ့သော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ပေးလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ အသိစိတ်ပြန်ဝင်လာ၏။ ထို့နောက် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွားတော့သည်။ သူသည် ကျယ်ပြန့်ဥပဒေသများ၏ ကာကွယ်မှုကို ရရှိထားသည့်တိုင်အောင် သူ၏ရှေ့ရှိ အန္တရာယ်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားလှသည်ဖြစ်ကြောင်း အာရုံခံနိုင်စွမ်းရှိနေဆဲပင်။

” မမလေး။ ကျွန်တော့်ကို အသေသတ်နေတာလားဗျ… ” ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် မေးလိုက်၏။ သူ အာရုံခံမိနေသည့် အန္တရာယ်ကြီးမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များထက်ပင် အများကြီးပို၍ အားကောင်းနေသည် မဟုတ်ပါလော။ သူသည် အမှောင်အိပ်မက်ထဲ၌ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ချိန်ဆကြည့်လိုက်ပြီးနောက် ဤ အချုပ်အနှောင်ကြီးအား အမှောင်ဂိုဏ်းထဲမှ သူ၏ဆရာနီးပါး အစွမ်းထက်သောလူတစ်ယောက်က တပ်ဆင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။

ထို့အပြင် ၎င်းမှာ ပြီးပြည့်စုံမှု မရှိသေးသည့်အပြင် ထိခိုက်ပျက်စီးနေသည် မဟုတ်ပါလော။ အကယ်၍ ၎င်းသာ အကောင်းအတိုင်း ရှိနေမည်ဆိုပါက သူသည် ထိုနေရာထဲသို့ပင် ဝင်ရောက်လာနိုင်မည် မဟုတ်ဘဲ ခပ်လှမ်းလှမ်းတွင် ရှိနေစဉ်ကတည်းက ဝိညာဉ်တစ်ခုလုံး တစ်စစီ ဆုတ်ဖြဲခံလိုက်ရမည်သာ ဖြစ်သည်။

” ဒီ အချုပ်အနှောင်က ဒီနေရာကို ဖုံးကွယ်ဖို့သက်သက်ပဲ ထားထားတာ။ ဘာမှစိတ်မပူနဲ့။ ဒီ အချုပ်အနှောင် ရှိနေသေးတာကိုကြည့်ရင် အဆုံးမဲ့မျိုးနွယ်စုဝင်တွေက ဒီနေရာကို ရှာမတွေ့လောက်သေးဘူး။ အထဲကို မြန်မြန်ဝင်။ ငါရှာနေတဲ့ ကျောက်ပြားက အထဲထဲမှာ ” မမလေးမှာ ရှက်ကိုးရှက်ကန်း ဖြစ်နေသောကြောင့် ချောင်းဟန့်ကာ အလျင်အမြန်ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သတိကြီးကြီးထားကာ ရှေ့သို့လှမ်းသွားလိုက်၏။ မမလေးမှာမူ အစွမ်းကုန်ကြိုးစားကာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ကျယ်ပြန့်ဥပဒေသများကို ထိန်းချုပ်ရင်း အချုပ်အနှောင်အား တွန်းလှန်တိုက်ခိုက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းသွားရင်း လျှို့ဝှက်အခန်း၏ ကျောက်တုံးတံခါးဆီသို့ ရောက်ရှိလာ၏။ သူသည် ၎င်းအား တွန်းဖွင့်လိုက်‌သောအခါ ထိုတံခါးများမှာ ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ အထဲသို့ဝင်သွားလိုက်၏။

သူ အခန်းထဲသို့ရောက်ရှိသွားသည့်နှင့် အချုပ်အနှောင်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့ရှေ့တွင် အလင်းရောင်အမျှင်အတန်းလေးများ ပေါ်ပေါက်လာတော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါသော်လည်း သူသည် ကျယ်ပြန်ဥပဒေသများ၏ ကာကွယ်မှုကိုပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့မှာ သူ့အား အန္တရာယ်ပြုနိုင်စွမ်းမရှိပေ။

ထိုအလင်းရောင် အမျှင်အတန်းများမှာ တရွှီးရွှီးမြည်နေကြသောကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းနေရ၏။ သူသည် ထိုအခန်းထဲတွင် ထိုကဲ့သို့သော အလင်းတန်းများတစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြသည်ကို မြင်နေရသည်။ ထိုလင်းထဲများ၏ ကြားတွင် လက်ဖဝါးအရွယ်အစားရှိသော ကျောက်ပြားတစ်ပိုင်းမှာ လေထဲ၌ ရစ်ဝဲနေ၏။

၎င်းမှာ အကြည်ရောင်ဖြစ်နေပြီး ဝမ်ပေါင်လဲ့ နားမလည်နိုင်သည့် ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေသောကြောင့် အစစ်ဟုပင် မထင်ရပေ။ ထိုကျောက်ပြားအပိုင်းအစလေးမှာ စည်းချက်မှန်မှန် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ၎င်း၏ ပတ်ပတ်လည်တွင် စကားလုံးများနှင့် ဖော်ပြ၍မရသည့် ရှေးဟောင်းအငွေ့အသက်တစ်မျိုး ဝန်းရံနေသေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုကျောက်ပြားအား ကြည့်မိလိုက်သောအခါ လူပေါင်းမြောက်မြားစွာ၏ သေဆုံးမှုများ၊ ကြယ်တာရာများ၏ ပျက်စီးမှုများ၊ နေမင်းကြီး၏ ပေါက်ကွဲမှုများနှင့် စကြဝဠာကြီးတစ်ခုလုံး၏ ခြောက်သွေ့ပျက်စီးသွားမှုများကို မြင်လိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူသည် သက်ရှိအသစ်များနှင့် ကြယ်အသစ်များ ပေါ်ထွက်လာပြီး နေမင်းအသစ်တစ်လုံးနှင့် စကြဝဠာအသစ်ခု ပြန်လည်မွေးဖွားလာသည်ကို မြင်လိုက်ရပြန်သည်။

ထို့ကြောင့် ထိုကျောက်ပြားထဲတွင် စကြဝဠာကြီးတစ်ခုလုံး ကိန်းအောင်းနေသကဲ့သို့ဖြစ်နေ၏။ ထို့အပြင် ထိုကျောက်ပြားမှာ တစ်ဝက်သာရှိသေးသောကြောင့် ပြီးပြည့်စုံမှုမရှိသေးပေ …

” အဲတာ… ဘာကြီးလဲဗျ ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ရပ်တန့်သွားပြီး ရေရွတ်မိလိုက်၏။

” ငါလည်း မသိဘူး။ ဒါပေမဲ့ ဒါက တခြားတာအိုနယ်မြေထဲမှာ ဆဋ္ဌအမဆင့်အထိ ရောက်သွားခဲ့တဲ့ ထိပ်သီးအဆင့် ကျင့်ကြံသူကြီးရဲ့ တာအိုဆိုပြီးတော့ ငါ ကလေးဘဝတုန်းက ငါ့ရဲ့အဖေက ပြောပြခဲ့ဖူးတယ် ” မမလေးမှာ တိုးတိုးလေးရေရွတ်ကာ ပြန်ဖြေလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် အံ့အားသင့်သွားရတော့သည်။ အချိန်အတော်အတန် ကြာအောင်ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ သူ၏နားထဲ၌ တရွှီးရွှီးမြည်သံများ အဆက်မပြတ် မြည်ဟည်းနေသည်ကို သတိထားမိလိုက်သဖြင့် အသိစိတ်ပြန်ဝင်လာ၏။

” ကျွန်တော်တို့က အဲဒီကျောက်ပြားကို ဘယ်လိုယူရမှာလဲဗျ။ မြန်မြန် လုပ်မှဖြစ်မယ်။ ဒီပုံစံအတိုင်းဆိုရင် ကျွန်တော့်ရဲ့ အဝတ်အစားတွေက ခဏနေရင် တစ်စစီ စုတ်ပြဲသွားတော့မှာ ”

” ဘာမှ မစိုးရိမ်နဲ့။ ငါက နင့်ကို မလိမ်ပါဘူးဟ။ ဒီမှာ။ နင် ဒီဘေးပတ်ဝန်းကျင်ထဲက စွမ်းအား‌တွေနဲ့ အချုပ်အနှောင်ကြီးရဲ့ စွမ်းအားတွေအပြင် ကျောက်ပြားရဲ့ စွမ်းအားတွေကိုပါ အသုံးပြုလို့ရတယ်။ အဲတာဆိုရင် နင့်ရဲ့ ဓားအိမ်လေးရဲ့ သန့်စင်မှုက အောင်မြင်သွားမှာ။ အဲတာအပြင် နင့်ရဲ့ ဓားအိမ်လေးက ဒီဂြိုဟ်ပေါ်က စွမ်းအားတချို့ကို စုပ်ယူနိုင်သွားမှာမလို့ ထိပ်သီးအဆင့် အဆောင်ပစ္စည်းတခုအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ်တစ်ခုကိုလည်း ပိုင်ဆိုင်သွားဦးမှာ “

Comment

Leave a Reply

Options

not work with dark mode
Reset