Switch Mode

အခန်း ( ၅၁၆ )

ငါ့ကို အရင်သတ်လိုက်တော့

ထိုအဘိုးကြီး၏ မျက်နှာတွင် ပူဆွေးသောကများဖြင့် ဖုံးလွှမ်းနေပြီး သူ၏နှလုံးသားထဲတွင်လည်း ပိုင်ရှောင်ချန်းကို ပြင်းထန်စွာ ကျိန်ဆဲနေတော့သည်။ သူသည် ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ကိုင်ထားမှန်းသိသော်လည်း ပိုင်ရှောင်ချန်းဖြစ်နေသည်ကိုမူ မသိသေးချေ။ စစ်တပ်ငါးတပ်ထဲရှိ တပ်သားတိုင်းတွင် ဝိညာဥ်စုစည်းဆေးလုံးများ မရှိကြသော်လည်း အများစုမှာ ထိုဆေးလုံးများကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။

” သောက်မျောက်စုတ်ကွာ။ မင်းအသေဆိုးနဲ့ကို သေဦးမှာ။”
သူကအံကြိတ်ကာ တွင်းနက်ကြီးနားသို့ ကပ်သွားပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းနှင့် အခြားကျင့်ကြံသူများက စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြပြီး အန္တရာယ်နှင့်ကြုံရပါက ချက်ချင်းထွက်ပြေးရန် ပြင်ထားသည်ကို မြင်လိုက်ရသည်။ ထိုအဘိုးကြီး၏နှလုံးသားထဲတွင် ချက်ချင်းပင် ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

သို့သော် သူ့တွင်အခြားရွေးချယ်စရာ မရှိပေ။ ပိုင်ရှောင်ချန်းခိုင်းသည့်အတိုင်း သူလိုက်လုပ်ပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြေရှိသေးသည် မဟုတ်ပါလော။ သို့သော် သူသာ ပြဿနာရှာပါက သူ့ကိုဖမ်းဆီးထားသည့် သူများ သေသွားနိုင်မည့်အချက်ကို ဝမ်းသာနိုင်သော်လည်း သူကိုယ်တိုင်လည်း သေဆုံးသွားရမည်သာဖြစ်သည်။

သူက ထိုတွင်းနက်ကြီး၏ အစွန်နားတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ မည်သို့ဆက်လုပ်ရမည်ကို စဥ်းစားနေစဥ် ပိုင်ရှောင်ချန်းမှာ စိတ်မရှည်သည့်လေသံဖြင့် ခပ်တိုးတိုး ကြိမ်းမောင်းလိုက်သည်။
” မြန်မြန်လုပ်ဟ။ ခင်ဗျားကို ကျုပ်တို့အားလုံးစောင့်နေရတာ။ ”

” အေး။ ဆက်စောင့်နေ။ ခွေးကောင်။ ”
ထိုအဘိုးကြီးက စိတ်ထဲတွင် ကျိန်ဆဲလိုက်တော့သည်။ ထို့နောက်အံကြိတ်ကာ တွင်းနက်ကြီး၏အစွန်နားသို့ တိုးသွားပြီး အတွင်းသို့ခုန်ဝင်ရန် ပြင်လိုက်စဥ်မှာပင် အတွင်းထဲရှိ ဝိညာဥ်များမှာ ရုတ်တရက် လေထဲတွင် လွင့်မျောမနေတော့ပဲ သူ့ကိုလှည့်ကြည့်လိုက်ကြတော့သည်။

ထိုအဘိုးကြီး၏ ဦးရေခွံမှာပေါက်ကွဲလုမတတ် ထုံကျဥ်သွားပြီး သူ၏အတွေးစိတ်များမှာလည်း ယောက်ယတ်ခတ်ကာ မည်သည်ကိုမှ မသိတော့ချေ။ အဆုံးတွင် သူက အော်ဟစ်လိုက်ပြီး တစ်ပြိုင်နက်ထဲမှာပင် ဆေးလုံးကို ချေမွလိုက်တော့သည်။ ထိုဝိညာဥ်များမှာ မည်သည်ကိုမှ လုပ်ချိန်မရလိုက်ပဲ အားပြင်းသောဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ချက်ချင်းပင် ဝိညာဥ်အကောင်ရေ တစ်သောင်းကျော်မှာ ပြန်လည်တွန်းလှန်ရန် အချိန်ပင်မရှိပဲ စုပ်ယူခံလိုက်ရတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့မှာ ဝိညာဥ်စက်လုံးတစ်လုံးအသွင်ပြောင်းလဲသွားပြီး အဘိုးကြီးက ထိုစက်လုံးကို ကောက်ယူလိုက်လေသည်။ သို့သော်လည်း အခြားဝိညာဥ်များမှာ ဒေါသထွက်နေကြပြီဖြစ်ပြီး တွင်းနက်ကြီး၏အောက်ဆုံးရှိ ဝိညာဥ်များပင်လျှင် အော်ဟစ်နေကြပြီဖြစ်သည်။ ထို့နောက် သူတို့မှာ အပြင်ဘက်သို့ လေမုန်တိုင်းအသေးစားတစ်ခုအလား ပျံထွက်လာကြတော့သည်။

ဝိညာဥ်ကျင့်ကြံသူ အဘိုးကြီးမှာ သနားစဖွယ်အော်ဟစ်ကာ နောက်သို့လှည့်လိုက်ပြီး ထွက်ပြေးရန်ပြင်လိုက်တော့သည်။ သူ၏နောက်တွင် ထောင်သောင်းမကသော ဝိညာဥ်များမှာ တိမ်တိုက်ကြီးတစ်ခုသဖွယ် လေပေါ်သို့မြင့်တက်လာတော့သည်။

” ကယျကွပါဦး။ ”
အဘိုးကြီးမှာ သနားစဖွယ်အော်ဟစ်ရင်း ထွက်ပြေးလာတော့သည်။ ပိုင်ရှောင်ချန်းနှင့် သူ၏လူများကို အလွန်ဒေါသထွက်နေသဖြင့် သူက သူတို့ရှိရာဘက်သို့ ဦးတည်၍ပြေးလာတော့သည်။

အဘိုးကြီးက လျင်မြန်သော်လည်း ပိုင်ရှောင်ချန်းက ပို၍မြန်နေသည်။ အဘိုးကြီးက သူ၏ဝိညာဥ်စုစည်းဆေးလုံး ချေမွလိုက်သည့် အချိန်တွင်ပင် သူနှင့် သူ့လူများက ဆန့်ကျင်ဘက်သို့ ပြေးထွက်သွားကြပြီဖြစ်သည်။

အဘိုးကြီးမှာ ထိုအခြင်းအရာကို သိသော်လည်း အရှိန်တင်၍ ရှေ့ဆက်ပြေးရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။ ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ချုပ်နှောင်ခံထားရသည်ဖြစ်၍ သူ့အတွက် အခက်တွေ့နေရသည်။ သူ၏နောက်ဘက်တွင် ဝိညာဥ်ပင်လယ်ကြီးတစ်စင်း လိုက်လာနေပြီး သူတို့၏ အော်ဟစ်သံများမှာ အရပ်မျက်နှာပေါင်းစုံသို့ ပဲ့တင်ထပ်နေသည်။

အဘိုးကြီးမှာ သေလုမတတ်ခံစားနေရပြီး မျှော်လင့်ချက်များကင်းမဲ့နေပြီဖြစ်သဖြင့် မနေနိုင်တော့ပဲ ဆက်တိုက် ကျိန်ဆဲနေတော့သည်။

” မင်း အသေဆိုးနဲ့ကိုသေဦးမှာ။ သောက်မျောက်စုတ်။ ငါသာ သရဲဖြစ်သွားရင် မင်းကို မသေမချင်းလိုက်ခြောက်မှာဟေ့။ ”

ကျင့်ကြံသူများမှာ သူတို့မြင်တွေ့နေရသည့် မြင်ကွင်းကြီးကြောင့် အသားများပင်တုန်ရီနေကြပြီး ပိုင်ရှောင်ချန်းမှာလည်း ထွက်ပြေးနေရင်း နှလုံးခုန်နှုန်းမြန်လာရတော့သည်။ သူက နောက်သို့လှည့်ကြည့်လိုက်ပြီး အဘိုးကြီးကိုမဟုတ်ပဲ ဧရာမဝိညာဥ်ပင်လယ်ကြီးကိုသာ အာရုံစိုက်နေတော့သည်။

” တစ်သိန်း၊ မဟုတ်သေးဘူး။ ဆယ်သိန်း၊မဟုတ်သေးပါဘူး။ ဘုရား ဘုရား၊ ဝိညာဥ်ဘယ်နှစ်ကောင်တောင်တုံးဟ။ ” ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်းလှသဖြင့် ဦးရေခွံများ ထုံကျဥ်နေပြီး အရှိန်တင်ကာ ထွက်ပြေးလိုက်တော့သည်။ အဘိုးကြီးကို သူက ထည့်မတွက်နိုင်တော့သဖြင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားရတော့သည်။ သူ၏ လောဘကြောင့် ထိုအဘိုးကြီးမှာ ဤအခြေအနေသို့ ရောက်သွားရသည် မဟုတ်ပါလော။

သူက ခါးသီးစွာပြုံးနေစဥ် သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့လှည့်ကြည့်လိုက်သောအခါ အဘိုးကြီးက အော်ဟစ်ရင်း ဝိညာဥ်များထံမှ ထွက်ပြေးနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုဝိညာဥ်များက တွင်းနက်ကြီး၏အစွန်းမှ မီတာများစွာကွာဝေးသော နေရာတစ်ခုသို့ရောက်သွားသောအခါ ရုတ်တရက် လိုက်ဖမ်းနေခြင်းကို ရပ်တန့်လိုက်လေသည်။ ထို့နောက် သူတို့က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တွင်းနက်ကြီးဆီသို့ ပြန်လှည့်သွားကာ ပျောက်ကွယ်သွားကြတော့သည်။ အနည်းငယ်အကြာတွင် အရာရာတိုင်းမှာ ပြန်လည်တိတ်ဆိတ်သွားတော့သည်။

ပိုင်ရှောင်ချန်းနည်းတူ အခြားကျင့်ကြံသူများမှာ တအံ့တသြဖြစ်နေရတော့သည်။ အဘိုးကြီးမှာမူ အသက်ဘေးမှ ပွတ်ကာသီကာ လွတ်သွားသည့်အတွက် မယုံမကြည်ဖြစ်နေသော အမူအရာဖြင့် ဘေးဘီဝဲယာကို ကြည့်ကာ ကျေနပ်နေတော့သည်။

” ငါ…. ငါမသေသေးပါလား။ ”
သူက ပျော်ရွှင်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာရတော့သည်။ သို့သော် အသက်ရှင်နေရသည့် ခံစားချက်ကြီးကြောင့် စိတ်အေးအေးပြန်မထားနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ထံသို့ လျှောက်လာပြီး အကဲခတ်သည့် အကြည့်ဖြင့် ကြည့်နေတော့သည်။

အဘိုးကြီးမှာ စိုးရိမ်စိတ်များပြန်ဝင်လာပြီး ခန္ဓာကိုယ်ကြီးပင် တောင့်တောင့်ကြီးဖြစ်သွားရသည်။ ပိုင်ရှောင်ချန်း၏တပ်ဖွဲ့မှ ဝန်းရံခြင်းကို ခံထားရသဖြင့် သူထွက်မပြေးနိုင်သည်မှာ သေချာနေပြီး ရုတ်တရက် ထိုအဘိုးကြီးမှာ သူ၏ကျိန်ဆဲမှုများကို ပြန်လည်အမှတ်ရသွားတော့သည်။ သူက တွေဝေမနေပဲ ဝိညာဥ်စက်လုံးကို ပိုင်ရှောင်ချန်းထံသို့ ကမ်းပေးလိုက်လေသည်။

” ဘုန်းတန်ခိုးကြီးမားလှပါသော အရှင်၊ ကျွန်တော်မျိုး ”
သို့သော် သူ မရှင်းပြနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ကိုလှည့်ပတ်ကာ ဟိုနားသည်နား တို့လိုက်ဆိတ်လိုက် လုပ်နေတော့သည်။ ထို့ကြောင့် အဘိုးကြီး၏ စိုးရိမ်မှုများမှာ ချက်ချင်းပင် ကြီးထွားသွားရသည်။

” အဲ့ကောင်တွေ ခင်ဗျားကို အဝေးကြီးထိ မလိုက်ဘူးမလား။ ”
ပိုင်ရှောင်ချန်းက မေးလိုက်သည်။
” ဒါမင်းရဲ့ လျှို့ဝှက် ပညာရပ်တွေကြောင့်လား။ ” ထိုအဘိုးကြီးကို ထပ်၍အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် ထူးဆန်းသော အရာတစ်ခုကိုမျှ ရှာမတွေ့သော်ငြားလည်း အနည်းငယ် သံသယရှိနေဆဲပင်။
” ေကာင်းပြီ။ ဒီလိုလုပ်။ ဒီဝိညာဥ်တွေက ခင်ဗျားနောက်ကို လိုက်မဖမ်းမှတော့ ကျုပ်တို့ စမ်းသပ်မှုလေး နည်းနည်းလုပ်ကြည့်ရအောင်။ ”

ထိုသို့ဆိုကာ သူသည် နောက်ထပ် ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ထပ်ထုတ်လိုက်ပြီး အဘိုးကြီးကို ပေးလိုက်သည်။

ပိုင်ရှောင်ချန်း၏ စကားများကြောင့် အဘိုးကြီးမှာ ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။ မျက်လုံးကြီးပြူးကာ ဒေါသကို မချုပ်တည်းနိုင်တော့ပဲ အော်ဟစ်လိုက်တော့သည်။
” တော်စမ်းပါ။ မင်းရဲ့လူတွေကို ငါ့ကိုအရှင်လတ်လတ် အရေခွံဆုတ်ဖို့ အမိန့်ပေးရင်တောင် အဲ့နေရာကိုတော့ ထပ်မသွားနိုင်ဘူး။ ငါ့ကို အရင်သတ်မှပဲ ရမယ်။ ”

အဘိုးကြီးမှာ အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ မကြာသေးမီက သူသည် သေမင်းနှင့် မျက်နှာချင်းဆိုင်ခဲ့ရသည်ဖြစ်၍ ယခုအခါ သူသည် အသိစိတ်ပျောက်လုမတတ်ဖြစ်နေရပြီး ငိုလိုက်ရယ်လိုက် ဖြစ်နေတော့သည်။

ဘေးနားရှိ ကျင့်ကြံသူများမှာ ထိုလူကြီးအတွက် စိတ်မကောင်းလုံးဝမဖြစ်ကြပေ။ ထို့အပြင် ထိုလူကြီးကသာ ခိုင်းသည့်အတိုင်းလုံးဝမလုပ်ပဲ အသေခံမည်ဟု ဆုံးဖြတ်ထားပါက အတင်းအကြပ်ခိုင်း၍ ရမည်မဟုတ်ကြောင်းကို သိလေသည်။ ထို့ကြောင့် ကျင့်ကြံသူအနည်းငယ်က လက်ယှက်ရင်းထွက်လာကြတော့သည်။

” တပ်မှူးကြီး ကျွန်တော့်ကို ဒီတာဝန်လုပ်ခွင့်ပေးပါ။ ”

” ကျွန်တော့်ကို သွားခွင့်ပြုပါ တပ်မှူးကြီး ”

” တပ်မှူးကြီး ဒီ စမ်းသပ်ချက်က ကျွန်တော်နဲ့ သင့်တော်ပါတယ်။ ”

ဤ ကျင့်ကြံသူများမှာ သူပြသခဲ့သည့် ကြင်နာမှုများအတွက် ပြန်လည် ကျေးဇူးဆပ်ရန် ကြိုးပမ်းနေကြသည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ သို့သော် သူက လုံးဝလက်ခံမည်မဟုတ်ချေ။ သူတို့ထဲတွင် သူက မျက်နှာဖုံး၏စွမ်းအားများကို ပိုင်ဆိုင်ထားသည့်အတွက် ဘေးအကင်းဆုံးဖြစ်နေသည် မဟုတ်ပါလော။

တွင်းနက်ကြီးကို လှမ်းကြည့်လိုက်ရင်း သူက အံကြိတ်ကာ ဆိုလိုက်လေသည်။
” မင်းတို့အားလုံး ငြိမ်ငြိမ်နေစမ်းပါ ”
ထို့နောက် သူက အဘိုးကြီးကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
” ခင်ဗျားကရော ဘာတွေလျှောက်အော်နေတာတုံး။ လေသံကတော့ အကျယ်သားပဲ။ ”

သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုလူကြီးကို ထပ်၍ ချုပ်နှောင်လိုက်ကာ သူ၏နောက်လိုက်များဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် သူက တွင်းနက်ကြီးကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီး ထိုဆီသို့ လျှောက်သွားတော့သည်။

ကျောက်လုံနှင့် အခြားသူများမှာ သူ့အားမသွားရန် နားချဖို့ ပြင်လိုက်ပါသော်လည်း သူက အလွန်မြန်ဆန်လွန်းနေသည်။ သူက တွင်းနက်ကြီးဆီသို့ ပျံသန်းသွားသောအခါ သူ၏စကားများက သူတို့၏နားများထဲတွင် ပဲ့တင်ထပ်ကာ ကျန်ရစ်နေတော့သည်။

” နောက်ဆုတ်ပြီး ငါ့ကိုစောင့်နေကြ ”
ပိုင်ရှောင်ချန်းက တွင်းနက်ကြီး၏ အစွန်းသို့ရောက်သောအခါ သူ၏နှလုံးသားမှာ စိုးရိမ်မှုများ၊ မပြတ်သားမှုများဖြင့် လွှမ်းခြုံနေတော့သည်။ နောက်ဘက်ခပ်လှမ်းလှမ်းတွင်မူ သူ၏တပ်ရင်းမှ ကျင့်ကြံသူများမှာ စိုးရိမ်တကြီးနှင့် စောင့်နေကြပြီး အဘိုးကြီးမှာ စိတ်ထဲတွင် အေးစက်စက်ရယ်မောကာ ကျိန်ဆဲနေတော့သည်။

” ငါက မြေရိုင်းဒေသက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သရဲကြီး မြို့တော်ရဲ့ အငွေ့အသက်အနည်းငယ် ရှိနေလို့ အဲဒီဝိညာဥ်တွေက ငါ့ကိုလိုက်မဖမ်းတာနေမှာ။ ဒါပေမဲ့ အဲဒီမျောက်လိုလိုကောင်ကတော့ သေမှာ သေချာတယ် ”
အဘိုးကြီးမှာ မည်သည့်အတွက်ကြောင့် ဝိညာဥ်များက သူ့နောက်သို့ဆက်မလိုက်သည်ကို မသိသော်လည်း သူ၏ စိစစ်ချက်မှာ မှန်ကန်သည်ဟု ယူဆထားသည်။ သူ၏ ယူဆချက်အတိုင်း မဟုတ်လျှင်တောင် ပိုင်ရှောင်ချန်းသာ သူတို့၏အနီးသို့ ရောက်သွားပါက ဝိညာဥ်များမှာ သူ့ကိုတန်း၍ ဝါးမျိုမည်ဖြစ်ကြောင်း ယုံကြည်ထားတော့သည်။

သူက တစ်ယောက်ထဲ အေးစက်စက်ရယ်မောနေပြီး အခြားကျင့်ကြံသူများက စိုးရိမ်တကြီးကြည့်နေကြစဥ်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပြတ်သားမှုများဖြင့် တောက်ပလာတော့သည်။

” ငါအဆင်ပြေမှာပါ။ သူတို့ ငါ့ကိုမမြင်လောက်ပါဘူး။ ”
သူကိုယ့်သူသေချာစေရန် မျက်နှာဖုံးကို ပြန်ပွတ်လိုက်ပြီး နောက်ထပ်တစ်လှမ်းလှမ်းလိုက်သောအခါ တွင်းနက်ကြီးထဲသို့ ရောက်သွားတော့သည်။

အကယ်၍ မူမမှန်သည့် လက္ခဏာ အနည်းငယ်မျှ ပြလိုက်ပါက သူသည် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားကို အပြည့်အဝ အသုံးချပြီး လိုအပ်လျှင် သူ့ကိုယ်သူပါ ဒဏ်ရာရအောင်လုပ်ကာ ထွက်ပြေးရန် စီစဥ်ထားသည်။ သို့သော် သူက တွင်းနက်ကြီးထဲသို့ရောက်သွားချိန်တွင် ဝိညာဥ်များက သူ့ကိုလှည့်၍မကြည့်သည်ကို တွေ့လိုက်ရသည်။ သူတို့မှာ ယခင်အတိုင်း လေထဲတွင် လွင့်မျောနေဆဲ။

သူ၏တပ်ရင်းမှ ကျင့်ကြံသူတစ်ထောင်နှင့် အဘိုးကြီးတို့အားလုံးမှာ အံ့အားသင့်သွားရတော့သည်။

” ဘာတွေဖြစ်နေတာတုံး ”

ပိုင်ရှောင်ချန်းမှာ ကျေနပ်နေသော်လည်း သတိကြီးကြီးထားနေဆဲပင်။ သူက ဝိညာဥ်အုပ်ကြီးထဲတွင် ဂရုတစိုက် လှုပ်ရှားနေသည့် တချိန်လုံး ဝိညာဥ်တစ်ကောင်ကမှ သူ့အား ဂရုမစိုက်သည်ကို တွေ့လိုက်ရသည်။

မကြာမီ ဝိညာဥ်အုပ်ကြီး၏ အလယ်သို့ ရောက်သွားသောအခါ သူက ဝိညာဥ်စုစည်း ဆေးလုံးတစ်လုံးကို ထုတ်ကာ ချေမွလိုက်တော့သည်။

ထိုအခါ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသဖြင့် တဂျုန်းဂျုန်းမြည်ဟည်းသံများလည်း ထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ဝိညာဥ်အကောင်တစ်သောင်းကျော်မှာ ဝိညာဥ်စက်လုံးတစ်ခုထဲသို့ စုပ်ယူခြင်းခံလိုက်ရပြီး ပိုင်ရှောင်ချန်းမှာ ထိုစက်လုံးကို သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့အခြင်းအရာကြောင့် အခြား ဝိညာဥ်များမှာ အုပ်အော်သောင်းနင်းဖြစ်သွားကြသဖြင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိုးရိမ်သွားပါသော်လည်း တစ်ခဏကြာသောအခါ ထိုဝိညာဥ်များမှာ သူ့အား မမြင်နိုင်သေးသည်ကို သိလိုက်ရသည်။

သူ၏ လက်အောက်ငယ်သားများက တအံ့တသြကြည့်နေကြစဥ် ပိုင်ရှောင်ချန်းက ရယ်မောလိုက်ပြီး သူ၏နောက်ဘက်သို့လက်ပစ်ကာ မေးငေါ့လိုက်ပြီး အထီးကျန်သူရဲကောင်းတစ်ယောက်ပုံစံ ဖမ်းလိုက်တော့သည်။

သူ့ကိုကြည့်နေကြသည့် လူတိုင်းမှာ ဝိညာဥ် သန်းပေါင်းများစွာက ဒေါသတကြီးအော်ဟစ်ကာ သူတို့၏လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်စီးရန် အဆင်သင့်ဖြစ်နေသည်ကို မြင်နေရသည်။ ပိုင်ရှောင်ချန်း၏ ဘေးနားတွင် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသည့် ကြက်သွေးရောင် ဝိညာဥ်များပင် ရှိနေသည်။

သို့သော် သူက လက်ကိုတည်ငြိမ်စွာ ဝှေ့ယမ်းလိုက်ပြီး အနီးနားရှိ ဝိညာဥ်များအားလုံးကို ဝိညာဥ်စက်လုံးတစ်လုံးထဲသို့ စုစည်းလိုက်တော့သည်။

သူ့အသွင်က တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်နေသည့် ဆရာတစ်ပါးကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် အေးဆေးလွန်းလှပြီး အန္တရာယ်တစ်ခုတစ်လေမျှ မကြုံတွေ့ရသည့် အလား ဖြစ်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset