ဝိညာဥ်ကျင့်ကြံသူအဘိုးအိုသည် ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ စစ်တပ်အရာရှိဟု ပြောလိုက်သည်ကို ကြားရပြီးနောက် သူ၏ မျက်လုံးများသည် ဗလာဖြစ်သွားသည်။ ထို့နောက် ခဏကြာလျှင် သူ၏ စိတ်မှာ ချာချာလည်ထွက်သွားပြီး မျက်နှာလုံးဝပျက်သွားလေသည်။ သူသည် တခဏမျှ အသက်ရှူရန်ပင် မေ့သွားလေသည်။ စောစောပိုင်းက ပိုင်ရှောင်ချန်းတွင် မည်သည့်အတွက်ကြောင့် ရုတ်တရက် နောက်ခံအားပြုပေးမည့် လူတစ်ထောင်ခန့် ပေါ်လာရသည်ကို သူ ဝေခွဲမရဖြစ်နေပြီး အခြား အင်အားကြီး ဝိညာဥ်ကျင့်ကြံသူအုပ်စုမှဟု ယူဆခဲ့သည်။
သရဲကြီးဘုရင်ဦးဆောင်သော အဖွဲ့အစည်းကို အနှောင့်အယှက်ပေးရာကျမည်ကို စိုးကြောက်ခြင်းသည် သူ့ကို အသက်ရှင်ရန် အခွင့်အလမ်းပေးနိုင်မည်ဟု ထင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သရဲကြီးဘုရင်မှာ မြေရိုင်းဒေသ၏ ဘုရင်ကြီးလေးပါးအနက် တစ်ယောက်ဖြစ်ကာ ငါးဦးတည်းသာရှိသော နတ်ဘုရားတစ်ပိုင်း အဆင့်မှ တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို နှောင့်ယှက်လိုသူမှာ အနည်းငယ်သာရှိသည်။
ယခုအခါ ထိုအဘိုးအိုသည် ပိုင်ရှောင်ချန်းက အမှန်တွင် ကောင်းကင်တံတားနယ်မြေမှဖြစ်သည်ကို သဘောပေါက်သွားကာ သူ့မျက်လုံးများတွင် စိတ်ပျက်အားလျော့မှုများ ပြည့်သွားလေသည်။ သို့သော် ၎င်းသည် ခဏမျှသာ ကြာမြင့်ပြီး အဆိပ်ပြင်းလှသော အမုန်းတရားများ ပေါ်လာလေသည်။ သူ မည်သို့မျှ မလုပ်ရသေးမီ ပိုင်ရှောင်ချန်းက သူ့ခေါင်းကို ရိုက်လိုက်လေသည်။
” ဘာကို အဲဒီလောက် လန့်နေတာလဲ။ မျက်လုံးထဲက အကြည့်ကရော ဘာကို ဆိုလိုချင်တာလဲ “
ပိုင်ရှောင်ချန်းက အဘိုးအို၏ တုံ့ပြန်ပုံကို အလွန်သဘောမကျသည်မှာ သိသာသည်။ ပိုင်ရှောင်ချန်းဘက်မှကြည့်လျှင် သူက အလွန်သက်ညှာပေးထားပြီး သူ့နေရာတွင် အခြားလူအများစုသာဖြစ်လျှင် အဘိုးအိုကို ချက်ချင်းပင် သတ်ပစ်ကြမည်ဖြစ်သည်။
သို့သော် သူသည် အလွန်ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ သူ့ကို သတ်မည့်အစား မဟာတံတိုင်းသို့ ခေါ်သွားကာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များနှင့် လဲလှယ်ရန် စဥ်းစားလိုက်သည်။ သို့တိုင်အောင် ထိုအဘိုးအိုက သူ့ကို မထီလေးစားကြည့်ရဲသေးသည်။
အဘိုးကြီးသည် အံကိုကြိတ်၍ ရွေးချယ်စရာမရှိသည့်အတွက် စိတ်ထဲမှ ကျိတ်ကာ ကြိမ်းဝါးနေရသည်။ သူသည် နေရာတွင်ပင် သေဆုံးမသွားချင်လျှင် ဤအခြေအနေကို သည်းခံရမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သရဲကြီးမြို့သားတစ်ယောက်ဖြစ်သည့် သူ၏ နောက်ခံအရ သူ့ကို မဟာတံတိုင်းမြို့တော်သို့ လွှဲပြောင်းပြီးသည်နှင့် အသတ်ခံရမည်မဟုတ်ပေ။
သူက သက်ပြင်းချကာ အံကြိတ်လျက် ခေါင်းကိုညွှတ်လိုက်ရသည်။
ပိုင်ရှောင်ချန်းသည် ခေါင်းကို ထပ်ရိုက်ကာ ကျေနပ်စွာပြောလိုက်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ဒီလိုမှပေါ့။ ခုက စပြီး ကောင်းကောင်းနေ၊ ကြားလား။”
သူသည် အလွန်ကြီးမြတ်သူတစ်ယောက်အလား ခံစားရကာ လက်ကိုခါ၍ သူ၏ တပ်ရင်းကို မဟာတံတိုင်းဆီသို့ ပြန်ပို့တော့မည့်အချိန်တွင် ရုတ်တရက် တွင်းနက်ကြီးထဲရှိ မြူခိုးများထဲမှ စူးရှသည့် အော်ဟစ်သံများ ထွက်လာသည်။
အကြောင်းတစ်ခုခုကြောင့် ပိုင်ရှောင်ချန်းသည် ထိုအသံများမှာ ဝိညာဥ်များ၏ ပါးစပ်မှ ထွက်လာသည့်အသံများအလား ရင်းနှီးနေပေသည်။ သူကြောက်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး တွင်းနက်ကြီးထဲသို့ ကြည့်လိုက်သည်။
တွင်းနက်ကြီးမှာ အလွန်တရာနက်ရှိုင်းလှသည့်အပြင် မြူခိုးများနှင့်ပါ ပေါင်းစပ်ထားသောကြောင့် အောက်ခြေကို မြင်နိုင်ရန် မလွယ်ကူပေ။ အမှန်တွင် နတ်ဘုရားအာရုံသည်ပင် တွင်းနက်ကြီးအဆုံးသို့ ရောက်ရန်မလွယ်ပေ။
သို့သော်လည်း ယခုအော်သံများမှာ အမုန်းဝိညာဥ် တစ်သောင်းနှင့် အထက်ခန့်ဆီမှ ထွက်ပေါ်လာသည်မှာ သိသာသည်။
ပိုင်ရှောင်ချန်းသည် မြင်ကွင်းကို သတိဖြင့် အကဲခတ်ကြည့်ရှုနေစဥ် သူ့တပ်ရင်းမှ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများပေါ်လာလေသည်။ ထို့နောက် ကျောက်လုံသည် ရှေ့သို့တိုးလာကာ တိုးတိတ်စွာပြောလိုက်သည်။
” တပ်မှူးကြီး၊ ဒီနားမှာ တစ်ခုခုထူးဆန်းနေတယ်။ သဘာဝအတားအဆီးမှော်ပညာလိုမျိုး ဒီနေရာမှာ ရှိနေသလိုပဲ။ ခုချက်ချင်း သွားသင့်ပြီထင်တယ်။ ”
ပိုင်ရှောင်ချန်းသည် ဤနေရာက တစ်ခုခုထူးဆန်းနေသည့် အချက်ကို သဘောတူလေသည်။ ပထမ တောင်သည် ကျဥ်းကြီးတစ်ခုအဖြစ် ပြိုကျသွားခဲ့သည်။ ထို့နောက် ထိုကျဥ်းကြီးက တွင်းနက်ကြီးတစ်ခုဖြစ်သွားခဲ့သည်။ ထို့ပြင် နတ်သားရဲဝိညာဥ်တစ်ခုလည်း ရှိနေသေးသည်။ ဤအရာအားလုံးသည် အချိန်တိုတစ်ခုအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။ မဟာတံတိုင်းသာမက လူ့ဘီလူးမျိုးနွယ်စုများပါ ဤကိစ္စကို စစ်ဆေးရန် တစ်စုံတစ်ယောက်ကို လွှတ်လိုက်ခြင်းမရှိပေ။
မည်သို့ဖြစ်ပျက်နေသည်ကို တစ်ယောက်မှ မရိပ်မိသည့်အလားပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်စဥ် သူ၏ မျက်နှာအမူအရာမှာ အခြားသူများကဲ့သို့ပင် လေးနက်နေသည်။ သို့သော် သူသည် မြူခိုးထဲသို့ ငုံ့ကြည့်လိုက်ရာ ဝိညာဥ်အများအပြားဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပြီး ဤအတိုင်း ထားသွားရန်မှာ မည်မျှ နှမြောစရာကောင်းသည်ကို တွေးနေမိသည်။
“အောက်မှာက တိုက်ပွဲစွမ်းဆောင်မှုရမှတ်တစ်ပုံလိုက်ကြီး…။”
သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်လိုက်ပြီး ခရမ်းရောင်အလင်းတန်းတစ်ခုကို ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံး၏ စွမ်းအားများက မြူခိုးများကို ဖယ်ရှားလိုက်သည်။
ဤနည်းက အလုပ်ဖြစ်သည်ကို တွေ့ရသောကြောင့် ကျင့်ကြံခြင်းစွမ်းအားကို ထပ်မံပေါင်းထည့်ကာ မြူခိုးများကို ပို၍မြန်သည့်နှုန်းဖြင့် ပျော်ကျသွားစေသည်။
ပိုင်ရှောင်ချန်းသာ မည်သို့ ဖြစ်ပျက်နေသည်ကို တွေ့ရသည့် တစ်ဦးတည်းသောသူမဟုတ်ပေ။ ဝိညာဥ်ကျင့်ကြံသူအဘိုးအိုနှင့် သူ့တပ်ရင်းမှ လူအားလုံးသည်လည်း မြူခိုးများ ပျောက်ကွယ်နေသည်ကို တွေ့ နိုင်သည်။
မကြာမီမှာပင် တွင်းနက်ကြီး ပေါ်ထွက်လာခဲ့သည်။ အောက်ခြေထိ မမြင်ရသေးသော်လည်း အထဲတွင် မရေမတွက်နိုင်သော ဝိညာဥ်များ လွင့်မျောနေသည်ကို မြင်နိုင်သည်။ အဝင်ဝမှာပင် တစ်သိန်းကျော်ခန့်ရှိကာ အချို့မှာ ယင်ယန်ဝိညာဥ်အဆင့်ဝိညာဥ်များဖြစ်သည်။
အဝင်ဝတွင်ပင် အမြောက်အမြားရှိနေရာ တွင်းကြီးတစ်ခုလုံးတွင် မည်မျှရှိမည်ကိုပင် ခန့်မှန်းရန် မဖြစ်နိုင်တော့ပေ။
အရေအတွက်မှာ အမှန်တကယ်ပင် ရေတွက်၍ မရနိုင်တော့ချေ။
မြင်ကွင်းသည် ပိုင်ရှောင်ချန်းကို အလွန်အမင်းအံ့ဩသွားစေပြီး သူ့တပ်ရင်းမှ ကျင့်ကြံသူများကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်သွားစေသည်။
အမြင်အရ ဝိညာဥ်များမှာ အလွန်များပြားကာ တပ်ရင်းမှ လူတိုင်းတွင် ဝိညာဥ်စုစည်းဆေးလုံးများ ရှိသည့်တိုင် ဤဝိညာဥ်များအားလုံးသာ တစ်ပြိုင်တည်းတိုက်ခိုက်လာပါက သေချာပေါက်အသတ်ခံရမည်ဟု ပြောနိုင်ပေသည်။ ထို့အပြင် ဤဝိညာဥ်များမှ ထုတ်လွှတ်နေသည့် မုန်းတီးခြင်းငွေ့အသက်မှာ သာမန်ဝိညာဥ်များထက်သာလွန်ကာ အတူတကွတိုက်ခိုက်လျှင် အန္တရာယ်ကြီးဖြစ်စေမည်မှာ သေချာပေသည်။
ဝိညာဥ်ကျင့်ကြံသူအဘိုးအိုသည် ဝိညာဥ်တွင်းကြီးထဲသို့ စိုက်ကြည့်နေရင်း လုံးဝတုန်ခါလာကာ ကြွက်သားတစ်စိုင်မျှပင် မလှုပ်ခါတော့ချေ။ ထိုအမုန်းဝိညာဥ်အုပ်စု၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းသိကာ သူတို့၏ အာရုံသာ သူ့ဘက်သို့လှည့်လာပါက ယခုသူ့ကို ဖမ်းလိုက်သော ကျင့်ကြံသူများကို စိတ်ပူစရာမလိုဘဲ ဝိညာဥ်များသည် သူ၏ အစားကို တစ်စစီ ဖြဲစားကာ ခန္ဓာကိုယ်ကို ယူလိုက်မည်ဖြစ်သည်။
သူသည် မဟာတံတိုင်းသို့ အခေါ်ခံရပါက စစ်အကျဥ်းသားတစ်ယောက်ဖြစ်သွားနိုင်သော်လည်း အနည်းဆုံးတော့ အသက်ရှင်နိုင်သေးသည်။ သို့သော် ဤဝိညာဥ်များ လှုပ်ရှားလိုက်ပါက သေချာပေါက် သေရမည်ဖြစ်သည်။
မြေရိုင်းဒေသ၏ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် ဝိညာဥ်များနှင့် အလွန်တရာ ရင်းနှီးကာ ဤအခြေအနေတွင် ကြောက်ရွံ့ေနရုံမှတစ်ပါးမရှိပေ။
ကံကောင်းစွာဖြင့်ပင် ဝိညာဥ်များသည် တစ်စိတ်တစ်ပိုင်း ခိုအောင်းသည့် အခြေအနေတွင် ရှိနေပုံပေါ်ကာ တွင်းကြီးထဲမှ ထွက်ခွာရန် စိတ်ဝင်စားပုံမပေါ်ပေ။ သူတို့ကို ဒေါသထွက်အောင် မစသရွေ့ ငြိမ်ငြိမ်နေကာ တိုက်ခိုက်မည့်ပုံမပေါ်ပေ။
အားလုံးသည် ထိတ်လန့်သွားကြပြီး ပိုင်ရှောင်ချန်းသည်လည်း ဦးရေပြားများ ထုံကျဥ်လာသည်။ သို့သော်လည်း သူသည် အမုန်းဝိညာဥ်များကို ကြည့်ရင်း အခြားလူအားလုံးနှင့် အနည်းငယ်ကွဲပြားသည့် တစ်စုံတစ်ရာကို သွားမြင်လေသည်။ သူက တိုက်ပွဲစွမ်းဆောင်မှုရမှတ် အပုံလိုက်ကြီးဟု မြင်နေခြင်းဖြစ်သည်။
” ဒီဝိညာဥ်တွေအားလုံးကို ငါဖမ်းနိုင်မယ်ဆိုရင် အားလုံးကို တိုက်ပွဲစွမ်းဆောင်မှုရမှတ်နဲ့ လဲလို့ရနိုင်တယ်…။ ဘယ်လောက်များလဲ ကြည့်စမ်းးး။ ဘုရား ဘုရား၊ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ဖို့ဆိုတာ အိပ်မက်သက်သက်ပဲ မဟုတ်နိုင်တော့ဘူးပဲ ”
သူ၏ နှုတ်ခမ်းများသည် စိတ်လှုပ်ရှားမှုကြောင့် တင်းတင်းစေ့နေကြသည့်တိုင် အနည်းငယ် တွေဝေနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ များပြားလှသေယ ဝိညာဥ်အရေအတွက်သည် ဝိညာဥ်စုစည်းဆေးလုံးများနှင့်ပင် အလွန်အန္တရာယ်များနေဆဲဖြစ်သည်။
” အကောင်းဆုံးကတော့ တစ်ကြိမ်မှာ နည်းနည်းချင်းစီ မြားခေါ် နိုင်ဖို့ပဲ။ မဟုတ်လည်း အုပ်စုတွေခွဲလို့ရရင် ကောင်းမယ် ”
သူ့ကိုယ်သူကာကွယ်ရန် မျက်နှာဖုံးရှိသည်ဟု ဆိုသော်ငြား လုံခြုံစိတ်ချရရန် ထိုအပေါ်သို့ အပြည့်အဝမှီခိုခြင်းကို မသက်မသာဖြစ်နေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဤအတိုင်းထွက်သွားရန်မှာ နှမြောစရာကောင်းနေသည်။ အနည်းငယ်တွေးတောပြီးနောက် နောက်သို့ တွား၍ဆုတ်ကာ သူ့တပ်ရင်းမှ ကျန်လူများကိုလည်း အလားတူဆုတ်ရန် အသံတိတ်အချက်ပြလိုက်သည်။
တွင်းနက်ကြီး၏ နှုတ်ခမ်းဝမှ မီတာရာပေါင်းများစွာ လှမ်းသည့် လုံခြုံစိတ်ချရသော နေရာသို့ ဆုတ်ပြီးနောက် ပိုင်ရှောင်ချန်းသည် သူဖမ်းမိထားသော ဝိညာဥ်ကျင့်ကြံသူအဘိုးအိုကို တောက်ပနေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်လေသည်။
အဘိုးအိုသည် ဝိညာဥ်တွင်းမှ ဝေးရာသို့ ဆုတ်နေသဖြင့် သက်သာရာရကာ သက်ပြင်းချနေစဥ်တွင် ရုတ်တရက် ပိုင်ရှောင်ချန်းက သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။
အဘိုးအို၏နှလုံးသား တဒိန်းဒိန်း ခုန်လာသည်။ ဤအမြုတေအဆင့်ကျင့်ကြံသူသည် သူ့အတွက် မည်သည့်အစီအစဥ်များချပေးသည်ဖြစ်စေ၊ သေချာပေါက် မကောင်းနိုင်သည်ကို ကြိုတင်သိနေပြီဖြစ်သည်။
တစ်ခုခုပြောရန် ပါးစပ်မဖွင့်နိုင်မီမှာပင် ပိုင်ရှောင်ချန်းက အကြံဆိုးဖြင့် ရယ်မောကာ ရှေ့သို့တိုးလာပြီး အဘိုးကြီး၏ ပခုံးကို ပုတ်လိုက်သည်။
” နားထောင်၊ တာအိုရောင်းရင်း၊ ကျုပ်ရဲ့ နတ်သားရဲဝိညာဥ်ကို ခင်ဗျား လုဖို့ကြိုးစားတဲ့ကိစ္စကို မေ့လိုက်ကြမယ်လေ။ နည်းနည်းပါးပါး ခိုင်းတာလေး လုပ်ပေးရုံပဲ။ ဘာမှ မခက်ဘူး။ ဒီဆေးလုံးကို ပေးလိုက်မယ်။ ယူပြီးတော့ တွင်းကြီးထဲကို လျှောက်ဝင်သွားရုံပဲ။ ပြီးရင် ချေပစ်လိုက်။ မှတ်ထားရမှာက တွင်းကြီးထဲကို ရောက်ပြီးမှပဲ ချေလို့ရမှာနော်။ ဟုတ်ပြီလား။ လွယ်လွယ်လေးပဲ။ ”
ထို့နောက် ပြင်းပြစွာ မျှော်လင့်နေသော မျက်လုံးများဖြင့် ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးကို ထုတ်ကာ ပေးလိုက်သည်။
အဘိုးအို၏ စိတ်မှာ ချာချာလည်နေပြီး ပိုင်ရှောင်ချန်းကို ကြည့်ကာ တုန်ရီလာသည်။ မျက်ရည်များဝဲလျက် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့၊ အရှင်သခင်ရယ်။ ကျွန်တော်က စစ်အကျဥ်းသားတစ်ယောက်ဖြစ်ရတာ ပျော်တာထက်တောင် ပိုပါသေးတယ်။ သရဲကြီးမြို့တော်အကြောင်း အချက်အလက်တွေ အများကြီးရှိတယ်။ ကျွန်…ကျွန်တော်က ဓါးစာခံတစ်ယောက်အနေနဲ့ဆို အဖိုးမဖြတ်နိုင်ပါဘူး။”
” သိတယ်။ သိတယ်။ လာ…လာ။ လိမ်လိမ်မာမာနဲ့ ဒီဆေးလေး ယူလိုက်ပါကွာ။ ”
လည်ချောင်းကို ရှင်းကာ ပိုင်ရှောင်ချန်းသည် အဘိုးအို၏ လက်ကို အတင်းဖွင့်၍ ဝိညာဥ်စုစည်းဆေးလုံးကို လက်ဝါးထဲသို့ ထည့်လိုက်သည်။
” ဟုတ်ပြီ။ သွားလို့ရပြီ။ “
စတင်ရုန်းကန်ငြင်းဆန်ကာ အဘိုးအိုက ကျယ်လောင်စွာ ပြောလိုက်သည်။
” ငါကတော့ ဘယ်နေရာမှ မသွားဘူးဟေ့။ သတ်ရင်သတ်လိုက်ကွာ ”
ပိုင်ရှောင်ချန်းသည် သိသာစွာပင် မကျေမချမ်းဖြစ်သွားသည်။
” ငြင်းရင်တော့”
သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
” ဒါဆို ကျုပ်လူတွေကို နည်းနည်းအကြမ်းနည်းနဲ့ပဲ ကိုင်တွယ်ခိုင်းရမှာပေါ့။ ဒီမှာကြည့်၊ အဲဒီတွင်းကြီးထဲကို သွားချင်ချင်၊ မသွားချင်ချင် သွားရမှာပဲ။ ”
ချက်ချင်းပင် ပိုင်ရှောင်ချန်း၏ တပ်ရင်းမှ ကျင့်ကြံသူများသည် အဘိုးအိုကို သတ်ဖြတ်တော့မည့် အကြည့်များဖြင့် စိုက်ကြည့်လာကြသည်။
အဘိုးအိုမှာ ကြောက်လန့်လှသဖြင့် တုန်ရီနေကာ တချိန်တည်းမှာပင် ဒေါသတို့ဖြင့် လောင်မြိုက်နေသည်။ သို့သော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။ ခိုင်းသည့်အတိုင်းမလုပ်လျှင် ဤရက်စက်လှသည့် သတ်ဖြတ်သူမှာ သူ့ကို ဝိညာဥ်တွင်းကြီးထဲသို့ ဦးစိုက်ထိုးပစ်ချမည်မှာ သိသာလှသည်။
သူသည် ကူရာကယ်ရာမဲ့စွာဖြင့် အံကြိတ်ကာ ဆေးလုံးကို လက်ထဲတွင် ဆုပ်လိုက်သည်။ ထို့နောက် ဖြစ်လာမည့် ရလဒ်ဆိုးကို ထည့်မစဥ်းစားတော့ဘဲ တွင်းနှုတ်ခမ်းသို့ တွားသွားလိုက်သည်။
သူရှေ့သို့ တိုးသွားသည့် တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းနှင့် သူ၏ တပ်ရင်းသည် မီတာ၃၀၀၀ကွာသည်အထိ ဆုတ်လိုက်ကြသည်။ ထိုနေရာတွင် သူတို့သည် လိုအပ်ပါက အမြန်ဆုံးနှုန်းဖြင့် ပြေးနိုင်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်မှပင် ပိုင်ရှောင်ချန်းသည် တွင်းနက်ထဲသို့ ခုန်ချရန်ပြင်နေသည့် အဘိုးအိုကို လှည့်ကြည့်နိုင်တော့သည်။