အခန်း ( ၅၁၄ )

အရူး၊ ကျုပ်က စစ်တပ်အရာရှိတစ်ယောက်ကွ

လူ့ဘီလူးအကောင် ၅၀ကျော် ရုတ်တရက်ပေါ်ထွက်လာရာ ပိုင်ရှောင်ချန်းမှာ မလန့်ဘဲ မနေနိုင်ပေ။ သူသည် ရုပ်တုကြီးပေါ်လာတည်းက အထင်ကြီးနေပြီဖြစ်သော်လည်း ဤတိုးတက်မှုအသစ်သည် သူ့မျက်လုံးများကို လှုပ်ခတ်သွားစေခဲ့သည်။ ထို့နောက်တွင် အဘိုးကြီးက သူ့ကိုယ်သူ ညွှန်းဆိုလိုက်ပုံကြောင့် သာမန်ဝိညာဥ်ကျင့်ကြံသူမဟုတ်ကြောင်း သိလိုက်ရသည်။

ထို့အပြင် ဤလူ့ဘီလူးများသည် ပိုင်ရှောင်ချန်းမြင်ဖူးသော စစ်ပွဲတွင် တွေ့ရသည့် အခြားလူ့ဘီလူးများနှင့် မတူပေ။ စစ်တပ်များထဲမှ လူ့ဘီလူးများသည် သတ်ဖြတ်ချင်စိတ်များ ပြင်းထန်လှသော်လည်း ယခုလူ့ဘီလူးများမှာမူ သူတွေ့ဖူးသည့် ဝိညာဥ်ကျင့်ကြံသူများနှင့် ပုံစံတူပေသည်။ ယခင်လူ့ဘီလူးများမှာ အစီအစဥ်တကျမရှိဘဲ အတူတကွအလုပ်လုပ်ရန် မဖြစ်နိုင်ပေ။ ယခု သူရင်ဆိုင်နေရသော ဤလူ့ဘီလူး၅၀မှာ သိသိသာသာ ကွဲပြား​ေနသည်။

သူတို့၏ အမူအရာများမှာ ပို၍ပင် အေးစက်နေပြီး သူတို့ဆီမှ ထွက်ပေါ်နေသော ရူးသွပ်မှုကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ဤလူ့ဘီလူးများသည် မျိုးတူလူ့ဘီလူးများကြားထဲတွင် လက်ရွေးစင်ဖြစ်စေမည့် အထူးကျင့်ကြံနည်းတစ်မျိုးကို ကျင့်ကြံထားသည်မှာ သိသာလေသည်။

သူတို့၏ ချပ်ဝတ်တန်ဆာများသည်ပင် သာမန်ထက်ကျော်လွန်ကာ သူ၏ အေးစိမ့်ကိုယ်တော် အစွမ်းကို ခုခံနိုင်စွမ်းရှိလေသည်။ ထို့ပြင် သူတို့၏ဝင်္ကပါမှာ ထိုအဘိုးကြီး လွတ်လပ်စွာ ထွက်ပြေးနိုင်သည်အထိ ကာကွယ်နိုင်စွမ်းရှိလေသည်။ တချိန်တည်းမှာပင် ထိုဝင်္ကပါ စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီး အဏ္ဏဝါခေါ်သံဂိုဏ်းမှ မန္တာန်အစီအရင်ဘီလူးကြီးများနှင့် ဆင်တူသည့် စွမ်းအင်တစ်ခု ရိုက်ခတ်လာသည်။

၎င်းသည် ယင်ယန်ဝိညာဥ်အခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံနှင့် ဆင်တူသည့် စွမ်းအားမျိုးဖြစ်သည်။

ပိုင်ရှောင်ချန်းအတွက် ပို၍ စိတ်ပူစရာကောင်းသည်မှာ နတ်အဆင့် အကာအကွယ်စွမ်းအင် အနည်းငယ်ပါဝင်သည့် သရဲရုပ်တုကြီးဖြစ်သည်။ သူ၏ အေးစိမ့်ကိုယ်တော် အစွမ်းများကို သုံး၍ လူ့ဘီလူးလက်ရွေးစင်အားလုံးကို နေရာတွင် အေးခဲစေနိုင်ခဲ့လျှင်ပင် မန္တန်အစီအရင်ကို ဆက်စပ်ဖြစ်ပေါ်စေသည်မှာ နတ်အဆင့်စွမ်းအင်ဖြစ်သည်။

” ဒါဆိုရင် ဒါက မြေရိုင်းဒေသရဲ့ အစစ်အမှန် စွမ်းအားပေါ့ ”
သူ တွေးလိုက်သည်။ မြေရိုင်းဒေသစစ်တပ်များနှင့် တိုက်ခိုက်လာခဲ့သည့် တိုက်ပွဲတစ်လျှောက်တွင် တဖြည်းဖြည်းနှင့် သူတို့ကို အထင်သေးလာခဲ့သည်။ သို့သော် ယခုမူ ထိုခံစားချက်များ ပျောက်ကွယ်သွားသည်။

မန္တာန်အစီအရင်ထဲတွင် အဘိုးကြီး၏ မျက်လုံးများသည် သတ်ချင်စိတ်အပြည့်ဖြင့် တောက်ပနေသည်။
” ငါ့ရဲ့ သရုပ်အမှန်ကို ဖော်ပြပြီးတာတောင် ဘယ်လိုလုပ်တိုက်ခိုက်ဝံ့တာလဲ။ သေချင်နေတာလား၊ ဟမ်။”

သူသည် ပိုင်ရှောင်ချန်း၏ ခွန်အားကို တွေ့ပြီးနောက်တွင် အနည်းငယ်ခြိမ်းခြောက်ခံလိုက်ရသော်လည်း ပိုင်ရှောင်ချန်းကို မသတ်လျှင် လုယူလိုက်ရသော နတ်သားရဲဝိညာဥ်ကြောင့် ဖြစ်လာရသည့် အမုန်းတရားမှာ အချိန်ကြာသည်နှင့် အလွယ်တကူပြေလျော့သွားမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းက အေးစက်စွာရယ်မောလိုက်သည်။ အဘိုးကြီးကို စိုက်ကြည့်လျက် ဖြည်းညင်းစွာ ပြောလိုက်သည်။
” လူတွေကို အုပ်စုလိုက်အနိုင်ကျင့်တာ ဘာများ အထင်ကြီးစရာကောင်းလို့လဲ။ သတ္တိရှိရင် ကျုပ်နဲ့ နှစ်ယောက်ထဲ တိုက်မလား။ ”

ဝိညာဥ်ကျင့်ကြံသူအဘိုးကြီးက တကမ္ဘာလုံးတွင် ရယ်စရာအကောင်းဆုံးပြက်လုံးကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့မျက်လုံးတွင် အေးစက်စက်လူသတ်ချင်စိတ်များ ပေါ်နေကာ ပြောလိုက်သည်။
” မင်းက ငတုံးလား။ ငါ မင်းကို အုပ်စုလိုက်အနိုင်ကျင့်တော့ ဘာဖြစ်လဲ။ မင်းက ဘာလုပ်ချင်လို့လဲ။”

ထို့နောက် သူက ညာဘက်လက်ကို မြောက်ကာ ပိုင်ရှောင်ချန်းအား သတ်ရန်အတွက် အမိန့်ပေးရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ပိုင်ရှောင်ချန်းက စတင်ရယ်မောလိုက်သည်။ သူက မေးကို ဂုဏ်ယူစွာ ပင့်ချီလျက် ကျောက်စိမ်းပြားတစ်ချပ်ကို ရုတ်တရက် ထုပ်ပြီးနောက် လက်ချောင်းများကြားတွင် ချေမွလိုက်သည်။

“ကောင်းပြီလေ။ အနိုင်ကျင့်မယ်ဆိုတော့လည်း အနိုင်ကျင့်ရတာပေါ့။ ညီအစ်ကိုတို့၊ လာကြဟေ့ ”

ဝိညာဥ်ကျင့်ကြံသူအဘိုးကြီးသည် ပိုင်ရှောင်ချန်းစကားများကြောင့် အံ့ဩတကြီးဖြစ်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်မှာ တစ်ခုခု ပြောင်းလဲသွားသည်ကို ခံစားလိုက်မိကာ ခပ်လှမ်းလှမ်းသို့ မျှော်ကြည့်လိုက်သည်။

ရုတ်တရက် အဝေးမှ ဒါဇင်နှင့်ချီသည့် အလင်းတန်းများသည် သူတို့ဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။

အဘိုးကြီးက အေးစက်စွာ ရယ်မောလိုက်သည်။
” ဟမ့်၊ လူက အဲဒီလောက်မများ… “

သို့သော် စကားမဆုံးမီမှာပင် အခြားတစ်ဖက်မှ အလင်းတန်းများ ထပ်မံထွက်ပေါ်လာသည်။ တဝုန်းဝုန်းမြည်ဟီးသံများ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်အလင်းတန်းပေါင်း ဒါဇင်များစွာသည် မျက်စိကျိန်းလောက်သည့် အရှိန်ဖြင့် လေကိုခွင်းလာလေသည်။

အချိန်တိုအတွင်းမှာပင် အလင်းတန်းရာချီကို တွေ့နေရသည်။

အဘိုးကြီး၏ မျက်နှာသည် ဖြူဖျော့နေကာ အသက်ရှူကြပ်နေပြီး ခန္ဓာကိုယ်မှာလည်း တုန်ခါနေသည်။ သို့တိုင်အောင် ထိုမျှနှင့် မပြီးသေးပေ။ နောက်ထပ်အလင်းတန်းရာပေါင်းများစွာက ထိုနေရာသို့ ဦးတည်လာနေရာ အဘိုးကြီး၏ အကာအကွယ်များ တုန်ခါသွားသည်။

အားလုံးပေါင်းထောင်ချီရှိရာ ဝိညာဥ်ကျင့်ကြံသူအဘိုးကြီး၏ မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားလေသည်။ မျက်လုံးပြူးကာ မယုံကြည်နိုင်ဟန်ဖြင့် အမောတကောပြောလိုက်သည်။

“ဒါ …ဒါလုံးဝ မဖြစ်နိုင်ဘူး။ ”

ဤနေရာတွင် လူအများကြီး မည်သည့်အတွက်ကြောင့် ပုန်းနေသည်ကိုလည်းကောင်း၊ သူတို့၏ အရိပ်အယောင်ကို မည်သည့်အတွက်ကြောင့် သတိမထားမိသည်ကိုလည်းကောင်း သူ လုံးဝမသိပေ။ ကြောက်စရာအကောင်းဆုံးမှာ လူအားလုံးမှာ အမြုတေအဆင့်တွင် ရှိနေခြင်းဖြစ်သည်။

သူနှင့် အဆင့်တူ အမြုတေအဆင့် မဟာစက်ဝန်းတွင် ရှိသော လူအနည်းငယ်ပင် ရှိနေသည်။

ပိုင်ရှောင်ချန်းသည် တက်ကြွမှုအပြည့်နှင့် အဘိုးအိုကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “ညီအစ်ကိုတို့၊ ဒီအဘိုးကြီးကို အသေသတ်ကြဟေ့။”

” သေစမ်း ”
ကျင့်ကြံသူထောင်ချီက တပ်ဖွဲ့ကြီးတစ်ခုအလား လေဟုန်ကိုခွင်း၍ လာနေရင်း အော်ဟစ်လိုက်လေသည်။ သူတို့၏ခန္ဓာကိုယ်များမှ လူသတ်လိုသည့်အငွေ့အသတ်များ ထောင်းထောင်းထနေပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ဖြစ်ပေါ်လာသည်။ သူတို့သည် ရဲရင့်သော ေခါင်းဆောင်တစ်ယောက်၏ အမိန့်ပေးသံအောက်ရှိ ထိပ်တန်းတပ်သားများဖြစ်နေကြလေရာ ဝိညာဥ်ကျင့်ကြံသူ အဘိုးအို၏ ခေါင်းများ ချာချာလည်သွားသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ လူ့ဘီလူး အယောက်၅၀သည် အံ့အားသင့်သွားကြပြီး နောက်သို့ ဆုတ်လိုက်ကြသည်။ ဤနေရာတွင် ကျင့်ကြံသူအုပ်လိုက်ကြီးကို ရင်ဆိုင်တွေ့ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဘူးချေ။

ဝိညာဥ်ကျင့်ကြံသူ အဘိုးကြီးသည် ဤအဖွဲ့သာ အတူစုစည်းမိပါက ဤအခြေအနေမှ အသက်ရှင်လျက် ထွက်နိုင်ရန် မဖြစ်နိုင်ကြောင်း ချက်ချင်းပင် သိလိုက်လေသည်။

“ပြေးးး ”
သူက ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ လူ့ဘီလူး အယောက်၅၀သည် ချက်ချင်းပင် မန္တန်အစီအရင်၏ စွမ်းအားအကုန်ထုတ်ကာ အတားအဆီးကြားမှ အဘိုးအို လွတ်မြောက်သွားစေရန် အလျင်အမြန် ကြိုးပမ်းလေသည်။

” ညီအစ်ကိုတို့ သူ့နောက်ကိုလိုက်ဟေ့ ”
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။

မန္တာန်အစီအရင်မှာ မယုံကြည်နိုင်လောက်သည့် အရှိန်ဖြင့် ရွေ့လျားနေသော်လည်း တစ်ဖက်လူမှာ တပ်မဟာ၅ခုမှ ကျင့်ကြံသူများဖြစ်သည်။ ထို့အပြင် သူတို့သည် ပိုင်ရှောင်ချန်းနှင့်အတူ သေသေရှင်ရှင် တိုက်ခိုက်လာရသူများဖြစ်ပြီး စစ်သားပေါင်းသောင်းချီနေသည့်ကြားမှ ဂရုတစိုက် ရွေးချယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် သွေးအေးကာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြင့် လူ့ဘီလူး၅၀ဆီသို့ ပြေးသွားသည်။

သူ၏ ထောင်ချီသည့် လူများသည် သတ်ချင်စိတ်အပြည့်ဖြင့် လူ့ဘီလူး၅၀ကို တိုက်ခိုက်နေသည့် ခမ်းနားသော မြင်ကွင်းက ပိုင်ရှောင်ချန်းကို သွေးများ ချက်ချင်းဆူပွက်လိုက်စေပြီးအော်ဟစ်လိုက်သည်။
” အဓိပ္ပါယ်မရှိတာ။ ငါ့ နတ်သားရဲဝိညာဥ်ကို ဘယ်လိုလုပ် လုယူဝံ့တာလဲ။ ပိုဆိုးတာက ငါ့ကို တကယ်ကြီး အနိုင်ကျင့်ဖို့တောင် စဥ်းစားလိုက်သေးတယ်။ ”

လူ့ဘီလူး၅၀မှာ ဤသို့သော တိုက်ခိုက်မှုမျိုးကို ကြာရှည် တောင့်မခံနိုင်ပေ။ အော်ဟစ်ကြုံးဝါးကာ ပြန်လည်တိုက်ခိုက်ကြသည့်တိုင် ပိုင်ရှောင်ချန်း၏ တပ်ရင်းမှ ကျင့်ကြံသူတစ်ထောင်သည် သေချာလေ့ကျင့်ထားပြီး သူတို့၏ ကိုယ်ပိုင် အဖွဲ့များနှင့် အမြန်လှုပ်ရှားလိုက်ရာ လူ့ဘီလူးများမှာ ခုခံကာကွယ်ရန် မဖြစ်နိုင်တော့ပေ။

လူ့ဘီလူးများသည် တခဏအတွင်း ဖျက်ဆီးခံလိုက်ရပြီး ဝိညာဥ်ကျင့်ကြံသူအဘိုးအိုမှာ တုန်ခါနေလျက် မမျှတသော အခြေအနေကြောင့် မျက်ရည်ကျတော့မတတ်ဖြစ်နေသည်။

“အနိုင်ကျင့်လိုက်ကြတဲ့ကောင်တွေ ”
သူက စူးစူးဝါးဝါးအော်ဟစ်ကာ သူ့ဆံပင်ရှည်များက တဖျပ်ဖျပ် လွင့်နေပြီး ရှင်ကျန်ရစ်သော လူ့ဘီလူးအနည်းငယ်သည်လည်း ဤအခြေအနေမှ ရုန်းထွက်ရန် ကြိုးပမ်းကြလေသည်။
” လူတွေကို အုပ်စုလိုက်အနိုင်ကျင့်တာ ဘာများ အထင်ကြီးစရာကောင်းလို့လဲ။ သတ္တိရှိရင် ငါနဲ့ နှစ်ယောက်ထဲ တိုက်မလား။ ”

” မင်းက ငတုံးလား။ ”
ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာဖြင့် အဘိုးအို၏ စကားလုံးများကို သုံးကာ ပြန်ပြောလိုက်သည်။

” ကျုပ် ခင်ဗျားကို အနိုင်ကျင့်တော့ ဘာဖြစ်တုန်း။ ခင်ဗျားက ဘာလုပ်ချင်လို့တုံး ”

ထို့နောက် သူသည် အဘိုးအိုဆီသို့ အလျင်အမြန် ပြေးသွားလေသည်။

မကြာမီမှာပင် ပို၍ ခါးသက်သည့် အော်သံများ ထွက်ပေါ်လာသည်။

ဤအချိန်တွင် လူ့ဘီလူးအယောက်၅၀လုံးသေဆုံးသွားကြပြီး အများစုမှာ ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်း နည်းလမ်းကို ရွေးချယ်သွားကြလေသည်။ သို့သော် ထွက်လာသည့် ရလဒ်မှာ အသုံးမဝင်ပေ။ ပိုင်ရှောင်ချန်းသည် ထိုအတွက် ပြင်ဆင်ထားပြီးဖြစ်ကာ သူ၏ အေးစိမ့်ကိုယ်တော် စွမ်းအင်ကို သုံး၍ ထိုစွမ်းအားကို ပယ်ရှားလိုက်လေသည်။ ရလဒ်အနေဖြင့် သူ့လူထဲရှိ တစ်ယောက်မှ မသေပေ။

အမှန်တွင် သူ့လူများ၏ လုံခြုံမှုကို ထည့်မတွက်ဘဲ အစွမ်းကုန်ထုတ်တိုက်ရန် ခွင့်ပြုလိုက်ပါက ဤလူ့ဘီလူး၅၀ကို ရှင်းထုတ်ရန် ပိုမိုလွယ်ကူပေလိမ့်မည်။ သို့သော်လည်း ထိုသို့မလုပ်ခဲ့ပေ။ သူသည် မဟာတံတိုင်းမှ ခေါ်ထုတ်ခဲ့သော လူတစ်ယောက်စီတိုင်းကို အန္တရာယ်ကင်းကင်းဖြင့် ပြန်ခေါ်သွားလိုသည်။

နောက်ဆုံးလူ့ဘီလူးသေသွားသည်တွင် ဝိညာဥ်ကျင့်ကြံသူအဘိုးအို၏ ခေါင်းပေါ်မှ ဝိညာဥ်ဘီလူးကြီး ရုပ်တုသည် တိုက်ခိုက်ရန် စွမ်းအင်ထုတ်လိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းက ထိုသို့အဖြစ်မခံပေ။ အဘိုးအိုသည် စစ်မြေပြင်တွင် တစ်ယောက်တည်းကျန်နေပြီး ပိုင်ရှောင်ချန်းက အရှိန်မြှင့်၍ပြေးသွားကာ သူ့လက်ကို လှစ်ခနဲ လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း တောင်တစ်လုံးကဲ့သို့ အားမျိုးဖြင့် ရုပ်တုကြီးကို ရိုက်လိုက်သည်။

ပေါက်ကွဲသံကြားလိုက်ရပြီး အဘိုးအို၏ ပါးစပ်မှ သွေးများ ပန်းထွက်လာလေသည်။ ရုပ်တုကြီးမှာမူ ချက်ချင်းပင် အောက်သို့ ကျကာ ပြိုကျလုဆဲဆဲဖြစ်သွားသည်။

” ရုပ်တုကို ယူလိုက်ဟေ့။” ပိုင်ရှောင်ချန်းက အဘိုးအိုနောက်ကို ပြေးလိုက်ကာ အော်လိုက်သည်။
“အဲဒါက သေချာပေါက် အဖိုးတန်ပစ္စည်းပဲ။”

သူ့လူအချို့သည် ဝိညာဥ်ဘီလူးရုပ်တုကို အရယူရန် ချက်ချင်းပင် သွားလိုက်ကြသည်။

ထိုအချိန်မှာပင် မြူခိုးများရစ်သိုင်းနေသော ကျဥ်းကြီးထဲသို့ အမုန်းဝိညာဥ်များအားလုံး စုပ်ယူခံလိုက်ရလေသည်။

အဘိုးအိုသည် နောက်ဆုံးတွင် တွင်းနှုတ်ခမ်းမှာ လဲကျသွားကာ သွေးများ အန်နေလေသည်။ သူ့နှုတ်ခမ်းဆီမှ ခါးသီးသော ရယ်မောသံ ထွက်လာပြီး ယခုခံလိုက်ရသော တိုက်ကွက်အရ သူ့ရန်သူက မည်မျှအံ့ဩဖွယ်ကောင်းလောက်အောင် အင်အားကြီးမားကြောင်း ဖော်ပြနေသည်။ သူ၏ ယင်အင်္ဂါ၅ခုနှင့် ယန်အင်္ဂါ၆ခုမှာ ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူ၏ ဝိညာဥ်စွမ်းအားမှာ ဖရိုဖရဲဖြစ်နေပြီး သူ၏ အသက်ဓာတ်မီးတောက်မှာ ငြိမ်းသွားတော့မည့်ဆဲဆဲဖြစ်သည်။

“ငါက သရဲကြီးဘုရင်ရဲ့ လက်အောက်က မြို့စားလန်ရဲ့ ခုနစ်ယောက်မြောက်တပည့်ပဲ။ မင်း ဘယ်ကပဲလာလာ မင်းငါ့ကို သတ်ရင် မင်းသေချာပေါက် သေရမှာပဲ။ ”
စိတ်ပျက်လက်ပျက်ဖြင့် အဘိုးအိုက ပိုင်ရှောင်ချန်းကို ခြောက်လှန့်ရန် နောက်ဆုံးနည်းလမ်းကို သုံးလိုက်သည်။

သို့သော် သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည်နှင့် ပိုင်ရှောင်ချန်းသည် သူ့ရှေ့သို့ ရောက်လာကာ လည်ပင်းကို ကုတ်ဆွဲလိုက်လေသည်။ ထို့နောက် သူက အဘိုးအိုလက်မှ နတ်သားရဲဝိညာဥ်ကို ယူလိုက်ပြီး ပြောလိုက်သည်။
“သရဲကြီးဘုရင်ဆိုတော့ ဘယ်သူက ဂရုစိုက်လို့လဲ။ ကျုပ်က စပ်တပ်အရာရှိပဲ အရူးရဲ့ ”
သူ၏ အသံမှ မထီမဲ့မြင်မှုသည် ထင်ရှားပေါ်လွင်နေပြီး အဘိုးအိုကို တားမြစ်မန္တန်များစီရင်လိုက်ပြီး သူ၏ တပ်ရင်းမှ လူအချို့ဆီသို့ ပစ်ပေးလိုက်လေသည်။

” အဲဒီအဘိုးကြီးကို ငါတို့နဲ့ ခေါ်ခဲ့ဟေ့။ “


Comment

Leave a Reply

Options

not work with dark mode
Reset