အခန်း ( ၅၁၃ )

ဒီဝိညာဥ်က သရဲဘုရင်ကြီးအတွက်ကွ

ရုတ်တရက်ပေါ်ထွက်လာသည့် ကျယ်လောင်သော ထစ်ချုန်းသံများကြောင့် အဘိုးကြီးနှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်စလုံး ထိတ်လန့်သွားရတော့သည်။ ထိုနေရာတစ်ဝိုက်ရှိ အခြား လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများဆိုလျှင် ပြောနေစရာတောင် မလိုတော့ပေ။ မည်သူမှ မတုံ့ပြန်နိုင်ခင်တွင် ကောင်းကင်ကိုတုန်ရီစေကာ မြေကြီးကို အက်ကွဲစေနိုင်သည့် တုန်ခါမှု လှိုင်းကြီးတစ်ခု ကျဥ်းကြီးဆီမှ ထွက်လာတော့သည်။

ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံအဆင့် မည်မျှပင် ရှိနေသည်ဖြစ်စေ လူအားလုံးမှာ နောက်ဘက်သို့ အရှိန်ပြင်းစွာ လွင့်စင်သွားရတော့သည်။ အခြေခိုင်မာခြင်းအဆင့်တွင် ရှိနေသည့် လူတချို့ဆိုလျှင် အပိုင်းပိုင်းပြတ်သွားပြီး သူတို့၏ ဝိညာဥ်များပါ တစ်ခါထဲ ပျက်စီးသွားရသည်။

ပိုင်ရှောင်ချန်းမှာ မှင်တက်နေရပြီး အခြားလူများမှာလည်း အလွန်အမင်း ကြောက်ရွံ့နေကြတော့သည်။

” ဘာတွေ ဖြစ်နေတာတုံး။ ”

” ပထမဆုံး တောင်ကြီးနိမ့်ဆင်းြပီး ကျဥ်းကြီးဖြစ်သွားတယ်။ ပြီးတော့အခု အဲဒီကျဥ်းကြီးပါ ကွဲအက်နေပြီ။ ဒါ…. ”

” မဟုတ်မှလွဲရော စွမ်းအားကြီး မှော်ပစ္စည်းတစ်ခုခုများ ပေါ်လာတာလား။ ”

တအံ့တသြ အော်ဟစ်သံများ ဆူညံနေကြစဥ် ပျံ့ကျဲနေသော ဝိညာဥ်များမှလွဲ၍ အခြားအရာများအပေါ် သက်ရောက်မှု မရှိသည့် ဆွဲငင်အားကြီးတစ်ခု ကျဥ်းကြီးထဲမှ ထွက်ပေါ်လာတော့သည်။ ချက်ချင်းပင် ထိုဝိညာဥ်များမှာ တုန်ရီသွားကြပြီး ကျဥ်းကြီးထဲသို့ ပြန်၍ စုပ်ယူခံလိုက်ရတော့သည်။

တချိန်ထဲမှာပင် ထိုကျဥ်းကြီးထဲမှ ကြောက်မက်ဖွယ်အော်ဟစ်သံများ ဟိန်းထွက်လာသဖြင့် ထိုအသံများ၏ ပြင်းအားကြောင့် ပိုင်ရှောင်ချန်း၏ အတွေးများမှာ ဂယောင်ခြောက်ခြား ဖြစ်သွားရသည်။

အဘိုးကြီးမှလွဲ၍ လူတိုင်းမှာ ယောက်ယက်ခတ်နေကြသည်။ သူ၏ မျက်ဝန်းများမှာ ရုတ်တရက် မယုံကြည်နိုင်မှုများဖြင့် တောက်ပသွားပြီး စိတ်လှုပ်ရှားမှုများကြောင့် အသားများပင် တုန်ရီလာတော့သည်။

” ဒါ…. ဒါ… ”
အဘိုးကြီးမှာ စကားကိုပင်ဆုံးအောင် မပြောရသေးချိန်တွင် နောက်ထပ် ကျယ်လောင်သည့်အသံကြီးတစ်သံနှင့်အတူ အဖြူရောင်မြူခိုးလုံးတစ်လုံး လေထုထဲတွင် ထပ်မံပေါ်ထွက်လာတော့သည်။ ထိုမြူခိုးထဲတွင် ကောင်းကင်ပေါ်သို့ ပျံတက်ရန်ကြိုးပမ်းနေသည့် ရွှေအဆင်းရှိသော အရာတစ်ခုကို ခပ်ရေးရေး မြင်နိုင်သည်။

အနည်းငယ်အကြာတွင် မြူခိုးထဲရှိ ထိုရွှေအဆင်းရှိသော အရာကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ ၎င်းမှာ ရွှေရောင် မိကျောင်းကြီး တစ်ကောင် ဖြစ်သည်။

တချိန်ထဲမှာပင် သတ္တုအမျိုးအစား အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းနှင့် အခြားလူအားလုံးမှာ ထိုအငွေ့အသက်ကို ချက်ချင်း သတိထားမိသွားသည်။

” နတ်အဆင့်သားရဲဝိညာဥ်တစ်ခု ပါလား။ ” လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ အထိတ်တလန့် အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်ဝန်းများထဲတွင် လောဘနှင့် ရူးသွပ်မှုများစွာ ဖုံးလွှမ်းသွားတော့သည်။ အခြေခိုင်မာခြင်းအဆင့်တွင်သာ ရှိသေးသည့်လူများမှာမူ ဤသို့သောအရာမျိုးကို ပြိုင်မလုနိုင်ကြောင်း သိသဖြင့် အသက်မဆုံးရှုံးရရန် နောက်သို့ဆုတ်ခွာသွားကြသည်။

အမြုတေအဆင့်တွင်ရှိသည့် လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ အူမြူးနေကြပြီ ဖြစ်သည်။ မြေရိုင်းဒေသမှ စွမ်းအားကြီး ကျင့်ကြံသူများ ဖြစ်သည့်အလျောက် သူတို့မှာ ရင်းမြစ်ပစ္စည်းများအတွက် တိုက်ပွဲများတိုက်ကာ လုယူကြရသည့် ဆင်းရဲမွဲတေသော နေရာများတွင် နေကြရသည်။ ဆုလာဒ်များရလိုပါက စွန့်စားရသည်ကို ထိုလူများ အလိုအလျောက်သိနေပြီ ဖြစ်သည်။

နတ်အဆင့်သားရဲဝိညာဥ်များမှာ အလွန်ရှားပါးလွန်းလှ၍ အချို့လူများဆိုလျှင် သူတို့၏ တစ်ဘဝလုံးတွင် တစ်ခုတစ်လေပင် မမြင်ဖူးသည်အထိပင်။ တစ်ခုကို မြင်ရရုံနှင့်ပင် အချို့လူများက ကြီးမားသော ကံကောင်းမှုကြီးတစ်ခုဟု မှတ်ယူထားကြသည်။

ဤနေရာတွင် မမျှော်လင့်ပဲ ရုတ်တရက် ထိုဝိညာဥ်တစ်ခု ပေါ်ပေါက်လာခြင်းကြောင့် လူတိုင်း၏စိတ်နှလုံးသားထဲတွင် လိုချင်တပ်မက်မှုများ ဖုံးလွှမ်းသွားတော့သည်။

သူတို့အားလုံးမှာ တုံ့ဆိုင်းမနေကြပဲ ထိုရွှေရောင် မိကျောင်းကြီးထံသို့ ပြေးသွားကြတော့သည်။

ထိုရွှေရောင် မိကျောင်းကြီးမှာ မွေးကင်းစသတ္တဝါတစ်ကောင်ကဲ့သို့ အသိဥာဏ် မရှိသေးသည့်အလား ကြောင်အမ်းအမ်းဖြစ်နေသော်လည်း သူ့ထံသို့ ပြေးလာနေသည့် လူတစ်အုပ်လုံးမှာ သူ့ကိုအပိုင်သိမ်းရန် ဆန္ဒပြင်းပြနေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။

အမြုတေအဆင့် ဝိညာဥ်ကျင့်ကြံသူအချို့နှင့် လူ့ဘီလူးအချို့တို့မှာ အချင်းချင်းတိုက်ခိုက်နေကြသဖြင့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာသည်။ သူတို့အများစုမှာ အဖွဲ့အစည်းတစ်ခုထဲမှ ဖြစ်ကြပြီး အားလုံးစုပေါင်းကာ သင်းကွဲနေသော ဝိညာဥ်ကျင့်ကြံသူများကို တိုက်ထုတ်နေကြတော့သည်။

အမြုတေအဆင့်၏ မဟာစက်ဝန်းတွင်ရှိသော သုံးယောက်မှာ ပြိုင်ဘက်ကင်းများ ဖြစ်နေကြပြီး နတ်အဆင့်သားရဲဝိညာဥ်နားသို့ နီးကပ်သွားကြတော့သည်။ ထို နတ်အဆင့်သားရဲဝိညာဥ်ကြီးမှာ သတိပြန်မလည်သေးပါသော်လည်း အလိုအလျောက် အသိစိတ်အနည်းငယ် ရှိနေသဖြင့် ချက်ချင်းပင် နောက်သို့ဆုတ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးနေပြီး အတွေးများမှာ ကဆုန်ပေါက်နေတော့သည်။ သူက နတ်အဆင့်ဝိညာဥ်များကို ပိုင်ဆိုင်ထားသည် ဖြစ်ပါသော်လည်း နတ်အဆင့်သားရဲဝိညာဥ်တစ်ခုကို ပထမဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်သည်။ နတ်အဆင့်ဝိညာဥ်များကဲ့သို့ မရှားပါးပါသော်လည်း သူတို့မှာ အလွန်တန်ဖိုးကြီးမားသည်ဖြစ်ပြီး အကယ်၍သူသာ တိုက်ပွဲစွမ်းေဆာင်မှုရမှတ်များအဖြစ် လဲလှယ်နိုင်ပါက စစ်ဦးစီးမှူး တစ်ယောက် အဖြစ်သို့ ရာထူးတိုးရန်လိုအပ်သည့် ပမာဏ၏ သုံးဆယ်ရာခိုင်နှုန်းနီးပါးကို ရရှိနိုင်မည်သာ ဖြစ်သည်။

ထို့ကြောင့် သူသည် စိတ်လှုပ်ရှားနေရာမှ သွေးရူးသွေးတန်းဖြစ်သွားရသည်မှာ မဆန်းကြယ်ပေ။

” အဲ့တာ ငါ့ဥစ္စာကွ။”
သူက အော်ဟစ်လိုက်ပြီး အရှိန်ကုန်တင်ကာ ထို နတ်အဆင့်သားရဲဝိညာဥ်ဆီသို့ ပြေးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဝိညဥ်ကျင့်ကြံသူအုပ်စုထဲသို့ရောက်သွားပြီးနောက် သူ၏ အင်္ကျီလက်ကို ခါယမ်းကာ သူ၏လမ်းတွင်ပိတ်နေသောလူများကို ဖယ်ရှားလိုက်သည်။

သူက စိတ်စွမ်းအင်များကို အသုံးပြုနေသည် ဖြစ်သော်လည်း သူ၏မျက်နှာဖုံးကြောင့် ၎င်းတို့မှာ ဝိညာဥ်စွမ်းအင်ကဲ့သို့ ဖြစ်နေပြီး သူ၏ ပုံစံအစစ်အမှန်ကို ဖုံးကွယ်ထားပြီးသား ဖြစ်နေတော့သည်။ ထိုဝိညာဥ်ကျင့်ကြံသူများမှာ စွမ်းအင်များ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသဖြင့် ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး ပိုင်ရှောင်ချန်းကို ထိတ်ထိတ်လန့်လန့်နှင့် အထူးတဆန်း ကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ နဂါးတစ်ကောင်အလား အားအနည်းငယ်မှ မလျှော့ပေ။ ခဏအကြာတွင် သူသည် ထို နတ်အဆင့်သားရဲဝိညာဥ်နားသို့ ရောက်လုနီးပါးဖြစ်သွားတော့သည်။ ပုံမှန်ဆိုလျှင် ထိုဝိညာဥ်မှာ ဆန့်ကျင်ဘက်သို့ ထွက်ပြေးသွားမည် ဖြစ်သော်လည်း ယခုတွင်မူ ၎င်းသည် ပိုင်ရှောင်ချန်းကို သတိထားမိဟန်ပင် မရှိချေ။

ပိုင်ရှောင်ချန်းမှာ ထိုအချက်ကြောင့် အလွန်အမင်းကျေနပ်သွားပြီး သားရဲကြီးက သူ့အားမမြင်နိုင်သည်မှာ သူ၏မျက်နှာဖုံး အစွမ်းကြောင့်မှန်း သိပေသည်။ ထို့ကြောင့် သူက အားပါးတရရယ်မောလိုက်ပြီး ဝိညာဥ်ကြီးကို ဖမ်းဆုပ်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် အဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
” ငါ့အမိန့်ကို နာခံကြစမ်း။ ဒီမျောက်လိုလို ကောင်ကို တားဆီးကြဟေ့။ ငါဒီဝိညာဥ်ကို သရဲကြီးဘုရင် ဆီကို လက်ဆောင်အဖြစ် ဆက်သချင်တယ်။ ”

ထိုအဘိုးကြီးက ဒေါသတကြီးဖြင့် လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ တချိန်ထဲမှာပင် သူ၏ လက်အောက်ရှိ အခြားသူများမှာ မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ နီမြန်းနေသည့်မျက်လုံးများဖြင့် ပိုင်ရှောင်ချန်း၏လမ်းကို ပိတ်ရန် ပြေးလာကြတော့သည်။

အမြုတေအဆင့် မဟာစက်ဝန်းတွင်ရှိသည့် လူနှစ်ယောက်၊ နှောင်းပိုင်းအမြုတေအဆင့်တွင်ရှိသည့် လူလေးယောက်နှင့် အစောပိုင်းနှင့် အလယ်ပိုင်း အမြုတေအဆင့်တွင်ရှိကြသည့် လူဆယ်ယောက်ကျော်ပါသော အုပ်စုကြီးက ပူးပေါင်းတိုက်ခိုက်နေကြသည်။

သို့သော်လည်း သူတို့က ပိုင်ရှောင်ချန်းကို လုံးဝမယှဥ်နိုင်ကြဘဲ သူ၏လမ်းကို မပိတ်ဆို့နိုင်ကြပေ။ သို့သော် သူတို့၏ သွေးရူးသွေးတမ်းဖြစ်ကာ ပြေးလာမှုများကြောင့် နတ်အဆင့်သားရဲဝိညာဥ်ကြီးမှာ ထိတ်လန့်သွားရသည်။

ထိုဝိညာဥ်က ပိုင်ရှောင်ချန်းကို မမြင်ပါသော်လည်း အခြားလူများကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထွက်ပြေးရန်ပြင်လိုက်တော့သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ လေကိုသာ ဆုပ်ကိုင်မိလိုက်ပြီးနောက် ဝိညာဥ်ကျင့်ကြံသူ ဆယ်ယောက်ကျော် စေလွှတ်လိုက်သည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားရသော်လည်း ဒဏ်ရာမရလိုက်ပဲ နတ်အဆင့်သားရဲဝိညာဥ်ကြီး လွတ်မြောက်သွားသည်ကိုသာ ငေးကြည့်လိုက်ရတော့သည်။ တချိန်ထဲမှာပင် ဝိညာဥ်ကျင့်ကြံသူ အဘိုးကြီးက ဝိညာဥ်များကိုဖမ်းဆီးရန် အထူးပြုလုပ်ထားသည့် မှော်ရတနာတစ်ခုဖြစ်သော နီရဲစွာတောက်ပနေသည့် စက်လုံးတစ်လုံးကို လှမ်းပေါက်လိုက်သည်။ ထိုစက်လုံးမှာ သူ၏ဘယ်ဘက်လက်ထဲမှ လွတ်ထွက်သွားသောအခါ ဧရာမပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးနေသည့် နတ်အဆင့်သားရဲဝိညာဥ်ကြီးကို ချုပ်နှောင်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားပြီး အေးစိမ့်ကိုယ်တော်စွမ်းအားများကို အမြုတေအဆင့် ကျင့်ကြံသူဆယ်ယောက်ထံသို့ ပစ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့မှာ အသက်မရှိတော့သော ရေခဲရုပ်တုများအသွင် ပြောင်းလဲသွားပြီး မီတာသုံးသောင်းပတ်ပတ်လည် တစ်ဝိုက်မှာ အေးစိမ့်နယ်မြေကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

အဘိုးကြီးမှာ အသိစိတ်ကင်းမဲ့လုနီးပါး ကြောက်ရွံ့နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဤသို့ အလွန်ကြောက်မက်ဖွယ်ကောင်းနေမည်ဟု သူက မထင်ထားမိပေ။ ဤသို့ အန္တရာယ်ကြီးနှင့် ကြုံတွေ့လိုက်ရသောအချိန်တွင် သူက သူ၏ပိုက်ကွန်ကို ဆုပ်ကိုင်ကာ သူ၏ခေါင်းပေါ်ရှိ သရဖူကို လက်ဖြင့်ပုတ်လိုက်ရာ ဝိညာဥ်ဘီလူးတစ်ကောင်၏ ရုပ်တုတစ်ခု ပေါ်ထွက်လာသည်။

၎င်းဝိညာဥ်ကြီးတွင် ဦးချိုနှစ်ချောင်း၊ အစိမ်းရောင်အသားအရေရှိပြီး ၎င်း၏ အရေပြားထဲမှ များစွာသော ဝိညာဥ်များ၏ မျက်နှာများ ထိုးထွက်နေကြသည်။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်သည့်နေရာတွင် ပြိုက်ဘက်ကင်းသည့်ပုံ ပေါ်နေရုံသာမက ကြောက်မက်ဖွယ် အပြင်ခန္ဓာကိုယ်စွမ်းအားများကိုပါ ထုတ်လွှတ်နေသည်။ မျက်လုံးများမှာမူ မြေအောက်ကမ္ဘာမှ တက်လာသည့်အလား ရဲရဲတောက်နေသည်။ ဤရုပ်တုကြီးမှာ ဒဏ္ဍာရီထဲတွင်သာရှိပြီး ဝိညာဥ်ရိုင်းကြီးများထက်သာလွန်သည့် အရာတစ်ခုကို ဖော်ပြနေသည်။ ၎င်းမှာ ဝိညာဥ်ဘီလူးကြီးတစ်ကောင် ဖြစ်ပေသည်။

ထိုရုပ်တုကြီးက ပျံထွက်လာသောအခါ အစိမ်းရောင်အလင်းတန်းများကို သာမက နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များပါဝင်နေသည့် သတ်ဖြတ်လိုသော အခိုးအငွေ့တစ်ခုကိုပါ ထုတ်လွှတ်နေသည်။

ထိုသတ်ဖြတ်လိုသော အခိုးအငွေ့ကြီးကြောင့် ပိုင်ရှောင်ချန်း၏အေးစိမ့်ကိုယ်တော် နယ်မြေမှာ ချက်ချင်းပင် နှေးကွေးသွားရပြီး ထိုအဘိုးကြီးမှာ နတ်အဆင့်သားရဲဝိညာဥ်ကြီးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားရတော့သည်။

သို့သော်လည်း အဘိုးအို၏ တစ်ကိုယ်လုံး ရေခဲများ ဖုံးနေပြီး သွေးများအန်နေရဆဲပင်။ သူ၏ ခန္ဓာကိုယ်နှင့် အတွင်းပိုင်းကလီစာများမှာ အပြင်းအထန်ထိခိုက်သွားပါသော်လည်း သူက အော်ပြောလိုက်နိုင်သေးသည်။
” ငါက သရဲကြီးဘုရင်ရဲ့ လက်အောက်က မြို့စားလန်ရဲ့ အမှတ်ခုနစ် တပည့်ကွ။ ငါဒီမှာ တာဝန်လာထမ်းဆောင်နေတာ။ မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်ပေါ့ ”

အဘိုးကြီးမှာ သူကြုံတွေ့နေရသည့် အန္တရာယ်မှာ အလွန်ကြီးမားပြီး ပိုင်ရှောင်ချန်းမှာလည်း အလွန်ဒေါသထွက်နေသည်ကို သိသည်။ သူက တုန်တုန်ရီရီဖြင့် ဝိညာဥ်ဘီလူးကြီး၏ ရုပ်တုကို လက်ညှိုးထိုးလိုက်သောအခါ ၎င်းမှာ ကျယ်လောင်စွာ တုန်ရီလာတော့သည်။ ထို့နောက် အတွင်းထဲမှ အရိပ်ပုံရိပ်ငါးဆယ်ကျော် ပျံထွက်လာကြပြီး လူ့ဘီလူးကြီး အကောင်ငါးဆယ်အဖြစ် ပြောင်းလဲသွားတော့သည်။ သူတို့အားလုံးမှာ အသက်မဲ့နေသည့် မျက်နှာများနှင့် နီရဲနေသာ မျက်လုံးများကို ပိုင်ဆိုင်ထားကြပြီး မီတာသုံးဆယ်အမြင့်အထိ ကြီးထွားလာကြသည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် စွမ်းအားကြီး အပြင်ခန္ဓာကိုယ်အစွမ်းများ၏ အငွေ့အသက်များအရ သူတို့အားလုံးမှာ အမြုတေအဆင့်တွင် ရှိနေကြောင်း သိနိုင်သည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ သူတို့အားလုံးသည် ဝိညာဥ်ဘီလူးကြီးများ၏ ပုံများကို ထွင်းထားသည့် တူညီသောချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခြင်းပင်။ ထိုချပ်ဝတ်တန်ဆာများကြောင့် သူတို့မှာ ပုံမှန်ထက်ပင် ပို၍ စွမ်းအားကြီးနေတော့သည်။ ထို့အပြင် သူတို့မှာ အဘိုးကြီးကို ကာကွယ်ရန် အသီးသီးနေရာယူထားကြသည်။

အေးစိမ့်ချီစက်ကွင်းမှ ကင်းလွတ်သွားသဖြင့် အဘိုးကြီးမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ ဆက်၍ထွက်ပြေးသွားတော့သည်။ သို့သော် သူက သတ်ဖြတ်လိုသော စိတ်များတောက်လောင်နေသည့် မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို လှည့်ကြည့်နေဆဲပင်။


Comment

Leave a Reply

Options

not work with dark mode
Reset