‘ ဆရာတူအစ်ကိုနဲ့ ဒီဂိုဏ်းတူအစ်မယုံချင်ကရော ဘာလိုလိုလား ’
လီချန်ရှို့၏ တရားဝင် ဆရာတူညီမလေး လန်လင်းအယ်သည် သူမ၏တဲအတွင်းရှိ စားပွဲပုလေးရှေ့ရှိ တရားထိုင်ဖျာလေးပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ လက်ထဲတွင် အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ခွက်ကလေးကို ကိုင်ထားကာ အတွေးနက်နေဟန်ပေါ်လေ၏။
သူမသည် လက်ဝဲဘက်တွင်ထိုင်နေသော ရေခဲတောင်ကြီး ယုံချင်ရွှမ်းယာအား လှမ်းကြည့်လိုက်သည်။ ယုံချင်ရွှမ်းယာသည် မျက်စိများမှိတ်ကာ တရားထိုင်နေပြီး လန်လင်းအယ်၏ ဆရာတူအစ်ကို ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေလေ၏။
ထို့နောက် လန်လင်းအယ်သည် လက်ယာဘက်ကို ထပ်ကြည့်လိုက်သည်။ ထိုဘက်တွင် ဆရာဒေါ်လေးကျိုးကျိုးသည် စားပွဲပေါ်၌ မှောက်ကာ အိပ်ရေးအကြာကြီး ပျက်ထားသည့်ဟန်ဖြင့် တရှူးရှူး အိပ်ပျော်နေပေသည်။
တဲအတွင်းရှိ အခြေအနေများသည် အနည်းငယ် ကသိကအောက် ဖြစ်နေလေ၏။
‘ သူတို့နှစ်ယောက်လုံးက ဘာလို့ ဆရာတူအစ်ကိုကို ရှာနေရတာလဲ။ ဒါတောင် အစ်ကိုက ဆေးပင်ရှာဖို့ မြောက်ကျွန်းကို တစ်ခါပဲသွားရသေးလို့။ အခု မိန်းကလေးနှစ်ယောက်က အစ်ကို့ကို မျက်စိကျသွားပြီ။ အစ်ကိုသာ နောက်နှစ် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲကို သွားမယ်ဆိုရင် ငါ့တဲထဲမှာ ငါတောင်ခြေချစရာ မရှိဖြစ်သွားတော့မှာပဲ ’
လန်လင်းအယ်သည် ရင်ထဲတွင် သက်ပြင်းချလိုက်၏။ ဆရာတူအစ်ကို၏ မည်သည့်နေရာက စွဲဆောင်မှုနေကြောင်း သူမ တွေးမရပေ။ သူသည် အလွန်သတိကြီးပြီး သေရမည်ကိုကြောက်သောသူ မဟုတ်ပါလား။
‘ ငါကလွဲလို့ တခြားမိန်းကလေးတွေက အစ်ကို့ကို ဘာလို့ကြိုက်ကြတာလဲ။ ပြီးတော့ ငါ့ဘယ်ဘက်က သူက ငါတို့မျိုးဆက်ထဲက တပည့်တွေထဲ တကယ့်ဆရာမကြီးပဲ ’
‘ ဒါပေမဲ့ ပြန်တွေးကြည့်တော့… ’
‘ ဂိုဏ်းတူအစ်မယုံချင်က တော်တော်လှတာပဲ။ တရားထိုင်နေတာတောင် စွဲဆောင်မှုရှိနေသေးတယ်။ ငါသာ ဆရာတူအစ်ကိုဆိုရင် သူ့အလှကို လွန်ဆန်နိုင်မှာမဟုတ်ဘူး ’
‘ အာ..မဟုတ်သေးပါဘူး။ ဆရာတူအစ်ကိုက ရိုးရိုးရှင်းရှင်းပဲကြိုက်… ’
လန်လင်းအယ်သည် ဆရာဒေါ်လေးကို တန်းကြည့်မိလိုက်သည်။ ဆရာဒေါ်လေးကျိုးကျိုးသည် စားပွဲပေါ်တွင် မှောက်၍နေဆဲပင်။
လန်လင်းအယ်သည် တံခါးအနောက်ရှိ ကြေးမုံပြင်အား လှမ်းကြည့်လိုက်ပြီး နဖူးပေါ်လက်တင်မိလိုက်၏။
‘ ငါလည်း နောက်ဆိုပိုပြီး ဖွံ့ထွားလာလောက်မှာပါလေ… ’
သူမ၏ ဆရာတူအစ်ကို ပြဿနာကို ဘေးခဏချိတ်၍ တဲအတွင်းရှိ ကသိကအောက် အခြေအနေအား လန်လင်းအယ် အရင်ဖြေရှင်းရပေမည်။
“ ဂိုဏ်းတူအစ်မယုံချင်… ”
လန်လင်းအယ်သည် မပွင့်တပွင့်ပြုံး၍ ခေါ်လိုက်သည်။
ထို့နောက် လေသံဖျော့ဖျော့ဖြင့် မေးလိုက်၏။
“ ချုံတောင်လေးကို ဘာလို့များ ရောက်လာတာလဲဟင် ”
ယုံချင်ရွှမ်းယာသည် မျက်လုံးဖွင့်လိုက်ပြီး နူးညံ့သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
“ ရွှမ်းယာ … တောင်ကိုပြန်ရောက်တော့ အမှားတွေကိုပြန်သုံးသပ်ဖို့ဆိုပြီး ကောင်းကင်ခွင်းတောင်မှာ အကျယ်ချုပ် အပြစ်ပေးခံရတယ်။ ရွှမ်းယာဒီကိုလာပြီး ဂိုဏ်းတူအစ်ကိုချန်ရှို့ကို ကျေးဇူးတင်ဖို့ အခွင့်အရေးမရခဲ့ဘူး။ ဒီနေ့တရားထိုင်ပြီးတော့ ပြစ်ဒဏ်ပေးတဲ့အချိန်ပြည့်သွားပြီဆိုတာ သိလိုက်ရတယ်။ အဲဒါကြောင့် ဂိုဏ်းတူအစ်ကိုချန်ရှို့ကို ကျေးဇူးတင်ရအောင် ဆရာ့ရဲ့ခွင့်ပြုချက်နဲ့ ချုံတောင်လေးကို လာခဲ့တာ ”
လန်လင်းအယ်သည် ခေါင်းကိုစောင်း၍ ကြည့်လိုက်သည်။
“ အစ်မရဲ့ကျေးဇူးတင်တာခံရဖို့ ဆရာတူအစ်ကိုက ဘာများလုပ်ခဲ့လို့လဲ ”
“ သူ ရွှမ်းယာရဲ့ အသက်ကို ကယ်ခဲ့တာပါ… ”
ယုံချင်ရွှမ်းယာသည် နှုတ်ခမ်းကို ညင်သာစွာစေ့၍ ပြန်ဖြေလိုက်၏။
သူမသည် အတန်ငယ် ခေါင်းငုံ့လိုက်သော်လည်း ကျောက်မြတ်ရတနာကဲ့သို့ မျက်ဝန်းများ ဝင်းလက်သွားသည်ကို လန်လင်းအယ် မြင်လိုက်ရသည်။
“ နှစ်ခါတောင် ကယ်ခဲ့တာလေ ”
လန်လင်းအယ် မျက်တောင်ခတ်လိုက်သည်။
ယုံချင်ရွှမ်းယာ၏ မျက်နှာထားသည် လန်လင်းအယ်တစ်ယောက် ကြေးမုံပြင်ကို ကြည့်ရင်း ဆရာတူအစ်ကိုအကြောင်းတွေးမိလျှင် ကြေးမုံပေါ်၌ ပေါ်လာသော သူမ၏မျက်နှာထားမျိုးပင် ဖြစ်သည်။
‘ ဆရာဒေါ်လေးကျိုးနဲ့တင် ငါတော်တော် စိတ်ဖိစီးနေပြီ။ အခုလည်း မိုးကျရွှေကိုယ်လေး ယုံချင်ရွှမ်းယာ ရောက်လာပြန်ပြီ ’
လန်လင်းအယ်သည် ထပ်မံ၍ နဖူးပေါ်လက်တင်လိုက်သည်။ သူမ၏ နှလုံးသားလေးထဲတွင် အလိုမကျမှုများ ပြည့်နေသည်။ မကြာခင် ဝမ်းနည်းပူဆွေးမှုလှိုင်းလေးသည်လည်း ခေါင်းပြူထွက်လာပြီး ရုတ်ခြည်းပင် သူမ၏ခန္ဓာကိုယ်သည် အားအင်များကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
‘ အိပ်မရတဲ့ညတွေကုန်ဆုံးဖို့ ဆရာတူအစ်ကိုကို နည်းမျိုးစုံသုံးပြီး တတ်နိုင်သမျှ မြန်မြန် အရယူနိုင်မှဖြစ်မယ် ’
“ အမ်…ရှောင်ယာ… မင်းဒီမှာ ဘာလုပ်နေတာလဲ ”
ကျိုးကျိုးသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွတ်ကာ ပြောလိုက်သည်။
ယုံချင်ရွှမ်းယာသည် သူမပြောခဲ့သည်များကို ရိုရိုသေသေပင် ထပ်၍ပြောပြလိုက်သည်။ ထိုသို့ပြောပြနေစဉ်အတွင်း သူမသည် မတ်တတ်ရပ်၍ ကျိုးကျိုးကို ဦးညွှတ်အရိုအသေပြုထား၏။ ကျိုးကျိုး ပြန်ထိုင်ခိုင်းမှသာ ပြန်၍ထိုင်လိုက်လေသည်။
ထို့နောက် ကျိုးကျိုးသည် လန်လင်းအယ်ဘက်သို့ လှည့်လိုက်သည်။ သူမသည် နှုတ်ခမ်းစူကာ သမ်းဝေလိုက်ပြီး မေးလိုက်သည်။
“ တောင်အနောက်ဘက်က မန္တန်အစီအရင်ကြီးကို ပိတ်ထားလား ”
လန်လင်းအယ် ပြန်ဖြေလိုက်၏။
“ မပိတ်ထားသေးပါဘူး ဆရာဒေါ်လေးကျိုး။ ဆရာတူအစ်ကို ဆေးဖော်နေတုန်းလား ဒါမှမဟုတ် ကျင့်ကြံနေတုန်းလားမသိဘူး။ ခုနကတော့ ထွက်လာဖို့ အစ်ကို့ဆီ အသံပို့လွှတ်လိုက်သေးတယ်။ ဒါပေမဲ့ ဘာမှပြန်မပြောဘူး ”
“ ကောင်းပြီလေ။ ဆေးဖော်ဖို့အချိန်ကတော့ ငါတို့သတ်မှတ်ထားပါတယ်။ သူတစ်ခုခုလေ့လာနေတာ ဖြစ်လိမ့်မယ် ”
ကျိုးကျိုးသည် လန်လင်းအယ်အား ကြည့်လိုက်ပြီးနောက် ယုံချင်ရွှမ်းယာအား ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုအား သတိရသွားဟန်ဖြင့် ပြုံးကာ ပြောလိုက်၏။
“ ရှောင်ယာရှိနေတာ အတော်ပဲ။ လင်းအယ် ဟိုဟာ ကစားရအောင် ”
လန်လင်းအယ်သည် ညင်ညင်သာသာ ပြန်၍မေးလိုက်သည်။
“ ဘာကိုပြောတာလဲ ဆရာဒေါ်လေး… ”
ကျိုးကျိုး၏ မျက်လုံးများသည် အရောင်လက်သွားပြီး ပြန်ဖြေလေ၏။
“ အရင်လတုန်းက မင်းဆရာတူအစ်ကိုနဲ့ ငါတို့ဆော့တဲ့ ကစားနည်းလေ။ အဲဒါက ချုံတောင်လေးရဲ့ ရတနာလို့တောင် မင်းပြောသေးတယ်လေ ”
“ ဪ သိပြီ။ ဆော့ကြမယ်လေ…ခဏစောင့်နော် ဆရာဒေါ်လေး ”
လန်လင်းအယ်သည် သူမ၏လက်ချောင်းလေးများကို ညင်သာစွာထိလိုက်ရာ အရှေ့ရှိ စားပွဲပုလေးသည် အဝင်ဝသို့ရွေ့သွားပြီး သူတို့၏ရှေ့တွင် နေရာလွတ်တစ်ခုရသွားလေသည်။
သူမသည် သိုလှောင်ဓမ္မအဆောင်တစ်ခုအတွင်းမှနေ၍ သန့်ရှင်းသော သားရဲသားရေတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုသားရေချပ်ပေါ်တွင် တိမ်များကိုဖြတ်၍ ဖောက်ထားသော လမ်းမရှည်ကြီး တစ်ခုပုံကို ဆွဲထားလေ၏။ ထိုတိမ်စိုင်လမ်းမပေါ်တွင် လေးထောင့်ပုံ အပိုင်းကလေးများ ပိုင်းထားသည်။ လမ်းကြောင်း၏ ဘေးနားတွင် တောင်များနှင့် ရေကန်ကြီးများ၏ပုံကိုလည်း ဆွဲထားလေသည်။
လန်လင်းအယ်မေးလိုက်သည်။
“ ဂိုဏ်းတူအစ်မယုံချင်ရော ကစားချင်ရဲ့လား ”
ယုံချင်ရွှမ်းယာသည် ထိုသားရေအား ကြည့်၍ မည်သည့်အရာဖြစ်ကြောင်း နားမလည်သဖြင့် ခေတ္တမျှ တုံ့ဆိုင်းနေ၏။
ကျိုးကျိုးသည် ဘေးမှနေ၍ ရုတ်တရက် ဝင်ပြောလိုက်သည်။
“ ဒါက ချန်ရှို့လေး လုပ်ထားတာလေ။ အရမ်းစိတ်ဝင်စားစရာကောင်းတယ် ”
ထိုစကားကို ကြားသောအခါ ယုံချင်ရွှမ်းယာသည် ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ အဲဒါက ဂိုဏ်းတူအစ်ကို လုပ်ထားတာဆိုရင် ရွှမ်းယာလည်း ဝင်ဆော့ပါမယ် ”
“ ဂိုဏ်းတူအစ်မ…စည်းကမ်းတွေကို အရင်ကြည့်လိုက်ပါ။ ဒီမှာရေးထားတယ် ”
ယုံချင်ရွှမ်းယာသည် လန်လင်းအယ်ညွှန်ပြလိုက်သော နေရာရှိ ရင်းနှီးသည့် လက်ရေးများကို ကြည့်လိုက်သည်။ သူမသည် စည်းကမ်းများကို နူးညံသောအသံလေးဖြင့် အသံထွက်ဖတ်လိုက်၏။
“ အမတလမ်းစဉ်…နတ်ဝိဇ္ဇာမိုနိုပိုလီလို့လည်း ခေါ်တယ်…”
“ ကစားသမားတွေက သူတို့ကို ကိုယ်စားပြုမယ့် သစ်သားပြားလေးတွေကို အမတလမ်းစဉ်ရဲ့ အစကွက်မှာ ထားရမယ်။ အံစာတုံးခေါက်ပြီးတော့ ကျတဲ့နံပါတ်အတိုင်း သစ်သားပြားလေးတွေကို လမ်းစဉ်ရဲ့ အကွက်လေးတွေပေါ်မှာ ရွှေ့ရမယ်။ ကျတဲ့အကွက်တွေမှာ အမတလမ်းစဉ်အတွင်း အဖြစ်အပျက်တွေကို ဖြစ်စေလိမ့်မယ် ”
“ ကစားပွဲအစမှာ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ( ၃၀၀ ) ရမယ်။ အဲဒါတွေကို နံပါတ်တွေနဲ့ဖော်ပြထားမယ်။ အမတလမ်းရဲ့အဆုံးကို အရင်ဆုံးရောက်တဲ့သူ အနိုင်ရမယ်။ တကယ်လို့ ကစားသမားတစ်ယောက်ယောက်က ကစားပွဲကို စောစောရပ်လိုက်ချင်တယ်ဆိုရင် ဝိညာဉ်ကျောက်တုံး အများဆုံးရှိတဲ့သူက နိုင်မယ် ”
“ မှတ်ထားနော် … ရတနာသေတ္တာကို ခိုးကြည့်ဖို့ ကိုယ့်ရဲ့ နတ်အာရုံ၊ စိတ်အာရုံတွေကို မသုံးရဘူး။ အံစာတုံးကိုလည်း ဓမ္မတန်ခိုးတွေသုံးပြီး မထိန်းချုပ်ရဘူး ”
ယုံချင်ရွှမ်းယာသည် စည်းကမ်းချက်များကို ဖတ်ပြီးသွားသောအခါ လန်လင်းအယ်သည် ဘေးတွင် အရောင်စုံ ရတနာသေတ္တာများကို ပြင်ဆင်ပြီးနေချေပြီ။ ရတနာသေတ္တာတစ်ခုချင်းထဲတွင် လေးထောင့်ကတ်ကလေးများရှိလေသည်။ ရတနာသေတ္တာတစ်ခုစီတွင် အမှတ်အသားများလည်း ပါရှိ၏။
ထို့နောက် လန်လင်းအယ်သည် အရောင်ကွဲသစ်သားပြား သုံးပြားကို ယူလိုက်သည်။ သူမသည် ၎င်းတို့ကို အစကွက်တွင်ထားလိုက်ပြီး အံစာတုံးတစ်တုံးကို ထုတ်လိုက်သည်။
ထို့နောက်တွင်မူ ကစားပွဲစတင်လေပြီဖြစ်သည်။
ယုံချင်ရွှမ်းယာသည် ထိုအရာအား တစ်နေရာရာ၌ တွေ့မြင်ခဲ့ဖူးပုံပေါ်သည်ဟု တွေးမိသွားသော်လည်း မည်သည့်နေရာတွင် တွေ့ဖူးကြောင်း စဉ်းစားမရပေ။
ကျိုးကျိုးသည် ပြုံးကာပြောလေ၏။
“ တစ်ပွဲလောက်ကစားပြီးသွားရင် ရွှမ်းယာ သဘောပေါက်သွားမှာပါ။ လာ..လာ.. ငါအရင် အံစာခေါက်မယ် ”
လန်လင်းအယ်သည် ကျိုးကျိုးကို ချက်ချင်းပင်တားလိုက်သည်။
“ လင်းအယ်တို့ ဘယ်သူကအရင်စရမလဲဆိုတာ စက္ကူ၊ကျောက်တုံး၊ ကတ်ကြေး ဆော့ပြီး ဆုံးဖြတ်တာပေါ့ ”
“ အေးပါ…အေးပါ… မင်းတို့တွေက အကြီးကို လေးစားရကောင်းမှန်း မသိဘူးပဲ။ စက္ကူ၊ ကျောက်တုံး၊ ကတ်ကြေး လုပ်ကြတာပေါ့လေ ”
ယုံချင်ရွှမ်းယာသည် စိတ်လှုပ်ရှားနေသော ဆရာဒေါ်လေးကျိုးကျိုးအား ကြည့်လိုက်ပြီးနောက် အတည်ကြီးဖြစ်နေသော လန်လင်းအယ်ကို ထပ်၍ ကြည့်လိုက်သည်။ ရွှမ်းယာသည် သိပ်၍စိတ်မပါသော်လည်း အရင်စမည့်သူအား ဆုံးဖြတ်ရန် စက္ကူ၊ ကျောက်တုံး၊ ကတ်ကြေး လုပ်လိုက်ရလေတော့သည်။
သူမ နိုင်လေ၏။
ယုံချင်ရွှမ်းယာသည် ပထမဆုံး စတင်လိုက်ရသည်။ သူမ အံစာခေါက်လိုက်ရာ နံပါတ်(၅) ကျလေသည်။ ထို့နောက် သူမ၏ သစ်သားပြားလေးအား ရှေ့သို့ (၅)ကွက်ရွှေ့ကာ ကျသည့်အကွက်ရှိ ရေးထားသောစာကို ဖတ်လိုက်သည်။
“ သင်သည် ဂိုဏ်း၏ လှေကားထစ်များကို သန့်ရှင်းရာတွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သည်။ ဂိုဏ်းမှအကြီးအကဲများက သင့်အား ဝိညာဉ်ကျောက်တုံး(၂၀) ချီးမြှင့်လိုက်သည် ”
“ ဂိုဏ်းတူအစ်မ… အစ်မရဲ့လက်ရှိ ဝိညာဥ်ကျောက်တုံးအရေအတွက်နောက်မှာ ‘+(၂၀)’ လို့ရေးလိုက် ”
“ ေဩာ်..အင်း..”
ယုံချင်ရွှမ်းယာသည် လန်လင်းအယ်ပြောသလို လုပ်လိုက်သည်။ သူမသည် ကစားပွဲအား နားလည်စပြုလာပေပြီ။
ကျိုးကျိုးသည် အံစာတုံးအားကောက်ကာ လက်ဝါးထဲထည့်၍ လေဖြင့်မှုတ်၍ ဂရုတစိုက်ပစ်လိုက်သည်။
အံစာတုံးသည် နံပါတ်(၃)ကျကြောင်းတွေ့သောအခါ သူမသည် ချက်ချင်းပင် ပြုံးသွားသည်။ ထို့နောက် ကျိုးကျိုးသည် သူမ၏ သစ်သားပြားအား ရှေ့သို့(၃)ကွက် ရွှေ့လိုက်သည်။ သစ်သားပြားသည် ခရမ်းရောင်ငါးထောင့်ကြယ်ဆွဲထားသည် အကွက်တွင်ကျ၏။
“ မြန်မြန် ငါ့ကို ခရမ်းရောင် ရတနာသေတ္တာပေး။ ကတ်တစ်ခုနှိုက်ရမယ်… ”
လန်လင်းအယ်သည် လက်တကမ်းကမ်း ဖြစ်နေသော ကျိုးကျိုးထံ ခရမ်းရောင်ရတနာသေတ္တာကို ကမ်းပေးလိုက်၏။ ကျိုးကျိုးသည် ကတ်တစ်ကတ်နှိုက်လိုက်သည်။
“ မဆိုးဘူး…မဆိုးဘူး.. ”
“ လင်းအယ် မင်းအလှည့်ပဲ။ အံစာခေါက်ပြီး ဆရာဒေါ်လေးကို ရွှေဆေးလုံးကြီးကြီးတစ်လုံးတော့ ရအောင်လုပ်ပေး ”
ယုံချင်ရွှမ်းယာသည် သစ်သားကတ်အား သေချာကြည့်လိုက်ရာ အပေါ်တွင် ‘ငါရောပဲ’ ဟုရေးထားသည်ကို တွေ့လိုက်ရသည်။ အခြားတစ်ဘက်တွင်မူ စာနှစ်ကြောင်းရေးထား၏။
‘ ကစားသမားအားလုံး တစ်လှည့်ပြည့်အောင် အံစာခေါက်ပြီးသွားပါက ဤကတ်အားပိုင်ဆိုင်ထားသူသည် ဤအလှည့်အတွင်း ကစားသမားများရရှိခဲ့သော ပစ္စည်းများကို နှစ်ဆယူနိုင်လေသည် ’
“ လင်းအယ် အလှည့်ပဲ… ”
လန်လင်းအယ်သည် အံစာတုံးအားပစ်လိုက်ရာ နံပါတ်(၂)ကျလေသည်။ ထိုအကွက်သည် အကွက်လွတ်ဖြစ်ရာ သူမ ဘာမှမရလိုက်ပေ။
ကျိုးကျိုးသည် စိတ်ပျက်သည့် ဟန်ဖြင့်ကြည့်လိုက်ပြီး သစ်သားကတ်အား ယုံချင်ရွှမ်းယာထံသို့ လှမ်းပေးကာ “ ငါရောပဲ ” ဟု အော်ပြောလိုက်၏။
“ ဘယ်လိုတောင်တုန်းကွာ။ ဒီလို ကတ်မျိုးရဖို့မလွယ်တာကို ငါက ဝိညာဉ်ကျောက်တုံး(၂၀)ပဲ ရလိုက်တယ်ပေါ့ ”
ယုံချင်ရွှမ်းယာသည်ပင် ချိုလွင်စွာ ရယ်လိုက်လေသည်။ ထို့နောက် သူမသည် အံစာတုန်းအား ကောက်ကာ ပစ်လိုက်သည်။ ထိုအခေါက်တွင်မူ သူမသည် ကျပန်းအဖြစ်အပျက် ဟုရေးထားသောအကွက်သို့ ကျလေရာ အပြာရောင် ရတနာသေတ္တာထဲမှ ဝါးကတ်တစ်ကတ်ကို နှိုက်ရလေသည်။
‘ အဖော်မွန်ကောင်းရှာတွေ့ပြီ… သင်သည် တစ်ဘဝလုံးလက်တွဲသွားနိုင်မယ့် တာအိုလက်တွဲဖော်တစ်ယောက်ကို ရှာတွေ့ပါပြီ။ သင်သည် မင်္ဂလာပွဲကျင်းပခဲ့ရာ အခြားကစားသမားများသည် လက်ဖွဲ့အဖြစ် သင့်အား ဝိညာဉ်ကျောက်တုံး(၁၀၀) ပေးရမည် ’
ကျိုးကျိုးနှင့် လန်လင်းအယ်သည် ချက်ချင်းပင် ညည်းညူလိုက်ကြသည်။
ယုံချင်ရွှမ်းယာသည် ညင်ညင်သာသာပြောလိုက်၏။
“ ရွှမ်းယာ ကျန်တဲ့ကတ်တွေကို ကြည့်လို့ရမလား။ ဂိုဏ်းတူအစ်ကိုချန်ရှို့က တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ကူးစိတ်သန်းကောင်းတာပဲ ”
ကျိုးကျိုးနှင့် လန်လင်းအယ်တို့သည် ဆက်၍ဆော့ချင်သော်လည်း ယုံချင်ရွှမ်းယာကိုသာ ဦးစားပေးလိုက်ကြသည်။ သူတို့သည် ယုံချင်ရွှမ်းယာကြည့်နိုင်ရန် ရတနာသေတ္တာတစ်ခုချင်းအားမှောက်ကာ ဝါး၊ သစ်သား၊ ကြေး၊ ကျောက်စိမ်းတို့ဖြင့် ပြုလုပ်ထားသော ကတ်ပြားများကို သွန်ချလိုက်သည်။
ကတ်ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊ သတ်မှတ်အစွမ်းများ၊ ကောင်းသည့် ကျပန်းအဖြစ်အပျက်များ၊ ဆိုးသည့် ကျပန်းအဖြစ်အပျက်များ၊ ရတနာများစသည်ဖြင့် အမျိုးအစားတစ်ခုချင်းအလိုက် တစ်မျိုးလျှင် ကတ်(၁၂)ကတ် ရှိလေသည်။
‘ ဒီကတ်က ဘာပါလိမ့်… ’
‘ ငါအရမ်းစိတ်ဓာတ်ကျနေတယ်… သင်၏ အမတလမ်းစဉ်တွင် သင်သည် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။ ဤကျင့်ကြံခြင်းအဆင့်သို့ရောက်ရန် သင်သည် ဝမ်းနည်းမှုပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ ထိုကြောင့် သင့်အား နှစ်သိမ့်ပေးရန် အခြားကစားသမားများက ဝိညာဉ်ကျောက်တုံး(၅၀)ပေးရမည် ’
‘ ဉာဏ်အလင်းပွင့်မှု… ရှေ့သို့တစ်ကွက်တက်ပါ ”
‘ အာရုံပျက်ပြားမှု… သင်သည် ကဗျာများ၊ သီချင်းများကြောင့် အာရုံပျက်ပြားကာ လိုက်ဆိုလိုက်ကမိသည်။ ထို့ကြောင့် သင်၏ အမတလမ်းစဉ် နှောင့်နှေးခဲ့ရ၏။ နှစ်လှည့်နားပါ ’
‘ ဧရာမလှည့်စားကတ်… သင်သည် ဧရာမလှည့်စားအတတ်အား တတ်မြောက်ကာ သင်ရွေးခြယ်သော ကစားသမားတစ်ဦးကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။ ထိုသူ၏ထံမှ ဝိညာဉ်ကျောက်တုံး(၂၀၀) (သို့) ကြိုက်ရာရတနာတစ်ခုကို ယူနိုင်သည် ’
“ နေပါဦး..နေပါဦး..နေပါဦး.. ဒါတွေအကုန်လုံးကို ဂိုဏ်းတူအစ်ကိုချန်ရှို့ လုပ်ထားတာလား ”
ယုံချင်ရွှမ်းယာသည် အံ့ဩတကြီး မေးလိုက်သည်။ သူမ၏ဘေးရှိ အမျိုးသမီးနှစ်ဦးသည် ဟုတ်မှန်ကြောင်း ခေါင်းသာညိတ်ပြလိုက်ရလေ၏။
“ ကြည့်မနေပါနဲ့တော့ ရှောင်ယာ… ဆက်ကစားကြမယ် ”
“ ဟုတ်ကဲ့ပါ ဆရာဒေါ်လေး… ရွှမ်းယာနည်းနည်း တကိုယ်ကောင်းဆန်မိသွားတယ်။ ဒီဟာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ ”
“ ဟေ့..ဟေ့.. ငါ့ကိုကြည့်။ ဟား ဟား ငါနောက်တစ်ကတ်ထပ်နှိုက်တာ ‘ငါရောပဲ’ ကတ်ပဲ ရတယ် ”
“ ဆရာဒေါ်လေး မညစ်နဲ့လေ… ”
“ မညစ်ပါဘူး။ မင်းတို့လို ငချွတ်လေးနှစ်ယောက်နဲ့ ဆော့ရတာ ညစ်စရာကိုမလိုဘူး ”
တဖြည်းဖြည်း ကောက်ရိုးတဲလေးထဲတွင် ရယ်သံများ၊ ဟာသများဖြင့် ပြည့်နှက်သွားသည်။ တဲအတွင်းရှိ ကသိကအောက် အခြေအနေသည်လည်း ပျောက်ကွယ်သွားခဲ့ပေပြီ။
ညနေစောင်းသို့ပင် ရောက်ခဲ့ပြီဖြစ်သည်။
လီချန်ရှို့သည် စိတ်တည်ငြိမ်သုတ္တန် ပထမတွဲကို ဖတ်ရှုခဲ့ရသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် အဆင့်တစ်ဆင့်ထပ်၍ တက်သွားလေသည်။ သူသည် သစ်တောတွင်းမှ ဖြည်းညင်းစွာလျှောက်၍ ထွက်လာသည်။
ဤတစ်ချိန်လုံး သူသည် လျှို့ဝှက်ခန်းအတွင်း၌ ရှိနေခြင်းဖြစ်၏။ ယခုတွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါများကို ဖုံးကွယ်ထားပြီး ဖြစ်သည်။ မည်သူမှ သူ၏ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို မသိနိုင်ပေ။
အဝေးမှနေ၍ ကောက်ရိုးတဲအတွင်းမှထွက်ပေါ်လာသော ရယ်သံများကို သူကြားလိုက်ရသည်။ သူသည် စိတ်အာရုံကို ဖြန့်၍ အာရုံခံလိုက်ရာ ယုံချင်ရွှမ်းယာရောက်နေကြောင်း သိလိုက်လေသည်။
“ အဆိပ်မ… သူက ဘာလို့ ဒီကိုရောက်နေတာလဲ ”
ခေတ္တမျှတွေးပြီးနောက် လီချန်ရှို့သည် ဆေးဖော်ဆောင်ဘက်သို့သာ ခြေဦးပြန်လှည့်လိုက်၏။ နူးညံ့သော လေညင်းကလေးသည် ရယ်မောသံများကို သယ်ဆောင်လာသည်။
ကျိုးကျိုး၏ အနှောင်အဖွဲ့ကင်းကင်း ကျယ်လောင်စွာရယ်မောလိုက်သံကို သူကြားလိုက်သည်။
“ ဟားဟားဟား… ‘ငါရောပဲ’ ထပ်ရပြန်ပြီ… မင်းတို့ရဲ့ဆရာဒေါ်လေးတော့ ချမ်းသာတော့မှာပဲ ”
ယုံချင်ရွှမ်းယာမှာ ထိန်း၍ရယ်သော်လည်း ညည်းညူသည့်အခါတွင်ကား သူမဟုမထင်ရလောက်အောင် ကျယ်ကျယ်လောင် ညည်းလိုက်သည်။
“ အိုက်ယား … ရွှမ်းယာတော့ တော်တော်ကံဆိုးတာပဲ။ ‘အာရုံပျက်ပြားမှု’ ပဲထပ်ရပြန်ပြီ… ”
ထိုတစ်လှည့်တွင် နိုင်နေသော လန်လင်းအယ်သည် အခြားနှစ်ယောက်ကို ရွှန်းရွှန်းဝေအောင် ပြုံးကာပြောလိုက်သည်။
“ လင်းအယ်ကတော့ ‘ငါအရမ်းစိတ်ဓာတ်ကျနေတယ်’ ကတ်ရတယ်။ ကဲ ဝိညာဉ်ကျောက်တုံးတွေပေးဖို့ ပြင်ကျပေတော့..ဟဲဟဲ ”
လီချန်ရှို့တစ်ယောက် ညင်သာစွာ ရယ်လိုက်၏။ သူသည် သစ်တောအပြင်မှနေ၍ မန္တန်အစီအရင်ကြီးကို နှိုးလိုက်သည်။ ထို့နောက် ရက်ပိုင်းအတွင်း အရှေ့ပင်လယ်သို့ သွားရတော့မည့် အဖြစ်အား တွေးနေလိုက်သည်။
‘ ငါရဲ့ သိုလှောင်ဓမ္မအဆောင်တွေကို ထပ်စစ်ဆေးလိုက်ဦးမယ်။ ဒီနှစ်ပိုင်းအတွင်း ဆရာဒေါ်လေးကျိုးကျိုးရဲ့ အကူအညီနဲ့ အတုမဲ့နတ်ဝိဇ္ဇာကိုတောင် သေစေနိုင်တဲ့ အဆိပ်ဆေးလုံးတွေ အများကြီး ဖော်နိုင်ခဲ့တယ်။ နောက်ကျမှ အဲဒီဆေးလုံးတွေကို အမှုန့်ကြိတ်ပြီး အဆိပ်မှုန့်ဖြစ်ဖြစ် အဆိပ်ရည်ဖြစ်ဖြစ် လုပ်ထားရမယ်။ အဲဒါက တိုက်ပွဲထဲမှာ ပိုအသုံးဝင်တယ်။ ဒီတစ်ခေါက်တော့ သုံးစရာမလိုလောက်ဘူးဆိုပေမယ့် ပြင်ဆင်ထားတော့ မမှားပါဘူးလေ ’
***