Switch Mode

အခန်း ( ၅၁၁ )

ဒီကောင်တွေ ငါ့ကို မမြင်ကြဘူးပဲ

ညဥ့်သန်းခေါင်ယံအချိန်ဖြစ်ပြီး မြေပြင်ထက်သို့ မှိန်ပျပျလမင်းကြီးမှ အလင်းများ ဖြာကျလျက်ရှိသည်။ ဟိုတစ်ကွက် သည်တစ်ကွက် တိမ်ဆိုင်တိမ်ခဲများနှင့် ပေါင်းစပ်သွားသည်ဝယ် အရာရာတိုင်းမှာ မှုန်ဝါးနေပြီး မြင်နိုင်ရန် ခဲယဥ်းနေတော့သည်။ ခေါက်တုံ့ခေါက်ပြန် လွင့်မျောနေသည့် အမုန်းဝိညာဥ်များ၏ ဆွဲဆွဲငင်ငင်ငိုကြွေးသံများနှင့်တကွ အမျိုးမျိုးသော သားရဲတိစ္ဆာန်များ၏ အော်ဟစ်သံများကိုလည်း ရံဖန်ရံခါ ကြားရလေသည်။

မဟာတံတိုင်းအပြင်ဘက်သို့ ရောက်သည်မှာ ပိုင်ရှောင်ချန်းအတွက် ပထမဆုံးအကြိမ်မဟုတ်သော်လည်း နောက်ဆုံး အကြိမ်မှာ တိုက်ပွဲ၏အလယ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် တစ်ယောက်တည်းဖြစ်လေရာ ကြောက်စရာကောင်းနေလေသည်။ သူသည် အမြုတေအဆင့်၏ မဟစက်ဝန်းသို့ ရောက်နေသည့်တိုင်အောင် သရဲများကို ကြောက်နေသေးသည်။

မဟာတံတိုင်းတွင် သူ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၍ တစ်ကြောင်း၊ မြေရိုင်းဒေသကို နက်ရှိုင်းစွာ နားလည်ထားမှုတို့ကြောင့် ယခင်ကကဲ့သို့ အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခြင်း မဖြစ်တော့ပေ။

ကမ္ဘာထဲရှိ ကြုံတွေ့ရတတ်သည့် အရာမှန်သမျှ မမြင်ဖူးေသးသော်လည်း ယခင်ကကဲ့သို့ သရဲ၊တစ္ဆေများကို အလွန်အကြူး မကြောက်လန့်တော့ပေ။

ညအမှောင်ကိုခွင်း၍ တဟုန်ထိုးပျံသွားစဥ် မြေကြီးထဲမှ ထိုးထွက်နေသည့် လူ့ဘီလူး အရိုးများကို သူ သတိထားမိကာ သက်ပြင်းချရင်း တွေးလိုက်သည်။
” ငါ တန်ခိုးရှင်လောကထဲ ဝင်ရောက်လာရတဲ့ အကြောင်းရင်းတစ်ခုလုံးက ထာဝရအသက်ရှင်ချင်လို့ပဲ။ ငါ့ လမ်းကြောင်းက ဒီလိုနေရာမျိုးကို ခေါ်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာတုံး ”

ခေါင်းတခါခါနှင့် ကံတရားက လူများအား လမ်းကြောင်းအမျိုးမျိုးဆီသို့ ဆွဲချရန် မည်မျှသဘောကျကြောင်းစဥ်းစားရင်း သူ ရှေ့ဆက်သွားလိုက်သည်။

တခဏကြာသွားပြီးနောက် သူ့ခေါင်းထဲမှ ထိုအတွေးများကို ထုတ်လိုက်ပြီး ဂရုတစိုက်နေရန် သူ အာရုံစိုက်လိုက်သည်။ သူက အရှိန်အနည်းငယ်ပင် လျှော့လိုက်သေးသည်။ ထိုအချိန်တွင် သူသည် မဟာတံတိုင်းမှ သုံးလေးမီတာ ကွာဝေးနေပြီး ပို၍ များပြားသော ဝိညာဥ်များကို မြင်လာရလေသည်။ တိုက်ပွဲများအတွင်းက နေရာတစ်ခုလုံးပြည့်နှက်သွားသော ဝိညာဥ်တပ်ကြီးနှင့် ယှဥ်လျှင် ဤ ဝိညာဥ်ပမာဏက မပြောပလောက်သော်လည်း ပိုင်ရှောင်ချန်းအနေဖြင့် သတိကြီးကြီးထားရန် လုံလောက်နေသေးသည်။

အမုန်းဝိညာဥ်အများစုမှာ လူပုံစံမပေါက်ပဲ ရေခဲတမျှ အေးစက်မှုများ သက်ဝင်လှုပ်ရှားနေသည့် မြူလုံးကြီးများပင်ဖြစ်သည်။ ရံဖန်ရံခါ သူတို့က သားရဲ သို့မဟုတ် ဝိညာဥ်ရိုင်းများ ပုံစံ အတူတကွ စုပေါင်းသွားကာ ထိုပတ်ဝန်းကျင်ရှိ အသေကောင်စားတိရစ္ဆာန်များကို ခုန်အုပ်လိုက်လေသည်။

အချို့ဝိညာဥ်များမှာ မြေပေါ်လဲနေသော အလောင်းကောင်များကို ပိုင်ဆိုင်ရန် ကြိုးစားနေသည့်အလား ကိုယ်ထဲဝင်နေကြသည်။ သို့သော်လည်း ထိုပတ်ဝန်းကျင်ရှိ အလောင်းအများစုမှာ အလွန်အိုမင်းပြီး တောင့်တင်းနေသောကြောင့် ထိုသို့သော အားထုတ်မှုများမှာ အချည်းနှီးပင်။

ပိုင်ရှောင်ချန်း ရှေ့ဆက်သွားစဥ်တွင် မြင်သမျှဝိညာဥ်များကို ဝေးဝေးမှရှောင်သွားလေသည်။ သူတို့ကို တိုက်ခိုက်ရာတွင် မကိုင်တွယ်နိုင်၍ မဟုတ်ဘဲ ထိုသို့လုပ်ရန် မလိုအပ်သောကြောင့်ပင်။ သူတို့မှာ အလွန်နည်းပါးလှပြီး သူဂရုစိုက်နေရန်အတွက်ပင် အရည်အသွေးနိမ့်လွန်းသည်။ ထို့ပြင် တိုက်ပွဲဖြစ်လျှင် အာရုံစိုက်ရာဖြစ်သွားပြီး အခြားသော ပြဿနာရပ်များလည်း ဖြစ်လာနိုင်သည်။ တိုက်ခိုက်ပြီး စုဆောင်းရန် ဝိညာဥ်လုံလုံလောက်လောက်ရှိလျှင်တော့ သူစဥ်းစားပေဦးမည်။ သို့သော် ယခုတွင် တန်မည်မဟုတ်ပေ။

နောက်ဆုံးတွင် သူသွားမည့်နေရာဖြစ်သည့် တောင်ကြားလေးမှ ကီလိုမီတာဝက်သာ ဝေးတော့ချိန်တွင် သူ၏ မျက်လုံးများမှာ ရှေ့ကို ကြည့်ရင်း တောက်ပဝင်းလက်နေတော့သည်။

” ဝိညာဥ်တွေ တော်တော်လေးများတာပဲ”
သူ့အမြင်အာရုံထဲတွင် ရံဖန်ရံခါ စူးစူးဝါးဝါးအော်၍ ရောက်တက်ရာရာပျံသန်းနေသည့် ဝိညာဥ်များတစ်ထောင်ကျော် ရှိနေသည်။ ပုံမှန်အတိုင်းဆိုလျှင် ဤနေရာ၌ ဝိညာဥ်များစွာ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ ဝိညာဥ်စုစည်းဆေးလုံးကြောင့် တိုက်ခိုက်နေသော တပ်များအတွင်းရှိ ဝိညာဥ်များစွာ ပျံပြေးသွားကြပြီး အုပ်စုကွဲသွားကြကာ ဤကဲ့သို့ နေရာမျိုးတွင် စုဝေးနေကြခြင်းဖြစ်လေသည်။

” ဝိညာဥ်တစ်ထောင်ကျော်ကတော့ တိုက်ပွဲစွမ်းဆောင်မှုရမှတ် ကောင်းကောင်းရလောက်မှာပါ ”
အတန်ငယ် စိတ်လှုပ်ရှားလာရင်း သူက ရှေ့အနည်းငယ်တိုးလိုက်ပြီးနောက် ဝိညာဥ်စုစည်းဆေးလုံးကို ထုတ်ကာ ပေါက်ကွဲခြင်းအာနိသင်ကို ဖျက်၍ အားနှင့် အရှေ့သို့ ပစ်ပေါက်လိုက်လေသည်။ ဆေးလုံးသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ဝိညာဥ်အုပ်ကြီး၏ အလယ်တည့်တည့်တွင် ကျသွားပြီး ကြေမွသွားကာ ဆွဲငင်အားတစ်ခုကို ထုတ်ရင်း အလျင်အမြန်ပင် ဝိညာဥ်တစ်ထောင်ကျော်လုံးကို စုပ်ယူလိုက်လေသည်။

ထို့နောက် ပိုင်ရှောင်ချန်းက အပြေးအလွှားသွားကာ ဝိညာဥ်စက်လုံးကြီးကို ဆွဲယူလိုက်ပြီး သူ့အိတ်ထဲသို့ ပျော်ပျော်ကြီးပစ်ထည့်လိုက်လေသည်။ သူက မလိုချင်သော အာရုံစိုက်မှုတစ်ခုမှ မဆွဲဆောင်မိကြောင်း သေချာရန် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ပြီးနောက် တောင်ကြားထံဆက်သွားလိုက်သည်။

တောင်ကြားထဲဝင်လိုက်သည့်အချိန်မှာပင် အထဲ၌ ဝိညာဥ်ရာဂဏန်းမျှရှိကြောင်း သိလိုက်လေရာ သူ၏ ဝမ်းမြောက်ပျော်ရွှင်မှုများ ကြီးထွားလာတော့သည်။

” စွန့်စားမှုသေးသေးလေးက အမြတ်တော်တော်ရမယ်လို့ ဘယ်သူကများ တွေးမိမှာတုံး ”
ထိုအခိုက်အတန့်တွင် သူ မည်မျှကံကောင်းကြောင်းနှင့် အဆင်ပြေချောချောမွေ့မွေ့ဖြစ်နေကြောင်းကို တွေးကာ ကျေနပ်နေတော့သည်။

တောင်ကြားကို နောက်ထပ်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် ဝိညာဥ်စုစည်းဆေးလုံးနောက်
တစ်လုံးကို ထုတ်၍ ပစ်ပေါက်တော့မည့်ဆဲဆဲမှာပင် သူ၏နှလုံး တုန်ခါသွားလေသည်။ သူက သတိကြီးကြီးထားလျက် တောက်ပနေသော မျက်လုံးများနှင့် ခေါင်းလှည့်ကြည့်လိုက်သည်။

သူ့နောက်တွင် အနီရောင်မြူတိမ်တိုက်တစ်ခုက မြေကြီးထဲမှ တလိပ်လိပ်ထွက်လာ၏။ သို့သော်လည်း ၄င်းက ပိုင်ရှောင်ချန်းကို မြင်ပုံမရပဲ သူ့ကို ကျော်၍ တောင်ကြားအတွင်းတည့်တည့် ပျံသန်းလာလေသည်။

ထိုအနီရောင်မြူမှာ ဝိညာဥ်တစ်ကောင်ဖြစ်ပြီး တောင်ကြားထဲရောက်သည်နှင့် ရက်စက်ကြမ်းကြုတ်သော ငှက်ခေါင်းကြီးတစ်လုံးအသွင်ပြောင်းကာ တောင်ကြားထဲရှိ အခြားသော ဝိညာဥ်များကို တိုက်ခိုက်စားသောက်နေလေသည်။

” ဒါက ယင်ယန်ဝိညာဥ်အဆင့်ပဲ ”
ပိုင်ရှောင်ချန်းက တစ်ယောက်တည်း ကောက်ချက်ချလိုက်သည်။ မေးခွန်းထုတ်စရာ ဝိညာဥ်မှာ အခြားသောဝိညာဥ်များကို တိုက်ခိုက်စားသောက်နေစဥ် သူ၏ အနီရောင်မှာ ပို၍တောက်ပလာလေရာ ပိုင်ရှောင်ချန်းကို နှုတ်ခမ်းသပ်သွားစေတော့သည်။

ထိုအဆင့် ဝိညာဥ်များမှာ နတ်အဆင့်သားရဲဝိညာဥ်များကဲ့သို့ တန်ဖိုးမကြီးသော်လည်း တိုက်ပွဲစွမ်းဆောင်မှုရမှတ်များစွာ ရလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အတန်ငယ် ချီတုံချတုံဖြစ်နေသေးသည်။

” တကယ်တမ်းဆိုရင် ဒီ ဝိညာဥ်က ငါ့ကို အရင်တိုက်ခိုက်ရမှာလေ။ ဘာလို့မလုပ်ပါလိမ့်။ ဒီကောင်…. ငါကိုများ မမြင်နိုင်တာလား ”
အခြေအနေနှင့် ပတ်သက်၍ အလွန်ထူးဆန်းနေလေရာ သူက တောင်ကြားအတွင်းသို့ ဂရုတစိုက်နှင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်လေသည်။ သို့သော်လည်း တောင်ကြားအတွင်းရှိ ဝိညာဥ်တစ်ကောင်တစ်လေမှ သူ့ဘက်ကို လှည့်ပင် မကြည့်ကြချေ။

အမှန်တကယ် ပြောရလျှင် တချို့က ယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်လက်မှ ထွက်ပြေးရန် ကြိုးစားနေကြစဥ် သူ့ကိုပင် ဖြတ်၍ ပျံသန်းသွားကြလေသည်။

” သူတို့ငါ့ကို တကယ်ကြီး မမြင်ဘူးပဲ ”
သူက တွေးလိုက်သည်။ သူသည် အံ့သြထိတ်လန့်နေသကဲ့သို့ ရဲတင်းလာကာ တောင်ကြားထဲအထိ အလောတကြီးသွားလိုက်ပြီး ပို၍တောက်ပလာသော မျက်လုံးများဖြင့် နေရာအနှံ့ ပျံသန်းနေသော ဝိညာဥ်များကို လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံး၌ လက်လှမ်း၍ ဖြတ်သွားသော ဝိညာဥ်တစ်ကောင်ကို ဖမ်းဆွဲကာ သူ့အိတ်ထဲ ပစ်ထည့်လိုက်သည်။

အနီရောင်ယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်ပင်လျှင် သူ့ကို သတိထားမိပုံမပေါ်ပဲ အခြားဝိညာဥ်များကိုသာ တိုက်ခိုက်နေလေသည်။

မကြာမီ အနီရောင်တစ်ကောင်က လွဲ၍ ဝိညာဥ်များ မရှိသလောက်ပင် ဖြစ်သွားကာ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်များ သူ့ကို မမြင်နိုင်ကြောင်း အပြည့်အဝ ယုံကြည်သွားတော့သည်။ ရင်တဒိန်းဒိန်းခုန်ရင်း သူက မျက်နှာဖုံးတပ်ထားကြောင်း သေချာရန် သူ့မျက်နှာကို လှမ်းထိလိုက်သည်။

” နောက်ဆုံးအခေါက် တိုက်ပွဲတုန်းက ဝိညာဥ်တွေက ငါ့ကို မြင်ရပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကျ မမြင်ရပါလား။ ဒါက ဒီမျက်နှာဖုံးကြောင့် ဖြစ်ရမယ်။ ”
ထို့နောက် သူက သတိကြီးကြီးနှင့် မျက်နှာဖုံးကို လှမ်းချွတ်လိုက်သည်။

သူ့မျက်နှာမှ မျက်နှာဖုံး ကွာသွားသည်နှင့် အနီရောင်ဝိညာဥ်မှာ တုန်ရီသွားပြီး သူ့ကို တည့်တည့် စိုက်ကြည့်လိုက်လာလေသည်။ ထို့နောက် ၄င်း၏ ပါးစပ်ကြီးကို ဖွင့်ကာ အော်ပြီး သူ့ကို ခုန်အုပ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ၄င်းထံမှ အသံတစ်သံမထွက်လာမီ ပိုင်ရှောင်ချန်းက မျက်နှာဖုံးပြန်တပ်လိုက်လေသည်။ အနီရောင်ဝိညာဥ်မှာ အံ့သြသွားပုံရသော်လည်း အလျင်အမြန် ပါးစပ်ပိတ်ပြီးနောက် စောစောကရှိခဲ့သည့် တစ်စုံတစ်ယောက်၏ အရိပ်အယောင်ကို တောင်ကြားပတ်ပတ်လည် လိုက်ရှာတော့သည်။

ထို အဖြစ်အပျက်အားလုံးကို မြင်ရသောအခါ ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။

” ရွှေတွင်းကြီးပဲဟေ့။ ဒီမျက်နှာဖုံးက ဒီလိုလဲလုပ်နိုင်တာ ယုံတောင် မယုံနိုင်ဘူး။ အရင်တုန်းက ငါမလွှင့်ပစ်ခဲ့တာ ကံကောင်းတယ် ”
ထို့နောက် သူက ဇဝေဇဝါဖြစ်နေသော အနီရောင်ဝိညာဥ်ထံ လျှောက်သွားပြီး ဖြစ်ပျက်နေသည်များအား ၄င်းက သတိမထားနိုင်မီ အလင်းကဲ့သို့ အလျင်ဖြင့် လှမ်းဆွဲလိုက်ကာ အိတ်ထဲ ပစ်ထည့်လိုက်လေသည်။

” ရပြီ။ မျက်နှာဖုံးကတော့ ဝိညာဥ်တွေစုဖို့ အဖိုးတန်ရတနာသိုက်ကြီးလိုပဲ။ ဝိညာဥ်စုစည်းဆေးလုံးနဲ့သာ တွဲသုံးလိုက်ကတော့ စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ဖို့ လိုတဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ မြန်မြန်ရမှာပဲ ” ထိုမျှော်လင့်ချက်အကြောင်း တွေးလေလေ သူ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။ သူက တောင်ကြားတစ်လျှောက် မြန်မြန်လျှောက်ပတ်လိုက်ပြီးနောက် မော့ကြည့်လိုက်ရာ မိုးသောက်ချိန်ပင် နီးလာလေသည်။ တောင်ကြားထဲမှ ထွက်လာသောအခာ ဝိညာဥ်များကို မမြင်ရသည့်အပြင် သူ့နောက်တကောက်ကောက်လိုက်နေသည့် ငယ်သားတစ်ထောင်ခန့်ရှိသည် ဆိုကတည်းက သူသည် အလွန်လုံခြုံနေသောနေရာတွင် ရှိနေကြောင်း သုံးသပ်လိုက်လေသည်။

လူ့ဘီလူးတပ်ကြီး ရုတ်တရက် ပေါ်မလာသေးသရွေ့ သူ့အတွက် လုံးဝအန္တရာယ်မရှိနိုင်ပေ။

သူက စဥ်းစားတွေးတောနေရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။

” အခုပြန်သွားရင် တော်တော် နှမြောဖို့ကောင်းမှာ။ မဟာတံတိုင်းအပြင်လည်းရောက်နေပြီဆိုတော့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေရဖို့ ဝိညာဥ်နည်းနည်းပါးပါး စုဆောင်းလိုက်ပါဦးမယ်လေ “


Comment

Leave a Reply

Options

not work with dark mode
Reset