Switch Mode

အခန်း ( ၅၁၀ )

တာဝန်ကို လုယက်ခြင်း

” အမှောင်မိုက်ဆုံး အခြေအနေများမှာပင် မျှော်လင့်ချက်လေး တစ်မျှင်က ပေါ်လာတတ်စမြဲသာဖြစ်ပေသည် ”

ပိုင်ရှောင်ချန်းမှာ အကြံအစည်ပေါင်းများစွာ ရောပြွမ်းနေသည့် စိတ်ကြီးဖြင့် သူ၏ ဋ္ဌာနချုပ်သို့ စိတ်လှုပ်ရှားစွာ ပြန်သွားတော့သည်။ သူပြန်ရောက်သည်နှင့် တစ်ပြိုက်နက် ကျောက်လုံအား သူ့ထံသို့ မဟာတံတိုင်းကြီး၏ အပြင်ဘက်ရှိ နေရာများ၏ မြေပုံတစ်ခုကို ယူလာခိုင်းလိုက်သည်။

ထိုမြေပုံကို တစ်ခဏမျှ လေ့လာလိုက်ပြီးနောက် သူက ငါးကီလိုမီတာ သာသာမျှသာ ဝေးသည့်နေရာရှိ တောင်ကြားလေးတစ်ခုကို ညွှန်ပြလိုက်သည်။

” ဒီနေရာပဲ။ ”

ကျောက်လုံမှာ အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာဖြင့် မည်သို့ကြည့်ကြည့် သာမန်သာ ဖြစ်နေပြီး သက်ရှိများ ကင်းစင်နေမည့်နေရာ ဖြစ်သော ထိုတောင်ကြားလေးကို ငုံ့ကြည့်လိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ မည်သည်အား ညွှန်ပြနေသည်ကိုပင် သူကသေချာမသိနိုင်ပေ။

” တပ်မှူးကြီး။ အဲဒီတောင်ကြားက ဘာများထူးဆန်းနေလို့လဲ။ ”
ကျောက်လုံက မေးလိုက်သည်။

ပိုင်ရှောင်ချန်းက သူ၏လက်ကို ခမ်းနားထည်ဝါစွာ ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။
” ငါသိရသလောက် သတင်းအချက်အလက်တွေအရဆိုရင် အဲဒီတောင်ကြားထဲမှာ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်ဦးချို သမင်တစ်ကောင် ရှိတယ်။ အဲဒီသတ္တဝါကိုသတ်ပြီး ဝိညာဥ်ဦးချိုကို အပ်နိုင်တဲ့လူက ဆုလာဒ်အဖြစ် တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေရမယ်။ သွားသွား။ အခုငါပြောတာကို တာဝန်တစ်ခုအဖြစ် သွားသတ်မှတ်လိုက်။ ”

” ဟင်။ ”
ကျောက်လုံက မရေမရာအသွင် ဖြစ်နေတော့သည်။ မြေရိုင်းဒေသမှာ ဝိညာဥ်ဦးချို သမင်များ၏ ကျက်စားရာနေရာ မဟုတ်ပေ။ သူတို့၏ဦးချိုများမှာ ဆေးဖက်ဝင်၍ တန်ဖိုးကြီးသည်သာမက ဝိညာဥ်ဦးချို လေးများ ပြုလုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရသည်။ သို့သော် ဝိညာဥ်ဦးချို သမင်များမှာ အမုန်း ဝိညာဥ်များစွာရှိသည့် နေရာများတွင် စုဝေးတတ်ကြသည်။ ထိုတောင်ကြားသည် တံတိုင်းကြီးနှင့် ငါးကီလိုမီတာမျှသာ ကွာဝေးသည်ဖြစ်ရာ ဝိညာဥ်များရှိမည်မဟုတ်သဖြင့် ဝိညာဥ်ဦးချို သမင်များကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

ထို့အပြင် တံတိုင်းကြီးအနားတွင် တိုက်ပွဲများက အမြဲတစေဖြစ်ပွားနေသဖြင့် ဝိညာဥ်ဦးချို သမင်တစ်ကောင်မှာ ထိုတောင်ကြားထဲသို့ မျက်စိလည် လမ်းမှား၍ ရောက်ရှိလာလျှင်တောင်မှ ချက်ချင်းပင် ထွက်ပြေးသွားမည်သာဖြစ်သည်။ ဝိညာဥ်ဦးချိုသမင်များမှာ အသိဉာဏ်တုံးအကြသည်မဟုတ်သဖြင့် တံတိုင်းကြီးကဲ့သို့ အန္တရာယ်များလှသော နေရာမျိုးတွင် ကျက်စားမည်မဟုတ်ပေ။

ထို့အပြင် မြေရိုင်းဒေသ၏ အပြင်ဘက်တွင် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်ဦးချိုသမင်များမှာ ရှာမတွေ့နိုင်လောက်အောင် နည်းပါးသည်။

ကျောက်လုံမှာ ကြောင်အမ်းအမ်းနှင့် အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ပိုင်ရှောင်ချန်းကိုကြည့်ကာ မေးလိုက်သည်။
” အမ်…. တပ်မှူးကြီး။ အဲဒီမှာ ဝိညာဥ်ဦးချိုသမင်ရှိတာ သေရောသေချာလို့လားဗျ။ ပြီးတော့ စစ်ဦးစီးမှူး တွေကပဲ တာဝန်တွေကို သတ်မှတ်ခွင့်ရှိတာလေ။ ကျွန်တော်တို့က… ”

” ကဲ။ ငါရှိတယ်လို့ပြောရင် ရှိလို့ပဲ။ အဲ့တာဝန်ကိုသာ သတ်မှတ်ပြီး စစ်သေနာပတိချုပ် ဆီကိုသာ ပို့လိုက်စမ်းပါ။ ”
ပိုင်ရှောင်ချန်းက မောင်းထုတ်သည့်အမူအရာဖြင့် လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

ကျောက်လုံမှာ မပြုံးချင်ပြုံးချင်ဖြင့် လက်ယှက်ကာ ပြန်မေးလိုက်သည်။
” ဟုတ်ကဲ့။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ကိုရော ဘယ်လောက်ဆုချမှာလဲဗျ။ ”

ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
” အင်း။ ဒီတာဝန်က မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နေမဲ့ တာဝန်တစ်ခုကွ။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ့် အခွင့်အရေးကလည်း တော်တော်ကိုနည်းမှာ။ အဲဒီတော့ ဆုကောင်းကောင်းချမှပဲ ရမယ်ထင်တယ်။ ကောင်းပြီလေ။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ကို သိန်းတစ်ထောင်တိတိ ဆုချမယ်လို့ သတ်မှတ်လိုက်။”

ကျောက်လုံမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပင့်သက်ရှိုက်သံ အကျယ်ကြီးထွက်လာတော့သည်။ တစ်ခဏအကြာတွင် သူက အခြေအနေကို ရိပ်မိသွားသဖြင့် သူ၏မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်များ ပေါ်ထွက်လာတော့သည်။
“ သြော် ပြီးတော့… ”
ပိုင်ရှောင်ချန်းက ကျောက်လုံကို အလွန်လေးနက်စွာကြည့်ကာ ဆက်၍မှာလိုက်သည်။
” စစ်သေနာပတိချုပ်ကို ဒီတာဝန်ကို မကြေငြာခင် ငါ့ကိုအရင်ကြိုသတိပေးဖို့ပါ ပြောလိုက်ဦး။ အဲဒီတာဝန်ကို တခြားလူတွေ လက်ဦးသွားလို့ မဖြစ်ဘူး။ ”

ကျောက်လုံမှာ မပြုံးချင်ပြုံးချင်ထပ်မံပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြေးသွားတော့သည်။ သူ၏လမ်းတစ်လျှောက်တွင် ပိုင်ရှောင်ချန်း၏ မျက်နှာပြောင်လှသော အလွဲသုံးစားလုပ်နိုင်မှုကြီးကို မနာလိုပင် ဖြစ်နေရတော့သည်။

မကြာမီ သူက ပိုင်လင်းဆီသို့ရောက်သွားသောအခါ ရောက်ရှိကြောင်း အသိပေးလိုက်ပြီး တာဝန်နှင့် ပတ်သတ်သည့် အချက်အလက်များကို ပေးအပ်လိုက်သည်။ ပိုင်လင်းက ကျောက်စိမ်းပေလွှာကိုယူပြီး သေချာစစ်ဆေးကြည့်လိုက်သောအခါ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ဆုကြေး သိန်းတစ်ထောင်ကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်လုံးများမှာ ပြူးသွားရပြီး ကျောက်စိမ်းပေလွှာကို မြေပြင်ပေါ်သို့ ပစ်ပေါက်လုမတတ်ပင် ဖြစ်သွားသည်။

” မသိရင် အဝေးပြေးလမ်းပေါ်မှာ ဓားပြတိုက်တာ ကြနေတာပဲကွာ။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်လိုချင်တာကထားပါ။ ဒါပေမဲ့ ဒီလောက် ပေါ်ပေါ်ထင်ထင်ကြီး လုပ်လို့ရမလားကွ။ ငါးကီလိုမီတာအကွာ နေရာတစ်ခုမှာရှိတဲ့ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့် ဝိညာဥ်ဦးချို သမင် ဟုတ်လား။ ပြီးတော့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ကို သိန်းတစ်ထောင်ဆုချဖို့တောင် မျက်နှာပြောင်ပြီး ပြောရဲသေးတယ်။ ”
ပိုင်လင်းမှာ ငိုရမလို ရယ်ရမလို ဖြစ်နေတော့သည်။

သို့သော် ပိုင်ရှောင်ချန်းကို တာဝန်ထမ်းဆောင်ရမည့် ဝတ္တရားမှ ကင်းလွတ်စေရန် ဂိုဏ်းကို သူက နားမချနိုင်သဖြင့် ဤတာဝန်ကို ကြေငြာဖို့ရာ ငြင်းဆန်၍ မရနိုင်တော့ပေ။ အနည်းငယ်တွေးတောလိုက်ပြီးနောက် သူက ဆုကြေးရမှတ်ကို သိန်းတစ်ထောင်မှ ဆယ်သိန်းအထိ လျှော့ချကာ မြို့အလယ်ရှိ စေတီတော်ဆီသို့ ပို့လိုက်တော့သည်။ ရမှတ် ဆယ်သိန်းသည်ပင်လျှင် အလွန်များပြားသော ဆုကြေးတစ်ခုဖြစ်ပြီး သာမန်တပ်သားတစ်ယောက်ကို တပ်မှူးလေး အဆင့်ထိ တက်အောင် စွမ်းဆောင်ပေးနိုင်ရန် လုံလောက်သည်။

” ဒီကောင်စုတ်လေး ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ ”
ပိုင်လင်းမှာ ထိုတာဝန်ကို စိတ်မပါလက်မပါဖြင့် ကြေငြာလိုက်ရတော့သည်။ ၎င်းသည် အရေခွံဆုတ်တပ်မှ ကြေငြာထားသည့် တာဝန်ဖြစ်သည့်အတွက် ဆုကြေးကို အရေခွံဆုတ်တပ်၏ ဘဏ္ဍာတိုက်ထဲမှ ထုတ်ပေးရမည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ သူက တာဝန်ကို ကြေငြာလိုက်ပြီး အများမသိခင်တွင် ပိုင်ရှောင်ချန်းကို ကြို၍ သတင်းပေးလိုက်တော့သည်။

ထိုတာဝန်မှာ စေတီတော်ကြီး၏ စာရင်းထဲတွင် ပေါ်လာသည်နှင့် လူအများ သတိထားမိသွားကာ အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

” တိုက်ပွဲစွမ်းဆောင်မှုရမှတ် ဆယ်သိန်းရမဲ့ တာဝန်တဲ့ဟ။ ဘုရားရေ။ မြန်မြန်။ အဲ့တာဝန်ကို ရအောင်ယူကြ။ ”

” ဘာ…ဘာတာဝန်တဲ့တုံးဟ။ ငါးကီလိုမီတာအကွာမှာ ရှိတဲ့ တောင်ကြားထဲမှာတဲ့။ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်အဆင့်ရှိတဲ့ ဝိညာဥ်ဦးချိုသမင်တစ်ကောင် ဟုတ်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုံးဟ။ ”

” ငါဒီတာဝန်ကို လိုချင်တယ်ဟေ့။ ”
ထိုတာဝန်ကို မြင်လိုက်ကြသည့် ကျင့်ကြံသူအားလုံးမှာ တတ်နိုင်သမျှ အစွန်းကုန်ကြိုးစားကာ ထိုတာဝန်ကို အရယူရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် သူတို့မှာ ပိုင်ရှောင်ချန်းကို မယှဥ်နိုင်ကြပေ။ သူသည် ထိုတာဝန်အား ကြေငြာမည်ကို ကြိုစောင့်နေသည်ဖြစ်ပြီး ပိုင်လင်းထံမှလည်း သတင်းများကြိုရထားသည်။ ထိုတာဝန် ပေါ်လာသည်နှင့် သူက လက်ခံလိုက်ပြီး သူ၏ဘေးနားတစ်ဝိုက်ရှိ အားကျသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့် အကြည့်များအောက်မှ မေးကိုမော့လျက် ထွက်လာလေသည်။

” ငါ့တာဝန်ကိုများ လုယူချင်တယ်ပေါ့ ဟုတ်လား။ ” သူက ရေရွတ်လိုက်သည်။
” အဲ့တာဝန်ကို ဖန်တီးထားတာ ငါကွ။ မင်းတို့ တာဝန်ကို လက်ခံနိုင်ရင်တောင် အဲ့တောင်ကြားထဲမှာ ဘာဝိညာဥ်ဦးချိုသမင်တစ်ကောင်မှ တွေ့မှာ မဟုတ်ဘူး။ ”
သူ့ကိုယ်သူ အလွန်ကျေနပ်နေပြီး သူ၏ထည့်စရာအိတ်ထဲသို့ ချောင်းကြည့်လိုက်သည်။ ထိုထဲတွင် ဝိညာဥ်စုစည်း ဆေးလုံးများဖော်စပ်စဥ်က လိုအပ်သောပစ္စည်းများအဖြစ် သူတောင်းဆိုခဲ့သည့် ဝိညာဥ်ဦးချိုအနည်းငယ် ရှိနေသည်။ ထိုထဲမှ တစ်ချောင်းမှာ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိသော သမင်တစ်ကောင်၏ ဦးချိုတစ်ချောင်း ဖြစ်ပေသည်။

” ကဲ ငါလုပ်ရမှာက အဲ့တောင်ကြားထဲကို ငါ့ရဲ့ အမိန့်ေပးဆွဲပြားနဲ့အတူသွားပြီးတော့ ပြန်လာပြီး တာဝန်ပြီးမြောက်ကြောင်း သတင်းပြန်ပို့ရုံပဲ။ ” လူတစ်ယောက်၏ အာဏာနှင့် အချိတ်အဆက်များကို အသုံးချကာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို ဤကဲ့သို့ ပြောင်ပြောင်တင်းတင်း ရယူနိုင်သည့်အချက်မှာ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသော အချက်တစ်ချက်ဖြစ်သည်။

သို့သော် သူ၏ အကြံအတိုင်း ဆက်သွားနေပါသော်လည်း တံတိုင်းကြီးအပြင်သို့ထွက်ရမည်ကို သူက စိုးရိမ်ကာ သတိကြီးကြီးထားနေဆဲပင်။ ထပ်မံတွေးတောလိုက်ပြီးနောက် အနည်းငယ်လေးမျှ စွန့်စား၍ မသင့်ကြောင်း သူက ဆုံးဖြတ်ချက်ချလိုက်သည်။

” ငါးကီလိုမီတာအကွာမှာပဲ ရှိတယ်ဆိုရင်တောင် ငါတစ်ယောက်ထဲသွားလို့ မဖြစ်ဘူး။ ငါနဲ့အတူ လူနည်းနည်းလောက် ထပ်ခေါ်သွားမှရမယ်။ ”
ဤအကြံသည် အကောင်းဆုံးဟု သူကယုံကြည်နေတော့သည်။ သို့သော် သူ၏ကိုယ်ပိုင်တပ်ရင်းထဲမှ အယောက်တစ်ထောင်လုံးကို အပါခေါ်သွားလျှင် အဓိပ္ပါယ်မရှိသည့် အရာကြီးတစ်ခုဖြစ်နေမည်ကိုလည်း သူကသိသည်။

အခြားတစ်ဖက်တွင်လည်း လူအနည်းငယ်သာခေါ်သွားပါက အန္တရာယ်ရှိနိုင်ပေသည်။ အဆုံးတွင် သူက အံကြိတ်ကာ ရေရွတ်လိုက်သည်။
” ဘယ်လိုပဲဖြစ်နေနေ ဂရုမစိုက်ဘူးကွာ။ ဘေးကင်းဖို့က ပထမဦးစားပေးပဲ။ အယောက်တစ်ထောင်လုံး ငါနဲ့အတူခေါ်သွားမယ်။ ”
ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ကာ ဤအကြောင်းကို သတင်းမပျံ့စေရန် သတိပေးလိုက်သည်။

မည်သူကမှ ပိုင်ရှောင်ချန်းကို မေးခွန်းပြန်မထုတ်သလို သူ ဘာလုပ်နေသည်ကိုလည်း မသိချင်ကြပေ။ သူသည် သူတို့၏ တပ်မှူးကြီး ဖြစ်ပြီး သူတို့၏ အသက်ကိုပါ ကယ်တင်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် ပိုင်ရှောင်ချန်းက အရပ်မျက်နှာတစ်ခုကိုသာ ညွှန်ပြလိုက်ပါက သွေးဆာနေသည့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် တက်ညီလက်ညီ တိုက်ခိုက်ကြမည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူတို့အားလုံးကို ကောင်းကောင်းမွန်မွန်၊ မျှမျှတတ ဆက်ဆံခဲ့သည်လည်း ဖြစ်သည်။ သူက သူ၏ကိုယ်ပိုင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို အသုံးပြုကာ သူတို့ကို ချပ်ဝတ်တန်ဆာများ၊ မှော်ပစ္စည်းများစွာတို့ဖြင့် လက်နက်အပြည့်တပ်ဆင်ပေးထားသည်။ သူကိုယ်တိုင်ဖော်စပ်ထားသည့် မှော်ဆေးလုံးများကိုပါ ခွဲဝေပေးထားသည်လည်း ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ တပ်ရင်းမှာ ဤစစ်တပ်ထဲရှိ အခြားတပ်ရင်းများထက် ပို၍ လက်နက်စုံလင်ကာ တိုက်ပွဲအတွက် ပို၍ကောင်းမွန်စွာ ပြင်ဆင်ပြီး ဖြစ်နေတော့သည်။

ရက်အနည်းငယ်မျှ ပြင်ဆင်လိုက်ပြီးနောက် တာဝန်ထမ်းဆောင်ရန် အချိန်ကျရောက်လာတော့သည်။ ထိုညတွင် လမင်းကြီးမှာ ထိန်လင်းမနေဘဲ မြေပြင်ကို အမှောင်ထုများက လွှမ်းခြုံထားသည်။ သူ၏တပ်ရင်းမှာ တံတိုင်းကြီးအပြင်သို့ထွက်ရလွယ်ကူစေရန် ရုပ်ဖျက်ထားကြပြီး ထွက်ခွာရန် ပြင်လိုက်ကြတော့သည်။

တပ်ရင်းထဲရှိ လူတိုင်းက တံတိုင်းကြီးတွင် တာဝန်ကျနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ဝိညာဥ်ကျင့်ကြံသူများ၏ အလုပ်လုပ်ပုံကို အလွန်ရင်းရင်းနှီးနှီး သိထားကြပြီဖြစ်သည်။ ထို့အပြင် မဟာတံတိုင်းမြို့တော်တဝိုက်ရှိ နယ်မြေများကိုလည်း ကောင်းကောင်းကျွမ်းကျင်သည်။ သူတို့ကိုယ်သူတို့ ဝိညာဥ်ကျင့်ကြံသူများအဖြစ် ရုပ်ဖျက်ကာ ဝိညာဥ်အချို့ကိုထုတ်၍ ဟန်ဆောင်မှုကို ပီပြင်စေလိုက်သဖြင့် အပြင်ဘက်သို့ရောက်သောအခါ ထင်ထင်ပေါ်ပေါ် ဖြစ်နေတော့မည် မဟုတ်ချေ။

သူတို့၏ ရုပ်ဖျက်မှုများမှာ စွမ်းအားကြီးကျင့်ကြံသူများ ရောက်လာလျှင် သို့မဟုတ် စိတ်စွမ်းအင်ကို အသုံးပြုရသည့် နတ်ဘုရားစွမ်းရည်တစ်ခုခုကို မဖြစ်မနေ အသုံးပြုရလျှင်သာ ပျက်ပြယ်သွားမည်သာဖြစ်သည်။

သာမန်ကျင့်ကြံသူနှင့် ဝိညာဥ်ကျင့်ကြံသူများ အကြားတွင် အခြေခံ ကွာခြားချက်များမှာ မရှိသလောက် နည်းသည်မဟုတ်ပါလော။ သိသာထင်ရှားသည့် ကွဲပြားချက်မှာ သာမန်ကျင့်ကြံသူများက စိတ်စွမ်းအင်ကိုအသုံးပြုသည်ဖြစ်ပြီး ဝိညာဥ်ကျင့်ကြံသူများမှာ ဝိညာဥ်စွမ်းအင်များကို အသုံးပြုကြခြင်းဖြစ်သည်။

တပ်ရင်း၏ ထောင်ဂဏန်းမျှရှိသော အဖွဲ့ဝင်များမှာ တိုက်ပွဲတိုက်စဥ်တွင်သုံးသည့် အခင်းအကျင်းများနှင့် ချီတက်ကြသည် မဟုတ်ပေ။ သူတို့မှာ လူစုခွဲကာ တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်သွားကြသည်။ သို့သော် ပိုင်ရှောင်ချန်းဆီက အမိန့်တစ်ခွန်းထဲနှင့်ပင် သူတို့အားလုံးမှာ နောက်သို့ အတူတကွပြန်ဆုတ်လာကြမည် ဖြစ်သည်။

သူ၏လက်အောက်ငယ်သားများအတွက် အစီအစဥ်များ သတ်မှတ်ပြီးနောက် ပိုင်ရှောင်ချန်းမှာလည်း သူ့ကိုယ်သူ ရုပ်ဖျက်လိုက်ပြီး အံကြိတ်ကာ တံတိုင်းအပြင်သို့ ထွက်သွားတော့သည်။

အပြင်ဘက်သို့ရောက်သောအခါ သူ၏မျက်နှာကို လက်ဖြင့်ကိုင်ကြည့်ပြီး ဂနာမငြိမ်သည့်အလား ခံစားနေရသေးသည်။ ထို့ကြောင့် သူ၏ ထည့်စရာအိတ်ကိုပုတ်လိုက်ပြီး ကောင်းကင်တံတားမြစ်ရေ အပြည့်ပါသော ရေပုံးတစ်ပုံးကို ထုတ်ယူလိုက်သည်။ ထိုရေထဲတွင် လူလိမ်ညမုဆိုးထံမှ သူရယူခဲ့သော အသားဖြင့် ပြုလုပ်ထားသည့် အလင်းဖောက်နိုင်သော မျက်နှာဖုံးတစ်ခုရှိနေသည်။ ထိုမျက်နှာဖုံးသည် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့် အငွေ့အသက်ကိုသာမက သက်စောင့်အား အခိုးအငွေ့များအထိ ပြောင်းလဲပေးနိုင်သည်။

” ဒီမျက်နှာဖုံးနဲ့ပတ်သတ်လို့ ဆန်းကြယ်တာတွေမှ အများကြီးပဲ။ ဒါပေမဲ့ ဒီအချိန်တော့ ငါ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အငွေ့အသက်ကို သေချာပေါက် ဖုန်းကွယ်မှရမှာ။ ”

” အခွင့်အရေးကို အသုံးချဖို့လိုတယ်။ တောင်ကြားထဲရောက်အောင်သွား၊ ပြန်လာပြီးရင် အရာအားလုံး ပြီးပါပြီ။ ”

” ပြီးတော့ တံတိုင်းကြီးနဲ့ ငါးကီလိုမီတာအကွာလောက်မှာရှိတဲ့ တောင်ကြားလေးတစ်ခုထဲမှာ မြေရိုင်းဒေသက စစ်တပ်တစ်တပ်နဲ့ ကြုံမှာလည်း မဟုတ်လောက်ပါဘူး။ အန္တရာယ် အဲ့လောက် မများပါဘူးကွ။ ”

ထိုသို့ရေရွတ်ကာ ကောင်းကင်တံတား မြစ်ရေထဲမှ မျက်နှာဖုံးကို ယူလိုက်ပြီး မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။ ချက်ချင်းပင် သူ၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားသည်။ သူက လူငယ်တစ်ယောက်မဟုတ်တော့ပဲ ဝါကျင့်ကျင့်အသားအရေရှိသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သွားတော့သည်။ ထို့အပြင် သူ၏စိတ်စွမ်းအင် အငွေ့အသက်များလည်း ပျောက်ဆုံးသွားပြီး ပြင်းထန်သော ဝိညာဥ်စွမ်းအင်များ အစားထိုးဝင်ရောက်လာတော့သည်။

ဤအချိန်တွင် သူသည် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်နှင့် တစ်ပုံစံထဲ ဖြစ်နေပြီဖြစ်သည်။

ထိုအခါမှသာ သူက စိတ်သက်သာရာရသွားပြီး အမှောင်ထုအောက်ရှိ ကုန်းမြေပေါ်တွင် စတင်လှုပ်ရှားလိုက်တော့သည်။ လရောင်ဖျော့ဖျော့လေးကြောင့် ကျောက်တုံးများနှင့် အလောင်းများ၏ အရိုးစုများ မှ အရိပ်များမှာ ကုန်းမြေကြီးပေါ်တွင် ဟိုတစ်စ သည်တစ်စ ပျံ့ကျဲနေသည်ကို မြင်နိုင်သည်။

ရံဖန်ရံခါ အမုန်း ဝိညာဥ်များ လေထဲတွင် လွင့်မျောနေသည်ကို တွေ့မြင်နိုင်ပြီး အသေကောင်များကို စားနေကြသည့် သားရဲများကလည်း တစ်ခါတရံ ခေါင်းများကို မော့ကြည့်ကာ ဘေးဘီဝဲယာကို အကဲခတ်နေကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset