Switch Mode

အခန်း (၆၀၂)

ကြယ်တာရာရင်းမြစ် အလင်းရောင်

” ငါက ဒုတိအဆင့် နတ်ဘုရင်ရဲ့ လက်အောက်မှာရှိတဲ့ တတိယတပ်ခွဲထဲက တတိယအဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်ပါ။ အခု မင်း ငါတို့အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သုတ်သင်ရှင်းလင်းရေး တာဝန်မှာ လိုက်ပါကူညီပေးဖို့ အမိန့်ပေးလိုက်တယ်။ ယာဉ်ပေါ်ကို တက်ပြီးတော့ မင်းနာမည်ကိုပြော ” ထို အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးက လှမ်းပြောလိုက်၏။ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များမှာ လှိုင်းတွ့န့်များအဖြစ် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် သူ၏စကားသံကြီးမှာ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်နေတော့သည်။

ထို့ကြောင့် မမလေးမှာ ချက်ချင်းဆိုသလိုပင် စိုးထိတ်သွားရပြီး အလောတကြီး ဆိုလိုက်၏ ” သူက နင့်ကို ယာဉ်ပေါ်တက်ဖို့ ပြောနေတာ။ ပြီးတော့ သူ့ကို နင့်ရဲ့… ”

ဝမ်ပေါင်လဲ့မှာ မမလေးအား စကားဆုံးအောင် ပြောခွင့်မပေးလိုက်ပေ။ သူ၏ အမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် သူလက်ရှိ ကြုံနေရသည့် အခြေအနေကြီးမှာ အလွန်အင်မတန်မှ အန္တရာယ်များကြောင်း သိထား၏။ သို့သော် စိုးရိမ်နေ၍ အကျိုးမရှိပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ လေပေါ်သို့ ပျံတက်သွားလိုက်ပြီး လေထဲတွင် ရစ်ဝဲနေသည့် တိုက်ပွဲသုံးယာဉ်ကြီးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်တော့သည်။ သူသည် ထိုယာဉ်ပေါ်သို့ ချက်ချင်းရောက်ရှိသွားပြီး အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ဘေး၌ ရပ်နေလိုက်၏။ ထို့နောက် သူသည် သူတို့အား အလျင်အမြန် အကဲခတ်ကြည့်လိုက်သောအခါ သူတို့၏ ချပ်ဝတ်တန်ဆာများမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးနှင့် မတူညီဘဲ ကွဲပြားသည်ကို မြင်လိုက်ရ၏။

သူ မြင်ဖူးခဲ့သမျှ တိုက်ပွဲသုံးယာဉ်အားလုံးပေါ်တွင် လူတစ်ယောက်စီသာပါခဲ့သည်ကို သူက သတိပြန်ရသွား၏။ ထို့ကြောင့် ထိုနှစ်ယောက်မှာလည်း မကြာသေးမီကမှ ယာဉ်ပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်မည်ဟု သူက ယုံကြည်နေသည်။ ထိုကျင့်ကြံသူနှစ်ယောက်မှာ ဝိညာဉ်ကြားခံနယ်အဆင့်ကျင့်ကြံသူကြီးအား သိပ်၍ လေးစားမှုမရှိသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခြောက်အောင် စဉ်းစားနေလိုက်တော့သည်။ ထို့နောက် မမလေး စကားဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ဦးညွှတ်အရိုအသေပေးခြင်းမရှိဘဲ ခေါင်းသာညိတ်ပြလိုက်ပြီး အမှောင်ဂိုဏ်းထဲ၌ သုံးသော ဘာသာစကားဖြင့် ဆိုလိုက်၏။

” ပေါင်လဲ့ပါ ”

သူထိုသို့ ဆိုလိုက်သည်နှင့် မမလေးမှာ ငြိမ်ကျသွား၏။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးမှာမူ ဝမ်ပေါင်လဲ့၏ ပြောဆိုပြုမူပုံအား ဂရုမစိုက်သည့်ပုံဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။ ထို့နောက် တိုက်ပွဲသုံးယာဉ်ကြီးမှာ ရှေ့သို့ ဆက်၍ပျံသန်းသွားတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။

သူသည် လက်ခြောက်ဖက်ရှိသော အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ပုံကို မသိထားပေ။ သို့သော် သူသည် ကျင့်ကြံသူ အသစ်နှစ်ယောက်နှင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လေးစားသမှုဖြင့် ပြောဆိုဆက်ဆံနေခြင်း မရှိကြသည်ကို သတိထားမိလိုက်သဖြင့် သူသည်လည်း သူတို့အား တရိုတသေ နှုတ်ဆက်မနေတော့ဘဲ ခေါင်းသာညိတ်ပြလိုက်ခြင်းဖြစ်သည်။

သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။ အဆုံးမဲ့မျိုးနွယ်စုမှ မဟာမိတ်အဖွဲ့တစ်ခု ဖြစ်သောကြောင့် ၎င်း၏ အဖွဲ့ဝင်များ၏ကြားရှိ ဆက်ဆံရေးများမှာ အလွန်အင်မတန်မှ ရှုပ်ထွေးလှပေသည်။ ထို့ကြောင့် အားနည်းသူများက အစွမ်းထက်သူများအား တရို‌တသေ နှုတ်ဆက်ရသည်မှာ ဓမ္မတာဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ရုံနှင့် ရပေသည်။

ထိုသို့ဖြင့် တိုက်ပွဲသုံးယာဉ်ကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်တောင်ဝင်ပေါက်၏ အဝေးသို့ ပျံထွက်သွား၏။ ဝမ်ပေါင်လဲ့မှာ ခရီးစဉ်တစ်လျှောက်လုံးတွင် နှုတ်ဆိတ်နေခဲ့သည်။ စစ်မြေကြီးပေါ်မှ တစ်နာရီတိတိ ဖြတ်၍ ပျံသန်းပြီးနောက် သူတို့၏ရှေ့တွင် ဧရာမမြို့ပျက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုမြို့ပျက်ကြီးမှာ အလွန်အင်မတန်မှကြီးမား၏။ ၎င်း၏ အတွင်းပိုင်းထဲတွင် ရှိနေသော အဆောက်အဦ မြောက်မြားစွာမှာမူ အတိုင်းအတာတစ်ခုအထိ အကောင်းပတိအတိုင်း ရှိနေဆဲပင်။ သူတို့စီးနင်းလာကြသည့် တိုက်ပွဲသုံးယာဉ်များသာ ထိုနေရာသို့ ရောက်ရှိလာကြသည်တော့မဟုတ်ပေ။ ထို မြို့ပျက်ကြီး၏ အထက်ရှိ ကောင်းကင်ယံထဲတွင် တိုက်ပွဲသုံးယာဉ် ဒါဇင်ပေါင်းမြောက်မြားစွာမှာ ၎င်းအား ဝန်းရံထားကြ၏။

” မင်းတို့ရဲ့ တာဝန်က အသက်ရှင်ကျန်ခဲ့သမျှ လူတွေအားလုံးကို သုတ်သင်ရှင်းလင်းဖို့ပဲ ” ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးမှာ တည်ကြည်စွာဆိုလိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ တိုက်ပွဲသုံးယာဉ်ထဲမှ ပျံထွက်သွားပြီး မြို့ပျက်ကြီးထဲသို့ ဦးတည်ပျံသန်းသွားတော့သည်။ ဝမ်ပေါင်လဲ့အပါအဝင် သူတို့နှင့်အတူ ပါလာသည့် တိုက်ပွဲသုံးယာဉ်များပေါ်၌ ရှိနေကြသော ကျင့်ကြံသူများအားလုံးမှာလည်း ထိုနည်းတူပင်။

အခြားနေရာများမှ ရောက်ရှိလာကြသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ကျင့်ကြံခြင်းအဆင့်များမှာ အမျိုးမျိုးကွဲပြားနေကြသည်ကို သိလိုက်ရ၏။ သူတို့ထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြပြီး အားအနည်းဆုံး လူများမှာ အမြုတေအဆင့်တွင် ရှိနေကြ၏။ ထို့အပြင် ယွမ်ယင်အဆင့်မှ ကျင့်ကြံသူအချို့လည်း ပါသေးသည်။

ဝမ်ပေါင်လဲ့မှာ အခြေအနေများကို အကဲခတ်ရင်း မြေပြင်ပေါ်သို့ တိတ်တဆိတ်ဆင်းသက်လာ၏။ သူသည် ရှေ့သို့ ဆက်လက်ချီတက်သွားနေရင် ဤ အဆုံးမဲ့မျိုးနွယ်စုဝင်များအား ချန်ထားခဲ့ပြီး တောင်ဝင်ပေါက်ဆီသို့ ပြန်သွားနိုင်မည့် နည်းလမ်းများကို စဉ်းစားနေတော့သည်။

အဆုံးမဲ့မျိုးနွယ်စုဝင်ပေါင်း မြောက်မြားစွာမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြပြီး တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ကြောင့် မြို့ပျက်ကြီးထဲတွင် ထစ်ချုန်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ခုခံတွန်းလှန်နေကြသည့် လူများ၏ အော်ဟစ်သံများနှင့် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ကြသည့် အသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေတော့သည်။

ဤ မြို့ပျက်ကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများ စုဝေးနေကြသော စခန်းများထဲမှ တစ်ခုဖြစ်ရပေမည်။ သူတို့မှာ အဆုံးမဲ့မျိုးနွယ်စုအား လက်မြှောက်အရှုံးပေးခဲ့ကြခြင်း မရှိပေ။ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မအဖွဲ့အစည်း ထွက်ခွာသွားခဲ့ပြီးနောက် ထိုကျင့်ကြံသူများမှာ နေရစ်ခဲ့ပြီး ကျယ်ပြန့်တာအိုဂြိုဟ်ကြီးနှင့်အတူ သေပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသော မြို့ပျက်ကြီးထဲ၌ ရှေ့သို့ တိတ်တဆိတ် ချီတက်လာ၏။ သူ၏ ဘေးနားတစ်ဝိုက်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်နှစ်ယောက် ရှိနေပြီး သူတို့နှစ်ယောက်၏ကြားမှ အကွာအဝေးမှာ ပေတစ်ထောင်ခန့် ရှိပေသည်။ သူတို့ထဲမှ တစ်ယောက်မှာ အမြုတေအဆင့်တွင် ရှိနေပြီး တခြားတစ်ယောက်မှာ ယွမ်ယင်အဆင့်တွင် ရှိနေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် သူတို့နှစ်ယောက်မသိအောင် ဤမြို့ပျက်ကြီးထဲမှ လစ်ထွက်နိုင်မည့် နည်းလမ်းများကို စဉ်းစားနေစဉ်မှာပင် သူတို့၏ ရှေ့တွင်ရှိနေသော အဆောင်တစ်ဆောင်ထဲမှ ယွမ်ယင်အဆင့် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုစွမ်းအင်လှိုင်းများမှာ အလွန်အင်မတန်မှ အစွမ်းထက်သောကြောင့် ထိုအဆောင်ကြီးမှာ အောက်သို့ ကျွံဝင်သွားရ၏။ ထိုအချိန်တွင် ထိုအဆောင်ထဲမှ လူတစ်ယောက်ပြေးထွက်လာပြီး ယွမ်ယင်အဆင့်တွင် ရှိနေသော အဆုံးမဲ့မျိုးနွယ်စုဝင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထိုကျင့်ကြံသူမှာ အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်းစွမ်းများမှာ မတည်မငြိမ်ဖြစ်နေပြီး သူမသည် ယွမ်ယင်အဆင့်တွင် ရှိနေသည့်တိုင်အောင် ဒဏ်ရာရထား၏။ သူမသည် ယွမ်ယင်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာပြီးနောက် သူ့အား ဝင်တိုက်လိုက်တော့သည်။

ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအမျိုးသမီးမှာ သွေးတစ်ပွက် အန်ထွက်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ ထို့နောက် သူမသည် နောက်သို့လှည့်ကာ အဝေးသို့ထွက်ပြေးသွားရန် ပြင်လိုက်တော့သည်။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင်မှာ နောက်သို့တွန်းထုတ်ခံလိုက်ရသည့်တိုင်အောင် ဒဏ်ရာအနည်းငယ်မျှသာ ရရှိသွား၏။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာပြီး သူမ၏နောက်သို့ ပြေးလိုက်သွားတော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ဖြစ်ပျက်သွားခဲ့၏။ သူသည် အပေါ်ယံတွင်မူ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် မြေကြီးအောက်သို့ ကျွံဝင်သွားသော အဆောင်အား မသိမသာ လှမ်း၍ အကဲခတ်လိုက်၏။ ထို့နောက် သူသည် ထိုအဆောင်ရှိရာဘက်သို့ မသွားဘဲ အခြားတစ်ဘက်သို့ ထွက်သွားလိုက်တော့သည်။

သို့သော် ဝမ်ပေါင်လဲ့အပြင် နောက်ထပ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို အဆုံးမဲ့မျိုးနွယ်စုဝင်မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုအဆောင်ဆီသို့ ပြေးသွားလိုက်၏။ သူ ထိုအဆောင်အနီးသို့ ရောက်ရှိသွားချိန်တွင် ၎င်း၏ အတွင်းပိုင်းထဲမှ စွမ်းအင်လှိုင်းများ ထပ်၍ ထွက်ပေါ်လာပြန်သည်။

ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကျောက်စကျောက်နများမှာ လေပေါ်သို့ လွင့်ထွက်သွားကာ အဆောင်ထဲမှ လူတစ်ယောက် ပျံထွက်လာ၏။ သူ၏ အငွေ့အသက်မှာမူ အမြုတေအဆင့်တွင် ရှိနေသည်။ ထိုကျင့်ကြံသူမှာ ထိုအဆုံးမဲ့မျိုးနွယ်စုဝင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေ၏။

သူသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်၏။ ထိုအသက်အရွယ်နှင့် အမြုတေအဆင့်သို့ တက်လှမ်းနိုင်သည်မှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာ ကောင်းပေသည်။ သူသည် ဒဏ်ရာရထားသည့်တိုင်အောင် သူ၏ တိုက်ကွက်များမှာ ရက်စက်ကြမ်းကြုတ်မှုအပြည့် ရှိနေဆဲပင်။ သို့သော် အဆုံးမဲ့မျိုးနွယ်စုဝင်မှာလည်း သူ့နည်းတူပင် အစွမ်းထက်နေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်သာ တိုက်ခိုက်ကြမည်ဆိုပါက အနိုင်ရရှိမည့်လူကို ခန့်မှန်းနိုင်ရန်မှာ မလွယ်ကူပေ။

ထို အဆုံးမဲ့မျိုးနွယ်စုဝင်မှာ ဝမ်ပေါင်လဲ့အား လှမ်း၍ အော်ခေါ်ကာ အကူအညီတောင်းလိုက်၏။ ထိုလူငယ်လေးမှာ ထိုအချင်းအရာကို မြင်လိုက်ရသောကြောင့် မျက်ဝန်းထဲ၌ စိတ်အားငယ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် နောက်သို့လှည့်၍ သူ၏နောက်ရှိ အဆောင်အား လှမ်းကြည့်ရန် ပြင်လိုက်ပါသော်လည်း နောက်ဆုံးတွင် ရပ်တန့်သွား၏။

သူ လှည့်ကြည့်စရာမလိုပေ။ သူနှင့် ခပ်လှမ်းလှမ်းအကွာတွင် ဝမ်ပေါင်လဲ့မှာ သူ ရှာနေသည့် မြင်ကွင်းအား မြင်လိုက်ရပြီဖြစ်သည်။ ထိုအဆောင်ထဲတွင် ကလေးမလေးတစ်ယောက်မှာ ကျောက်ပုံကြီးတစ်ခု၏ အောက်၌ ဒူးနှစ်ဖက်အား လက်ဖြင့်ပိုက်ကာ ဆောင့်ကြောင့်ထိုင်နေရင်း တစ်ကိုယ်လုံး တုန်ရီနေ၏။

သူမ၏ အဝတ်အစားများမှာ ညစ်ပတ်ပေရေနေသောကြောင့် သူမသည် သူဖုန်းစားတစ်ယောက်နှင့် တူနေသည်။ ယခုတွင် သူမသည် တိုက်ပွဲထဲရှိ လူငယ်လေးအား ‌စိုက်ကြည့်ရင်း မျက်ရည်များစီးကျလာ၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရသဖြင့် ပို၍ပင် တုန်လှုပ်ချောက်ချားသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှမပြောဘဲ ထိုမြင်ကွင်းအား စိုက်ကြည့်နေလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။ ထို့နောက် အနီးနားတစ်ဝိုက်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်များ ရှိမနေကြောင်း သေချာသွားသောအခါမှ သူသည် မျက်နှာသေကြီးဖြင့် ရှေ့သို့ ပျံထွက်လာတော့သည်။ သူသည် အရှိန်မြှင့်တင်လိုက်သောအခါ အပြန်အလှန်တိုက်ခိုက်နေကြသည့် ကျင့်ကြံသူနှစ်ယောက်၏အနီးသို့ ချင်းပင်ရောက်ရှိလာ၏။

ထိုအခါ အဆုံးမဲ့မျိုးနွယ်စုဝင်မှာ မျက်နှာတစ်ခုလုံး ဝင်းလက်တောက်ပသွားပြီး လူငယ်လေးမှာမူ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။ ထိုလူငယ်လေး သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ထပ်၍ အရှိန်မြှင့်တင်လိုက်သဖြင့် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ အဆုံးမဲ့မျိုးနွယ်စုဝင်၏ ဘေးမှ ဖြတ်သန်းသွားတော့သည်။

အဆုံးမဲ့မျိုးနွယ်စုဝင်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ခင်မှာပင် သူ၏ ခေါင်းသုံးလုံးမှာ တိခနဲ ပြတ်သွား၏။ ထို့နောက် ထိုဒဏ်ရာထဲမှ သွေးများပန်းထွက်လာပြီး သူ၏ ခေါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးမှာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

ထိုမြင်ကွင်းကြောင့် လူငယ်လေးမှာ မှင်တက်သွားရ၏။ သူသည် နောက်သို့အလျင်အမြန်ဆုတ်ခွာသွားပြီး အံ့အားသင့်ကာ အထူးအဆန်းဖြစ်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့အား မကြည့်ဘဲ လှည့်၍ ထွက်ခွာသွားရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူ အဆုံးမဲ့မျိုးနွယ်စု ဘာသာစကားဖြင့် စကားပြောခဲ့သည့် အချိန်ကတည်းက နှုတ်ဆိတ်သွားခဲ့သော မမလေးမှာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူမ မည်သို့မည်ဖုံ လုပ်လိုက်သည်ကို သူ မသိပါသော်လည်း ကြယ်တာရာရင်းမြစ် အလင်းရောင်တစ်ခုမှာ ဇဝေဇဝါဖြစ်နေသော လူငယ်လေးနှင့် ကလေးမလေးတို့အား လွှမ်းခြုံသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ မျက်စိရှေ့တွင် သူတို့၏ ခန္ဓာကိုယ်များမှာ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

” အဲဒီ ပုံရိပ်ယောင်တွေက နာရီဝက်ပဲခံမှာလို့ သူတို့ကို ပြောပေးဦး။ သူတို့တွေ မြန်မြန် ထွက်ပြေးဖို့လိုတယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်မိသွား၏။ မမလေး၏ လုပ်ရပ်များမှာ အဆင်အခြင် မဲ့လွန်းနေသည် မဟုတ်ပါလော။ ထို့အပြင် သူတို့နှစ်ယောက်သာ အဆုံးမဲ့မျိုးနွယ်စုဝင်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရမည်ဆိုပါက သူ ရင်ဆိုင်ကြုံတွေ့ရမည့် အန္တရာယ်များမှာ ပို၍ကြီးမားလာမည်ဖြစ်သည်။

ခဏအကြာတွင် မမလေးမှာ သူမ၏ အဆင်အခြင်မဲ့ လုပ်ရပ်များကို သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် သူမသည် ခေါင်းငုံ့သွားပြီး ပထမဆုံးအကြိမ်အဖြစ် တိုးတိုးလေးရေရွတ်လိုက်၏။

” ငါ တောင်းပန်ပါတယ် ”

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချလိုက်ပြီး နောက်သို့လှည့်ကာ ထိုလူငယ်လေးအား လှမ်းကြည့်လိုက်၏။ ထိုလူငယ်လေးမှာ သူ၏ခန္ဓာကိုယ် ပြောင်းလဲသွားမှုကြောင့် အံ့သြမှင်တက်နေခဲ့ရာမှာ သတိပြန်ဝင်လာပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော် ဘာသာစကားဖြင့် တိုးတိုးလေးလှမ်းပြောလိုက်၏။

” ဒီပုံရိပ်ယောင်က နာရီဝက်နေရင် ပျောက်သွားမှာ။ ဒီနေရာကနေ မြန်မြန်ထွက်သွားတော့ ”

လူငယ်လေးမှာ ထိုစကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံးတုန်ရီသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် တဆတ်ဆတ် တုန်ရီနေသည့် ကလေးမလေးအား လှမ်းဆွဲကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ ထိုအချိန်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားပြီဖြစ်သော ထို ကလေးမလေးမှာ နောက်သို့လှည့်ကြည့်ကာ ဝမ်ပေါင်လဲ့အား လှမ်းမေးလိုက်၏ ” အစ်ကိုကြီးရဲ့နာမည်က ဘာလဲရှင့် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်မှောက်ကြုတ်သွားပြီး ထိုကလေးမလေး၏ တောက်ပကြည်လင်နေသော မျက်ဝန်းများကို စိုက်ကြည့်မိလိုက်၏။ ထိုအချိန်တွင် သူသည် ပြည်ထောင်စုကြီး၏ အနာဂတ်အကြောင်းကို တွေးမိသွားသဖြင့် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်တော့သည်။

” ပေါင်လဲ့ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ဖြေလိုက်ပြီးနောက် နောက်သို့ပင် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ခွာသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset