Switch Mode

အခန်း (၆၀၁)

အစွမ်းအထက်ဆုံး နတ်ဘုရင်

မမလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ သူမ၏ အသက်ရှူသံများ မြန်ဆန်လာသည်ကို ကြားနေရ၏။

ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကျေနပ်မိသွားတော့သည်။ သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် ရုပ်အချောဆုံးယောက်ျား ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနှင့် ထောင်သောင်းများစွာသော မိန်းမငယ်လေးများမှာ သူ့အား တန်းတန်းစွဲ ဖြစ်သွားကြမည်သာဖြစ်သည်။ ထို့ကြောင့် မမလေးအား မြှူဆွယ်ရခြင်းမှာ သူ့အတွက် အလွန်အင်မတန်မှ လွယ်ကူပေသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမအား ဆက်၍ ဖားယားရန် ပြင်လိုက်စဉ်မှာပင် မမလေးမှာ သက်ပြင်းချကာဆိုလိုက်၏။

” တော်ပါတော့ ဖက်တီးရယ်။ ဟန်ဆောင်မနေ‌နဲ့တော့။ လုပ်စရာရှိတာသာ မြန်မြန်လုပ် ”

သူ၏ နည်းဗျူဟာမှာ အသုံးမဝင်တော့ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ် ပေကလပ်ဖြစ်ကာ မှင်တက်သွားရ၏။ သို့သော် သူသည် အရေထူသည့် လူတစ်ယောက်ဖြစ်ရာ ရှက်ကိုးရှက်ကန်း ဖြစ်မသွားသည့်အပြင် ပို၍ပင် စိတ်ဓာတ်များတက်ကြွလာ၏။ ထို့နောက် သူသည် အနည်းငယ်ခန့် ခါးကိုင်းကာ‌ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ပြေးသွားလိုက်ပြီးမှ သူ၏ ပုံပန်းသွင်ပြင်မှာ အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်ကို ပြန်၍သတိရသွားတော့သည်။ ထိုအခါမှသာ သူသည် ခါးပြန်မတ်လာပြီး မမလေး လမ်းညွှန်သည့်ဘက်သို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းသွားလိုက်တော့သည်။

ခဏအကြာတွင် တိုက်ပွဲသုံးယာဉ် သုံးစီးမှာ ကောင်းကင်ယံထဲ၌ ဖြတ်ပျံသွား၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ အထက်တွင် ရပ်သွားကြသည်။ ထိုတိုက်ပွဲသုံးယာဉ်‌များပေါ်တွင် စီးနင်းလာကြသည့် လူများမှာ ဝမ်ပေါင်လဲ့အား တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် သူ့အား လျစ်လျူရှုလိုက်ပြီး ထွက်ခွာသွားကြ၏။

ဝမ်ပေါင်လဲ့မှာလည်း သူတို့ကိုကြည့်ရင်း တိုက်ပွဲသုံးယာဉ်တစ်စီး လိုချင်လာ၏။ သို့သော် သူသည် ထိုကဲ့သို့ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် သက်ပြင်းချကာ ရှေ့သို့ဆက်လျှောက်သွားလိုက်တော့သည်။ သူသည် အဆောက်အဦ အပျက်အစီး မြောက်မြားစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။

” မမလေး။ အရေးမကြီးဘူးဆိုရင် ကျွန်တော် လမ်းကပစ္စည်းတွေကို ကောက်ခဲ့လို့ရလား ”

စစချင်းတွင် မမလေးမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား ငြင်းဆန်ရန် ပြင်လိုက်ပါသော်လည်း ထိုသို့ငြင်းဆန်ရန် အကြောင်းပြချက်မရှိကြောင်း သိထား၏။ ထို့ကြောင့် သူမသည် သဘောတူသည့် ပုံစံဖြင့် နှုတ်ဆိတ်နေလိုက်တော့သည်။

မမလေး နှုတ်ဆိတ်နေသည်ကို သတိထားမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရ၏။ ထို့ကြောင့် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အပျက်အစီးများ၏ အနီးသို့ ချဉ်းကပ်သွားလိုက်ပြီး ထိုနေရာတစ်ခုလုံးအား အသေးစိတ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် သူသည် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိခိုက်ပျက်စီးနေသော ဓမ္မရတနာအနည်းငယ်အား ရှာတွေ့သွားတော့သည်။

ထို ဓမ္မရတနာများ၏ နဂိုမူလ ပုံပန်းသွင်ပြင်များကို ခန့်မှန်းကြည့်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ပညာရပ်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရာ ၎င်းတို့အား တမူထူးခြားသော ကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် ၎င်းတို့အား အစိတ်အပိုင်းတစ်ခုချင်းစီ ပြန်ဖြုတ်ကာ ပြန်၍အသုံးပြုရန် ရည်ရွယ်ထားသည်။

မမလေး၏ နှုတ်ဆိတ်နေမှုနှင့်အတူ ဝမ်ပေါင်လဲ့မှာ ရတနာများအား ဆက်၍ရှာဖွေနေတော့သည်။ သူသည် သူ အသုံးပြုနိုင်မည်ဟု ယူဆသော ပစ္စည်းများအားလုံးကို တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သိမ်းယူခဲ့၏။

သူသည် လမ်းတစ်လျှောက်တွင် အဆုံးမဲ့မျိုးနွယ်စုဝင် ကင်းစောင်အချို့နှင့် ကြုံခဲ့ရပါသော်လည်း မမလေးမှာ ကျယ်ပြန့်ဥပဒေသများကို အသုံးပြု၍ သူ့အား ရုပ်ဖျက်ပေးထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုတွေ့ဆုံကြုံကြိုက်မှုများမှာ အန္တရာယ်မရှိခဲ့ပေ။ ထိုသို့ဖြင့် သူ ရှာဖွေစုဆောင်းမိသည့် ရတနာအရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာတော့သည်။

ဝမ်ပေါင်လဲ့မှာ လမ်းတွင် ရှာတွေ့ခဲ့သမျှ အရာအားလုံးကို တစ်ခုမကျန် သိမ်းဆည်းခဲ့၏။ ထို့နောက် သူသည် မမလေး၏ လမ်းညွှန်မှုအတိုင်း ကျယ်ပြန့်တာအိုနန်းတော်တောင်၏ ဝင်ပေါက်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းတွင် ရှိနေခဲ့စဉ်ကတည်းက ထိုဝင်ပေါက်ထဲမှ ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာနေခဲ့သည်ကို ကြားခဲ့ရ၏။ ယခုတွင် သူသည် ထိုဝင်ပေါက်၏ အနီးသို့ ရောက်ရှိလာပြီဖြစ်ရာ ကတော့ပုံစံ ဧရာမ ဓမ္မအဆောင်ကြီးတစ်ခုမှာ ထိုတောင်ထိပ်အား ထိုးဖောက်ထားသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ မြေအောက်ထဲမှ အမည်မသိစွမ်းအင်များကို စုပ်ယူရင်း အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နေ၏။ ထိုစုပ်ယူခြင်း လုပ်ငန်းစဉ်မှာ ပြင်းထန်လွန်းလှသောကြောင့် လေထဲတွင် ထစ်ချုန်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေရခြင်း ဖြစ်ပေသည်။

ထိုဓမ္မအဆောင်ကြီးနှင့် ယှဥ်လိုက်ပါက ဝမ်ပေါင်လဲ့မှာ သေးဖွဲသိမ်နုတ်သော ပုရွက်ဆိတ်တစ်‌ကောင် ကဲ့သို့ပင်။ သူသည် ထိုဓမ္မအဆောင်ကြီးကြောင့် စိတ်ထဲ၌ သိမ်ငယ်စိတ်များပင် ဝင်လာရ၏။

” ဒီ ဧရာမဓမ္မအဆောင်ကြီးက ဘာကြီးလဲဟ။ ဒီမှာ ဘာလုပ်နေတာလဲ ” ဝမ်ပေါင်လဲ့မှာ တံတွေးများ မျိုချရင်း စိတ်ထဲ၌တွေးမိလိုက်၏။

” ဒါ အဆုံးမဲ့မျိုးနွယ်စုရဲ့ ဒုတိယအဆင့် နတ်ဘုရင်ကြီးပိုင်တဲ့ အဆီအနှစ်စုပ်ယူတဲ့ မျှော့ကြီးပဲ။ အဲဒီမျှော့ကြီး ကြယ်အဖွဲ့အစည်းတစ်ခုရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီးရင် နတ်ဘုရင်ကြီးက အဲဒီ အဆီအနှစ်တွေကို သူ အဆင့်တက်လာဖို့အတွက် လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုတာ။ အဲဒီ ဒုတိယအဆင့် နတ်ဘုရင်ကြီးရဲ့ လက်အောက်မှာ အခုလို ကြယ်အဖွဲ့အစည်း ကိုးခုတိတိ ရှိတယ်။ သူက အဲဒီ ကြယ်အဖွဲ့အစည်းတွေအကုန်လုံးရဲ့ အဆီအနှစ်တွေကို အသုံးပြုပြီးတော့ ဘုရင်အဆင့်ကနေ ဧကရာဇ်အဆင့်ကို ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေတာ။ အဆုံးမဲ့မျိုးနွယ်စုထဲမှာ နတ်ဘုရင်သုံးဆယ့်ခုနစ်ယောက်တိတိ ရှိပြီးတော့ သူတို့ရဲ့အထက်မှာ နတ်ဧကရာဇ်ငါးယောက်လည်း ရှိသေးတယ် ” မ‌မလေးမှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ဖြေလိုက်၏။

” နတ်ဘုရင် သုံးဆယ့်ခုနစ်ယောက်နဲ့ နတ်ဧကရာဇ်ငါးယောက် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေး သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ အမှောင်အိပ်မက်ထဲတွင် ရှိခဲ့စဉ်တုန်းက အဆုံးမဲ့မျိုးနွယ်စု၌ ဧကရာဇ်များ ရှိနေခဲ့သည်ကို မြင်ခဲ့ရသည်မဟုတ်ပါလော။ သို့သော် သူတို့မှာ ငါး‌ယောက်မဟုတ်ဘဲ ကိုးယောက်အထိ ရှိခဲ့ကြ၏။ ထိုစဉ်တုန်းက အမှောင်ဂိုဏ်းထဲ၌ ပေါ်ပေါက်လာခဲ့သည့် ကျင့်ကြံသူမှာ ဧကရာဇ်ထို့မူ ဖြစ်ပေသည်။ သူ၏လက်အောက်တွင် နတ်ဘုရင်ခြောက်ယောက်အထိ ရှိခဲ့၏။ အမှန်တွင် သူသည် နတ်ဧကရာဇ်များအားလုံးထဲတွင် အစွမ်းအထက်ဆုံး ထိပ်ဆုံးသုံးယောက်ထဲ၌ ပါပေသည်။

သို့သော် နတ်ဘုရင်များနှင့် နတ်ဧကရာဇ်များ၏ အရေအတွက်မှာ လျော့နည်းသွားပြီဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ယခုတွင် အနည်းဆုံး နတ်ဧကရာဇ် လေးယောက်တိတိ လျော့နည်းသွားပြီဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရသည်။ သူတို့မှာ တိုက်ပွဲများထဲတွင် ကျဆုံးသွားခဲ့ခြင်း ဖြစ်ရပေမည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားသံထဲ၌ ကိန်းအောင်နေသည့် လွမ်းဆွတ်တမ်းတမှု အငွေ့အသက်များကိုလည်း အာရုံခံမိလိုက်သေးသည်။ ထို့ကြောင့် သူသည် ထပ်မေးမိလိုက်၏။

” ဒုတိယအဆင့် နတ်ဘုရင်တောင် ဒီလောက်အထိ အစွမ်းထက်နေတာလား။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲဗျ။ ကြယ်နယ်မြေအဆင့်လား။ ဘုရင်အဆင့်ဆိုတာကရော ဘယ်လို ကျင့်ကြံခြင်းအဆင့်မျိုးလဲဗျ။ ပြီးတော့ ပထမအဆင့် နတ်ဘုရင်ကြီးကရော ဘယ်လောက်အထိအစွမ်းထက်တာလဲ ”

အကယ်၍ အခြားတချိန်ချိန်တွင်သာဆိုပါက မမလေးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းများကို ပြန်ဖြေခဲ့မည်မဟုတ်ပေ။ သို့သော် သူတို့မှာ သူမ၏ ဇာတိမြေဆီသို့ ရောက်နေသည်မဟုတ်ပါလော။ မမလေးမှာ အပေါ်ယံတွင် အေးဆေးတည်ငြိမ်နေသည့်ပုံ ပေါက်နေပါသော်လည်း နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ဗြောင်းဆန်နေရပြီဖြစ်သည်။ ထို့ကြောင့် သူမသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

” အဆုံးမဲ့မျိုးနွယ်စုရဲ့ ဘုရင်အဆင့်က ကြယ်နယ်မြေအဆင့်နဲ့ အတူတူပဲ။ ဒုတိယအဆင့် နတ်ဘုရင်ကြီးက ကြယ်နယ်မြေ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီဆိုတော့ ဧကရာဇ်အဆင့်ကိုရောက်ဖို့ တစ်လှမ်းပဲလိုတော့တာ ”

” ပထမအဆင့် နတ်ဘုရင်ကြီးကတော့ … ” မမလေးမှာ ထိုသို့ဆိုရင်း အတွေးများထဲတွင် နစ်မျောသွားသည့်ပုံပင်။ ထို့နောက် သူမသည် ‌တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်၏။

” ပထမအဆင့် နတ်ဘုရင်ကြီးက အဆုံးမဲ့မျိုးနွယ်စုထဲမှာ တော်တော်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့နာမည်ကို သိထားတဲ့လူ သိပ်မရှိဘူး။ ဒါပေမဲ့ သူ ဘယ်လောက်အထိ ကြောက်ဖို့ကောင်းသလဲဆိုတာကို သက်သေပြနိုင်တဲ့ ကောလာဟလ နှစ်ခုရှိတယ်။ သူက ပဉ္စမအဆင့် နတ်ဧကရာဇ်ကြီးကို စိန်ခေါ်ခဲ့တာတဲ့။ အဲဒီ စိန်ခေါ်မှုက ဘယ်လိုအဆုံးသတ်သွားခဲ့တယ်လို့ နင်ထင်လဲ ” မမလေးမှာ ဝမ်ပေါင်လဲ့အား ပြန်မေးလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရသည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်၏ ” သူ ရှုံးသွားခဲ့ပေမဲ့ သေမသွားခဲ့တာလား ”

” သူက နိုင်သွားတာ ” မမလေး၏ အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ သူသည် အမှောင်အိပ်မက်ထဲသို့ မရောက်ဖူးထားလျှင် ကိစ္စမရှိပေ။ သို့သော် သူသည် ထိုအိပ်မက်ကြောင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက်၏ ကြားရှိခြားနားချက်ကို သာမန်လူများထက် ပို၍ နားလည်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မမလေး၏ အဖြေအား လုံးဝဖြစ်နိုင်မှုမရှိဟု ပြန်လည်တုံ့ပြန်မိခြင်း ဖြစ်သည်။

အခြားလူများမှာလည်း သူ့အတိုင်းပင် တွေးခဲ့ရပေမည်။ ထို့ကြောင့်လည်း မမလေးမှာ ၎င်းအား ကောလာဟလတစ်ခုဟု ပြောခဲ့သည် မဟုတ်ပါလော။

” ဒုတိယ ကောလာဟလကရော ” ပထအအဆင့် နတ်ဧကရာဇ်ကြီးမှာ သူ၏စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် အစွမ်းထက်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သိချင်ဇောဖြင့် ထပ်မေးမိလိုက်၏။

” ဒုတိယကောလာဟလကို ယုံတဲ့လူက ပိုနည်းတယ်။ ငါကတော့ မယုံဘူး။ အဲဒီကောလာဟက… အရင်တုန်းက အဆုံးမဲ့မျိုးနွယ်စုထဲမှာ နတ်ဧကရာဇ်ကိုးယောက် ရှိခဲ့တာကို သူက အဲဒီထဲက လေးယောက်ကို သတ်ပစ်ခဲ့တာတဲ့။ ဒါပေမဲ့ ကျန်တဲ့ နတ်ဧကရာဇ်တွေက သူ့ကို ပြဿနာမရှာခဲ့ဘူးတဲ့။ ငါက အဲ့အချက်ကို သဘောမတွေ့တာ။ အဲတာမလို့လည်း ဒါတွေက ကောလာဟလစကားတွေအဆင့်မှာပဲ ရှိတာပါ။ နင်လည်း အဲ့လိုပဲ မှတ်ထား ”

ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးကာ နှလုံးသားထဲ၌ ခံစားချက်မျိုး ဗြောင်းဆန်သွားရတော့သည်။ မမလေးမှာ ထိုကောလာဟလအား မယုံပါသော်လည်း ယခင်တုန်းက အဆုံးမဲ့မျိုးနွယ်စုထဲ၌ နတ်ဧကရာဇ် ကိုးယောက် ရှိခဲ့ဖူးသည်ကို ဝမ်ပေါင်လဲ့က သိထားသည်မဟုတ်ပါလော…

” ဒါဆို အဲဒီ ကောလာဟလတွေက အမှန်ပဲလား။ အဲလိုသာဆိုရင် ပထမအဆင့် နတ်ဘုရင်ကြီးက တော်တော်လေးကို အစွမ်းထက်မှာပဲ ” ဝမ်ပေါင်လဲ့မှာ မမလေးအား မေးခွန်းများ ထပ်မေးချင်ပါသော်လည်း သူမ၏အမူအရာ ညှိုးငယ်လာသည်ကို သတိထားမိလိုက်သဖြင့် ဆက်မမေးတော့ပေ။ ထို့နောက် သူတို့ တောင်ဝင်ပေါက်နားသို့ ရောက်လာချိန်တွင် မမလေးမှာ စကားထပ်ပြောလိုက်၏။

” ဒီ တောင်ဝင်ပေါက်ကနေ မဝင်နဲ့။ တောင်နောက်ဘက်ကို သွားလိုက်။ အဲဒီနေရာကိုရောက်ရင် ငါ နင့်ကို လျှို့ဝှက်လမ်းတစ်လမ်း ပြမယ် ”

ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ လမ်းကြောင်းပြောင်းကာ တောင်နောက်ဘက်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။ သူသည် ရှေ့သို့လျှောက်လှမ်းနေရင်း တောင်ထိပ်အလယ်ရှိ ဧရာမ ဓမ္မအဆောင်ကြီးအား မကြာခဏဆိုသလို လှမ်း၍ကြည့်ကာ စိတ်ဓာတ်များကျလာရတော့သည်။ သူသည် အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက နတ်ဧကရာဇ်ကြီး သူ၏ ရင်သွေး၏ ဝိညာဉ်အား ပြန်တောင်းရန် ရောက်လာခဲ့သည့် အချိန်တုန်းကသာ အဆုံးမဲ့မျိုးနွယ်စုနှင့် ကြုံတွေ့ခဲ့ရသည်မဟုတ်ပါလော။ ၎င်းတို့နှင့် ပတ်သတ်သည့် အခြားအကြောင်းအရာများကို သူသည် မှတ်တမ်းများထဲတွင်သာ ဖတ်ရှုခဲ့ရ၏။

” အဆုံးမဲ့မျိုးနွယ်စုက မျိုးနွယ်စုတစ်ခုထဲ မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်စုကို အဓိကထားပြီးတော့ ဖွဲ့စည်းထားတဲ့ ဧရာမမဟာမိတ်အဖွဲ့ကြီးတစ်ခုပဲ။ အဲဒီမျိုးနွယ်စုထဲမှာ လူမှုအဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့က ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ကျော်လွန်နိုင်ဖို့အတွက် မဟာမိတ်တွေဖွဲ့ပြီးတော့ အမှောင်ဂိုဏ်းကို တိုက်ခိုက်ခဲ့ကြတာ။ သူတို့က အမှောင်ဂိုဏ်း မိုးကောင်းကင်တာအိုရဲ့ကိုယ်စား သူတို့ရဲ့ဝိညာဉ်တွေကို လမ်းပြပေးနေတာကို တားဆီးချင်ကြတာ… ”

” နောက်တော့… အမှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးတွေ သေဆုံးသွားခဲ့ပြီးတော့ မိုးကောင်းကင်တာအိုလည်း ပျက်စီးသွားခဲ့ရတာမလို့ အဆုံးမဲ့မျိုးနွယ်စုအဖွဲ့အစည်းက တန်ခိုးအာဏာ ကြီးထွားလာတာပဲ ” ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့မျိုးနွယ်စုအကြောင်း ပြည့်ပြည့်စုံစုံ မသိထားသေးပါသော်လည်း လုံလောက်ပေသည်။ သူသည် စိတ်ထဲတွင် သက်ပြင်းများချနေရင်း သူ၏အတွေးများမှာ ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်လာ၏။

အဆုံးမဲ့မျိုးနွယ်စု တန်ခိုးအာဏာ ကြီးထွားနေသည့် ဤ စကြဝဠာကြီးထဲတွင် ပြည်ထောင်စုကြီး၏ အနာဂတ်မှာ မလှပနိုင်ပေ။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာရင် ကျယ်ပြန့်တာအိုနန်းတော်တောင်၏ နောက်ဘက်သို့ တဖြည်းဖြည်းနှင့် ရောက်လာ၏။ ထိုအချိန်တွင် မမလေး၏ ထိတ်ထိတ်ပျာပျာ စကားသံတစ်သံ ထွက်ပေါ်လာသည်။

” သတိထား။ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ လာနေပြီ ”

သူမ ထိုသို့ဆိုလိုက်သည်နှင့် ကောင်းကင်ယံထဲ၌ တိုက်ပွဲသုံးယာဉ် ခုနစ်စီး၊ ရှစ်စီးခန့် ပေါ်ပေါက်လာ၏။ ရှေ့ဆုံးမှ ယာဥ်သုံးစီးထဲတွင် လူတစ်ယောက်စီပါပြီး အခြားယာဉ်များထဲတွင်မူ လူ သုံးယောက်မှ ငါးယောက်အထိ ပါကြ၏။ ၎င်းတို့မှာ ကောင်းကင်ပေါ်မှ ဖြတ်ပျံသွားရင်း တစ်စီးမှာ ရပ်တန့်သွား၏။ ထို့နောက် ထိုယာဉ်ပေါ်၌ ရပ်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် သုံးယောက်ထဲမှ တစ်ယောက်မှာ အောက်ဘက်ရှိ အပျက်အစီးများ၏ ကြားတွင်ရပ်နေသော ဝမ်ပေါင်လဲ့အား ခေါင်းငုံ့ကာ လှမ်းကြည့်လိုက်သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် ဝမ်ပေါင်လဲ့ နားလည်နိုင်သည့် ဘာသာစကားဖြင့် စကားတစ်ခွန်းပြောလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset