” မဟုတ်မှလွဲရော ကောင်းကင်ဘုံကများ ပိုင်ရှောင်ချန်းဆိုတဲ့ ငါ့ကို မနာလိုနေတာများလား။ ငါ စစ်ဦးစီးမှူး လုံးဝ မဖြစ်ဖို့များ ကံပါလာသလားကွာ။ ”
ဝမ်းနည်းမှုများစွာဖြင့် သူက လက်ကိုနောက်ဘက်တွင် ယှက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်တော့သည်။ အနည်းငယ်ကြာသောအခါ သူက သက်ပြင်းချလိုက်ပြီး နောက်လှည့်ကာ စေတီကြီးဆီမှ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် အနီးအနားရှိ ကျင့်ကြံသူတစ်ယောက်က သူ၏ ထည့်စရာအိတ်ကိုဖွင့်လိုက်ပြီး အမုန်းဝိညာဥ်များစွာကို ထုတ်ယူလိုက်သည်။ ထည့်စရာအိတ်များသည် ဝိညာဥ်များကို ကြာကြာထည့်မထားနိုင်သဖြင့် ထိုဝိညာဥ်များမှာ အရောင်များပင် မှေးမှိန်စပြုနေပြီဖြစ်သည်။ သူတို့က အပြင်သို့ရောက်လာသောအခါတွင် မျက်လုံးကြီးဆီမှ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာတော့သည်။
တစ်ခဏအတွင်း ထိုဝိညာဥ်များမှာ စုပ်ယူခံလိုက်ရပြီး ဧရာမမျက်လုံးကြီးမှာ အားအင်ပြည့်ဖြိုးသွားသည့်အသွင် ပေါ်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် ရပ်ကြည့်နေတော့သည်။ ထိုဝိညာဥ်အားလုံးကို လဲလှယ်လိုက်ပြီးနောက် စောစောက ကျင့်ကြံသူမှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်အချို့ ရရှိသွားသည်မှာ အသေအချာပင်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ် ပြန်လည်တက်ကြွသွားတော့သည်။
သူက တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ပေါင်ကို ရိုက်လိုက်တော့သည်။
” ဟုတ်သားပဲ။ ဘာလို့များ မေ့သွားရတာတုံး။ ဝိညာဥ်တွေကို အပ်ပြီး တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ ယူလို့ရတာပဲ။ မင်းဝိညာဥ်တွေ များများ အပ်နိုင်သလောက် တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေက ဆက်တိုက် တက်လာမှာပဲ။ ”
ထိုသို့ စိတ်လှုပ်ရှားပြီး တစ်ခဏအကြာတွင် သူက ပို၍ စိတ်ဓာတ်ကျသွားရပြန်တော့သည်။
” အဲဒါလည်း အဆင်ပြေမှာ မဟုတ်သေးပါဘူး ”
လတ်တလောတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းမရှိသဖြင့် စစ်မြေပြင်ပေါ်တွင် ဝိညာဥ်များမှာ မရှိသလောက်နည်းပါးနေမည် မဟုတ်ပါလော။ သူသည် ဝိညာဥ်များကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်နေပြီ ဖြစ်ပါသော်လည်း သူ၏ ကျွမ်းကျင်မှုများကို အသုံးချစရာ နေရာ ရှိမနေပေ။ ထို့ကြောင့် သက်ပြင်းချကာ သူက အဝေးသို့ ထွက်ခွာသွားတော့သည်။
သူ၏ ဋ္ဌာနချုပ်သို့ ပြန်ရောက်လာပြီးနောက် စိတ်ပျက်လက်ပျက် ထိုင်ချကာ ထိုကိစ္စကို ရှုထောင့်ပေါင်းစုံမှနေ၍ တွေးတောသုံးသပ်နေတော့သည်။ အဆုံးတွင် သူသည် တစ်ခုထဲသော အဖြေကိုသာ ရလိုက်လေသည်။ ဝိညာဥ်များစွာ ထပ်လိုချင်ပါက မဟာတံတိုင်းမှ ထွက်ခွာကာ မြေရိုင်းဒေသထဲသို့သွား၍ သူကိုယ်တိုင် ကိုယ်ကျ ရှာဖွေရမည်ဖြစ်သည်။
” မဖြစ်ပါဘူး။ အဲဒီလိုတော့ ငါမလုပ်နိုင်ဘူး။ တော်တော် အန္တရာယ်များလွန်းတယ်။ အသက်ပျောက်မဲ့ လမ်းကြီးကို ငါသိသိကြီးနဲ့ မသွားနိုင်ပါဘူး။ ”
သူက သက်ပြင်းချကာ ထိုအကြံကို စွန့်လွှတ်လိုက်တော့သည်။ ဋ္ဌာနချုပ်အပြင်ဘက်တွင် ဝေ့လည်ကြောင်ပတ် လုပ်နေရန် ဆန္ဒမရှိတော့သဖြင့် သူ၏ ထာဝရအသက်ရှည်နည်းကျင့်စဥ်ကိုသာ အာရုံစိုက်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။
ထာဝရအသက်ရှည်နည်းကျင့်စဥ်၏ တတိယအဆင့်သည် ထာဝရ အရွတ်ကြောများ ဖြစ်သည်။ သူသည် သူ၏ဦးခေါင်းကို ကျင့်ကြံပြီးပါက ထိုအဆင့်အောင်မြင်သွားမည်သာ ဖြစ်သည်။ ဤအချိန်တွင် သူ့ထံ ဆေးလုံးများဖော်စပ်နိုင်သည့် ဆေးပင်အမျိုးမျိုး ရှိပါသော်လည်း ဦးခေါင်းမှာ ခြေလက်များ၊ ခန္ဓာကိုယ်များနှင့် မတူညီကြောင်းကို သူက သိပေသည်။ ထို့ကြောင့် သူက သတိကြီးကြီးထားကာ ကျင့်ကြံနေတော့သည်။ အနည်းငယ် ကြိုးစားလိုက်ပြီးနောက် ဦးခေါင်းတွင် ထာဝရအရွတ်အကြောများကို ကျင့်ကြံရသည်မှာ အလွန် အန္တရာယ်များကြောင်းကို သူက သိသွားလေသည်။ ထို့ကြောင့် သူက ဆက်မကျင့်တော့ပဲ ထိုအခြင်းအရာကို သုံးသပ်ဆင်ခြင်ကာ အဖြေရှာနေတော့သည်။
ခဏအတွင်း နှစ်ဝက်ခန့် ကုန်လွန်သွားတော့သည်။ နောက်ထပ် လအနည်းငယ်အတွင်း မဟာတံတိုင်းဆီ ပိုင်ရှောင်ချန်း ရောက်ရှိနေသည်မှာ သုံးနှစ်တိတိ ပြည့်သွားတော့မည် ဖြစ်သည်။ ထိုတစ်လပြီးတစ်လ ကုန်ဆုံးနေစဥ်အတွင်း တိုက်ပွဲများမှာလည်း ဟိုဟိုသည်သည် ဖြစ်ပွားနေတော့သည်။ တိုက်ပွဲတစ်ခု ရောက်ရှိလာတိုင်း ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားရ စမြဲပင်။ သူကိုယ်တိုင် ဝင်ရောက်မတိုက်ခိုက်သော်လည်း သူ၏ လက်အောက်ခံများက တိုက်ခိုက်နေကြသဖြင့် သူသည် ဝိညာဥ်များနှင့် တိုက်ပွဲစွမ်းဆောင်မှုရမှတ် အချို့ကို ရရှိနေဆဲပင်။
သို့သော် စစ်ဦးစီးမှူး တစ်ယောက်ဖြစ်ဖို့အတွက်ဆိုလျှင်မူ အချိန်အကြာကြီး လိုအပ်မည်သာ ဖြစ်သည်။
သုံးနှစ်ဆိုသောအချိန် မပြည့်မီ နှစ်လအလိုတွင် သူသည် ထာဝရအသက်ရှည်နည်း ကျင့်စဥ်ကို သူ၏ဋ္ဌာနချုပ် အလယ်တည့်တည့်တွင် ကျင့်ကြံနေသည်။ ယခုအခါ သူ၏ဦးခေါင်းရှိ ထာဝရအရွတ်အကြောများ၏ ကျင့်ကြံမှုမှာ ငါးဆယ်ရာခိုင်နှုန်းခန့်ထိ ပြီးစီးသွားပြီဖြစ်သည်။ သို့သော် သူက သူ၏ ကျင့်ကြံခြင်း အရှိန်ကိုလျှော့ချလိုက်တော့သည်။ ဦးခေါင်းပိုင်းတွင် ထာဝရ အရွတ်အကြောများကို ကျင့်ကြံရသည်မှာ ခက်ခဲလွန်းလှပြီး သေမလိုဖြစ်ခဲ့သည့် အချိန် အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည်။
တစ်ရက်တွင် သူ၏ ထည့်စရာအိတ်ထဲရှိ တစ်စုံတစ်ရာက အနီရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်ကို သူကသတိထားမိလိုက်သည်။ ထို့ကြောင့် တအံ့တသြဖြစ်သွားပြီး တရားထိုင်နေရာမှ မျက်လုံးများကိုဖွင့်ကာ ငုံ့ကြည့်လိုက်တော့သည်။
” ဘာတွေ ဖြစ်နေတာတုံး ”
သူက သိလိုဇောနှင့် ရေရွတ်လိုက်သည်။ သူ၏ ထည့်စရာအိတ်ကို ဖွင့်လိုက်သည်နှင့် သူ၏ အမှတ်အသားဆွဲပြားထဲမှ မျက်စိကျိန်းမတတ် စူးရှတောက်ပသော အနီရောင် အလင်းတန်းများ ပေါ်ထွက်လာတော့သည်။
” အရောင်တွေ တောက်နေပါ့လား။ ”
သူက တွေးလိုက်လေသည်။ ဤ ဆွဲပြားမှာ လွန်ခဲ့သောနှစ်အနည်းငယ် သူ သင်္ဘောကြီးပေါ်မှဆင်းခဲ့စဥ်က ရရှိခဲ့သည့် ဆွဲပြားဖြစ်သည်။ ဤဆွဲပြားမှာ ပျောက်ဆုံး၊ပျက်စီးသွားပါက တံတိုင်းကြီးထဲသို့ အဝင်အထွက်လုပ်၍ ရတော့မည် မဟုတ်ကြောင်း သူ့အား သတိပေးခဲ့သည်ကို ပြန်အမှတ်ရလိုက်သည်။ ထို့အပြင် ဤဆွဲပြားမှာ ဂိုဏ်းသို့ပြန်နိုင်မည့် အပြန်လက်မှတ်သဘောမျိုးလည်း ဖြစ်သည်။
သူက ထိုသတိပေးချက်များကို လုံးဝ မမေ့သေးပေ။ ထိုစဥ်က သူသည် စမ်းသပ်ချက်အနည်းငယ်ကိုပင် ပြုလုပ်ခဲ့ပြီး ဤဆွဲပြားကိုဖန်တီးထားပုံမှာ ထူးဆန်းလွန်းလှသဖြင့် သူ၏ စမ်းသပ်ချက်များမှာ အကျိုးသက်ရောက်မှုမရှိကြောင်းကိုလည်းတွေ့ခဲ့ရသည်။
ယခုတွင် ထိုဆွဲပြားမှာ မျက်စိကျိန်းစရာ ကောင်းသော အနီရောင်အလင်းတန်းများဖြင့် လင်းလက်နေပြီဖြစ်သည်။ ထိုမျှသာဆိုပါက ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်း အံ့အားသင့်သွားကာ စိုးရိမ်သွားရသည်မှာ ထို ကျောက်စိမ်းလည်ဆွဲသည် ၎င်းကိုယ်၎င်း ဖောက်ခွဲတော့မည့် အရိပ်အယောင်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။
” ဘာတွေဖြစ်နေတာတုံး ”
သူက မျက်နှာပျက်ကာ ခုန်ပေါက်နေတော့သည်။ တွေဝေငေးမောနေရန် သတ္တိမရှိသဖြင့် သူက နတ်ဘုရားအာရုံအချို့ကို ထိုဆွဲပြားထဲသို့ ထည့်သွင်းလိုက်သောအခါ သူ၏ စိတ်ထဲတွင် သတင်းတစ်ခု ပေါ်လာတော့သည်။
” မင်းရဲ့ ပထမဆုံးတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ အချိန်နှစ်လပဲ ကျန်တော့တယ်။ အဲဒီအချိန်အတွင်းမှ တံတိုင်းကြီးအပြင်ဘက်ကို ထွက်တဲ့ မှတ်တမ်းတွေကို မတွေ့ရဘူးဆိုရင် ဒီဆွဲပြားက အလိုအလျောက် ပေါက်ကွဲသွားလိမ့်မယ်။ ”
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်လုံးများ ပြူးသွားရတော့သည်။ သူရရှိေသာ သတင်းမှာ အစစ်ဟုတ်၊မဟုတ် သေချာစေရန် ဆွဲပြားထဲသို့ နတ်ဘုရားအာရုံများ ထပ်၍ထည့်ကာ စစ်ဆေးလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ဇောချွေးများပြန်လာရတော့သည်။
” သောက်ကျိုးနည်း။ ဒီ ဆယ်နှစ်တာ နတ်မီးလျှံစမ်းစပ်ပွဲမှာ တံတိုင်းကြီးအပြင်ဘက်သုံးခေါက်ထွက်ပြီး တာဝန်သုံးခုထမ်းဆောင်ရမှာတော့ ငါသိတယ်လေ။ ဒါပေမဲ့ ပထမ သုံးနှစ်ထဲမှာ တစ်ခုကိုအပြီးလုပ်ရမယ်ဆိုတာ အခုမှစကြားဖူးတာကွ။ ”
ဆွဲပြား ပေါက်ကွဲသွားကာ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ မပြန်နိုင်တော့မည့်အချက်ကို တွေးကာ သူက စိုးရိမ်စိတ်များကြီးထွားလာတော့သည်။
” ဒါ အကျပ်ကိုင်တာပဲကွ။ ”
သူက ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။ အမှန်မှာ သူတစ်ယောက်ထဲ ဤသို့ဖြစ်နေသည် မဟုတ်ပေ။ ပထမသုံးနှစ်အတွင်း တာဝန်တစ်ခုမှ မထမ်းဆောင်ရသေးသည့် အခြားသော လက်ရွေးစင်များမှာလည်း ယခုတွင်မူ သူတို့၏ တလက်လက်တောက်ပနေသော အမှတ်အသားဆွဲပြားများကို ပိုင်ရှောင်ချန်းကဲ့သို့ စိုက်ကြည့်နေကြရတော့သည်။
တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေသည့် အပျင်းကြီးသော ဂိုဏ်းသားများကို ကိုင်တွယ်ရန် နည်းလမ်းများကို ရှင်းကုံကျစ်တာအိုဂိုဏ်းက ပြင်ဆင်ထားသည်မှာ အသိအသာပင်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသဖြင့် ပိုင်လင်းကိုသွားရှာရန် သူ၏ဋ္ဌာနချုပ်ထဲမှ ထွက်လာတော့သည်။ သူ၏လက်ရှိ အာဏာအဆင့်အတန်းကြောင့် ဗိုလ်ချုပ်ကြီးနှင့် ဆုံတွေ့ရန် အထူးတလည် ခွင့်တောင်းနေရန် မလိုပဲ သူ၏ရှေ့သို့ ချက်ချင်းရောက်သွားတော့သည်။
” စစ်သေနာပတိချုပ်။ ကျွန်တော့်ကို ကယ်ပါဦးဗျာ ” သူက သနားကမား အော်ဟစ်လိုက်သည်။
ပိုင်လင်းမှာ တရားထိုင်နေသည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ အသံကိုကြားလိုက်သောအခါ သူ့ မျက်လုံးများ ပွင့်လာတော့သည်။ သူက အခြေအနေကိုပင် မေးခွန်းမထုတ်ရသေးချိန်တွင် ပိုင်ရှောင်ချန်းမှာ အနီရောင်လက်နေသည့် ဆွဲပြားကြီးကို ပြကာ ရှင်းပြလိုက်တော့သည်။
သူက ရှင်းပြပြီးသွားသောအခါ မတ်မတ်ကြီးရပ်ပြီး
“ ကျွန်တော်က ခင်ဗျားရဲ့ လက်အောက်ငယ်သားလေဗျာ။ ကျွန်တော့်ကိုကယ်ပါဦးဗျ။ “ ဟု အဓိပ္ပါယ်ရသော မျက်လုံးပြူးကြီးများဖြင့် ပိုင်လင်းကို စိုက်ကြည့်နေတော့သည်။
ပိုင်လင်း၏ လက်အောက်ငယ်သား အများစုမှာ စစ်တပ်ငါးတပ်ကို တစ်ဘဝလုံးစာ အပ်နှံထားပြီး သံမဏိသွေးကြောခန်းမကို တိုက်ရိုက်စာရင်းပေးသွင်းခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်သည့် လက်ရွေးစင်များနှင့် ပတ်သတ်သည့် စည်းမျဥ်းစည်းကမ်းများကို သူက သိပ်၍ မရင်းနှီးပေ။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ စရောက်ကတည်းကသာ ရင်သပ်ရှူမောဖွယ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ပါက ပိုင်လင်းမှာ သူ့ကို စစ်တပ်ထဲသို့ ဝင်ခိုင်းစေခဲ့မည် မဟုတ်ချေ။
” ကောင်းပြီ။ စိတ်အေးအေးထားပါ ”
ပိုင်လင်းက လှမ်းပြောလိုက်သည်။ ထို့နောက်ကျောက်စိမ်း ပေလွှာတစ်ခုကိုထုတ်ယူပြီး
စုံစမ်းမေးမြန်းမှုအချို့ ပြုလုပ်လိုက်တော့သည်။ သူလိုအပ်သော အချက်အလက်များကို ရပြီးသောအခါ သူက ပိုင်ရှောင်ချန်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
” ဗိုလ်ချုပ်ကြီး။ ကျွန်တော်က တပ်မှူးကြီး တစ်ယောက်ဆိုတော့ ဒီဆွဲပြား သူ့ဟာသူပေါက်ကွဲသွားလည်း ကိစ္စတော့ မရှိဘူးမလား ”
” မင်းက အရေခွံဆုတ်တပ်ရဲ့ တပ်မှူးကြီး တစ်ယောက်ဆိုတာ အမှန်ပါပဲ။ ”
ပိုင်လင်းက ပြန်ဖြေလိုက်သည်။
“ ဒါပေမဲ့ မင်းက စစ်တပ်ထဲကို စစ်မှုမထမ်းမနေရ အမိန့်နဲ့ ဝင်လာရတဲ့ကောင်လေ။ မင်းသာ စစ်ဦးစီးမှူး ဖြစ်နေရင် ကွာခြားချက် ရှိနိုင်ပေမဲ့ အခုတော့… ဂိုဏ်းရဲ့ စည်းကမ်းကို လိုက်နာရမှာကွ။ ”
” ငါ့နည်းငါ့ဟန်နဲ့ ဒီကိစ္စအတွက် တွေးတောထားရမှာ။ ဒါပေမဲ့ မပူပါနဲ့ ငါမင်းကို ကူညီဖြေရှင်းပေးပါ့မယ် ” ပိုင်ရှောင်ချန်း ဤသို့ ဖြစ်နေရသည်ကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးသည်ဖြစ်ရာ ပိုင်လင်းက ပြုံးလိုက်ပြီး ချက်ချင်းပင် သူနှင့် သိကျွမ်းသူများကို ဆက်သွယ်ကာ ဤပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေတော့သည်။
ပိုင်လင်းက သူ၏ကျောက်စိမ်းပေလွှာကိုသုံးကာ များစွာသော သတင်းများကို ထုတ်လွှင့်နေပြီး သူ့တွင် အံ့သြဖွယ်ကောင်းသော ကျောထောက်နောက်ခံ တစ်ခုရှိနေကြောင်းကို အမှတ်ရသွားသောအခါ ပိုင်ရှောင်ချန်းက အနည်းငယ် တည်ငြိမ်သွားရတော့သည်။ သို့သော် အချိန်အနည်းငယ်ကုန်ဆုံးသွားသောအခါ ပိုင်လင်းမှာ မျက်မှောင်ကြုတ်လိုက်သဖြင့် ပိုင်ရှောင်ချန်း၏ ရင်ခုန်သံများမှာ ပို၍ပြန်သွားရတော့သည်။
အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်လောက်ပြီးသွားသောအခါ ပိုင်လင်းမှာ မျက်မှောင်ကြုတ်သွား၍ ပိုင်ချောင်ရှန်းမှာ ရင်ခုန်နှုန်း ပိုမြန်လာတော့သည်။ သူက ကျောက်စိန်းပေလွှာကို သိမ်းဆည်းလိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းလိုက်ပြီးနောက် ဆိုလိုက်တော့သည်။
” ဟမ့်။ ဂိုဏ်းမှာရှိတဲ့ လူတွေအကုန်လုံးက တော်တော်ကို ဒုံးဝေးတဲ့ကောင်တွေပဲ။ နည်းနည်းလေးတောင် မီးစဥ်ကြည့်မကတတ်ကြဘူး။ ပိုင်ရှောင်ချန်းရေ။ ငါမင်း ထမ်းဆောင်ရမဲ့ တာဝန် အရေအတွက်ကို သုံးခုနေ တစ်ခုအထိ လျှော့ပေးလို့ရတယ်။ ဒါပေမဲ့ အနည်းဆုံး မင်း တစ်ခေါက်တော့ အပြင်ထွက်မှ ရမှာနော်။ အချိန်နည်းနည်းပေးပြီး စဥ်းစားကြည့်ပေါ့။ တာဝန်တစ်ခုထဲပဲ မဟုတ်လား။ ”
ပိုင်လင်းမှာ အနည်းငယ်ပင် နေရခက်နေပြီဖြစ်သည်။ သူက ပိုင်ရှောင်ချန်းကို အမှန်တကယ် ကူညီရန်ကြိုးစားခဲ့ပါသော်လည်း လတ်တလောနှစ်များတွင် ဂိုဏ်းထံမှ အထူးဆောင်းဆိုချက်များစွာကို သူက လုပ်ထားသည်ဖြစ်ရာ ယခုတွင် အခက်တွေ့နေရခြင်း ဖြစ်သည်။ ဤတာဝန်များကို စီစဥ်နေသည့် အကြီးအကဲက အလွယ်တကူနှင့် သူ့အလိုကို မလိုက်လျောခဲ့ပေ။ ပိုင်လင်းမှာ ပိုင်ရှောင်ချန်းကို နှစ်သိမ့်ပေးရုံကလွဲပြီး အခြား မည်သည်ကိုမှ မလုပ်ပေးနိုင်တော့ချေ။
ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ဖြစ်နေသော်လည်း ပိုင်လင်းသည် အတတ်နိုင်ဆုံးကြိုးစားကာ သူ၏ တာဝန်အရေအတွက်ကို တစ်ခုထဲဖြစ်အောင် လျှောချပေးခဲ့သည်ဖြစ်ကြောင်း သိပေသည်။
” စစ်သေနာပတိချုပ်ကြီး။ ကျွန်တော်က မြေရိုင်းဒေသရဲ့ သေမိန့်ကျစာရင်းထဲက ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါတာဗျ။ အဲဒီကလူတွေက ကျွန်တော့်ကို သေလောက်အောင်မုန်းနေကြတာ။ ကျွန်တော့ကိုမြင်တာနဲ့ တန်းသတ်ကြမှာဗျ။ ကျွန်….ကျွန်တော် တံတိုင်းအပြင်ဘက်ကို မသွားရဲဘူးဗျာ ”
ထိုအခါ ပိုင်လင်းက ချောင်းဟန့်လိုက်သည်။
” မပူပါနဲ့ကွာ။ ရုပ်ဖျက်သွားပေါ့။ အပြင်ဘက်ကိုသွား၊ တာဝန်တစ်ခုထမ်းဆောင် ပြီးတာနဲ့ အမြန်ဆုံး ပြန်လာခဲ့လေ။ ဘယ်သူမှ မင်းထွက်သွားတာကို သတိထားမိမှာမဟုတ်ပါဘူး။ ငါတို့နှစ်ယောက်ပဲ သိမှာပါ။ ”
” ပြီးတော့ ဂိုဏ်းက တာဝန်နဲ့ပတ်သတ်လို့ ညှိလို့တော့မရပေမဲ့ တခြားနည်းနဲ့ ငါကူညီနိုင်ပါသေးတယ်။ ဥပမာဆိုရင် စည်းမျဥ်းမှာပါတာက တံတိုင်းအပြင်ဘက်မှာ တာဝန်ထမ်းဆောင်ရုံပဲလေ။ အဲဒါဆို မဟာတံတိုင်းက တာဝန်တွေလည်း ပါတယ်ဆိုတဲ့သဘော။ မင်းက တပ်မှူးကြီး ဆိုတော့ အခုကစပြီး မင်းရဲ့ကိုယ်ပိုင်တာဝန်တွေကို ပေးအပ်နိုင်တဲ့ အခွင့်အာဏာ ပေးလိုက်မယ်ကွာ။ မင်းလုပ်ရမဲ့ တာဝန်ကို မင်းကိုယ်မင်းဖန်တီးလိုက်။ ပြီးတော့ အဲ့တာဝန်ကိုသွားလုပ်လိုက်ပေါ့ကွ။ ရှင်းရှင်းလေးပါ။ မင်းလုပ်ရမှာတစ်ခုက အဲ့တာဝန်က ရွှေအမြုတေအဆင့်နဲ့ ကိုက်ညီနေဖို့ပဲ။ စေတီထဲက မျက်လုံးကြီးက တာဝန်တွေပြီးမြောက်ကြောင်းကို တရားဝင်ကြေငြာရတာမလို့လေ။ ”
” ငါကိုယ်တိုင် တာဝန်တွေ ဖန်တီးပြီး အဲ့တာဝန်တွေကို ငါကိုယ်တိုင် လုပ်လို့ရတာပဲ… ”
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်လက်သွားတော့သည်။ သူက အားပါးတရ ရယ်မောရင်း တရိုတသေ လက်ယှက်လိုက်ပြီး ထွက်ခွာသွားတော့သည်။