ပိုင်ရှောင်ချန်းက တက်ကြွမှုအပြည့်နှင့် ထွက်သွားခဲ့ပြီး အပြန်တွင် စည်ပိုင်းအောက်ခြေရောက်သွားသည့်အလား ခံစားချက်မျိုးဖြင့် ပြန်လာရလေသည်။ သူ၏ ဋ္ဌာနချုပ်သို့ ပြန်ရောက်ပြီးနောက် စစ်ဦးစီးမှူး၏ စီတန်းလှည့်ပတ်နေသည့် မြင်ကွင်းကို ပြန်စဥ်းစားကြည့်ကာ အလွန်စိတ်တိုသွားလေသည်။
” စစ်ဦးစီးမှူး ”
သူက အံတင်းတင်းကြိတ်ရင်း တွေးလိုက်သည်။ ထို့နောက် သူက ကိုယ်ရံတော် တပ်မှူးကြီးဆယ်ဦးနှင့် စစ်ဦးစီးမှူးတို့ မည်သို့ လျှောက်လှမ်းလာသည်ကို ပြန်စဥ်းစားကြည့်လိုက်သည်။
” ဒီအတွက် အခဲမကြေနိုင်ဘူး။ ငါ စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်”
ထို့နောက် သူ၏ မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုများဖြင့် တောက်ပလာ၏။ နှစ်တစ်ဝက်ကုန်ဆုံးလာခဲ့သည့် အချိန်တစ်လျှောက် သူက ကျင့်ကြံခြင်းအပေါ်တွင် အချိန်မပေးဖြစ်ခဲ့သည်သာမက မည်သည့်ဆေးဖော်စပ်ခြင်းမှလည်း မဆောင်ရွက်ခဲ့ပေ။
တပ်မှူးကြီးတစ်ယောက်၏ ရာထူးစည်းစိမ်များကို ခံစားရင်း သူ၏အချိန်အများစုကို ဖြုန်းခဲ့လေသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် တပ်မှူးကြီးတစ်ယောက်ဖြစ်ခြင်းသည် သူ့လမ်းကြောင်း၏ အဆုံးသတ်မဟုတ်ကြောင်း ရှင်းလင်းသော သတိပေးချက်တစ်ခု ရခဲ့လေပြီ။
ယခုတွင် စစ်ဦးစီးမှူးတစ်ယောက်ဖြစ်လိုစိတ်မှာ သူ့ခေါင်းထဲတွင် မွှေနှောက်နေရာ ရာထူးတိုးရန်အတွက် ပြင်းပြင်းထန်ထန်ကြိုးစားရန် သူ့ကို ပိုင်လင်းမည်မျှတိုက်တွန်းခဲ့ကြောင်း ပြန်စဥ်းစားလိုက်သည်။
” ငါသာ စစ်ဦးစီးမှူးအဖြစ်နဲ့ အငြိမ်းစားယူသွားရရင် ”
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။
” ငါဂိုဏ်းကိုပြန်ရောက်တာနဲ့ သံမဏိသွေးကြောခန်းမရဲ့အကြီးအကဲတစ်ယောက်ဖြစ်လာမယ် ”
သူသည် သေချာသိရှိစေရန်အလို့ငှာ အပြင်ထွက်၍ စုံစမ်းမှုအချို့ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
အမှန်တွင် ထိုသို့သော ကိစ္စများမှာ စစ်တပ်ငါးဖွဲ့အတွင်းတွင် လျှို့ဝှက်ချက်များမဟုတ် အတော်လေး လူသိများလေသည်။ ဟိုဟိုသည်သည် လှည့်ပတ်မေးလိုက်သည်နှင့် ရှာဖွေနေသော သတင်းများအားလုံး ပိုင်ရှောင်ချန်းရသွားလေသည်။ အမှန်တကယ်ဆိုရလျှင် သူတို့က ဂိုဏ်းခေါင်းဆောင်အောက် မဆိုစလောက်နိမ့်သော အဆင့်တွင်ရှိလေရာ ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားပြီး အလွန်တုန်လှုပ်သွားတော့သည်။
” ဘယ်လိုလုပ် ဖြစ်မှာတုံး။ ငါတို့ပြောနေတာက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အကြောင်းလေ ။ သူက ယင်ယန်ဝိညာဥ်အဆင့်မှာပဲဆိုပေမယ့် တော်တော်မြင့်တဲ့ ရာထူးမှာပဲ။ ပြီးတော့ သံမဏိသွေးကြောခန်းမဆောင်က အကြီးအကဲတွေက အဲဒီအောက်လေးတင်လား ”
ပထမတွင် ပိုင်ရှောင်ချန်းမှာ မယုံနိုင်လောက်အောင် ဖြစ်နေသော်လည်း ထပ်မံစုံစမ်းပြီးနောက်တွင် မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို နားလည်လာတော့သည်။
” စစ်တပ်ငါးဖွဲ့က ဂိုဏ်းခေါင်းဆောင်ရဲ့လက်အောက်မှာ မဟုတ်ဘူး။ မဟာတံတိုင်းမှာ နေရာယူထားတဲ့ နတ်အဆင့်ကျင့်ကြံသူတောင်မှ ကိစ္စတွေကို ကြီးကြပ်ဖို့ပဲ။ စပ်တပ်ငါးဖွဲ့ကို တိုက်ရိုက်အုပ်ချုပ်တဲ့ တစ်ယောက်တည်းသောလူက နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးပဲ”
” သံမဏိသွေးကြောခန်းမ အင်မတန်အာဏာရှိတဲ့ အကြောင်းရင်းက သူ့ အမိန့်တွေကိုပဲ လိုက်နာလို့ပဲ။ ” ပိုင်ရှောင်ချန်းမှာ အလွန်အံအားသင့်သွားသည်သာမက စိတ်အားထက်သန်မှုများလည်း ပြင်းပြလာလေသည်။
အကယ်၍ သူက တစ်နည်းနည်းနှင့်စစ်ဦးစီးမှူးတစ်ယောက် ဖြစ်လာနိုင်လျှင် သူ၏ ရာထူးတက်ပြီး ဂိုဏ်းကို ပြန်ရောက်သောအခါ နတ်အဆင့်သားရဲဝိညာဥ် အမျိုးအစားငါးခု တစ်စုံကို ရပြီး ယင်ယန်ဝိညာဥ်အဆင့်ကို တက်လှမ်းနိုင်လေမည်။ ထို့အပြင် သံမဏိသွေးကြောခန်းမ၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်လာနိုင်လေသည်။
ထိုသို့ဖြစ်လျှင် သူသည် ဂိုဏ်းထဲရှိ သာမန်အကြီးအကဲများထက် ပို၍မြင့်သော အလွန်မြင့်သည့် နေရာရလိမ့်မည်။ အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အကူအညီကြီးဖြစ်မည်သာမက ကိုယ်တိုင်အတွက် အလွန်ကြီးမားသော အကျိုးခံစားမှုရှိလေသည်။
ထိုအတွေးလေးကပင် သူ့နှလုံးသားကို မျှော်လင့်ချက်များဖြင့် တောက်လောင်သွားစေကာ သူ့မျက်လုံးများမှာလည်း မရေမတွက်နိုင်သော ကြယ်များဖြင့် တလက်လက်တောက်နေတော့လေသည်။
” ငါ သေချာပေါက် စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ရမယ်”
သူက ပေါင်ကို ဖြန်းခနဲ ရိုက်ရင်း ပြောလိုက်သည်။
ယခုအခါ သူ၏ ပန်းတိုင်ကို ချမှတ်ပြီးလေရာ နောက်ထပ် ပူပန်သောကများ ချက်ချင်း ပေါက်ဖွားလာတော့သည်။စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ရန် တိုက်ပွဲစွမ်းေဆာင်မှုရမှတ် မည်မျှလိုအပ်ကြောင်း သူ တွက်ချက်ထားခဲ့ပြီး ထိုဧရာမတိုက်ပွဲကြီးတွင် သူရရှိခဲ့သော ပမာဏ၏ အဆတစ်ရာကျော်သည် မဟုတ်ပါလော။
ထိုအချိန်မှစ၍ တချိန်လုံးကောင်းမွန်အေးချမ်းနေခဲ့ပြီး တိုက်ပွဲကြီးကြီးမားမား တစ်ခုပင်လျှင် မဖြစ်ပွားတော့ပေ။
နောက်ထပ်တစ်လကုန်သွားပြီး သူသည် ပို၍သာ စိတ်ဓာတ်ကျလာတော့သည်။ နောက်ဆုံးတွင် မဟာတံတိုင်းပေါ်တက်၍ မြေရိုင်းဒေသကို လှမ်းကြည့်လိုက်လေသည်။ ကံဆိုးစွာပင် သူလုပ်နိုင်သောအရာမှာ သူတို့၏ ဧရာမစစ်တပ်ကြီးပြန်လာရန် ဆုတောင်းခြင်းသာဖြစ်တော့သည်။
” ဘာလို့ မတိုက်ကြတာတုံး ” သူက သက်ပြင်းချလျက် ရပ်နေစဥ် ပြောလိုက်သည်။
” ချီးပဲကွာ။ ခုနစ်နှစ် ရှစ်နှစ်လေးနဲ့ အလုပ်လုပ်ဖို့ အချိန်များများစားစား မရှိဘူး။ ငါဘာလုပ်ရမလဲ ”
အခြားသော ကျင့်ကြံသူများမှာ သူ၏ အပြုအမူများကို သတိထားမိသွားပြီး အဆက်မပြတ်သက်ပြင်းချသံများကို ကြားလိုက်ရလေသည်။ မကြာမီ အနေရခက်စွာ အကြည့်များ ဖလှယ်လာကြသည်။
သူတို့အတွက် မြေရိုင်းဒေသလူ့ဘီလူးများ တပ်အားအပြည့်နှင့် မတိုက်ခိုက်ကြသည်မှာ ကောင်းသောအရာဖြစ်လေသည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုသို့ စဥ်းစားပုံမရလေရာ သူတို့အတွက် အလွန်ထူးဆန်းနေတော့သည်။
အမှန်ပင် ထိုသို့ပြုမူနေသော သူ့ပုံစံကြောင့် အချို့မှာ စိတ်ထဲတွင် သက်ပြင်းချပြီး ပြောလိုက်ကြသည်။
” သူတို့ လာမတိုက်တာက ခင်ဗျားကြောင့် မဟုတ်ဘူးလား။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အထူးနည်းလမ်းတွေကြောင့်သာ မဟုတ်ရင် သူလုပ်နေကျအတိုင်း တစ်လကို အကြိမ်ပေါင်းများစွာ တိုက်နေမှာဗျ ”
ပိုင်ရှောင်ချန်းက အနည်းငယ်ကြာကြာထပ်စောင့်လိုက်သည့်တိုင် မည်သို့မျှ ပြောင်းလဲမလာပေ။ ကုန်ဆုံးသွားသည့် နေ့ရက်တိုင်း သူ၏ မျက်လုံးများ နီရဲလာသည်အထိ ပြဿနာ၏ အဖြေကို ကြိုးစားစဥ်းစားနေတော့သည်။ နောက်ဆုံး၌ အရှိန်မြှင့်ရန် တစ်ခုခုလုပ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
” ကဲ လူ့ဘီလူးတွေက လုံးဝမပူးပေါင်းနိုင်ရင်တော တိုက်ပွဲစွမ်းဆောင်မှုရမှတ်ရဖို့ နောက်တစ်နည်းစဥ်းစားလိုက်ရုံပဲလေ။ ငါ သေချာပေါက် စစ်ဦးစီးမှူးတစ်ယောက် ဖြစ်လာစေရမယ် ”
ထို့နောက် သူက မြို့တော်၏ အလယ်ရှိ စေတီကြီးထံ ဦးတည်လိုက်သည်။
သူတိုက်ပွဲစွမ်းဆောင်မှုရမှတ်များလဲလှယ်ရန်သွားခဲ့သည့် နောက်ဆုံးအချိန်က မှတ်မိသည့်အရာမှာ စစ်တပ်ငါးဖွဲ့၌လည်း မြေရိုင်းဒေသကဲ့သို့ သေမိန့်ကျစာရင်းရှိလေသည်။ ထိုစာရင်းပေါ်ရှိ လူအနည်းငယ်၏ ခေါင်းများကို ဖြတ်ပေးနိုင်လျှင် ဆုကြေးအမြောက်အမြားရလေမည်။
” အခုတော့ ငါက တပ်မှူးကြီးပဲ။ ငါ့အုပ်ချုပ်မှုအောက်မှ စွမ်းအားကြီးပညာရှင်အများကြီးရှိတယ်။ သူတို့ရဲ့ အကူအညီနဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ မရနိုင်ဘူးဆိုတာ မယုံဘူး။ ”
မကြာခင် အလယ်ပိုင်းဒေသနှင့် ကျင့်ကြံသူအဖွဲ့များ စုစည်းနေသော စေတီ၏ အောက်ခြေသို့ ပိုင်ရှောင်ချန်းရောက်သွားတော့သည်။ သူ့ကို မြင်ကြသောအခါ ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။
ပိုင်ရှောင်ချန်းက စေတီထိပ်ရှိ မျက်လုံးကြီးကို မော့လိုက်ပြီးနောက် သက်သေခံလည်ဆွဲကို ထုတ်ပြီး စိတ်အာရုံအချို့ စေလွှတ်လိုက်ကာ သေမိန့်ကျစာရင်းကို ရှာကြည့်လိုက်သည်။ သူ့စိတ်ထဲ ပထမဆုံးဝင်ချလာသည့်အရာမှာ စာရင်းပေါ်ရှိ ပထမဆုံးနာမည်ဖြစ်လေသည်။
ထိုနာမည်ကို သူမြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများ ပြူးသွားတော့သည်။
” သခင်မဟုန်ချိန် ”
သခင်မဟုန်ချိန်၏ အချက်အလက်များမှာ စာရင်း၏ ပထဆုံးနေရာတွင် ရှင်းလင်းစွာ မှတ်သားထားလေသည်။ သူက နတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိပြီး အရိုးထဲထိ သွေးအေးရက်စက်သော အကြင်တရားမဲ့သည့် စစ်သည်တော်တစ်ဦးဖြစ်လေသည်။ အမှန်တွင် သူက နတ်တစ်ပါးဖြစ်သောကြောင့် ဖြစ်သည့်နည်းနှင့် အတတ်နိုင်ဆုံးရှောင်ခြင်းသာ အကောင်းဆုံးဖြစ်သည်ဆိုသော သတိပေးချက်တစ်ခုရှိ၏။
ပထမဆုံးပွဲထွက် ကတည်းက သူသတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ အလွန်အံ့သြတုန်လှုပ်ဖွယ်ဖြစ်ပြီး ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများစွာပါဝင်လေသည်။
အားလုံးအထဲ အံ့သြစရာအကောင်းဆုံးက ကျင့်ကြံအားထုတ်သည်မှာ နှစ် ၂၀၀ ပင် မပြည့်သေးပေ။
အထူးသဖြင့် မြေရိုင်းဒေသမည်မျှဆင်းရဲနုံချာသည်လဲ ထည့်တွက်လိုက်ပါက နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မြန်မြန်ဖြစ်လာရန်မှာ ပိုင်ရှောင်ချန်းအတွက် မဖြစ်နိုင်သလောက်ပင်။ ထိုနေရာတွင် မိုးကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်မရှိပေ။ ဝိညာဥ်စွမ်းအားတစ်ခုသာရှိသည်။ သို့သော် ထိုအခြေအနေများထဲရောက်နေသည်ကိုပင် ဤသခင်မဟုန်ချိန်က ကျင့်ကြံခြင်းတွင် ကောင်းကင်ခေါ်သံခြေလှမ်းအထိ ရောက်နိုင်ခဲ့လေသည်။
” ငါ သခင်မဟုန်ချိန်ကို မှတ်မိတယ်….” ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ သူမ၏နာမည်ပေါ်တွင် သူအာရုံစိုက်သည်နှင့် သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာတော့သည်။ ၄င်းက သူမ၏ လှပကြော့ရှင်းခြင်းများထပ်ဟပ်နေသည့်တိုင်အောင် အလွန်အန္တရာယ်များသည့် ပုံပေါ်နေသော အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ချင်းမေ့ယွမ်ထက် ပို၍ လှပသော မိန်းကလေးပုံပေါ်လာတော့သည်။ သူမ၏ သတ်ဖြတ်လိုသော အရှိန်အဝါများသည် အဆုံးစွန်ထိ တုန်လှုပ်ဖွယ်ကောင်းသော်လည်း ၄င်းမှာ ပုံရိပ်တစ်ခုမျှသာဖြစ်သည်။
ပိုင်ရှောင်ချန်းက သူမကို မဟာတံတိုင်းအပြင်ဘက်တွင် ကိုယ်တိုင်မြင်ရသည်အား မှတ်မိလိုက်သည်။ သူမက ချိန်ဟဲ့တျန်ကို တိုက်ခိုက်နေစဥ် ပိုင်ရှောင်ချန်းကို သတ်ရန် လှုပ်ရှားမှုပြုလုပ်လိုက်သည့်အချိန် ဖြစ်သည်။
အမှန်တွင် စာရင်းပေါ်ရှိ သခင်မဟုန်ချိန်၏ နာမည်ကို ကြည့်လိုက်သည့် မည်သူမဆို ပိုင်ရှောင်ချန်း မြင်နေရသော တူညီသည့် ပုံရိပ်ကို မြင်ရလေမည်။
သူမသည် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုဖြစ်ကာ သူမခေါင်းအတွက် ဆုကြေးမှာ အလွန်မြင့်လှလေရာ တုန်လှုပ်ဖွယ်ကောင်းလှသည်။ သူမကို သတ်သည့် မည်သူမဆို စစ်သေနာပတိချုပ်အဖြစ် ရာထူးတိုးလေမည်။
အစားထိုးရန်လိုသည့် စစ်သေနာပတိချုပ် မရှိပါက နောက်ထပ်တပ်ဖွဲ့တစ်ခုဖြစ်ပေါ်လာလိမ့်မည်။ ထိုသည်မှာ ပိုင်ရှောင်ချန်း၏ စစ်ဦးစီးမှူးဖြစ်ရန်စိတ်ကူးကိုပင် ကျော်လွန်နေသည့် ဆုကြေးတစ်ခုဖြစ်လေသည်။ ထိုဆုကြေးကို မြင်လိုက်သည်နှင့် သူ၏မျက်လုံးများမှာ လိုချင်တပ်မက်မှူများ အားကျမနာလိုမှုများဖြင့် တောက်လောင်လာတော့သည်။ သို့သော်လည်း သူ့ကို နှုတ်ခမ်းထော်သွားစေလေသည်။
” သိပ်တုံးလိုက်တာ။ အဲဒီ မိန်းမကြီးကို နတ်အဆင့်ကျင့်ကြံသူကပဲ ရှင်းနိုင်မှာကို ။ ဘာလို့ နတ်အဆင့်ကျင့်ကြံသူက စစ်တပ်မှာ စစ်သေနာပတိချုပ် ဖြစ်ချင်မှာတုံး ”
ပိုင်ရှောင်ချန်းက ခေါင်းကို ခါလိုက်လေသည်။ သူသာ နတ်အဆင့်ကျင့်ကြံသူကို ရှင်းနိုင်သည်အထိတော်လျှင်တော့ မဟာတံတိုင်းတွင် လျှောက်ထိုင်နေမည်မဟုတ်ပေ။ သေချာပေါက် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပြန်ရောက်နေလေပြီ။ ထို့ပြင် နတ်အဆင့်ကျင့်ကြံသူများနှင့်ပတ်သက်လျှင် သူက သူတို့ကို စိတ်အနှောင့်အယှက်ပေးနိုင်လောက်သည့် လူစားမျိူးမဟုတ်ပေ။
သူက သက်ပြင်းချရင်း စာရင်းပေါ်ရှိ တာအိုနာမည် ပိုးမွှားနိုးထခြင်းအမည်ရှိ နတ်အဆင့်ကျင့်ကြံသူဖြစ်သော ဒုတိယနာမည်ကို ဆက်ကြည့်လိုက်သည်။ သူ၏သေခြင်းအတွက် ကမ်းလှမ်းထားသော စွမ်းဆောင်ရည်ရမှတ်များ၏ အရေအတွက်မှာလည်း အနည်းဆုံးထုတ်ပြောရန်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။
အံ့သြနေသော ပိုင်ရှောင်ချန်းမှာ စာရင်းကို ဆက်ကြည့်လိုက်သည်။ မကြာမီ ထိပ်ဆုံး ၃၀ အတွင်းရှိ နာမည်အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့် အောက်လမ်းဆရာများဖြစ်ကြောင်း သတိထားမိသွားလေရာ မျက်မှောင်ကြုတ်လာတော့သည်။ စာရင်း၏ အောက်ဆုံးရှိ နာမည်အချို့မှာ အမြုတေအဆင့် ကျင့်ကြံသူများဖြစ်ပြီး သူတို့အတွက် တိုက်ပွဲစွမ်းဆောင်မှုရမှတ်ဆုကြေးများမှာ မမြင့်မားလှပေ။ အနည်းငယ် တွက်ချက်မှုများပြုလုပ်ပြီးနောက် ပိုင်ရှောင်ချန်းသည် စစ်ဦးစီးမှူး တစ်ယောက်ဖြစ်ရန်အလို့ငှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ် လုံလုံလောက်လောက်ရရန် အဆင့် ၃၀ မှ ၂၀၀ အထိ တောက်လျှောက် လူတိုင်းကို သတ်ရမည်ဖြစ်ကြောင်း သိသွားတော့သည်။
” ဒီတော့ ငါ ဘာလုပ်ရတော့မလဲ ”
သူက သက်ပြင်းချရင်း တွေးလိုက်သည်။ သိသာထင်ရှားစွာပင် သေမိန့်ကျစာရင်းပေါ်ရှိ လူများကို သတ်ရန် အကြံကို သူ လွယ်လွယ် လက်လျှော့လိုက်လေပြီ။ ၄င်းမှာ ဆောက်ရွက်ရန် အလွန်အန္တရာယ်များလှသည်။ သို့သော်လည်း စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ခြင်းနှင့်အတူ အာဏာ၊ ဂုဏ်ကျက်သရေနှင့် အကျိုးခံစားခွင့်များကို တွေးလိုက်သည်နှင့် အလွယ်တကူ လက်မလျှော့နိုင်သေးပေ။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များပို၍ရရန် နည်းတစ်ခုတော့ ရှိရမည်။
” အမယ်လေး.. ခေါင်းကိုက်လိုက်တာ”
သူက တွေးလိုက်သည်။
” ငါ တော်တာဆိုလို့ ဆေးဖော်တာတစ်ခုပဲ ရှိတာကို၊ ဘယ်လိုလုပ်ရတော့မှာတုံး ”
“နေဦး။ ဒါမဟုတ်သေးဘူး။ ငါတော်တာ တစ်ခုရှိသေးတယ်လေ ”
သူက တုံ့ခနဲရပ်လိုက်ရင်း ဇောင်ထျန်ကျောက်နှင့် လည်ပတ်ခဲ့စဥ်က သူ့ကိုယ်သူ အချစ်သူေတာ်စင်ဟု ခေါ်ခဲ့ကြောင်း ပြန်စဥ်းစားလိုက်သည်။ ရုတ်တရက် သူ၏ ရင်ခုန်သံများဆူဝေလာတော့သည်။
သူသည် သေမိန့်ကျစာရင်းကို ပြန်ကြည့်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်ကာ စိတ်ပျက်သွားလေသည်။
” စစ်ဦးစီးမှူးဖြစ်ဖို့ ငါ့အချစ်နည်းဗျူဟာတွေနဲ့ သခင်မဟုန်ချိန်ကို သွေးဆောင်ဖြားယောင်းရမယ်လို့တော့ မပြောစမ်းပါနဲ့ ”
သူသည် တွေးလိုက်ရုံနှင့် စက်ဆုပ်ရွံရှာကာ စိတ်ညစ်သွားတော့သည်။ သူမက သူ့ထက် အသက်များစွာကြီးလိမ့်မည်မှာ အသေအချာပင်။ သူမက လှပသော်လည်း သူမမှာ မည်ကဲ့သို့ ထူးဆန်းသော အကျင့်များရှိမည်ကို မည်သူသိမည်နည်း။ ထိုအကြောင်းတွေးလိုက်တိုင်း သူ့စိတ်ထဲဝယ် ကိုယ့်သေတွင်းကိုယ်တူးမည့် စီစဥ်နေသည်နှင့် တူနေေတာ့သည်။
“မတန်ဘူး ”
သူသည် ခါတိုင်းထက်ပို၍ ဝမ်းနည်းပက်လက်ဖြစ်သွားပြီး တွေးလိုက်မိလေသည်။ ထို့နောက် ထိုအကြံကို သူ စွန့်လွှတ်လိုက်တော့သည်။