အခန်း ( ၅၀၇ )

ငါ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်စေရမယ်

စစ်တပ်ငါးဖွဲ့မှ တစ်ဖွဲ့စီအတွက် မဟာတံတိုင်းမြို့တော်ကို အရှေ့၊ အနောက်၊ တောင် ၊ မြောက် နှင့် အလယ်ပိုင်း ဒေသများ ဟူ၍ ပိုင်းခြားထားလေသည်။

အရေခွံဆုတ်တပ်သည် အရှေ့ဒေသကို သိမ်းပိုက်ထားပြီး စစ်ဦးစီးမှူးတစ်ယောက်စီအတွက် တပ်စခန်းဆယ်ခု ထပ်မံ ပိုင်းခွဲထားပြန်သည်။ စစ်ဦးစီးမှူးများအားလုံးသည် သူတို့၏ လက်ရှိနေရာရရန် သွေးပင်လယ်များကို လက်ပစ်ကူး၍ အလောင်းတောင်များကို တက်ခဲ့ရသော ယင်ယန်ဝိညာဥ်အဆင့် ပညာရှင်များဖြစ်၏။ သူတို့၏ အသတ်အဖြတ်အရှိန်အဝါများနှင့် တိုက်ပွဲစွမ်းရည်များမှာ သူတို့နှင့်တန်းတူ ကျင့်ကြံခြင်းအခြေခံရှိ လူများထက် များစွာ သာလွန်လေသည်။

စစ်တပ်အတွက် ပေးဆပ်ဆောင်ရွက်ခဲ့သည့် ပြောင်မြောက်သော ထမ်းဆောင်မှုများနှင့် အင်အားကြီးနောက်ခံလည်းမပါပဲ စစ်ဦးစီးမှူးဖြစ်လာရန် မဖြစ်နိုင်သလောက်ပင်။

တပ်စခန်းများကို အုပ်ချုပ်ရန် တပ်မှူးကြီး ဆယ်ဦးနှင့်သက်ဆိုင်သည့် ဌာနဆယ်ခု ပိုင်းခြားထားလေသည်။ တပ်ခွဲမှူးများနှင့် တပ်မှူးေလးများမှာမူ တပ်မှူးကြီး၏ ဌာနအတွင်းရှိ နေရာများကို အုပ်ချုပ်ရလေသည်။

ပိုင်ရှောင်ချန်း၏ ဋ္ဌာနချုပ်သည် လီဟုန်မင်၏ဋ္ဌာနချုပ် ဘေးတွင်ရှိပြီး အမှတ်သုံး တပ်ဖွဲ့၏ စစ်ဦးစီးမှူး ကျိုးရှင်းကျွမ်နှင့် သက်ဆိုင်သော ခံတပ်တွင်ဖြစ်လေသည်။ စစ်ဦးစီးမှူး ကျိုးရှင်းကျွမ်က ချက်ချင်းပင် သူ့အတွက် တာဝန်ထမ်းဆောင်ပေးမည့် တပ်သားများကို စီစဥ်ထားပြီးလေပြီ။

သိသာစွာပင် ထိုကျင့်ကြံသူများအားလုံးသည် စစ်မြေပြင်မှ သူကိုယ်တိုင် အသက်ကယ်ပေးခဲ့သော လူတစ်သောင်းအဖွဲ့မှ ဖြစ်သောကြောင့် သူ့ကို များစွာ ဂရုစိုက်ကြလေသည်။ အစက သူတို့မှာ စစ်တပ်၏ တခြား ကဏ္ဍများရှိ တပ်သားများဖြစ်ခဲ့သော်လည်း စစ်သေနာပတိချုပ်ပိုင်လင်းက ပြန်လည်နေရာချပေးထားခြင်းဖြစ်လေသည်။

ကျင့်ကြံသူတစ်ဖွဲ့လုံးသည် ပိုင်ရှောင်ချန်း၏ ကျေးဇူးတရားများကို ခံစားရပြီး တိုက်ပွဲအတွင်းသွေးပူနေသောအချိန်ရှိ သူ၏ ရူးသွပ်ရက်စက်မှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရလေသည်။ သို့ဖြစ်လေရာ သူ၏အရည်အချင်းကို အပြည့်အဝယုံကြည်ပြီး သူ၏ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရန် အလွန်စိတ်လှုပ်ရှားနေကြတော့သည်။

ဋ္ဌာနချုပ်ကို ပိုင်ရှောင်ချန်းလာသောအခါ တပ်ရင်း၏ ကျင့်ကြံသူအချို့မှာ စစ်ရေးပြကွင်းတွင် ခံစားချက်မဲ့သော မျက်နှာများဖြင့် နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို လေ့ကျင့်နေကြလေသည်။ အချို့မှာ အချင်းချင်း လက်ဝှေ့ထိုးကျင့်နေကြသည်။ လူတိုင်းမှာ လုံးဝရက်စက်ပုံပေါက်နေကြသော်လည်း အချိန်တိုင်း ဂရုတစိုက် ထိန်းချုပ်ထားကြလေသည်။

အများစုက တင်ပျဥ်ခွေ၍ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေကြသည်။ ဋ္ဌာနချုပ်တစ်ခုလုံးသည် အလွန်ခက်ထန်သော အငွေ့အသက်များ ပြည့်နေပုံပေါ်ပြီး လေးလံသော ဖိအားတစ်ခုက မည်သည့်အပြင်လူများကို ဝင်ရောက်ရန် တုံ့ဆိုင်းသွားစေလေသည်။

တပ်မှူးကြီးရာထူးသို့ ပိုင်ရှောင်ချန်း တိုးမြင့်သွားစဥ်ထဲက ယခုနေရာမှာ အမြဲ သည်အတိုင်းပင် ဖြစ်ပြီး အမှန်တကယ်ပြောရလျှင် အခြားသော တပ်မှူးကြီးများလက်အောက်ရှိ တပ်သားများက ထိုနေရာကို ဖြတ်သွားသည်နှင့် ကြောက်လန့်တုန်ရီသွားကြလေသည်။

ရုတ်တရက် အလင်းတန်းတစ်ခုက ကောင်းကင်တွင်ပေါ်လာပြီး ဋ္ဌာနချုပ်ထဲ ဆင်းသက်လာလေသည်။ ချက်ချင်းပင် အထဲရှိ စစ်သည်များအားလုံး အေးစက်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။

အလင်းတန်းအတွင်းတွင် သံမဏိသွေးကြောများ ခုန်နေပြီး တင်းမာသော မျက်နှာထားဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်သည်။
“ကြီးကျယ် မြင့်မြတ်တဲ့ တပ်မှူးကြီး လာနေပြီ”

သူ့ပါးစပ်မှ ထိုစကားလုံးများထွက်သွားသည်နှင့် ဋ္ဌာနချုပ်ရှိ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီသွားကြသည်။

ချက်ချင်းပင် တပ်မှူးလေးများက အမိန့်များ ပေးလိုက်ကြ၏။
” နေရာယူ”

မကြာမီ နေရာတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။

နောက်ဆုံး၌ ပိုင်ရှောင်ချန်းရောက်လာသောအခါ ဋ္ဌာနချုပ်အပြင်လက်တွင် ရင်းနှီးသော မျက်နှာများစွာ စီတန်းနေကြသည်ကို မြင်လိုက်ရလေသည်။ အဖွဲ့က သူ့ကို မြင်လိုက်လျှင်ချင်း ရှေ့တစ်လှမ်းတိုးလိုက်ကြပြီးနောက် တစ်ခဲနက် ကြွေးကြော်လိုက်ကြသည်။
” ဂါဝရပြုပါတယ် တပ်မှူးကြီး”

သူတို့၏ စကားသံများက မိုးခြိမ်းသံများအလား အမှတ်သုံး တပ်ဖွဲ့တစ်ခုလုံးပြည့်သွားလေတော့သည်။ လီဟုန်မင်နှင့် အခြား တပ်မှူးကြီးများမှာမူ လန့်ဖျန့်သွားကြပြီး ဖြစ်ပျက်နေသည်များကို ကြည့်ရန် သူတို့၏ ဋ္ဌာနချုပ်များမှ အပြေးအလွှား ထွက်လာကြလေသည်။

သူတို့တွေ့လိုက်ရသည်မှာ အရိုးများတွင် တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများပြည့်နှက်နေသည့်အလား အလျှော့မပေးလိုသော ဇွဲများ သက်ဝင်လှုပ်ရှားနေသည့် ပိုင်ရှောင်ချန်းတပ်ရင်း၏ ကျင့်ကြံသူအစုအဝေးပင်ဖြစ်တော့သည်။ ပိုင်ရှောင်ချန်း စကားလေးတစ်ခွန်းပြောလိုက်ရုံနှင့် မည့်သည့်နေရာကိုဆို မီးလောင်တိုက်သွင်းကာ ပြားပြားဝပ်သွားစေမည့်အလားပင်။

လီဟုန်မင်နှင့် အခြား တပ်မှူးကြီးများမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြတော့သည်။

” ရဲစွမ်းသတ္တိ အပြည့် တပ်သားတွေနဲ့ ခမ်းနားကြီးကျယ်တဲ့ ခေါင်းဆောင်တစ်ယောက် ”

” သူတို့က ပိုင်ရှောင်ချန်းကို ကျေးဇူးတင်နေရုံတင်မကဘူး။ သူရဲ့ သံမဏိသွေးကြောတွေ ထောင်နေပြီး ရက်စက်တဲ့ တိုက်ပွဲကို ကိုယ်တိုင် မြင်ခဲ့ရတယ်လေ။ ဒါကြောင့် သူ့ကို တကယ် ရိုသေလေးစားနေတာပဲ။ သူ့အပေါ်ထားတဲ့ စိတ်ဓာတ်အားမာန်တွေကြောင့် သူ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်နိုင်တဲ့ နေ့ရက်ရောက်တဲ့အထိ သူတို့က သူရဲ့ကိုယ်ရံတော်စစ်တပ်အဖြစ် တာဝန်ထမ်းဆောင်လိမ့်မယ်”

ဤသည်မှာ ဋ္ဌာနချုပ်သို့ ပိုင်ရှောင်ချန်း ပထမဆုံးလာရောက်ခြင်းဖြစ်၍ ထိုကြမ္မာငင်သော တိုက်ပွဲမှ ကျင့်ကြံသူများအားလုံးကို တွေ့လိုက်ရခြင်းဖြစ်သည်။ ယခုတွင် သူတို့ မည်မျှ ရဲစွမ်းသတ္တိရှိပြီး အကြောက်အရွံ့မရှိကြောင်း သတိပြုမိလိုက်သည်တွင် သူ၏သွေးခုန်နှုန်းများ အတန်ငယ် မြန်လာတော့သည်။ ရုတ်တရက် စစ်ပွဲအတွင်းရှိ ထိုနေ့ရက်၌ မရေမတွက်နိုင်သော အန္တရာယ်များ မည်မျှရင်ဆိုင်ခဲ့ရသည်ကို ပြန်တွေးမိလိုက်လေသည်။

အချိန်အနည်းငယ်ကြာသော် သူ့စိတ်ထဲတွင် နက်ရှိုင်းသော ခံစားချက်တစ်ခု ပြည့်ကြပ်လာသောကြောင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်သွင်းလိုက်လေသည်။ သူက သူတို့ကို ကယ်ခဲ့သကဲ့သို့ သူတို့ကလည်း သူ့ကို ကယ်ခဲ့ကြောင်း သူသိသည် မဟုတ်ပါလော။

သူ့ကို ကြည့်နေကြသည့် ချစ်ကြောက်ရိုသေလေးစားခြင်း အကြည့်များကြောင့် သူ့နှလုံးသားပင် တုန်ခါသွားတော့သည်။ တုံ့ဆိုင်းမနေပဲ သူ့လက်ကို ဋ္ဌာနချုပ်ထံ ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
” ကိုယ့်လူတို့၊ အတူတူ စားကြ၊ သောက်ကြမယ်။ ဘာတိုက်ပွဲစွမ်းေဆာင်မှုရမှတ်ပဲ ရပါစေ၊ အတူတူ သုံးကြတာပေါ့ကွာ။ ကျုပ်တို့ အသက်လုပြေးရတုန်းက အတူတူဘေးချင်းယှဥ်ပြေးခဲ့ကြသေးတာပဲ ”

ပိုင်ရှောင်ချန်းမှာ သူ၏စကားလုံးများက အရှိန်အဝါကြီးမားနေကြောင်း ခံစားလိုက်ရပြီး တပ်သားများ ကြားသောအခါ သဘောကျသောအကြည့်များ ဖလှယ်လိုက်ကြပြီး အော်ဟစ်လိုက်ကြလေသည်။
” အမိန့်အတိုင်းပါ တပ်မှူးကြီး ”

သူတို့၏အသံများမှာ နေရာတစ်ခွင် ပဲ့တင်ထပ်သွားကြစဥ် လီဟုန်မင်နှင့် အခြား တပ်မှူးကြီးများမှာ ထူးဆန်းသော အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့သည် တပ်မှူးကြီးများက စစ်သည်များ အားတက်စေရန် မိန့်ခွန်းပြောသည်ကို မြင်ခဲ့ဖူးသော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ တည့်တိုးပြောသည့် တစ်ယောက်ကိုမှ မမြင်ခဲ့ကြပေ။

ခပ်ဝေးဝေးရှိ အရေခွံဆုတ်ဒေသထဲတွင် ခေါင်းတလားကြီးကဲ့သို့ ဧရာမ အဆောင်အအုံကြီးတစ်လုံးရှိပြီး အတွင်းထဲတွင် ပိုင်လင်းက ပိုင်ရှောင်ချန်းရှိရာဘက်သို့ ခေါင်းခါလိုက်ရင်း ပြုံး၍ကြည့်နေလေသည်။

စစ်ဝတ်တန်ဆာနှင့် လူဆယ်ယောက်က သူ့ေဘးတွင် ရပ်နေကြပြီး အများစုမှာ သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း တချို့က အသက်ကြီးသည်။ လွန်ခဲ့သော အချိန်အနည်းငယ်က ထိုအဖွဲ့သည် အရေခွံဆုတ်တပ်နှင့် ဆက်နွှယ်သော အရေးကြီးကိစ္စများကို ဆွေးနွေးနေခဲ့ကြသော်လည်း ယခု ဖြစ်သွားသည့် ကိစ္စကို စုံစမ်းရန် နတ်ဘုရားအာရုံများ လွှတ်လိုက်ကြလေရာ သူတို့အားလုံး အတိတ်ကို ပြန်ပြောင်းအမှတ်ရမိသွားေလသည်။

” ဒီကောင်လေး ပိုင်ရှောင်ချန်းကတော့ လုံးဝပွင့်ပွင့်လင်းလင်းပဲ ”
ပိုင်လင်းက ခပ်တိုးတိုးရယ်ရင်း ပြောလိုက်သည်။
” တိုက်ပွဲကနေ ဘေးချင်းယှဥ်ပြေးခဲ့ကြတယ်လို့ ပြောလိုက်တာ ယုံတောင် မယုံနိုင်ဘူး ”
သူက ဆယ်ယောက်အဖွဲ့ထဲကဖြစ်သော ဆံပင်အဖြူနှင့် အဖိုးအို တစ်ယောက်ကို လှည့်ကြည့်လိုက်လေသည်။
” အစ်ကိုကြီးကျိုး၊ ပိုင်ရှောင်ချန်းက အရေခွံဆုတ်တပ်အတွက် အရမ်းအရေးပါတယ်။ ကျေးဇူးပြုပြီး သူ့ကို သေသေချာချာ အထူးဂရုစိုက်ပေးပါ”

ပိုင်လင်း၏ပတ်လည်ရှိ လူဆယ်ယောက်မှာ အရေခွံဆုတ်တပ်၏ စစ်ဦးစီးမှူးဆယ်ဦးမှ လွဲ၍ တခြားမဟုတ်ပေ။ ဆံပင်ဖြူနှင့် အဖိုးအိုမှာ ပိုင်ရှောင်ချန်း၏ ခေါင်းဆောင် ၊ အမှတ်သုံး တပ်ဖွဲ့၏ စစ်ဦးစီးမှူး ကျိုးရှင်းကျွမ်ဖြစ်လေသည်။ ပိုင်လင်း၏ စကားလုံးများကို ကြားသောအခါ သူက ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။

” စိတ်မပူပါနဲ့ စစ်သေနာပတိချုပ် ။ ကျုပ် မဟာသမားေတာ်ပိုင်၊ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးပါ့မယ်။ ”

ပိုင်လင်းက ခေါင်းညိတ်လိုက်ပြီးနောက် အပြင်ဘက် မြင်ကွင်းမှ အကြည့်လွှဲလိုက်ပြီး စစ်ဦးစီးမှူးများနှင့် ဆွေးနွေးမှုများ ပြန်ဆက်လိုက်လေသည်။

ထိုအချိန် ပိုင်ရှောင်ချန်းက ဋ္ဌာနချုပ်ထဲဝင်သွားသည်တွင် သူ့တပ်ရင်းရှိ တပ်သားများက သူ့ပတ်လည်မှ ခြံရံလိုက်ပါလာကြသည်။ အထဲရောက်သွားသည်နှင့် ယခုအခါ သူ၏ နေအိမ်အသစ်ဖြစ်လာတော့မည့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကျောက်လုံနှင့် သူ၏ မူလအဖွဲ့မှာမူ ပိုင်ရှောင်ချန်း၏ ကိုယ်ရံတော်များဖြစ်ပြီး ဋ္ဌာနချုပ်ထဲ မည်သူများဝင်ရောက်နိုင်သည်နှင့် စပ်လျဥ်းသော စည်းကမ်းချက်များကို အလျင်အမြန်ပြုလုပ်လိုက်ကြသည်။ အမိန့်များမပါပဲ တပ်ရင်းအပြင်ရှိ မည်သူမှ အထဲဝင်ခွင့် ရမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းက တပ်မှူးကြီး တစ်ယောက်ဖြစ်သည်သာမက မြေရိုင်းဒေသ သေမိန့်ကျစာရင်းပေါ်မှာလည်း ရှိနေပြီး ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်သည်။ သူ့ခေါင်းအတွက် ဆုကြေးက မြေရိုင်းသားများသာမက ကျင့်ကြံသူများအတွက်ပါ အကျိုးရှိသည့် နတ်အဆင့် သားရဲ ဝိညာဥ်တစ်ကောင်ဖြစ်ပေသည်။

အမှန်တကယ်ဆိုရလျှင် ယခင်က မြေရိုင်းဒေသ သေမိန့်ကျစာရင်းထဲရှိ လူများသည် မြေရိုင်းသားများေကြာင့်မဟုတ်ဘဲ ကျင့်ကြံသူများကြောင့် သေခဲ့ရသည်ြ အခြေအနေများလည်းရှိပေသည်။

မကြာမီ နှစ်ဝက်ကုန်ဆုံးသွားလေပြီ။

ယခုအခါ ပိုင်ရှောင်ချန်းက မဟာတံတိုင်းမှာ ၂ နှစ်ကြာ စစ်မှုထမ်းခဲ့ပြီးလေသည်။ တပ်မှူးကြီးရာထူးတိုးပြီးသည့်နောက်တွင် တံတိုင်းနောက်ကွယ်၌ ထုံးစံအတိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း အကုန်လုံးမှာ အသေးစားများပင်ဖြစ်ကာ ယမန်နှစ်က တိုက်ပွဲကြီးကုိ မယှဥ်နိုင်ပေ။

ပိုင်ရှောင်ချန်းမှာ မဟာတံတိုင်းမြို့တော်ရှိ ဘဝနှင့် အလွန်ကျင့်သားရနေပြီး ဝါသနာအသစ်တစ်ခုပင်ပေါ်လာခဲ့သည်။ ရက်အနည်းငယ်ကြာတိုင်း သူက ချပ်ဝတ်တန်ဆာဝတ်ဆင်၍ သူ့လူများစွာ ခြံရံလျက် ဋ္ဌာနချုပ်မှ ထွက်ကာ မြို့အနှံ့ ပတ်လေသည်။

လူအုပ်ကြီးထဲသို့ သူရောက်ရှိလာသည်နှင့် လူအများက သူရှိရာဘက်သို့ လေးစားအားကျမှုများအကြည့်များဖြင့် ကြည့်သည်ကို သူ အလွန်တရာ သဘောကျနှစ်သက်နေသည်။ အမှန်တကယ်တော့ ထိုအခြင်းအရာသည် သူ ဘယ်တော့မှ ပင်ပန်းငြီးငွေ့သွားမည့်အရာ မဟုတ်ပေ။

ပထမတွင် ကျောက်လုံနှင့် သူ၏ မူလအဖွဲ့မှာ ထိုသည်ကို အလွန်ထူးဆန်းခဲ့လေသည်။ တပ်ရင်းရှိ အခြားသော ကျင့်ကြံသူများသည်လည်းထိုနည်းတူပင်။ သို့သော်လည်း တဖြည်းဖြည်း အသားကျသွားပြီး ထိုသည်မှာ ပိုင်ရှောင်ချန်း၏ ပင်ကိုယ်စရိုက်သာဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ အတန်ငယ်ရှက်စရာကောင်းသော်လည်း မြင်သားကျသွား၍ သာမန်ထက် မပိုတော့ချေ။

သို့သော်လည်း ပိုင်ရှောင်ချန်းက အလားတူ ဆက်လက်လုပ်ဆောင်ကာ သူ၏နေ့စဥ်တာဝန်ဝတ္တရားများကို လျစ်လျစ်ရှုလာတော့သည်။ နောက်ဆုံး ပိုင်လင်းသတိထားမိသည်အထိ ဖြစ်သွားသည်။ သူက စိတ်ပျက်သွားပြီး အထူးအစီအစဥ်တစ်ခု ချမှတ်လိုက်ရ၏။ နောက်တစ်နေ့တွင် ပိုင်ရှောင်ချန်းက စစ်တပ်ရှိ အခြားကျင့်ကြံသူများ၏ အကြည့်များကို ခံစားရန် သူ၏ တပ်ရင်းကို ဦးဆောင်၍ ဋ္ဌာနချုပ်၏အပြင်ထွက်လာပြီး သူ့ဘေးပတ်လည်ရှိ စကားသံများပွက်လောရိုက်လာသည်ကို အရသာခံတော့မည် ဆဲဆဲမှာပင် ရုတ်တရက် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် ကျင့်ကြံသူထောင်ပေါင်းများစွာ ပေါ်လာလေသည်။ သူတို့က လူအုပ်ကြီးကိုဖြတ်ကာ မီတာ ၃၀၀ အရှည် လမ်းကြောင်းတစ်ခု ရှင်းလင်းလိုက်လေသည်။

ပိုင်ရှောင်ချန်းပင်လျှင် မလွတ်ပဲ ဘေးသို့ တွန်းခံလိုက်ရ၏။

” မင်းတို့ကောင်တွေ ဘာလုပ်တာတုန်းကွ ”
သူက မကျေမနပ်ပြောလိုက်သည်။

တစ်ချက်လေးပင် တုံ့ဆိုင်းမနေပဲ မေးခံရသည့် ကျင့်ကြံသူက နီယန် မျိုးရိုးနှင့် အရေခွံဆုတ်တပ်၏ မှော်သင်္ကေတရေးထွင်းထားသည့် အမိန့်လည်ဆွဲတစ်ခုကို ဖြတ်ခနဲ ထုတ်ပြလိုက်သည်။
” စစ်ဦးစီးမှူး နီယန်ဟဲယုံ လာနေတယ်။ မင်းတို့အားလုံး နောက်ဆုတ် ”

စစ်တပ်ငါးဖွဲ့အတွင်းတွင် မျိုးရိုးနာမည်များနှင့် အမိန့်ပေးလည်ဆွဲများရှိသော လူများမှာ စစ်ဦးစီးမှူးများသာဖြစ်သည်။

အမိန့်ပေးလည်ဆွဲပြပြီးသည်နှင့် ကျင့်ကြံသူက ဘာမှ ထပ်မပြောတော့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်အောက်ရှိ ကျင့်ကြံသူထောင်ပေါင်းများက ပိုင်ရှောင်ချန်းနှင့် အခြားလူများကို နောက်သို့ တွန်းထုတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ အနည်းငယ် မကျေနပ်သော်လည်း မည်သို့မျှ သူ မတတ်နိုင်ချေ။ သူလုပ်နိုင်သမျှမှာ ကျင့်ကြံသူတစ်သောင်း လမ်းရှင်းလိုက်ကြသည်ကို ကြည့်နေရုံသာဖြစ်သည်။ အချိန်အနည်းငယ်ကြာသော် မျက်စိကျိန်းစေသော မြင်ကွင်းကြီးတစ်ခု မလှမ်းမကမ်းမှ ပေါ်လာ၏။ ၄င်းသည် အထင်ကြီးလေးစားဖွယ် မျက်နှာအမူအရာများရှိေသာ တပ်မှူးကြီး ဆယ်ဦးခြံရံထားသည့် ကြက်သွေးရောင် ချပ်ဝတ်တန်ဆာနှင့် အဖိုးအိုတစ်ယောက်ဖြစ်လေသည်။

မီတာ သုံးရာလမ်းကြောင်း အပြင်သို့ ထုတ်ခံလိုက်ရသည့် လူတိုင်းမှာ ပိုင်ရှောင်ချန်းကို မြင်သည့်အချိန်က တုံ့ပြန်ပုံထက် များစွာ သာလွန်သော ဟန်အမူအရာများဖြင့် စိတ်အားထက်သန်စွာ တစ်ခဲနက်ကြွေးကြော်လိုက်ကြသည်။ သူတို့၏ စိတ်အားထက်သန်သော အော်ဟစ်နေသံများသည် ပိုင်ရှောင်ချန်း၏နားစည်အတွင်းထဲထိ ထိုးဖောက်ဝင်ရောက်လာတော့သည်။

” ဒါက စစျဦးစီးမှူးပဲ ”

” ဘုရားဘုရား။ စစ်ဦးစီးမှူးတွေ လှည့်လည်တာကို မြင်ရခဲတယ် ”

” မဟာတံတိုင်းမြို့တော်ရဲ့ စစ်ဦးစီးမှူးတွေက အရာအားလုံးကို လှုပ်ရမ်းပစ်နိုင်တယ်။ သူတို့ သွားတဲ့မြေပြင်တိုင်းကို တုန်ခါသွားအောင် စွမ်းဆောင်နိုင်တဲ့လူတွေပဲ ”

ပိုင်ရှောင်ချန်းမှာ သူ့ရှေ့တွင် ဖြစ်ပေါ်နေသည့် ခန့်ညားထည်ဝါသော မြင်ကွင်းကို တအံ့တသြ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေနိုင်တော့သည်။ တချိန်တည်းမှာပင် သူ အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။

” အဲဒီလူကြီးက ဘာတွေများ အံ့သြစရာကောင်းနေလို့လဲ ”
သူက တွေးလိုက်သည်။
” စစ်ဦးစီးမှူးတစ်ယောက်ပဲကို၊ ဟုတ်တယ်မလား ” ထို့နောက် သူက အံကြိတ်လိုက်တော့သည်။

” ငါ စစ်ဦးစီးမှူးတစ်ယောက် ဖြစ်လာစေရမယ်”


Comment

Leave a Reply

Options

not work with dark mode
Reset