Switch Mode

အခန်း ( ၅၀၆ )

စစ်မှန်သော ထာဝရပြုစားခြင်းသိုင်း

ထာဝရအသက်ရှည်နည်းပညာရပ်သာ သက်စောင့်အား လုံလောက်စွာရရှိလျှင် မယုံကြည်နိုင်ဖွယ်ကောင်းစွာ ကျင့်ကြံနိုင်လိမ့်မည်။ ထိုအခြင်းအရာကို လွန်ခဲ့သောနှစ်များစွာကတည်းက ပိုင်ရှောင်ချန်း သိခဲ့ရသည်။

ထို့အပြင် ကျင့်ကြံခြင်း၌ များစွာသောကုန်ကျစရိတ်ရှိသည့် အရင်းအမြစ်များ လိုအပ်ကြောင်းကိုလည်း သူ နားလည်လာခဲ့ရသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းသာ ထိုမျှလောက်သော အရင်းအမြစ်များ ကုန်ဆုံးသွားပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်မည့် နည်းလမ်းရှိမည်မဟုတ်ပေ။ မြစ်ရင်း ဂိုဏ်းတစ်ခုဖြစ်သည့် ရှင်းကုံကျစ်တာအိုဂိုဏ်းကပင်လျှင် ၎င်းကုန်ကျစရိတ်အား တောင့်ခံနိုင်ရန်ခက်ခဲပေလိမ့်မည်။

ယခုအချိန်တွင် သူက ထာဝရကျမ်း၏ တတိယအဆင့်ဖြစ်သော ထာဝရအရွတ်ကြောအထိသာ ရောက်ရှိသေးသည်။ နောက်ပိုင်းတွင် သူက ထာဝရအရိုးနှင့် ထာဝရသွေးအဆင့်ထိ ရောက်အောင်လုပ်ရန် လိုအပ်ပေလိမ့်မည်။ ထိုအရာများအတွက် သက်စောင့်အားများ မည်မျှအထိ လိုအပ်လိမ့်မည်ကို ခန့်မှန်းရန်ခဲယဉ်းလှသည်။

” ဒါတွေအားလုံးအတွက် ငါ စိတ်ပူနေလို့မဖြစ်ပါဘူးလေ ” သူကတွေးတောလိုက်သည်။ ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးဆီမှ သက်စောင့်အားများကို သူ၏ရင်ဘက်ပိုင်းရှိရေဝဲမှစုပ်ယူနေစဥ် သူ၏မျက်လုံးများတွင် ပြတ်သားသည့်အလင်းရောင်များ တောက်ပလျက်ရှိသည်။ ချက်ချင်းနီးပါး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်အပူလှိုင်းများ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ရှိရေခဲများကို အရည်ပျော်စေကာ သူ၏သွေးကြောထဲသို့ တရဟောစီးဝင်လာစဥ် သွေးများမှာလည်း တပွက်ပွက်ဆူလာသည်။

ထိုအပူက သူ့အားလွှမ်းခြုံသွားကာ သူ၏ချီလမ်းကြောင်းများတွင် ပြုပြင်ပြောင်းလဲမှုများဖြစ်နေကြောင်း အာရုံခံမိလိုက်သည်။ သူ၏ခန္ဓာကိုယ်အား ဖြတ်စီးနေသော စွမ်းအားပြည့်ဝသည့် အပြင်အားကို ကိုယ်စားပြုသည့် အနက်ရောင်အလင်းတန်းများက သူ့အားဖုံးလွှမ်းသွားလေသည်။

၎င်းက သူ၏ခြေ၊လက်များရှိစွမ်းအားများနှင့်ချိတ်ဆက်သွားပြီး အနေအထိုင်တင်းကျပ်စေသည့်မန္တန်ကဲ့သို့ တစ်စုံတစ်ခုက စတင်၍ပျံ့နှံ့လာကာ သူ့အားဝန်းရံလိုက်သည်။

ပိုင်ရှောင်ချန်းမှာ အချိန် မည်မျှကုန်ဆုံးသွားခဲ့ကြောင်း သေချာမသိပေ။ ရုတ်တရက် သူက မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ၏ဦးခေါင်းမှလွဲ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မျက်စိစူးလောက်သည့် အနက်ရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများတွင် အလင်းရောင်များ တလက်လက်တောက်ပနေပြီး သူ၏ခန္ဓာကိုယ်အား အာရုံခံကြည့်လိုက်ရာ သူ၏အပြင်အားမှာ ယခင်အဆင့်တုန်းကထက်ပင် ကျော်လွန်သွားသည်ကို တွေ့လိုက်ရလေသည်။

သို့သော်လည်း ထိုအရာက အံ့သြစရာကောင်းလွန်းသည်တော့ မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်မှာ ပို၍ပေါ့ပါးဖြတ်လတ်လာသည်ကိုပင် သူ အာရုံခံမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက လျင်မြန်စွာရွေ့လျားသွားနိုင်ပြီး လေကို ထိုးခွင်း၍ပင် သွားနိုင်ကြောင်း တပ်အပ်သိနေလေသည်။

သိချင်စိတ်ပြင်းပြစွာဖြင့် ပိုင်ရှောင်ချန်းက သူ၏ယူဆချက်ကို စမ်းသပ်လိုသည့်ဆန္ဒများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူက ထိုဆန္ဒကို ချိုးနှိမ်လိုက်ကာ သူ့ကိုယ်သူ အနည်းငယ်ထပ်မံစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရုတ်တရက် သူကပင့်သက်ရှိုက်မိသွားသည်။

” ဒီဟာ…..”
သူ့အား ဝမ်းမြောက်ကြည်နူးစေသည်က သူ၏သေဆုံးခြင်းအချုပ်အနှောင်နောက်ထပ်တစ်ခုအား တွေ့ဆုံနိုင်တော့မည်ကို သဘောပေါက်သွား၍ဖြစ်သည်။

ထိုခံစားချက်က သူ၏စိတ်ဝိညာဥ်ကို ချက်ချင်းပင် အားတက်သွားစေသည်။ သူပြောနိုင်သည်မှာ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်ကို သူ၏ဦးခေါင်းဆီသို့ တိုးတက်ပျံ့နှံ့လာစေရန် အချိန်အနည်းငယ်သာကြာတော့မည်ဖြစ်ကြောင်း ဖြစ်လေသည်။ ကံမကောင်းစွာပင် ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးမှ သက်စောင့်အားများမှာ လျော့နည်းနေပြီဖြစ်သည်။

” ဝမ်းနည်းစရာပဲကွာ ”
သူက ဝမ်းနည်းစွာဖြင့် တွေးတောမိလိုက်သည်။ သို့သော်လည်း သူက စိတ်လှုပ်ရှားနေဆဲဖြစ်လေသည်။ ” ငါကအခု ရွှေအမြုတေအဆင့်ရဲ့မဟာစက်ဝန်းထဲကို ရောက်နေပြီ။ ပြီးတော့ ငါ့ရဲ့ ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်ကိုလည်း အဆင့်တက်နိုင်ခဲ့ပြီ။ အခုကစပြီး ဘယ်သာမန်အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကမှ ငါ့ကိုအနှောင့်အယှက်ပေးရဲတော့မှာမဟုတ်ဘူး”

သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ မတ်တတ်ရပ်လိုက်သည်။ သူ၏လေထဲသို့ ထိုးဖောက်ပြေးလွှားလိုသောစိတ်ဆန္ဒကို မတားဆီးနိုင်တော့ပဲ သူက ရှေ့သို့လှမ်းလိုက်သည်။

ထိုသို့လုပ်လိုက်စဥ် သူ၏အရှေ့ရှိရေခဲလွှာများမှာ ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းမှာလည်း ပျောက်ကွယ်သွားလေသည်။

ထိုသို့ဖြစ်ပျက်သွားစဥ် ထိုနေရာရှိအခြားရေခဲလွှာများမှာလည်း အက်ကွဲလာပြီး အစိတ်စိတ်အမြွှာြမွှာ ကွဲကြေသွားလေသည်။ မျက်စိတမှိတ်အတွင်း အဆောက်အအုံကြီးမှာ ပေါ်လာလေသည်။ ထိုသက်ရောက်မှုက ခြံဝန်းအတွင်းလျင်မြန်စွာပျံ့နှံ့လာပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်း လက်နက်တိုက်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

တဖျစ်ဖျစ်အက်ကွဲသည့်အသံများမှာလည်း လေထဲတွင်ပြည့်နှက်လာလေရာ အရေခွံဆုတ်တပ်သားများမှာလည်း အံ့အားသင့်ကာကြည့် လာကြလေသည်။ ကျောက်လုံနှင့် တပ်ရင်းထဲမှအခြားသူများမှာ နေထိုင်ရာနေရာတွင်တောင်အလားပုံနေသည့် ရေခဲထုကြီး ပြိုကျသွားသည်ကို အံ့အားသင့်စွာကြည့်နေကြသည်။

လက်နက်တိုက်ထဲရှိ အဆောက်အအုံများမှသည် ဆေးပေါင်းဖိုများအထိ အရာအားလုံးမှာ ဦးတည်ရာအနှံ့လေပြင်းတစ်ချက်အသွင်ပြောင်းသွားပြီးေနာက် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလေသည်။

ထို့နောက် ပိုင်ရှောင်ချန်းကို မည်သည့်နေရာတွင်မှမတွေ့ရကြောင်း လူများကသိလာကြသောအခါ မရေမတွက်နိုင်သည့်ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာလေသည်။

” မဟာသမားေတာ်က ပျောက်သွားတာလား”

” ဘာ…ဘာ..ဘာတွေဖြစ်ကုန်တာလဲ ” ကျောက်လုံ၊လျှိုလီနှင့် တပ်ရင်းထဲမှအခြားသူများက ပြိုလဲကျနေသော နေထိုင်ရာအဆောက်အဦးများဆီသို့ တဟုန်ထိုးပြေးလာကြပြီး ပိုင်ရှောင်ချန်းပျောက်ဆုံးသွားကြောင်းကို သေချာအောင်ကြည့်ရှုစစ်ဆေးနေကြသည်။

သူတို့က သူ့အားရှာနေကြစဥ် မဟာတံတိုင်းအပြင်ဘက်ရှိ စစ်မြေပြင်မှာ တစ်စုံတစ်ခုဖြစ်ပျက်လာခဲ့သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်မြင်ကွင်းမှာ အနိဋ္ဌာရုံဖြစ်နေပြီး အလောင်းများနေရာအနှံ့ရှိနေသော်လည်း မည်သည့်တိုက်ခိုက်မှုများမှမရှိချေ။ မဟာတံတိုင်း၏အပြင်ဘက်ရှိနေရာများမှာ အမြဲတမ်းထိုကဲ့သို့ဖြစ်ကာ မြေအောက်ကမ္ဘာ၏မြင်ကွင်းတစ်ခုနှင့်ပင် တူနေသည်။

ရံဖန်ရံခါ မြေရိုင်းဒေသရှိ အလောင်းကောင်များကို စားသောက်ခြင်း၌ ပျော်မွေ့သောတောရိုင်းတိရစ္ဆာန်များက ပြတ်တောက်နေသော ခြေလက်အင်္ဂါများနှင့် အလောင်းများ၏ အခြားအစိတ်အပိုင်းများအား တကျွတ်ကျွတ်ဝါးစားနေသည်ကို တွေ့မြင်ရနိုင်သည်။

ရုတ်တရက် လေထဲတွင်ဂယက်လှိုင်းများ ထကြွလာကာ မှော်သေင်္ကတတစ်ခု၏ပုံသဏ္ဍာန်ဖြစ်ပုံရသည့် အနက်ရောင်အလင်းတန်းများတောက်ပစွာပေါ်ထွက်လာသည်။

အလောင်းကောင်များကိုစားသောက်နေကြသော တောရိုင်းတိရစ္ဆာန်များမှာ လန့်ဖျန့်သွားကြပြီး အနက်ရောင်အလင်းနားမကပ်ရဲကြပဲ အများစုမှာ ဆန့်ကျင်ဘက်အရပ်သို့ထွက်ပြေးသွားကြတော့သည်။ တချိန်တည်းမှာပင် မဟာတံတိုင်းထိပ်တွင် တာဝန်ကျနေသော ကျင့်ကြံသူများက ဖြစ်ပျက်သွားသမျှကို သတိပြုမိသွားကြသည်။ မှော်အမြောက်ကြီးအချို့မှာ တိုက်ခိုက်မှုများထုတ်လွှတ်တော့မည့်အလား စတင်၍ပူနွေးလာသည်။

နောက်ဆုံးတွင် တံတိုင်း၏အပြင်ဘက်ရှိ ဂယက်လှိုင်းများမှာ ပူဖောင်းတစ်လုံးသဏ္ဍာန်ပေါ်သွားကာ ဖောက်ခနဲပေါက်သွားပြီးနောက် ပုံရိပ်တစ်ခုက ဒယီးဒယိုင်ဖြင့်ထွက်လာသည်။ မဟာတံတိုင်းပေါ်ရှိ ကျင့်ကြံသူများ၏မျက်လုံးများထဲတွင် လူသတ်ငွေ့များပေါ်လာပြီး တိုက်ခိုက်တော့အံ့ဆဲဆဲတွင် ရုတ်တရက် သူတို့ထဲမှအချို့က အံ့သြတကြီးပြောလိုက်ကြလေသည်။

” မဟာသမားတော်ပိုင် ”

” အဲဒါ ပိုင်ရှောင်ချန်းပဲ ”
ကျင့်ကြံသူများက သူတို့ကြည့်နေသောသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားကြစဥ် ပင့်သက်ရှိုက်သံများကိုကြားရနိုင်ပြီး စစ်မြေပြင်တွင် သူ၏ရုတ်တရက်ပေါ်ပေါက်လာမှုကို စဥ်းစား၍မရနိုင်ဖြစ်နေကြသည်။

ထိုနေရာရှိသောလူမှာ ပိုင်ရှောင်ချန်းမှလွဲ၍ အခြားသူမဟုတ်ချေ။

ပထမဦးစွာ သူကပတ်ပတ်လည်ကို ဇဝေဇဝါဖြင့်ကြည့်နေသည်။ နောက်ဆုံးတွင် သူကမည်သည့်နေရာသို့ ရောက်နေကြောင်း သိလိုက်ရသောအခါ သူ့ဦးရေပြားမှာ စပ်ဖျဥ်းဖျဥ်းဖြစ်သွားလေသည်။

” ငါဒီမှာလာလုပ်နေတာတုံး ”
အကယ်၍ ဝိညာဉ်ကျင့်ကြံသူများသာရုတ်တရက် အုပ်စုလိုက်ပေါ်လာပါက မည်သို့ဖြစ်သွားမည်ကို သူ စဉ်းစားကြည့်ရင်း သူ၏စိုးရိမ်စိတ်မှာ မြင့်တက်လာသည်။ တုံ့ဆိုင်းမှုမရှိပဲ သူက မဟာတံတိုင်းဆီသို့ တဟုန်ထိုးပျံသန်းသွားလိုက်သည်။

” ငါ့ကိုဝင်ခွင့်ပေး ”
သူကပျံသန်းနေစဥ် အော်ပြောလိုက်သည်။ မဟာတံတိုင်းပေါ်ရှိကျင့်ကြံသူများက တုံ့ဆိုင်းနေကြသည်ကို မြင်လိုက်ရသောအခါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြနိုင်ရန် သူ၏သက်သေခံတံဆိပ်ပြားကို အလျင်အမြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် သူကအကာအကွယ်ကိုဖြတ်ကာ တံတိုင်းပေါ်သို့ခြေချလိုက်လေသည်။

ကျင့်ကြံသူများမှာ အနည်းငယ်သံသယရှိနေကြဆဲဖြစ်ကာ မေးခွန်းအချို့ကို စတင်မေးမြန်းလိုက်ကြသည်။

“မဟာသမားေတာ်ပိုင်…ခင်ဗျားအဲဒီကို ဘာ…ဘာသွားလုပ်တာလဲ ”

” ကျွန်တော်တို့ တံတိုင်းရဲ့အပြင်ဘက်ဆီ ဘယ်သူမှသွားတာကို မမြင်လိုက်ပါဘူး။ ခင်ဗျား အဲ့လိုမလုပ်ခင် စစ်သေနာပတိချုပ် ဆီက ခွင့်ပြုချက်ကိုယူရဦးမှာ ”

” အမ်.. အဲ့တာ မတော်တဆဖြစ်သွားတာ..ဒါပါပဲ ”
ပိုင်ရှောင်ချန်းက ချောင်းဟန့်ရင်း ပြောလိုက်သည်။ “မတော်တဆသေးသေးလေးပါကွာ”
ယခုတွင် သူကမဟာတံတိုင်းကြီး၏ ကာကွယ်စောင့်ရှောက်မှုအတွင်းသို့ ပြန်ရောက်လာပြီဖြစ်၍ သူ၏နှလုံးသားမှာ တည်ငြိမ်လာလေသည်။ အစောပိုင်းတုန်းက သူသည် လေထုကိုဖြတ်၍ ထိုးဖောက်နိုင်စွမ်းကို စမ်းသပ်ရန်ကြိုးပမ်းခဲ့ပြီး မမျှော်လင့်ပဲ ရုတ်တရက်အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။

ထိုအမှောင်ထုထဲတွင် သူ၏ခန္ဓာကိုယ်မှာ ပြိုလဲသွားပြီး ကြောက်လန့်တကြားဖြစ်သွားရကာ အပြင်ဘက်သို့ထွက်နိုင်ရန် အပြင်းအထန်ရုန်းကန်လှုပ်ရှားခဲ့ရသည်။ အပြင်ဘက်သို့ပြန်ထွက်လာနိုင်သောအခါ သူက မဟာတံတိုင်းအပြင်ဘက်ရှိ စစ်မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်ကို တွေးမိရုံမျှဖြင့် သူ၏နှလုံးသားမှာ ကျန်ရှိနေသေးသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာများကြောင့် တဒိန်းဒိန်းခုန်လာလေသည်။ သူက မရေရာသည့်ရှင်းလင်းချက် အချို့ကိုပေးလိုက်ပြီးနောက် မြို့ထဲသို့အလျင်အမြန်ပြန်ဝင်သွားလိုက်သည်။

” အန္တရာယ်များလိုက်တဲ့နည်းပဲ” သူကတွေးတောလိုက်သည်။
“ငါ ဒီလိုမျိုးစွန့်စားမှုတွေကို လုံးဝ မလုပ်တော့ပါဘူးကွာ ”
ကြောက်ရွံ့တုန်လှုပ်မှုများက စွဲကျန်နေသေးသော်လည်း သူ ပြုလုပ်ခဲ့သည်များက ထူးကဲလှကြောင်းကို သူဝန်ခံရလိမ့်မည်။ သူက မဟာတံတိုင်းကြီးနှင့် ၎င်း၏မန္တန်အစီအရင်ကို အသေးစားတည်နေရာရွေ့ပြောင်းခြင်းတစ်ခုအလား ထိုးဖောက်သွားနိုင်ခဲ့သည်။

” ဒါမှမဟုတ် အဲ့လိုသာမဟုတ်ခဲ့ရင်တော့…။ တကယ်တမ်း ဒီလိုစစ်ပွဲအခြေအနေအရဆိုရင် မျက်လုံးကြီးက စစ်တပ်ငါးတပ်ကကျင့်ကြံသူတွေကို အမိန့်မပါပဲ အကာအကွယ်အပြင်ထွက်ခြင်းကနေတားမြစ်လိမ့်မယ်။ ပြီးတော့ သက်သေခံတံဆိပ်ပြားမပါပဲ ပြန်ဝင်လို့ရမှာလဲ မဟုတ်ဘူး ”

” ငါက အပြင်ကို ထွက်နိုင်ခဲ့တယ်။ ဘာကြောင့်လဲ” သူကမျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကာ တစ်ခဏကြာပြီးနောက် ယခုသူလုပ်ခဲ့သည်များက သူ၏ထာဝရအရွတ်ကြောများ၏ ထူးဆန်းသောအစွမ်း တစ်ခုအဖြစ် ခံစားလိုက်ရသည်။

” အဲ့တာက ထာဝရပြုစားခြင်းသိုင်းတော့မဟုတ်ဘူးမလား။ အဲ့တာက တခြားကန့်သတ်ထားတဲ့မန္တန်တွေကိုတောင် ရှောင်လွှဲနိုင်တာများလား ”
ပိုင်ရှောင်ချန်းက သူ၏အတွေးရထားလေးကို အရှိန်သတ်လိုက်ကာ နောက်ထပ်စမ်းသပ်မှုများပြုလုပ်ကြည့်ရန် စဥ်းစားနေလေသည်။ သို့သော်လည်း အမှောင်ထုကြီးအတွင်းရှိ သူ့အားဆွဲဖြဲလုနီးပါးဖြစ်နေသည့်ခံစားမှုအာရုံအကြောင်းကို မတွေးပဲမနေနိုင်ချေ။

” မဖြစ်ဘူး။ အဲ့တာအန္တရာယ်များလွန်းတယ်။ တကယ်လို့ ငါသာစမ်းသပ်ချက်အချို့ကိုလုပ်ချင်လို့ရှိရင် ငါ့ရဲ့ထာဝရအရွတ်ကြောတွေ ပြီးပြည့်စုံသွားတဲ့အချိန်ကိုစောင့်ရလိမ့်မယ်။ ပြီးတော့ နောက်ထပ်အချုပ်အနှောင်တစ်ခုကိုလည်း ဖောက်ထွက်ဖို့လိုမယ် ”
နောက်ဆုံးတွင် သူက ခေါင်းကိုခါယမ်းလိုက်ပြီး လက်နက်တိုက်ဆီသို့ပြန်သွားလိုက်လေသည်။ ထိုအခါမှသာ ကျောက်လုံနှင့် တပ်ရင်းထဲမှကျန်လူများက သူ့အားရှာတွေ့သွားခဲ့သည်။ ကျောက်လုံမှာ ချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူ၏တပ်ရင်းအဖွဲ့ဝင်များက ပိုင်ရှောင်ချန်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်သော လူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရပြီး သူတို့အားလုံး စောင့်ကြပ်နေသည့်ကြားမှပင် သူကပျောက်သွားခဲ့သဖြင့် ထိတ်လန့်အံ့သြခဲ့ရသည်။

” အဆင့်တက်သွားတဲ့အတွက် ဝမ်းမြောက်ပါတယ် မဟာသမားတော် ”

” မဟာသမားေတာ်… ကျွန်တော်တို့ ဒီဟာတွေ ပြန်ဆောက်လိုက်ရမလား ”

ထိုအခိုက်အတန့်တွင် လက်နက်တိုက်မှာ လူနေ၍မရနိုင်သည့်အခြေအနေရောက်နေသော်လည်း အရေခွံဆုတ်တပ်၏ တပ်မှူးကြီးတစ်ဦးအနေဖြင့် သူက ကိုယ်ပိုင်ဌာနချုပ်တစ်ခုရှိလေသည်။ ထို့အတွက်ကြောင့် သူက ရိုးရိုးရှင်းရှင်းပင် လက်ကိုဝေ့ယမ်းလိုက်ကာ ပြောလိုက်သည်။
” အခု ငါတို့ဒီနေရာမှာမနေတော့ဘူး။ ငါ့ရဲ့ဌာနချုပ်ကို သွားကြစို့”

Comment

Leave a Reply

Options

not work with dark mode
Reset