လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက အဆုံးမဲ့မျိုးနွယ်စု၏ ရောက်ရှိလာမှုနှင့်အတူ ကျယ်ပြန့်တာအိုဂြိုဟ်၏ ဘုန်းမီးနေလတောက်ပခဲ့သော ခေတ်မှာ ကုန်ဆုံးသွားခဲ့ရ၏။ လူပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်နေခဲ့သော ကြယ်ကြီးမှာလည်း လူသူကင်းမဲ့ကာ အပျက်အစီးများဖြင့် ပြည့်နှက်နေသည့် နယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
အဝေးမှကြည့်လိုက်ပါက ကောင်းကင်ကြီးမှာ ကြည်လင်ပြတ်သားနေခြင်းမရှိဘဲ မီးခိုးရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ထိုကောင်းကင်ကြီးအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက ထိုမီးခိုးရောင် တိမ်တိုက်များထဲတွင် မီးခိုးရောင် ပိုးကောင်လေးများ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကို မြင်နိုင်ပေမည်။ ထိုပိုးကောင်များမှာ အရွယ်အစား သေးငယ်လွန်းလှသောကြောင့် သာမန်မျက်စိနှင့် မမြင်နိုင်ပေ။ ယခုတွင် ၎င်းတို့မှာ ကျယ်ပြန့်တာအိုဂြိုဟ်၏ ကောင်းကင်ယံထဲ၌ အဆုံးအစမရှိလောက်အောင် ပြည့်နှက်နေကြ၏။
အထူးအသိအမှတ်ပြု တံဆိပ်ပြားတစ်ခု မပါဘဲ ထိုနေရာအား အဝင်အထွက်လုပ်ရန် ကြိုးစားလိုက်မည်ဆိုပါက ထိုပိုးကောင်လေးများမှာ ခန္ဓာကိုယ်ထဲသို့ လူးလွန့်ဝင်ရောက်လာကြမည်ဖြစ်သည်။ ထိုအချိန်တွင် မိမိ၏ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်တွင် ရှိနေလျှင်တောင် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ဘဲ အစအန ရှာမရတော့သည့်အထိ ဝါးမျိုခံလိုက်ရမည်သာ ဖြစ်သည်။
၎င်းမှာ အဆုံးမဲ့မျိုးနွယ်စုမှ နတ်ဘုရင်တစ်ပါး၏ အကြွင်းအကျန် အငွေ့အသက်များမှ ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလော။ ကျယ်ပြန့်တာအိုနန်းတော် ပျက်စီးသွားပြီဖြစ်ပြီး ထိုနတ်ဘုရင်ကြီး ထွက်ခွာသွားပြီ ဖြစ်သည်တိုင်အောင် သူ၏ အငွေ့အသက်များမှာ အတားအဆီးများအဖြစ် ကျန်ရစ်နေခဲ့ဆဲပင်။
ထိုဂြိုဟ်ပေါ်ရှိ တောတောင်ရေမြေသဘာဝမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ တောအုပ်များနှင့် ရေကန်များမှာ မြေရိုင်းဒေသများအဖြစ် ပြောင်းလဲသွားကြပြီး သန္ဓေပြောင်းသားရဲတိရစ္ဆာန်ပေါင်း မြောက်မြားစွာမှာ ထိုနေရာများတွင် သောင်းကျန်းနေကြ၏။ နတ်ဘုရားလက်နက်တစ်ခုနှင့် တူသည့် ကတော့ပုံစံ ဧရာမ ဓမ္မအဆောင်ကြီး တစ်ခုမှာလည်း မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ထို အငွေ့အသက်မှာ အားကောင်းလွန်းလှသောကြောင့် ကျယ်ပြန့်တာအိုနန်းတော်တောင်၏ ဝင်ပေါက်အား ထိုးဖောက်နေသည့်ပုံ ပေါက်နေ၏။
နောက်ဆုံးတွင် ၎င်းမှာ ထိုတောင်ကြီးအား ထပ်ခြမ်းပိုင်းသွားတော့သည်။ ကျောက်စကျောက်နပေါင်း မြောက်မြားစွာနှင့် အဆောက်အဦ အပျက်အစီးများ၏ အလယ်တွင် ထို ဓမ္မအဆောင်ကြီးဆီမှ နတ်ဆိုးအလင်းရောင်များ အဆက်မပြတ် ထွက်ပေါ်လာနေ၏။
ဤဂြိုဟ်ပေါ်တွင် ထိုကဲ့သို့သော ဓမ္မအဆောင်မျိုး ကိုးခုတိတိ ရှိပေသည်။ ၎င်းတို့အားလုံးမှာ မြေကြီးထဲသို့ စိုက်ဝင်နေကြပြီး ထိုပင်မဂြိုဟ်ကြီးအား ဝန်းရံကာ ကျယ်ပြန့်ကြယ်အဖွဲ့အစည်း၏ အဆီအနှစ်များကို စုပ်ယူနေကြသည်။
ကျယ်ပြန့်ကြယ်အဖွဲ့အစည်းမှာ ယခင်တုန်းက မန္တန်အစီအရင်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်ဖြစ်ရာ ကြယ်စင်စုအဖွဲ့အစည်းတစ်ခုလုံးမှာ ဧရာမ ကွန်ရက်ကြီးတစ်ခုနှင့် တူနေ၏။ ထို ကြယ်စင်စုအဖွဲ့အစည်း၏ အလယ်ရှိ ပင်မကြယ်ကြီးမှာ တဒုတ်ဒုတ်ခုန်နေသည့် နှလုံးသားတစ်လုံးကဲ့သို့ပင်။ ထို့ကြောင့် ပင်မဂြိုဟ်၏ ပတ်ပတ်လည်၌ လည်ပတ်နေကြသည့် စုပ်ယူခြင်းလုပ်ငန်းစဉ်များမှာ ကြယ်စင်စုအဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိနေမည်ဖြစ်သည်။
ထို ကတော့ပုံစံ ဧရာမ ဓမ္မအဆောင်ကြီး၏ ပတ်ပတ်လည်တွင် အဆုံးမဲ့မျိုးနွယ်စုဝင်ပေါင်း မြောက်မြားစွာ ရှိနေကြသည်။ သူတို့ထဲမှအများစုမှာ ထိုနေရာတစ်ဝိုက်တွင် ကင်းလှည့်နေကြပြီး သူတို့၏တာဝန်မှာ ကျန်ရှိနေသေးသော ကျယ်ပြန့်တာအိုနန်းတော်ဂိုဏ်းသားများကို နှိမ်နင်းရန်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ကောင်းကင်ယံထဲတွင် ရှေးခေတ် တိုက်ပွဲသုံးယာဥ်ကြီးများ မကြာခဏဆိုသလို ဖြတ်ပျံသွားနေကြသည်ကိုလည်း မြင်နိုင်ပေသည်။ အဆုံးမဲ့မျိုးနွယ်စု၏ ထိပ်သီးအဆင့်ကျင့်ကြံသူများမှာ ထိုယာဉ်များပေါ်တွင်ရပ်ကာ အေးစက်စက်မျက်ဝန်းများဖြင့် အောက်သို့ငုံ့ကြည့်နေကြ၏။
ထို့ကြောင့် ပျက်စီးယိုယွင်းမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများမှာ ဤကမ္ဘာကြီးအား အဓိကကိုယ်စားပြုသည့် အရာများကဲ့သို့ ဖြစ်နေကြသည်။ ထိုအခြေအနေကြီးအား ခုခံတွန်းလှန်နေကြသည့် တာအိုနန်းတော်မှ ဂိုဏ်းသားများ ရှိနေသေးပါသော်လည်း အချည်းနှီးပင်။ သူတို့မှာ သူတို့၏ ကြယ်ကြီးနှင့် ကြယ်စင်စုအဖွဲ့အစည်းတစ်ခုလုံး ဖြည်းဖြည်ချင်း ခြောက်ကပ်သေဆုံးသွားပြီး အဆုံးမဲ့မျိုးနွယ်စုမှ နတ်ဘုရင်ကြီးပိုင်ဆိုင်သော ပစ္စည်းတစ်ခုအဖြစ်သို့ ရောက်သွားသည်ကို စိုက်ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ကြပေ။
ထိုဂြိုဟ်ပေါ်တွင် ကျန်ရစ်ခဲ့ကြသည့် တော်လှန်ရေးသမားများမှာ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိတော့သည့်တိုင်အောင် သူတို့၏ တစ်ခုတည်းသော စိတ်ဆန္ဒမှာ လက်ကျန်အသက်များကို ပေးဆပ်ကာ အဆုံးထိ ခုခံတွန်းလှန််ရန် ဖြစ်ပေသည်…
ယခုတွင် ယိုယွင်းပျက်စီးနေသော ကျယ်ပြန့်တာအိုဂြိုဟ်ပေါ်၌ နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ ကျယ်ပြန့်တာအိုနန်းတော်တောင် ဝင်ပေါက်ကြီး၏ ခပ်လှမ်းလှမ်းတွင်ရှိသော အဆောက်အဦ အပျက်အစီးများထဲ၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသဖြင့် ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို အဆုံးမဲ့မျိုးနွယ်စုမှ မည်သူကမှ သတိမထားမိလိုက်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုနေရာ၌ ပေါ်ပေါက်လာပြီး ဘေးပတ်ဝန်းကျင်အား သေသေချာချာ မကြည့်ရှုရသေးခင်မှာပင် သူ၏ အသိစိတ်ထဲ၌ မမလေး၏ စိုးရိမ်တကြီးဖြစ်နေသော စကားသံတစ်သံ ထွက်ပေါ်လာ၏။
” အောက်ကိုလှဲချလိုက်။ မြန်မြန်လေး ”
ဝမ်ပေါင်လဲ့မှာလည်း အံ့အားသင့်သွားရပြီး ချက်ချင်းပင် အောက်သို့လှဲချလိုက်၏။ ထိုအချိန်တွင် မမလေး၏ ပုံရိပ်ယောင် ပေါ်ပေါက်လာပြီး မန္တန်လက်ကွက်များဖော်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ မမလေးနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ ချက်ချင်းဆိုသလိုပင် မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
တစ်အောင့်ခန့် အကြာတွင် ကောင်းကင်ယံထဲ၌ တိုက်ပွဲသုံးယာဉ်တစ်စင်း ပေါ်ပေါက်လာပြီး လေထဲတွင် ရပ်တန့်သွား၏။ ထိုတိုက်ပွဲသုံးယာဉ်ပေါ်တွင် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက် ရှိနေသည်။ ထိုကျင့်ကြံသူမှာ ငယ်ရွယ်ပြီး လက်ခြောက်ဖက်နှင့် ခေါင်းသုံးလုံး ပါရှိသည်။ သူသည် နေရာအနှံ့အပြားတွင် ပွန်းပဲ့ပျက်စီးနေသည့် မီးခိုးရောင် ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားပြီး သူ၏ မျက်ဝန်းများမှာ အေးစက်နေ၏။
သို့ဖြစ်ရာ သူသည် တိုက်ရည်ခိုက်ရည် ပြည့်ဝသော အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်ကြောင်း အထင်အရှားသိနိုင်ပေသည်။ ယခုတွင် သူ၏ မျက်လုံးခြောက်လုံးမှာ မြေပြင်ကြီးအား ကြည့်နေ၏။ သူသည် ထိုနေရာတစ်ဝိုက်ကို အချိန်အတော်အတန်ကြာအောင် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးကိုပင် စစ်ဆေးပြီးသွားသောအခါမှ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံသူ ထွက်ခွာသွားသည့် အချိန်အထိ တစ်လက်မခန့်ပင် မလှုပ်ရဲခဲ့ပေ။ အမှန်တွင် မမလေးမှာ သူ့အား မြူခိုးများဖြင့် လွှမ်းခြုံပေးထားပါသော်လည်း ၎င်းတို့မှာ သူ၏ အမြင်အာရုံကို ဖုံးကွယ်နေခြင်းမရှိသောကြောင့် သူသည် ကောင်းကင်ယံထဲရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်ခဲ့ရ၏။ ထို့ကြောင့် ထိုအဆုံးမဲ့မျိုးနွယ်စုဝင်ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ဖုန့်ချိုးရန်ထက်ပင် ပို၍ အစွမ်းထက်နေသည်ကိုလည်း သူက သိခဲ့ရပေသည်။ ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသော အငွေ့အသက်တစ်ခု ဖြစ်ပေသည်။
ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် မမလေးမှာ လှုပ်ရှားရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး စိတ်ထဲ၌ လှမ်း၍သတိပေးလိုက်၏။
” မလှုပ်သေးနဲ့ဦး။ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်လိုက်ဦး ”
မမလေးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ပြန်၍ နှုတ်ဆိတ်သွား၏။ ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် မကြာသေးမီတုန်းက ထွက်ခွာသွားခဲ့သော တိုက်ပွဲသုံးယာဉ်ကြီးမှာ ရုတ်တရက်ဆိုသလို ပြန်လည်ရောက်ရှိလာတော့သည်။ ထို အဆုံးမဲ့မျိုးနွယ်စုဝင်မှာ ဘေးပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် လက်တစ်ဖက်ကိုမြောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ရှေ့တွင် ပုံရိပ်ယောင်မြေပုံတစ်ခု ချက်ချင်းပေါ်ပေါက်လာသည်။
၎င်းမှာ ထိုနေရာတစ်ဝိုက်ကို ပြသနေသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေသည်။ သူသည် ထိုနေရာအား ထိုမြေပုံနှင့် တိုက်စစ်ကြည့်လိုက်ပြီးနောက် မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိကြောင်း သေချာသွားသောအခါမှ အမှန်တကယ် ထွက်ခွာသွားတော့သည်။
အကယ်၍ စောစောတုန်းက ဝမ်ပေါင်လဲ့သာ လှုပ်ရှားမိခဲ့ပြီး အမှားတစ်ခုခု လုပ်မိခဲ့ပါက သူတို့ ပုန်းကွယ်နေခဲ့သည့်နေရာမှာ ပြောင်းလဲသွားမည်ဖြစ်ရာ သူတို့အား ရှာတွေ့သွားမည်သာဖြစ်သည်။ ထိုသို့သာဆိုပါက သူတို့ကြုံတွေ့ရမည့် နောက်ဆက်တွဲအကျိုးဆက်များကို စိတ်ကူးနှင့်ပင် မှန်းဆနိုင်မည် မဟုတ်ပေ…
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်ထပ်၍ စောင့်ဆိုင်းပြီးသွားသောအခါမှ စိတ်အေးသွားပြီး မမလေးအား သူတို့ကိုဖုံးကွယ်ထားသည့် အကာအကွယ်ကြီးအား ပြန်လည်သိမ်းဆည်း၍ ရပြီဖြစ်ကြောင်း အသိပေးလိုက်၏။ မမလေးမှာလည်း မန္တန်လက်ကွက်များဖော်ကာ သူတို့ပုန်းကွယ်နေခဲ့သည့် နေရာကြီးအား ပြောင်းလဲမှုမရှိစေရန် မန္တန်များ သုံးလိုက်၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်တော့သည်။
” မမလေး။ ဒီနေရာက တော်တော်ကိုအန္တရာယ်များတာပဲဗျာ… ”
” ဘာမှမပူနဲ့။ ငါ နင့်ကို ကူညီပေးမယ်။ ဘာပြဿနာနဲ့မှ မကြုံစေရဘူး။ အခု ငါ ဒီဂြိုဟ်ပေါ်က ကျယ်ပြန့်တာအိုနန်းတော်ရဲ့ စွမ်းအင်အကြွင်းအကျန်တွေကို သုံးပြီးတော့ နင့်ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်မယ်။ အဲတာဆိုရင် နင့်ရဲ့ ပုံပန်းသွင်ပြင်က အဆုံးမဲ့မျိုးနွယ်စုဝင်တွေနဲ့ တူသွားမှာ။ ဒီဂြိုဟ်ပေါ်က ဥပဒေသတွေကြောင့် ဂြိုဟ်အဆင့်အောက်မှာရှိတဲ့ လူတွေက ဘာကိုမှ သတိထားမိမှာမဟုတ်ဘူး ” မမလေးမှာ အလျင်အမြန်ရှင်းပြလိုက်၏။ ထို့ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့အား သူ၏ တာဝန်ကို ပြီးမြောက်စွာထမ်းဆောင်နိုင်ရန် ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိနေခြင်းဖြစ်သည်။
အကယ်၍ သူတို့သာ အခြားဂြိုဟ်တစ်ခုခုပေါ်တွင် ရောက်နေပါက မမလေးမှာ ယခုလိုစွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သို့သော် ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မဂြိုဟ်ပေါ်သို့ ရောက်နေသည်ဖြစ်ရာ သူမ၏ ရာထူးအဆင့်အတန်းများကြောင့် အခြေအနေများမှာ မတူတော့ပေ။ ထို့အပြင် ထိုနေရာကြီးတစ်ခုလုံးမှာ ပျက်စီးသွားပြီ ဖြစ်သည့်တိုင်အောင် မမလေးမှာ ထိုနေရာတစ်ခုလုံးနှင့် ရင်းနှီးနေဆဲဖြစ်သည်ဟု ခံစားနေရဆဲပင်။
ယခုတွင် မမလေးမှာ ထိုသို့ ရှင်းပြလိုက်ပြီးနောက် မန္တန်လက်ကွက်များ ဖော်ကာ မြေပြင်ပေါ်သို့ အားပါပါ ဖိချလိုက်၏။ ထိုအခါ မြေပြင်ကြီးမှာ တုန်ရီသွားခြင်း မရှိပါသော်လည်း မြေအောက်ထဲမှနေ၍ အလင်းရောင် အမျှင်အတန်းများ ထိုးထွက်လာတော့သည်။ ခဏအကြာတွင် ၎င်းတို့မှာ လက်သီးဆုပ် အရွယ်အစားရှိသော အလင်းစက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ဝမ်ပေါင်လဲ့မှာ ထို အလင်းစက်လုံးအား ကြည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် အံ့အားသင့်သွားရ၏။ သူသည် ကျင့်ကြံသူပေါင်းမြောက်မြားစွာနှင့် မန္တန်ပေါင်းမြောက်မြားစွာကို မြင်ခဲ့ရရုံသာမက ၎င်းတို့အားလုံးကို ချိတ်ဆက်ပေးထားသည့် အမျှင်အတန်းများကိုပါ တွေ့ခဲ့ရသည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက အမျှင်အတန်းအမျိူးမျိုး၏ ပေါင်းစည်းမှုများကြောင့် မန္တန်အမျိုးမျိုး ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ၎င်း၏ အတွင်းပိုင်းထဲတွင်ရှိသော အရာများကိုမူ မမြင်ခဲ့ရပေ။ သူသည် ၎င်းအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် တစ်ခေါင်းလုံး ထူပူသွားရသဖြင့် ဆက်မကြည့်နိုင်တော့ချေ။ ထိုအချိန်တွင် မမလေးမှာ ထို အလင်းစက်လုံးအား ဝမ်ပေါင်လဲ့၏ နဖူးပေါ်သို့ ဖိချလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဖောင်းကားသွား၏။ ထို့နောက် ၎င်းမှာ အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ပုံစံအမျိုးမျိုး ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် သူသည် အရပ်ပိုရှည်လာတော့သည်။ သူ၏ လည်ပင်း၏ တစ်ဖက်တစ်ချက်စီတွင် ခေါင်းတစ်လုံးစီ ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ်လက်လေးဖက် ဆန့်ထွက်လာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ မမလေးမှာမူ မျက်နှာဖုံးထဲသို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားပြီးနောက် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ စကားပြောလိုက်၏။
” ငါ တတ်နိုင်သမျှ အကုန်လုပ်ပေးပြီးသွားပြီ။ မြန်မြန်လေးသာ လှုပ်ရှားတော့။ အလိမ်မပေါ်အောင်လည်း နေဦး။ အဆုံးမဲ့မျိုးနွယ်စုဝင်တွေက သူတို့အချင်းချင်း စကား သိပ်မပြောကြဘူး။ ငါ သူတို့ရဲ့ ဘာသာစကားကို နားလည်တာမလို့ နင့်အတွက် ဘာသာပြန်ပေးလို့ရတယ်။ အခု ငါပြောတဲ့အတိုင်းသာ လိုက်လုပ်ပေတော့ ”
” ဘာမှစိတ်ပူမနေနဲ့။ ဒီကနေ သိပ်မဝေးတဲ့နေရာမှာ ငါသိထားတဲ့ လျှို့ဝှက်လမ်းတစ်လမ်းရှိတယ်။ အဲဒီ လမ်းအတိုင်းသွားရင် တာအိုနန်းတော်တောင်ဝင်ပေါက်ရဲ့ အပျက်အစီးတွေရဲ့ အောက်ဆုံးအထိ ရောက်တယ်။ နင် သွားယူရမယ့်ပစ္စည်းက အဲဒီနေရာမှာ။ နင့်ရဲ့ ဓားအိမ်လေးကို သန့်စင်နိုင်မယ့် နေရာကလည်း အဲဒီနေရာပဲ ”
” အဲဒီကျောက်ပြားကို လိုချင်နေတာ သူပဲဖြစ်ရမယ်… ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရေရွတ်လိုက်ပြီး ရှုံ့မဲ့မဲ့ ပြုံးလိုက်၏။ အကယ်၍ သူသည် ယခုအချိန်အထိ ထိုအချက်အား မရိပ်မိပါက သူ့ကိုယ်သူ ပြည်ထောင်စုကြီး၏ ဒုပဏာမအဆင့်နှစ်အရာရှိတစ််ယောက်အဖြစ် မသတ်မှတ်သင့်တော့ပေ။ မမလေးမှာ နည်းလမ်းတစ်ခုခုကိုအသုံးပြုကာ တာဝန်အား ပြောင်းလဲနိုင်ခဲ့သည့်ပုံပင်။ ထိုကျောက်ပြားမှာ စမ်းသပ်ပွဲအတွက် လိုအပ်သည့်ပစ္စည်းမဟုတ်ဘဲ မမလေး လိုချင်နေသည့် ပစ္စည်းတစ်ခု ဖြစ်ရပေမည်။
ထို့ကြောင့်လည်း မမလေးမှာ သူ့အား ဤနေရာတွင် သူ၏ ဓားအိမ်လေးကို သန့်စင်နိုင်သည်ဟု မက်လုံးပေးကာ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ယခုတွင် ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများပင့်လိုက်၏။ အကယ်၍ သူသည် မမလေးကို ဖားယားနိုင်မည့် ဤအခွင့်အရေးအား အမိအရ အသုံးချနိုင်စွမ်း မရှိပါက သူ့ကိုယ်သူ စိတ်ပျက်သွားရမည်ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူသည် ကြင်နာယုယသောလေသဖြင့် မမလေးအား စိတ်ထဲမှနေ၍ လှမ်းပြောလိုက်တော့သည်။
” မမလေး။ ပေါင်လဲ့က ငအတစ်ကောင် မဟုတ်ပါဘူးဗျ။ ဒါပေမဲ့ မမလေးအတွက်ဆိုရင် ဘာကိုပဲ လုပ်ရလုပ်ရ ကျွန်တော်က အဆင်သင့်ပါပဲ။ ဓားတောင်ကိုပဲ ကျော်ရမှာလား၊ မီးပင်လယ်ကိုပဲ ဖြတ်ရမှာလား။ အရိုးကျေကျေ အရေခမ်းခမ်း ကြိုးစားပေးမှာပါ “