Switch Mode

အခန်း (၅၉၉)

ကျယ်ပြန့်တာအိုဂြိုဟ်

ငှက်လေးမှာ ကြောက်ရွံ့တုန်လှုပ်နေသော မျက်ဝန်းများဖြင့် အမြန်ဆုံး ထွက်ပြေးသွား၏။ သို့သော် ၎င်းမှာ အပြင်ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရရုံသာမက ယွမ်ယင်ဝိညာဉ်မှာလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ဖြစ်ရာ ထိုငှက်လေးမှာ ပြန်လည်ဆုတ်ခွာစရာ နေရာမရှိတော့ဘဲ ဖြစ်နေရတော့သည်။ ထို့ကြောင့် ၎င်းမှာ မည်မျှပင် မြန်ဆန်နေစေကာမူ မထူးတော့ပေ။ အကယ်၍ ၎င်း၏ ပြိုင်ဘက်မှာ အခြားတစ်ယောက်ယောက်သာ ဖြစ်နေပါက အခြေအနေများမှာ ယခုလောက် မဆိုးနိုင်ပါသော်လည်း ယခုတွင်မူ ၎င်းမှာ အမှောင်ကလေးငယ် တစ်ယောက်ဖြစ်သည့် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်နေရသည်မဟုတ်ပါလော။

ယွမ်ယင်ဝိညာဉ်ဆိုသည်မှာ ဝိညာဉ်အစစ်မှနေ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးထွက်လာပြီး သူ၏ညာဘက်လက်ကို မြှောက်လိုက်သောအခါ ဝိညာဉ်လမ်းညွှန်လက်ကြီးမှာ ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် ဆန့်ထွက်လာတော့သည်။ အမှောင်မီးတောက်မှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ငှက်လေးအား အဘက်ဘက်မှနေ၍ ပိတ်ဆို့လိုက်၏။ ထို့ကြောင့် ၎င်းမှာ အနက်ရောင်ဓားငယ်လေးကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေသည့်အောင် အချည်းနှီးပင်။

ခဏအကြာတွင် ငှက်လေးမှာ အနက်ရောင်ဓားငယ်လေးအား ကြိမ်ဖန်များစွာ အသုံးပြုလိုက်ပြီးနောက် သိသိသာသာ အားအင်ချိနဲ့သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ဖမ်းမိသွားတော့သည်။

” မင်း ပြဿနာရှာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ထုတ်သုံးလိုက်၏။ ထိုအခါ ငှက်လေးမှာ ကျူးသိုပညာရပ်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲသို့ စုပ်ယူခံလိုက်ရသဖြင့် သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းနေတော့သည်။

ထိုအချိန်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ တစ်ခုလုံးမှာ အာဟာရဓာတ် အမြောက်အမြားရရှိသွားသဖြင့် အရောင်တလက်လက် တောက်ပလာတော့သည်။ အဖြူရောင် အမျှင်အတန်းများစွာ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု လိိမ်ယှက်သွားကြ၏။ အရိုးချပ်ဝတ်တန်ဆာကြီး တစ်ခုလုံးပေါ်ပေါက်လာခြင်း မရှိသေးပါသော်လည်း ရုပ်လုံးပေါ်လာနေပြီဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ အနက်ရောင်ဓားလေးကိုလည်း စိတ်ဝင်စားနေသေးသည်။ သူသည် ထိုဓားလေးအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ၎င်းဆီတွင် အမြုတေတစ်ခု မရှိကြောင်း သိလိုက်ရသည်။ ၎င်းအား ဖန်တီးထားသည့် နည်းလမ်းမှာ ပြည်ထောင်စုကြီးထဲ၌ အဆောင်များ သန့်စင်သည့်နည်းလမ်းနှင့် လုံးဝမတူပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ ဓမ္မလက်နက်များနှင့် ပတ်သတ်၍ သူ သိရှိထားသော ဗဟုသုတများနှင့် မီးခိုးနက်ခေါင်းဆောင်ကြီး ထိုဓားအား အသုံးပြုခဲ့သည့်ပုံတို့ကို ချိတ်ဆက်တွေးတောကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရတော့သည်။

” မဟုတ်မှလွဲရော… ဒါက ယွမ်ယင်ဝိညာဉ်တစ်ခုရှိမှ ထိန်းချုပ်လို့ရတဲ့ ရတနာတစ်ခုများ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ ထိုဓမ္မရတနာအား စိတ်ဝင်စားသွားရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထို အနက်ရောင်ဓားလေးအား သေသေချာချာ သိမ်းဆည်းလိုက်၏။ ထိုအချိန်တွင် သူသည် မီးခိုးနက်ခေါင်းဆောင်ကြီးအား ချေမှုန်းပြီးသည့်တိုင်အောင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်၏ အရိပ်အယောင်များ ပေါ်ပေါက်လာခြင်းမရှိသေးသည်ကို သတိထားမိလိုက်၏။

ထို့ကြောင့် သူသည် ချက်ချင်းပင် ရင်ထဲ၌ စိုးထိတ်သွားရ၏။ သူသည် မမလေးကို မေးမြန်းကြည့်လိုက်သောအခါ သတ်မှတ်ချိန်တစ်လ ကုန်ဆုံးသွားပါက ထို တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် သေချာပေါက် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိလိုက်ရ၏။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရတော့သည်။ သို့သော် သူ၏အမြင်တွင် အရာအားလုံးမှာ အနည်းငယ်ခန့် ထူးဆန်းနေဆဲပင်။ သို့သော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့် ပစ္စည်းများကို ဆက်၍ လိုက်လံသိမ်းပိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ သူရှာတွေ့မိခဲ့သမျှ နေရာအားလုံးရှိ ပစ္စည်းများကို သိမ်းပိုက်ခဲ့သည်သာဖြစ်သည်။ သူသည် အဝေးကြီးတွင် ရှိနေသောနေရာများ၌ ပစ္စည်းများ ပို၍ စုဆောင်းရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားပါသော်လည်း အချိန်မရှိတော့သည့်အပြင် တည်နေရာပြောင်းရွှေ့ခြင်း ကိစ္စကြီးကိုလည်း တွေးပူနေရသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ပစ္စည်းများ လိုက်လံရှာဖွေနေခြင်းကို အဆုံးသတ်လိုက်ပြီး သူ စတင်ရောက်ရှိလာခဲ့သည့် နေရာသို့ ပြန်သွားကာ သည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား စောင့်ဆိုင်းနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး မစောင့်လိုက်ရပေ။ သူ ရင်တထိတ်ထိတ် ဖြစ်နေစဉ်မှာပင် ကောင်းကင်ယံထဲ၌ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဝဲတစ်ခု ပေါ်ပေါက်လာပြီး ၎င်းမှာ အသံကျယ်လောင်စွာ လည်ပတ်နေတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ခေါင်းမော့ကြည့်လိုက်သောအခါ အလွန်အင်မတန်မှအားကောင်းသော စုပ်ယူအားတစ်မျိုးမှာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားတော့သည်။

ဝမ်ပေါင်လဲ့တစ်‌ယောက် ရင်တထိတ်ထိတ် ဖြစ်နေရစဉ်မှာပင် သူသည် ‌လေပေါ်သို့ မြောက်တက်သွားပြီး ဝဲကြီးဆီသို့ မျောလွင့်သွားတော့သည်။ ထို့နောက် သူသည် ထိုဝဲကြီးထဲ၌ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် ထိုဝဲကြီးများ တဖြည်းဖြည်းနှင့် ပြန်လည်ပျောက်ကွယ်သွားပြီး မိုးကောင်းကင်ကြီးမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတော့သည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် တစ္ဆေဝိညာဉ်များနှင့် သိမ်းပိုက်ခြင်းမခံခဲ့ရသော ရွာများထဲတွင် နေထိုင်ကြသည့် ‌တစ္ဆေဝိညာဉ်များမှာမူ မီးခိုးနက်ခေါင်းဆောင်ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တဖြည်းဖြည်းနှင့် သိလာရတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ အမြင်အာရုံများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသဖြင့် စိတ်အေးသွားပြီး သက်ပြင်းချမိလိုက်၏။ သူသည် ပဉ္စမမြောက်နန်းတော်၏ ပင်မခန်းမကြီး၏ ရှေ့တွင် ပြန်လည်ပေါ်ပေါက်လာပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်ကောက်အား ချက်ချင်းငုံ့ကြည့်လိုက်၏။ ၎င်းထဲ၌ ရုပ်ထုများဖြင့် ပြည့်နှက်နေဆဲဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ ဝင်းလက်တောက်ပသွားတော့သည်။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီးနောက် အရူးတစ်ယောက်လို အော်ဟစ်ရယ်မောနေလိုက်တော့သည်။

” ငါ ဒီရုပ်ထုတွေကို တကယ် ပြန်ယူလာနိုင်ခဲ့တာပဲကွ ” ဝမ်ပေါင်လဲ့မှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူသည် သူ၏ သိုလှောင်လက်ကောက်အား အသေးစိတ် ကြည့်ရှုစစ်ဆေးကြည့်လိုက်ပြီးနောက် စိတ်ဓာတ်များ တက်ကြွလာပြီး နန်းတော်အသစ်ထဲရှိ စမ်းသပ်ပွဲထဲသို့ ဝင်ရောက်ချင်စိတ်များ တဖွာဖွား ပေါ်ပေါက်လာတော့သည်။ သို့သော် ထိုစမ်းသပ်ပွဲများမှာ ထူးဆန်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏စိတ်လှုပ်ရှားမှုများအား ကြိုးစားချုပ်တည်းလိုက်ရ၏။ ထို့နောက် သူသည် ပဉ္စမမြောက်နန်းတော်ထဲမှ စမ်းသပ်ပွဲထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်းမရှိဘဲ နောက်သို့လှည့်ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ကို မမြင်ရသောကြောင့် ပျော်ရွှင်နေရာမှ စိုးရိမ်သွားရ၏။ သို့သော် သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ ခဏအကြာတွင် ကျောက်ယမုန့်မှာ စတုတ္ထမြောက်နန်းတော်၏ ပင်မခန်းမကြီး၏ အပြင်ဘက်တွင် ပြန်လည်ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ကျောက်ယမုန့်တစ်ယောက် ဒယိမ်းဒယိုင်နှင့် သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အောက်သို့ ထိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဗရပွနှင့် ဖြစ်နေ၏။ သို့ဖြစ်ရာ စတုတ္ထမြောက်စမ်းသပ်ပွဲမှာ သူမအတွက် အလွန်အင်မတန်မှ ခဲယဥ်းခဲ့မည်ဖြစ်ကြောင်း သိသာပေသည်။ ထို့အပြင် သူမ ပြန်လည်ပေါ်ပေါက်လာသည့် နေရာကိုကြည့်လျှင် ကျောက်ယမုန့်မှာ ထိုစမ်းသပ်ပွဲထဲ၌ ကျရှုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေလိုက်ပြီး စကားတစ်ခွန်းမှမပြောပေ။ သို့သော် ကျောက်ယမုန့်မှာလည်း စတုတ္ထနန်းတော်၏ စမ်းသပ်ပွဲထဲတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ကြုံခဲ့ရခြင်းဖြစ်မည်ဟု သူက သိလိုက်၏။ ထို့ကြောင့်လည်း သူမသည် ယခုလို ကျရှုံးသွားခဲ့ရခြင်းဖြစ်သည်။

” သူ ဘာမှမဖြစ်လို့ တော်ပါသေးတယ် ” ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းမှနေ၍ ကျောက်ယမုန့်အား လှမ်းကြည့်လိုက်ပြီးနောက် ပထမဆုံးနန်းတော်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် တရားထိုင်နေလိုက်တော့သည်။

ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ကျောက်ယမုန့်မှာ သတိပြန်ရလာပြီး ခုန်းတောက်မှာ ပထမဆုံးနန်းတော်ထဲမှ ပြန်ထွက်လာ၏။ သူတို့သုံးယောက်၏ ကြားမှ အကွာအဝေးမှာ အလွန်အင်မတန်မှ ဝေးကွာနေ၏။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ခုန်းတောက်မှာ ဒုတိယမြောက်နန်းတော်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ကျောက်ယမုန့်မှာမူ မျက်နှာရှုံ့မဲ့မဲ့နှင့် ရယ်မောကာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် လက်လျှော့ကာ စမ်းသပ်ပွဲအား အဆုံးသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် သူမသည် ချက်ချင်းထွက်ခွာသွားခဲ့ခြင်းမရှိပေ။ သူမသည် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ ရလဒ်များကို စောင့်ကြည့်ချင်နေသည်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား နှစ်သိမ့်သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ အနားယူနေခြင်းအား အဆုံးသတ်လိုက်၏။ သူသည် သူ၏ လက်ရှိအခြေအနေကို ချိန်ဆကြည့်လိုက်ပြီးနောက် ကျောက်ယမုန့်အား သိုလှောင်အိတ်တစ်အိတ် လှမ်းတောင်းရန် တွေးမိလိုက်သေးသည်။ သို့သော် သူတို့မှာ နန်းတော်တစ်ခု ခြားနေသည်ဖြစ်ပြီး ထိုနေရာကြီးတစ််ခုလုံးမှာ ထူးဆန်းလွန်းနေသည်ဖြစ်ရာ သူသည် အရှုံးမပေးသရွေ့ နောက်သို့ပြန်မသွားနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာနှင့် ထိုအတွေးများကို စွန့်လွှတ်လိုက်ရပြီး မတ်တတ်ထကာ ပဉ္စမမြောက်နန်းတော်၏ စမ်းသပ်ပွဲထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုသို့ပြေးဝင်သွားလိုက်သည်နှင့် မမလေး စကားသံမှာ သူ၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

” နင့်ရဲ့ ခန္ဓာကိုယ်ထဲက ဓားအိမ်လေးကို ထုတ်လိုက် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ညာဘက်လက်ကို မြှောက်ကာ ခန္ဓာကိုယ်ပေါ်သို့ ဖိချလိုက်၏။ ထို့နောက် သူ၏လက်ကို ပြန်မြှောက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာ တလက်လက်တောက်ပကာ ထွက်ပေါ်လာတော့သည်။

ထိုဓားအိမ်လေး ထွက်ပေါ်လာသောအခါ ပဉ္စမမြောက် နန်းတော်ကြီးတစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ်နှင့် သူ၏ ပတ်ပတ်လည်မှ ဟင်းလင်းပြင်ကြီးအား ဝေ့ဝိုက်ကြည့်ရှုနေမိတော့သည်။ သူသည် မမလေးအား လှမ်း၍ခေါ်ခဲ့ပါသော်လည်း အချည်းနှီးပင်။ အသက်ရှူကြိမ် ဆယ်ကြိမ်တိတိကုန်ဆုံးသွားပြီးနောက် ခံစားချက်မပါသော အေးစက်စက် စကားသံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။

” ပဉ္စမနန်းတော်ရဲ့ တပည့်ရင်းဂိုဏ်းသား စမ်းသပ်ပွဲကို အသက်ရှူကြိမ် အကြိမ်တစ်ရာပြည့်ရင် စတင်ပါ့မယ် ”

” စမ်းသပ်ပွဲကို ရင်ဆိုင်မဲ့ပုဂ္ဂိုလ်များ ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပါ။ သင်တို့ကို ကျယ်ပြန့်တာအို ကြယ်စင်စုအဖွဲ့အစည်းထဲက တစ်လုံးတည်းသော ပင်မကြယ်ဖြစ်တဲ့ ကျယ်ပြန့်တာအိုဂြိုဟ်ဆီသို့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီ စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်ဖို့အတွက် သင်တို့ဟာ လူမှုအဖွဲ့စည်းကျောက်ပြားကို တွေ့‌အောင်ရှာပြီးတော့ ပြန်ယူလာရမှာဖြစ်ပါတယ် ”

” ကျယ်ပြန့်တာအိုဂြိုဟ်က အပျက်အစီးတွေကြားမှာ ရောက်နေပြီဆိုပေမဲ့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ ရှိနေတုန်းပါပဲ။ အဲဒီမှာ အစောင့်ကျနေတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က ဂြိုဟ်အဆင့်မှာ ရှိပါတယ်။ ဒီ စမ်းသပ်ပွဲက အရမ်းကို အန္တရာယ်များတာမလို့ သင်တို့တွေ အချိန်တိုင်း သတိဝီရီယရှိနေဖို့ လိုပါတယ် ”

” တကယ်လို့ သင်တို့ဘက်မှ အသက်ရှူကြိမ် အကြိမ်တစ်ရာအတွင်း ငြင်းဆန်ခြင်း မရှိဘူးဆိုရင် ဤစမ်းသပ်ပွဲကို ရင်ဆိုင်ရန် သဘောတူတယ်လို့ မှတ်ယူလိုက်မှာဖြစ်ပါတယ်။ ဒါက အတုအယောင်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝဆိုတာကို သိထားပါ။ တကယ်လို့ စမ်းသပ်ပွဲထဲမှာ သင်တို့ သေဆုံးသွားခဲ့မယ်ဆိုရင် တကယ့်တွေ့ဘဝမှာလည်း သေသွားမှာပါ။ စမ်းသပ်ပွဲထဲ‌ရောက်ပြီးမှ အရှုံးပေးခဲ့မယ်ဆိုရင် ဆယ်ရက်တိတိ ဆက်ပြီးတော့ တောင့်ခံဖို့ လိုပါသေးတယ် ”

ထိုစကားသံကြီး ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူ၏အမြင်တွင် ပဉ္စမမြောက်နန်းတော်၏ စမ်းသပ်ပွဲမှာ သေကြောင်းကြံခိုင်းသည့် စမ်းသပ်ပွဲတစ်ခုနှင့်ပင် ဆင်တူနေ၏…

သူသည် ယခင်တုန်းက ကျယ်ပြန့်တာအိုနန်းတော် ရှိခဲ့သည့် ကြယ်စင်စုအဖွဲ့အစည်းဆီသို့ သွားရောက်ရမည်ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စု ရှိနေသည့် ဂြိုဟ်ပျက်ကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ သတ်မှတ်ထားသည့်ပစ္စည်းအား

သွားရောက်ရှာဖွေရမည်ဖြစ်သည်။ ထိုတာဝန်မှာ ဝမ်ပေါင်လဲ့၏အမြင်တွင် ခဲယဥ်းလွန်းနေ၏။ ထို့အပြင် အစောင့်တာဝန်ကျနေသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်တွင် ရှိနေသည်မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် ထိုတာဝန်အား ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် မမလေး၏ တည်ကြည်မှုအပြည့်ရှိသော စကားသံမှာ သူ၏အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

” စိတ်အေးအေးထား။ ဒီတစ်ခေါက် ငါ နင့်ရဲ့ ဓားအိမ်လေးကိုသုံးပြီး ဒီဝာာဝန်ကို ပြောင်းပေးမယ်။ အဲတာမှ နင့်ရဲ့ ဓားအိမ်လေးကို သတ္တမအဆင့်အထိရောက်အောင် မြှင့်တင်ဖို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းကို ရှာတွေ့နိုင်မှာ ”

” တခြားနည်းနဲ့ပြောရရင် နင် အဲဒီနေရာကို ရောက်မှပဲ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ စွမ်းအင်အကြွင်းအကျန်တွေကို အသုံးပြုပြီးတော့ နင့်ရဲ့ဓားအိမ်လေးကို အောင်အောင်မြင်မြင် သန့်စင်နိုင်မှာ။ အဲလိုမှမဟုတ်ရင် နင့်ဆီမှာ လိုအပ်တဲ့ပစ္စည်းတွေ အကုန်လုံး ရှိနေရင်တောင် ကြယ်အဖွဲ့အစည်းတွေရဲ့ ဥပဒေသတွေက ကွဲပြားနေတာမလို့ နင့်ရဲ့ အောင်မြင်နိုင်ခြေရာခိုင်နှုန်းက ဆယ်ရာခိုင်နှုန်းတောင် ရှိမှာမဟုတ်ဘူး ”

ထိုစကားများကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ အသက်ရှူကြိမ် အကြိမ်တစ်ရာ ကုန်ဆုံးခါနီးတွင် သူသည် အံကြိတ်ကာ စိတ်ဓာတ်ပြတ်သားမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်တော့သည်။

” ကျွန်တော် သွားမယ်ဗျာ “

Comment

Leave a Reply

Options

not work with dark mode
Reset