Switch Mode

အခန်း ( ၃၃ )

မင်းရဲ့ ဆရာဦးလေးက ကောက်ကျစ်တဲ့လူ မဟုတ်ပါဘူးကွ

ကောင်းကင်ပြစ်ဒဏ် ပြီးဆုံးသွားသောအခါ ချီယွမ်၏ရင်ထဲတွင် ရှုပ်ထွေးရှည်လျားသော အတွေးရှည်ကြီးတစ်ခု ပေါ်ပေါက်လာလေသည်။

အစပိုင်းတွင် သူသည် အောက်ပါအတိုင်း တွေးမိလေ၏။

‘ ဟမ်… ငါက ကောင်းကင်ပြစ်ဒဏ်ခံနေတုန်း သံသရာက လွတ်မြောက်လမ်းပွင့်ပြီး မြေနတ်ဝိဇ္ဇာဖြစ်လာတာပဲ … ’

‘ ပြီးတော့ အဲဒါကလည်း လူတိုင်းရဲ့ရှေ့မှာ ဖြစ်သွားတာဆိုတော့ ကောင်းကင်ပြစ်ဒဏ်ကို ရှောင်ရှားပြီး သံသရာက လွတ်မြောက်ရာလမ်းပွင့်စေဖို့ ငါ ကိုယ်တိုင် နတ်ဝိဇ္ဇာပျော်ဝင်ဆေး သောက်လိုက်တာကို သူတို့ မြင်သွားကြပြီ ’

‘ ဟား ဟား ဟား …. အခုချိန်ကစပြီး ဂိုဏ်းထဲမှာ ငါ မျက်နှာပြနိုင်မှာ မဟုတ်တော့ဘူး ’

သို့သော် မကြာခင် ချီယွမ်သည် သူ၏ရှေ့တွင် ဒူးထောက်ကာ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးအား အတင်းထိုးပေးခဲ့သော သူ့တပည့်၏ ပုံရိပ်များကို ပြန်မြင်ယောင်သွားသည်။

‘ ရှိပါစေတော့လေ … ချန်ရှို့ကလည်း စေတနာနဲ့ပေးတာပဲ ’

‘ သူ့ဆရာအနေနဲ့ ငါက ကောင်းကင်ပြစ်ဒဏ်ခံရင်းသေမယ်ဆိုတဲ့ စိတ်ကူးတွေပဲရှိခဲ့တာ။ ငါ အသက်ဆက်ရှင်နိုင်အောင် အားထုတ်ခဲ့တဲ့ ငါ့တပည့်ရဲ့ကြိုးပမ်းမှုတွေကိုတော့ လျစ်လျူရှုမိခဲ့တယ် ’

‘ ဒီဆေးဖော်နိုင်ဖို့ သူ့အတွက် လွယ်ကူခဲ့မှာ မဟုတ်ဘူး။ ဒီဆေးလုံးရဖို့ ချန်ရှို့အများကြီး ကျော်ဖြတ်ခဲ့ရမှာပဲ။ သူက မြောက်ကျွန်းရောက်တော့မှ ဗလာနတ္ထိအဆင့်ကို ရောက်သွားတာ။ သူ့ရဲ့ကြိုးပမ်းမှုကို ငါ ဘယ်လို ဖြုန်းတီးပစ်ရမှာလဲ ’

‘ ငါက မြေနတ်ဝိဇ္ဇာဆိုတော့ရော ဘာဖြစ်သေးလဲ ’

‘ ရှေ့မှာ တက်လမ်းတွေရှိသေးတာပဲ။ သရဲဖြစ်သွားတာ၊ ဝိညာဉ်ဖျက်ဆီးခံလိုက်ရတာတွေထက်တော့ အများကြီးသာပါတယ်။ ငါ့တပည့်နှစ်ယောက်ကိုလည်း ကာကွယ်ပေးနိုင်တော့မယ်။ ဒါဆို လုံလောက်ပါပြီ ’

ထို့ကြောင့်ပင် ချီယွမ်သည် လီချန်ရှို့အား တာအိုအရိုအသေပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက် နေရာအနှံ့မှလူရိပ်များသည် ချီယွမ်ကို ဂုဏ်ပြုရန် ထွက်ပေါ်လာကြသည်။

ချီယွမ်သည် အစပိုင်းတွင် ကြောင်အမ်းအမ်းဖြစ်နေသော်လည်း နောက်တွင် လက်နှစ်ဘက်အား ဆုပ်ကာ တစ်ဦးချင်းစီအား နှုတ်ဆက်လိုက်ပြီး မတွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်းများနှင့် စကားလက်စုံကျနေ‌လေသည်။

‘ မြေနတ်ဝိဇ္ဇာဆိုတာလည်း နတ်ဝိဇ္ဇာပါပဲ။ ငါနှစ် သိန်းပေါင်းများစွာ အသက်ရှင်နေနိုင်တာပဲ။ ငါ အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးဖြစ်လာတဲ့အထိ ဆက်ကျင့်ကြံပြီး တပည့်တွေအများကြီး ထပ်မွေးလို့ရသေးတယ်။ အဲဒီလိုဆို ငါရဲ့ ချုံတောင်လေးလဲ ဂုဏ်တက်လာမှာပဲ ’

ချီယွမ်သည် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ ဘေးပတ်လည်ရှိ ဂုဏ်ပြုနေကြသူများ၏ ကြားတွင် ချီယွမ်သည် ပို့လွှတ်လိုက်သော အသံတစ်သံကို ကြားလိုက်ရသည်။

“ ဆရာ … တကယ်လို့ တစ်ယောက်ယောက်က ‘သံသရာမှ လွတ်မြောက်ရာလမ်း’ ပွင့်သွားအောင် ဘာဆေးလုံးစားလိုက်တာလဲလို့ မေးရင် အဲဒါက နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးလို့ ပြောလိုက်ပါ ”

“ ဆေးဖော်နည်းကို တာအိုကျမ်းစာဆောင်အပြင်ဘက်ခန်းမရဲ့ အနောက်မြောက်ဘက်ထောင့်က နောက်ဆုံးကနေဆို ဒုတိယမြောက် စာအုပ်စင်ပေါ်မှာ ရှာနိုင်တယ်။ အဲဒါကို သိုးသားရေပေါ်မှာ မှတ်တမ်းတင်ထားတယ် ”

“ ပြီးတော့ ဆရာ့မှာ အဲဒီလိုဆေးလုံးအပိုတွေ ရှိသေးလားလို့မေးရင် အများဆုံး သုံးလုံးပေးလိုက်လို့ ရပါတယ်။ တတ်နိုင်သမျှ အဲဒီဆေးလုံးကို အားကိုးလောက်တဲ့ ဆရာနဲ့ရင်းနှီးတဲ့သူတွေနဲ့ နတ်ဝိဇ္ဇာပျော်ဝင်ဆေးကို အမှန်တကယ်လိုအပ်နေတဲ့ သူတွေကိုပဲ ပေးပါ ”

“ အဲဒါတွေကိုဖော်ရတာ တော်တော်ခက်တယ်။ ပြီးတော့ အဲဒီဆေးလုံးတွေက နတ်ဝိဇ္ဇာတွေကို ချက်ချင်းအဆိပ်မိသွားစေနိုင်တယ်။ အဲဒီဆေးလုံးတွေနဲ့ဆို ပြဿနာလွယ်လွယ် တက်သွားနိုင်တယ် ”

ချီယွမ်သည် တခဏမျှ တွန့်ဆုတ်သွားပြီး သူ၏တပည့်နှစ်ယောက်ရှိရာသို့ လှည့်ကြည့်လိုက်သည်။ လီချန်ရှို့ပြောသည်များကို သဘောပေါက်သည့်ဟန်ဖြင့် တည်တည်ငြိမ်ငြိမ်ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

လီချန်ရှို့သည် နောက်ဆုံးကျန်ရှိနေသော ရင်ထဲမှ အလုံးကြီးကျသွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ စိတ်အေးကာ တက်ကြွလန်းဆန်းသွားပြီး အသက်ရှူသံလည်း ပြန်၍ ပုံမှန်ဖြစ်သွားသည်။ သူသည် လင်းအယ်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

“ ဆရာတူညီမလေး … ညီမလေးက ဒီမှာပဲစောင့်နေ။ တကယ်လို့ ဆရာက တခြားသူတွေကို လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဖို့ ဖိတ်တာတွေ့ရင် သူတို့ကို သွားပြီးကောင်းကောင်းဧည့်ခံလိုက် ”

လန်လင်းအယ်သည် ချက်ချင်းပင် ပြန်မေးလိုက်သည်။

“ ဆရာတူအစ်ကိုက ဘယ်သွားမလို့လဲ။ ဆရာနဲ့အတူ အောင်ပွဲမခံဘူးလား… ”

လီချန်ရှို့သည် ပြုံး၍ ပြန်ဖြေလိုက်၏။

“ ဆရာ သူလုပ်စရာရှိတာတွေလုပ်နေတုန်း အစ်ကိုသွားနားလိုက်ဦးမယ်။ ဂိုဏ်းကအစည်အလာအရဆို နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်တာက ကိစ္စကြီးပဲ။ ဆရာ့ကို ဂုဏ်ပြုဖို့ လူတွေအများကြီး လာကြလိမ့်မယ်။ အစ်ကိုတို့ စိုးရိမ်ဖို့မလိုပါဘူး ”

“ ဟုတ်ကဲ့ … ”

လန်လင်းအယ်က ပြန်ပြောလိုက်သည်။

“ အဲဒါဆိုလည်း မြန်မြန်သွားနားတော့လေ အစ်ကို… ဒီအတောအတွင်း အစ်ကို အများကြီး ကြိုးစားခဲ့ရတာပဲ။ ဆရာ့ကို ညီမလေးပဲ ကူပေးလိုက်ပါမယ် ”

ထို့ကြောင့် နတ်ဝိဇ္ဇာအများအပြားသည် ချုံတောင်လေးသို့လာနေစဉ် လီချန်ရှို့သည် ဆေးဖော်ဆောင်သို့သွား၍ ပုန်းအောင်းအနားယူနေလေတော့သည်။

သူသည် ဆေးဖော်ဆောင်တစ်ဝိုက်ရှိ မန္တန်အစီအရင်ကြီးကို မနှိုးထားပေ။ (၁၀)ကျန့်အတွင်းရှိ မန္တန်အစီအရင်အသေးစားလေးများကိုသာ နှိုးထားလေသည်။

သူသည် ဆေးဖော်ဆောင်ရှေ့တွင် ‌ ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်ကာ သစ်တောအတွင်းသို့ ကြည့်နေပြီး ရှေ့တူရှုရှိ ရေကန်၏အလှကိုလည်း ကြည့်ရှုခံစားနေ၏။ ထို့နောက် သူသည် ထိုင်ခုံအား ရှေနောက်လှုပ်ယမ်း၍ မျက်လုံးများကိုမှိတ်ကာ အနားယူလိုက်သည်။

‘ အင်း … အချိန်အကြာကြီး ကြိုးစားလုပ်ကိုင်ပြီး နောက်ဆုံးတော့ ဆရာလဲ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်ခဲ့ပြီပဲ ’

‘ ဆရာရဲ့ ကောင်းကင်ပြစ်ဒဏ်ကို ကြည့်ပြီးသွားတော့ ငါရဲ့ကောင်းကင်ပြစ်ဒဏ်ကို ငါကောင်းကောင်းကျော်လွှားနိုင်မယ်လို့ ပိုယုံကြည်လာတယ်။ ကျင့်ကြံမှု ပိုအားကောင်းလာတဲ့အထိ စောင့်ရုံပဲ။ အဲဒါပြီးရင်တော့ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဆက်ဖုံးကွယ်ထားစရာ မလိုတော့ဘူး။ စွန့်စားပြီး ကောင်းကင်ပြစ်ဒဏ်ခံရုံပဲ ’

‘ ဒါပေမဲ့ ငါ ကောင်းကင်ပြစ်ဒဏ်ကို ဂိုဏ်းထဲမှာတော့ ခံယူလို့မရဘူး။ မဟုတ်ရင် ငါ နှစ်(၁၀၀)လောက် ကြိုးကြိုးစားစား လျှို့ဝှက်ခဲ့ရတဲ့ ငါရဲ့ဝှက်ဖဲတစ်ဝက်လောက် ပေါ်သွားလိမ့်မယ် ’

‘ ဒါပေမဲ့ ကောင်းကင်ပြစ်ဒဏ်ကို မကျော်ဖြတ်ခင်တုန်းက ဆရာ့ရဲ့ အရည်အသွေးတွေက တော်တော်ဆိုးတာပဲ။ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးက သူ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ချက်ချင်းကြီး အရည်ဖျော်ပစ်လိုက်နိုင်တယ်… ’

လီချန်ရှို့သည် မျက်လုံးများကိုမှိတ်၍ သူ၏ဆရာ နတ်ဝိဇ္ဇာအဖြစ်ပြောင်းလဲသွားစဉ်က ကြားလိုက်ရသော တေးသွားလေးကို ညည်းနေ၏။ မကြာမီပင် သူသည် သိစိတ်နှင့်မသိစိတ်အကြားရှိ အသိဉာဏ်ပွင့်သည့်နယ်ပယ်ကို ရောက်ရှိသွားလေသည်။

သူသည် အသက်အား ထိန်းချုပ် ရှူရှိုက်ကာ သူ၏ဝိညာဉ်ကို ကောင်းကင်နှင့်မြေကြီးတို့ဖြင့် တစ်သားတည်းဖြစ်သွားအောင် ပေါင်းစည်းလိုက်လေသည်။

သူ၏ ရင်ဘတ်နေရာမှနေ၍ ပွင့်ဖတ်ကိုးဖတ်ပါသော ကြာပွင့်တစ်ပွင့် ထွက်ပေါ်လာ၏။ ထိုကြာပွင့်သည် လီချန်ရှို့ နားလည်သိရှိထားသော တာအိုတရားအား သယ်ဆောင်ထားသည်ဖြစ်ရာ တောက်ပ လန်းဆန်းနေပေသည်။ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ပုံပေါ်သော်လည်း သဘာဝကျလှရာ စကားလုံးများဖြင့် ဖော်ပြရန် မလွယ်ကူပေ။

ထိုကြာပွင့်သည် လေနှင့်အတူ ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။ သို့သော် ၎င်းသည် သံလိုက်တစ်ခုကဲ့သို့ လီချန်ရှို့၏ ခန္ဓာကိုယ်အနှံ့မှ အခြားကြာပွင့်များကို ဆွဲထုတ်သွားခဲ့လေသည်။

ယင်းကြာပွင့်များသည် လီချန်ရှို့၏ ပတ်ပတ်လည်တွင် ပျံသန်းနေကြသည်။ ထို့နောက် လီချန်ရှို့သည် မျက်စိပြန်၍ဖွင့်လိုက်ရာ သူ၏မျက်ဝန်းများတွင် ငြိမ်းအေးမှုများကို တွေ့လိုက်ရသည်။

လီချန်ရှို့သည် ကိုယ်ဟန်ကို ခပ်သွက်သွက် ပြန်၍ပြင်ထိုင်လိုက်သည်။ သူသည် ဘေးရှိ ကြာပန်းများကို လက်ဖြင့်ပုတ်၍ ဖယ်လိုက်ပြီး ဖော်ပြမိလုဆဲဆဲဖြစ်သွားသည့် ကိုယ်ရောင်ကိုယ်ဝါအစစ်အမှန်ကို ပြန်၍ ဖုံးကွယ်လိုက်သည်။

ဆေးဖော်ဆောင်သည် အကြွင်းမဲ့ မလုံခြုံချေ။ အကယ်၍ သူကျင့်ကြံလိုပါက မြေအောက်လျှို့ဝှက်ခန်း အတွင်းသို့ သွားရပေမည်။

သူ သိထားရသရွေ့ အရှင်ဝမ်ချင်းကဲ့သို့ တန်ခိုးကြီးမားသည့် ကောင်းကင်နတ်မင်းအဆင့်ရှိသူများသည် သူတို့၏ နတ်အာရုံကို ချုံတောင်လေးအား ဖြတ်သန်း၍ ဖြန့်ကျက်ထားနိုင်ပေသည်။

သူသည် ကုလားထိုင်အား ပြန်၍မှီလိုက်ပြီး ခေတ္တဆက်၍ အနားယူလိုက်သည်။

ထိုစဉ် တိမ်ဖြူတစ်အုပ်သည် တောင်ရှေ့ရှိ ရေကန်အား ဖြတ်ကျော်ကာ လာနေလေသည်။

လီချန်ရှို့သည် ထိုအရာအား အကဲခတ်ရန် မျက်လုံးများဖွင့်ကြည့်လိုက်သည်။ တိမ်တိုက်ဖြူပေါ်ရှိ ပုကွကွ တာအိုရသေ့အား တွေ့လိုက်ရသောအခါ သူသည် ဆေးဖော်ဆောင်ပတ်လည်ရှိ မန္တန်အစီအရင်လေးများကို လျင်မြန်စွာပိတ်ကာ မတ်တတ်ထရပ်၍ ကြိုဆိုလိုက်၏။

“ ဆရာဦးလေးကျိုးဝူကို နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ ”

ကျိုးဝူသည် ပြုံး၍ သူ့အားဆူလိုက်သည်။

“ မင်းရဲ့ဆရာက ဧည့်သည်တွေကို အခမ်းအနားနဲ့ ဧည့်ခံနေတာကို မင်းက ဒီမှာလာပုန်းပြီး ရေသာခိုနေတယ်ပေါ့လေ။ လှည့်ပတ်ဧည့်ခံရလွန်းလို့ မင်းညီမလေးရဲ့ ခြေထောက်သွယ်သွယ်လေးတွေ ကျိုးကုန်တော့မယ် ”

“ ကျွန်တော်က လူစုလူဝေးတွေကို မကြိုက်လို့ပါ။ အဲဒီတော့ အရည်အချင်းရှိတဲ့ ညီမလေးကို ပိုကြိုးစားလုပ်ခိုင်းရုံက လွဲပြီး တခြားရွေးစရာ မရှိတော့ဘူး ”

လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။ သူသည် အနားသို့ ကျိုးဝူရောက်လာသည်အထိစောင့်ပြီးနောက် မန္တန်အစီအရင်ဆယ်ခုကျော်ကို ပြန်နှိုးလိုက်၏။

လီချန်ရှို့သည် လက်နှစ်ဆုပ်ကာ ပြောလိုက်လေသည်။

“ ဆရာဦးလေး…အထဲမှာ ဝင်ထိုင်ပါဦး ”

“ မထိုင်တော့ပါဘူးကွာ … ငါ့မှာလဲ အခုတလော မအားဘူး။ ငါ ခရီးတစ်ခုထွက်ရဦးမယ်။ အဲဒါ မသွားခင် မင်းကို ကိစ္စနှစ်ခု‌ပြောချင်လို့ ဝင်လာတာ ”

ကျိုးဝူသည် လက်‌ဝှေ့ယမ်းကာ အင်္ကျီလက်အတွင်းမှနေ၍ ကျောက်စိမ်းပေလိပ်တစ်လိပ်ကို ထုတ်လိုက်ပြီး လီချန်ရှို့ထံသို့ ပစ်ပေးလိုက်သည်။

ထို့နောက် ပြုံးပြုံးရွှင်ရွှင်ပင် ပြောလိုက်သည်။

“ ကြည့်လိုက်ပါဦး…ဘာလဲဆိုတာ။ ဆရာဦးလေးက မင်းရဲ့အရက်တွေကိုကျ အလကားသောက်ပြီး သောက်ဖော်စားဖက်ကိုကျ ဘာမှပြန်မပေးဘူးလို့တော့ မပြောနဲ့နော် ”

လီချန်ရှို့ ဆွံ့အသွားသည်။

‘ သောက်ဖော်စားဖက်ဆိုပါလား … ငါတို့ လွန်ခဲ့တဲ့နှစ်နှစ်လုံးမှ ( ၇ ) ခါ ( ၈ )ခါလောက်ပဲ အရက်အတူတူသောက်ဖူးတာပါ။ ပြီးတော့ ဆရာဦးလေးရောက်လာတိုင်း ဆရာဒေါ်လေးကျိုးကျိုးရဲ့ ‘ဂင်္ဂါမြစ်ခမ်းအရက်’ နဲ့ပဲ ဧည့်ခံခဲ့တာပဲကို ’

လီချန်ရှို့သည် လက်ဝဲလက်ဖြင့် ကျောက်စိမ်းပေလိပ်ကို ဖမ်းလိုက်၏။ ၎င်းအား သူ၏ဘေးတွင် ပျံနေစေပြီး စိတ်အာရုံနည်းနည်းအားသုံးကာ လေ့လာလိုက်သည်။

‘ အိုး …. စိတ်တည်ငြိမ်သုတ္တန်ရဲ့ ပထမအတွဲပဲ… ’

လီချန်ရှို့ အတန်ငယ်စိတ်လှုပ်ရှားသွားသည်။ သူသည် ခေါင်းမော့ကာ တိမ်ပေါ်ရှိ ကျိုးဝူအားကြည့်လိုက်သည်။

“ ဆရာဦးလေး…ဒါက သင့်တော်ပါ့မလား… ”

“ သင့်တော်မတော်ဆိုတာ မင်းကဘာလို့မေးနေရတာလဲ ”

ကျိုးဝူက ပြုံးလိုက်သည်။

“ ဂိုဏ်းထဲ အတိအလင်း မထုတ်ပြန်ထားပေမယ့် မျိုးဆက်တစ်ခုချင်းဆီက အတော်ဆုံးတပည့်အယောက်(၂၀)က စိတ်တည်ငြိမ်သုတ္တန်ရဲ့ ပထမတွဲကို ကြိုဖတ်ထားခွင့်ရှိတယ်။ သာမန်တပည့်တွေကတော့ နတ်ဝိဇ္ဇာဖြစ်သွားမှ ဒီကျမ်းစာကို ဖတ်လို့ရမှာပေါ့လေ။ မင်းက အခုဆို ဗလာနတ္ထိ ဆဋ္ဌမအဆင့်ကို ရောက်နေ‌လောက်ပြီမလား။ ဂိုဏ်းရဲ့ ဒီမျိုးဆက်မှာ မင်းက သေချာပေါက် ထိပ်တန်းဆယ်ယောက်ထဲ ပါတယ်။ ငါတို့နောက်ဆုံးအခေါက်က အရက်သောက်နေရင်းတောင် မင်းနောက်တစ်ဆင့် တက်သွားသေးတယ်မလား ”

‘‌ နောက်ဆုံးအခေါက်… ’

လီချန်ရှို့သည် အခက်အခဲကြုံနေရသည်။ ကောင်းကင်ပြစ်ဒဏ်အား မပြင်မဆင်ဖြင့် မခံလို၍ သူ၏ကျင့်ကြံခြင်းကို တာအိုပေါင်းစည်းခြင်းနဝမအဆင့်သို့ မရောက်ရန် ဖိနှိပ်ထားရသည်။

သို့သော် လွန်ခဲ့သည့်လအနည်းခန့်က သူသည် ကျိုးဝူနှင့်အရက်သောက်ရင်း ကဗျာတစ်ပုဒ်ကို ဆွေးနွေးနေသည်။ ထိုစဉ် ထူးဆန်းသည့် ခံစားမှုတစ်ရပ်သည် သူ့အားလွှမ်းခြုံသွားပြီး မတော်တဆ ဉာဏ်အလင်းပွင့်သွားသည်။

သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်သုံးဆင့်အား ဖုံးကွယ်နိုင်ခဲ့၍ တော်ပေသေးသည်။ ထို့ပြင် ထိုအချိန်တွင် ကျိုးဝူသည် အရက်မူးနေပြီဖြစ်သည်။

ကျိုးဝူက ဆက်၍ပြောသည်ကို သူကြားလိုက်ရသည်။

“ မပူပါနဲ့။ မင်းက ဗလာနတ္ထိဆဋ္ဌမအဆင့်‌ရောက်နေပြီဆိုတာ ထုတ်မပြောခဲ့ပါဘူး။ စိတ်တည်ငြိမ်သုတ္တန် ပထမတွဲက ဒီတစ်ခေါက်ခရီးအတွက် ဆုလာဘ်ပဲ။ ဒါကို မင်းကြိုရနိုင်ဖို့ ကျမ်းစာဆောင်ခန်းမက အကြီးအကဲကို ငါ မနည်းပြောခဲ့ရတာနော်။ ဒါကြောင့် အဲဒီကျမ်းစာကို ဒီကို စောစောယူလာပေးနိုင်တာ… ”

“ ဘယ်လိုလဲ … မင်းအဲဒါကို လေ့လာချင်ရဲ့လား။ ဒါက တုနတ်ဝိဇ္ဇာဂိုဏ်းကြီးရဲ့ အဓိကအမွေအနှစ်ပဲ ”

“ လေ့လာချင်ပါတယ်… ”

လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူသည် ကျောက်စိမ်းပေလိပ်အား ကျိုးဝူထံသို့ပြန်၍ ပစ်ပေးလိုက်၏။

“ ဒါပေမဲ့ ကျွန်တော်က တောင်ရဲ့အပြင်ဘက်ကို ခရီးသွားရတာ မကြိုက်ဘူး။ ဒီတစ်ခါတော့ ဆရာဦးလေးရဲ့စေတနာကို အားနာနာနဲ့ပဲ ငြင်းရတော့မယ် ”

ကျိုးဝူသည် မျက်မှောင်ကြုတ်ကာ မျက်လုံးများကို ကျဉ်းလိုက်သည်။

“ ငါလည်း ဘာမှမပြောရသေးပါဘူး။ တောင်ရဲ့အပြင်ဘက်ကိုသွားရမယ်ဆိုတာ မင်း ဘယ်လိုသိလဲ ”

“ အရှေ့ပင်လယ်က နဂါးနန်းတော်က ကျွန်တော်တို့ကို မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲလာဖို့ ဖိတ်ထားတယ်လေ… ”

လီချန်ရှို့သည် လေးနက်သောမျက်နှာထားဖြင့် ဖြေလိုက်သည်။

“ ဂိုဏ်းထဲမှာ သတင်းတွေပျံ့နေပါပြီ။ ကျွန်တော်မသိဘူးဆိုတာ ဘယ်ဖြစ်နိုင်မလဲ။ ထူးချွန်တဲ့တပည့်တွေက မိစ္ဆာနှိမ်နင်းတွေ့ဆုံပွဲကိုသွားပြီး နာမည်ကောင်းယူဖို့ ပြိုင်ဆိုင်နေကြတာ။ ဆရာဦးလေးက ဘာလို့ ကျွန်တော့်လို အပျင်းကြီးတဲ့သူကို သွားမယ့်စာရင်းထဲထည့်ချင်ရတာလဲ ”

ကျိုးဝူသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ အဲဒီလို တပည့်တွေ အခွင့်အရေးကောင်းအတွက် ပြိုင်ဆိုင်နေတာကိုသိနေတာတောင် မင်းက ဘာလို့ မသွားချင်ရတာတုန်း ”

လီချန်ရှို့သည် ခေတ္တမျှ တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ ပြီးခဲ့တဲ့ ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲတုန်းက ကျွန်တော်တို့ဂိုဏ်းက မိစ္ဆာနှိမ်နင်းဖို့ အရှေ့ပင်လယ်ကို သွားခဲ့တယ်မလား။ မိစ္ဆာမဟုတ်တဲ့ ပုစွန်တပ်သားတွေနဲ့ ဂဏန်းစစ်သူကြီးတွေကို မတော်တဆ သတ်မိသွားတယ်လေ။ တကယ်လို့သာ ဒီတစ်ခေါက် တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်တွေကို အရှေ့ပင်လယ်ကို စေလွှတ်မယ်ဆိုရင် အရှေ့ပင်လယ်က နဂါးနန်းတော်က ကျွန်တော်တို့ကို အခက်တွေ့အောင်လုပ်မှာ အသေအချာပဲ။ အဲဒီလိုပြဿနာများတဲ့ ကိစ္စတွေကြားထဲ ကျွန်တော်မပါချင်ပါဘူး ”

“ မင်းကတော်တော်လေး လေ့လာအားကောင်းတာပဲ… ”

ကျိုးဝူသည် ညင်ညင်သာသာရယ်လိုက်ပြီး တိမ်ပေါ်တွင် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေ၏။

ရုတ်တရက် သူသည် တိမ်ဖြူအား နှိမ့်လိုက်ပြီး အမှန်ပင်စိုးရိမ်နေသည့် လေသံဖြင့်ပြောလိုက်သည်။

“ တကယ်တော့ ငါလည်းမင်းကို ဒုက္ခမပေးချင်ပါဘူးကွာ။ ဒါပေမဲ့ ချန်ရှို့ရေ … မင်းတို့မျိုးဆက်မှာ ဉာဏ်ကောင်းတဲ့တပည့်တွေ သိပ်မရှိဘူး။ အတွေ့အကြုံအများဆုံးတပည့်လို့ပြောလို့ရတဲ့ ယွမ်ချင်းလည်း ပြဿနာရှာမိလို့ သေသွားရပြီ… ”

“ အဲ့ အရှေ့ပင်လယ်က နဂါးနန်း‌တော်တင်မကဘူး၊ ငါတို့တပည့်တွေနဲ့ မတည့်တဲ့ တခြားဂိုဏ်းတွေလည်း ရှိသေးတယ်။ အဲဒီဂိုဏ်းကတပည့်တွေက ငါတို့ဂိုဏ်းက တပည့်တွေကို အခက်တွေ့အောင်လုပ်ကြမှာပဲ… ”

“ အကြီးအကဲတချို့က ငါတို့တပည့်တွေ အဲဒါတွေကို သည်းမခံနိုင်မှာ စိုးရိမ်နေတယ်။ အဲဒီဂိုဏ်းသားတွေရဲ့ ရန်စကားတွေကို သည်းမခံနိုင်ဖြစ်လို့ ပြဿနာရှာမိပြီး ဂိုဏ်းအနေနဲ့ အရှက်ရမှာကို စိုးရိမ်နေကြတာ ”

“ ဂိုဏ်းထဲက အခြားသူတွေက လီချန်ရှို့ဆိုတဲ့မင်းက အတွင်းကျိတ်အတွင်းကြံ … အဲလေ..အဟမ်း..အဟမ်း… ဂိုဏ်းတူ တူလေးချန်ရှို့မှာ လျှို့ဝှက်ထားတာတွေရှိတယ်ဆိုတာ မသိကြဘူး မဟုတ်လား။ ဒါပေမဲ့ မင်းက တည်ငြိမ်ပြီးတော့ အားကိုးထိုက်တယ်ဆိုတာ ငါ သိပါတယ်ကွ။ ပြီးတော့ မင်းက ဗဟုသုတလည်းများပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်။ ဒီတော့ မင်းကိုလိုက်ခဲ့ဖို့ ပြောရတာပေါ့။ လိုအပ်လာလို့ရှိရင် မင်းရဲ့ဂိုဏ်းတူမောင်နှမတွေကို မင်းက လမ်းညွှန်ပေးလို့ရတာပေါ့ ”

“ ပြီးတော့ ဒီတစ်ခေါက် ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်မှာ။ ဂိုဏ်းထဲက အကြီးအကဲအချို့လည်း ပါလိမ့်မယ်။ မင်း လုံးဝ ဘေးကင်းမှာပါ။ ကဲ ဘယ်လိုသဘောရလဲ။ ငါတို့ပြောနေတာ စိတ်တည်ငြိမ်သုတ္တန်ရမယ့် ကိစ္စနော်။ အသက်ရှည်နေနိုင်ဖို့အတွက် အဲဒါက တကယ့်လျှို့ဝှက်ချက်တွေပဲ ”

စိတ်တည်ငြိမ်သုတ္တန်သည် လီချန်ရှို့အား ဆွဲဆောင်နေသည်မှာတော့ အမှန်ပင်။ သို့သော် …

“ ဆရာဦးလေး … ကျွန်တော်တောင်ပေါ်မှာပဲနေခဲ့ပြီး အေးအေးလူလူပဲ ဆက်ကျင့်ကြံချင်ပါတယ် ”

ကျိုးဝူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အောက်သို့ကွေးသွားသည်။ သူသည်သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည်လိုက်သည်။

“ ရှိပါစေတော့လေ။ မင်းရဲ့ ဆရာဦးလေးက အကျင့်မကောင်းတဲ့သူ မဟုတ်ပါဘူး။ မင်း မလုပ်ချင်တဲ့ဟာကို အတင်းလုပ်ခိုင်းလို့ ဘယ်ရမလဲ။ လိုနေတဲ့နေရာကို ဖြည့်ဖို့ တပည့်တွေရဲ့ အဆင့်တွေကို ပြန်စီရတော့မှာပေါ့… ”

လီချန်ရှို့က ထပ်၍ လေးလေးနက်နက် တွေးလိုက်ပြီး ဂရုတစိုက်ဖြင့် အားသာချက်၊ အားနည်းချက်များကို တွက်ဆလိုက်သည်။ ထို့နောက် သူသည် ဖြည်းညင်းစွာခေါင်းညိတ်၍ လေသံဖျော့ဖျော့ဖြင့်ပြောလိုက်၏။

“ ကျွန်တော် ဗလာနတ္ထိဒုတိယအဆင့်ရောက်နေတဲ့ ကျင့်ကြံသူအဖြစ်ဆိုရင်တော့ မျက်နှာပြနိုင်ပါတယ်။ ကျွန်တော် ဆရာဦးလေးရဲ့ အမိန့်တွေကို သေချာနာခံပြီးတော့ အရေးကြုံလာရင်လည်း ဂိုဏ်းတူမောင်နှမတွေကို သတိပေးပေးပါ့မယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်စကားကို နားမထောင်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး ”

“ ဟား ဟား … အဲ့အတွက်တော့ မပူပါနဲ့။ သူတို့နားမထောင်ချင်လည်း နားထောင်ရမှာပါ ”

ကျိုးဝူသည် လီချန်ရှို့ထံသို့ ကျောက်စိမ်းပေလိပ်ကို ပြန်ပစ်ပေးလိုက်သည်။

“ ဒါကိုယူထားလိုက်။ သေချာနားလည်အောင်ဖတ်ပြီး တတ်နိုင်သလောက် မြန်မြန်သာ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်အောင်လုပ်လိုက်တော့ ”

‘ ကောင်စုတ်လေး… မင်းအတွက်အကျိုးရှိမယ့်ဟာ တစ်ခုခုကို မပေးရင် ငါးစာကို ဟပ်မှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ ကျမ်းစာခန်းမက အကြီးအကဲက ဒီသုတ္တန်ကို မင်းကို ပေးခွင့်ပြုထားတာ လွန်ခဲ့တဲ့ တစ်နှစ်နဲ့ခြောက်လကတည်းကပဲ။ အဲဒါကို ငါ မပေးဘဲချန်ထားပြီး အချိန်ကောင်းကျမှ ထုတ်သုံးလိုက်တာလေ ’

ကျိုးဝူသည် စကားများပြောဆိုပြီးသည်နှင့် တိမ်တိုက်အား အပေါ်သို့ မြှင့်လိုက်၏။ သူ၏နှုတ်ခမ်းများတွင် အပြုံယဲ့ယဲ့ ကပ်ငြိ၍နေပေသည်။ ထို့နောက် သူလမ်းသူသွားကာ ပျောက်ကွယ်သွားလေသည်။

ဤနှစ်နှစ်အတွင်း လီချန်ရှို့သည် သူ့၏ ကျင့်ကြံခြင်းအား ဖိနှိပ်ရန် ပို၍ခက်ခဲလာ၏။ တာအိုပေါင်းစည်းခြင်းနဝမအဆင့်သို့ ရောက်သွားလျှင် သူ့တိုးတက်မှုကို သူ ထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။ ယခု သူ့မှာ စိတ်တည်ငြိမ်သုတ္တန်ရှိပြီဖြစ်ရာ ပုန်းအောင်းကျင့်ကြံရန် နေရာကောင်းတစ်ခုကို အရှေ့ပင်လယ်တွင် ရှာရပေမည်။

ထို့ပြင် စိတ်တည်ငြိမ်သုတ္တန်၏ ပထမတွဲသည် ကျင့်ကြံရန်ခက်ခဲသော ကျမ်းမျိုးမဟုတ်ပေ။ ၎င်းသည် လှည့်ဖြားတတ်သော နဂါးနိုင်လက်ဝါးသိုင်းကိုးကွက် ကဲ့သို့ စာအုပ်မျိုးနှင့် မတူချေ။ ဤတစ်ခေါက်တွင် တစ်ခုခုဆုံးရှုံးမသွားသ၍ သူ့အတွက် အမြတ်ပင် ဖြစ်သည်။

***

ချီယွမ် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးနောက် နောက်တစ်နေ့ နေထွက်ချိန်တွင် ဖြစ်သည်။

လန်လင်းအယ်သည် လူများကင်းရှင်းသွားပြီ ဖြစ်သော တဲအိမ်အရှေ့တွင် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ပခုံးများကို နှိပ်နေလေသည်။

မနေ့ညက သူမ၏ဆရာသည် အခြားတောင်ထိပ်တစ်ခုရှိ မိတ်ဆုံစားပွဲတစ်ခုသို့ သူမ တစ်ခါမှ မတွေ့ဖူးသော ဆရာဦးလေး၊ ဆရာဒေါ်လေးတစ်သိုက်နှင့်အတူလိုက်၍ သွား၏။ ထို့နောက် သူမသည် ဆရာ့တဲအိမ်၏ အတွင်းနှင့်အပြင်အား လေးနာရီကြာ သန့်ရှင်းခဲ့ရလေသည်။

“ မုန်းဖို့ကောင်းတဲ့ ဆရာတူအစ်ကို … လာပြီး ကူညီဖော်တောင်မရဘူး… ”

ထိုသို့ မကျေမနပ်ရေရွတ်ပြီးသည်နှင့်တပြိုင်နက် လန်လင်းအယ်သည် ကောင်းကင်ပေါ်မှ အရက်အိုးကြီးကို မျက်လုံးထောင့်မှနေ၍ တွေ့လိုက်ရသည်။ ချက်ချင်းပင် သူမနှုတ်ခမ်းစူသွားသည်။

‘ ဆရာဒေါ်လေးကျိုးကျိုးက ဆရာတူအစ်ကိုနဲ့တွေ့ဖို့ ထပ်လာပြန်ပြီ။ သူတို့နှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုပဲ။ ဆရာဒေါ်လေး ဒီနှစ်ပိုင်းအတွင်း မလာဘဲနေတဲ့ အကြာဆုံးကာလဆိုလို့ ရက်(၂၀) လောက်ပဲရှိတယ်။ ဟွန်း…ညီမတို့ နှစ်ယောက်လုံးက မိန်းကလေးတွေပါပဲ။ ဆရာဒေါ်လေးက အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရောက်နေတော့ရော ဘာဖြစ်သေးလဲ။ မဟုတ်သေးပါဘူး…အတုမဲ့နတ်ဝိဇ္ဇာဖြစ်နေပြီး ဒီလောက် ကလေးကလားဆန်နေတာ ရယ်စရာတောင်ကောင်းသေးတယ်… ’

လန်လင်းအယ်၏ ရင်ထဲတွင် ရုတ်ခြည်းပင် လေးလံသွားသည်။

‘ ဆရာတူအစ်ကိုက အဲဒီလိုမျိုးကိုကြိုက်… ’

“ ဟိုလေ.. တစ်ဆိတ်လောက်… ”

လန်လင်းအယ်၏ နောက်မှနေ၍ နှုတ်ဆက်သံတစ်သံ ထွက်ပေါ်လာသည်။ သူမ အလိုလို ထခုန်မိသွားကာ လက်ထဲတွင် ငွေရောင်ဆူးချွန်လေးကို ကိုင်လိုက်လေသည်။ သူမ၏ ဂါဝန်လေးသည်လည်း လေထဲတွင် ဝဲပျံသွားလေ၏။ ချက်ချင်းပင် သူမသည် အသံလာရာသို့ မျက်နှာမူလိုက်သည်။

ထို့နောက် လန်လင်းအယ် တုံ့ဆိုင်းသွားသည်။

ထိုစကားပြောလိုက်သော သူသည် အပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏နောက်ကျောတွင် ဓားအိမ်အတွင်းထည့်ထားသည့် ဓားကြီးတစ်ချောင်းကို ချိတ်ဆွဲထား၏။ သူမ၏ ဆံပင်ရှည်များကို မြင်းမြီးပုံစံစု၍ ရိုးရိုးရှင်းရှင်းပင် စီးထားသည်။ ထိုဆံပင်စီးလေးသည် လေတွင်ဝေ့ဝဲ၍နေပေသည်။ သူမ၏ သိမ်မွေ့သော်လည်း အေးစက်စက်ရှိသော မျက်နှာကို လင်းအယ်ရင်းနှီးနေ၏။

“ ဂိုဏ်းတူအစ်ကိုချန်ရှို့ … ဒီမှာ ရှိသလား ရှင့် ”

***

Comment

Leave a Reply

Options

not work with dark mode
Reset