အခန်း ( ၅၀၅ )

ရွှေအမြုတေ မဟာစက်ဝန်း

ဂျုန်းးးးးး။

ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံး၏ အကန့်အသတ်မဲ့စွမ်းအားများက လှိုင်းတံပိုးကြီးများအလား သူ့ကိုယ်တွင်း ရိုက်ခတ်သွားပြီး သူ၏ရွှေအမြုတေထဲသို့ တသဲသဲဝင်လာကာ သူ၏ချီလမ်းကြောင်းများတွင် တဂျုန်းဂျုန်းမြည်သံများ ဖြစ်ပေါ်လာသည်။

ကောင်းကင်တာအိုနှင့် စိတ်စွမ်းအင်ပင်လယ်ကိုးစင်း၏ အငွေ့အသက်တို့ဖြင့်ပြည့်နှက်နေသော သူ၏ရွှေအမြုတေမှာ ၎င်းထဲထို့ ကောင်းကင်နှင့်မြေပြင်ရှိ စိတ်စွမ်းအင်များ အကြမ်းပတမ်းဝင်ရောက်လာသောအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများထွက်နေပြီး သူ၏ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များကို ချက်ချင်းပင် မြင့်တက်သွားစေသည်။

ယခင်က သူသည် နှောင်းပိုင်းရွှေအမြုတေအဆင့်တွင် ရှိနေခဲ့ပြီး မဟာစက်ဝန်းနှင့်လည်း လွန်စွာနီးကပ်နေပြီဖြစ်သည်။ သူ၏အေးစိမ့်ချီမှာလည်း ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်နေပြီး တစ်ရာ ရာခိုင်နှုန်းသို့သာ ရောက်သွားပါက သူကြိုးပမ်းခဲ့ရကျိုးနပ်စွာ အဆင့်တက်နိုင်ပေလိမ့်မည်။

ကောင်းကင်နှင့်မြေပြင်ရှိစွမ်းအင်များက သူ၏ရွှေအမြုတေနှင့် ၎င်း၏စိတ်စွမ်းအင်ပင်လယ်ကိုးစင်းထဲသို့ ပြည့်နှက်သွားသောအခါ သူက ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို ထုတ်ဖော်လိုက်ပြီး အေးစိမ့်ချီများကို အလျင်အမြန် ထုတ်လွှတ်လိုက်သည်။

ထိုအေးစိမ့်ချီများကား သာမန်မဟုတ်ချေ။ ၎င်းတို့မှာ ေအးစိမ့်သခင်အဆင့် တွင်ရှိနေပြီဖြစ်သည်။

သူသာ မဟာစက်ဝန်းအတွင်း ဝင်ရောက်ပြီးသွားပါက သူ၏အေးစိမ့်ချီမှာလည်း ဟန်ဇောင်ကိုယ်တော် အဆင့်သို့ တက်သွားပေမည်။

အေးစိမ့်ကိုယ်တော် အဆင့်သို့ရောက်လျှင် သူက ကောင်းကင်တံတားမြစ်ရေအချို့ကိုပင် အေးခဲစေနိုင်ပေလိမ့်မည်။ ထို့အပြင် သူ၏ အခြားသောထူးကဲသည့်စွမ်းရည်များနှင့် စွမ်းအားများကိုပါပေါင်းစပ်လိုက်လျှင် သူက အမြုတေအဆင့်ရှိ မည်သူမဆို အေးခဲစေပြီး အတွေးတစ်ချက်နှင့် သတ်ပစ်နိုင်လိမ့်မည်။

အေးစိမ့်ကိုယ်တော် အငွေ့အသက်များက ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ အတွက်ပင် ကြီးမားသည့် ပြဿနာများကိုဖြစ်စေနိုင်သည်။

သူသာ မဟာစက်ဝန်းထဲသို့ ၀င်ရောက်ပြီးပါက သူ၏ ကောင်းကင်တာအိုရွှေအမြုတေ၏စွမ်းအားက ၎င်း၏စစ်မှန်သော တည်ငြိမ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။ ၎င်းက ယင်ယန်ဝိညာဥ်အဆင့်ကိုပါ တုန်လှုပ်ချောက်ချားစေနိုင်သည့် ရွှေအမြုတေအမျိုးအစားထဲတွင် စွမ်းအားအကြီးမားဆုံးဖြစ်လေသည်။

ယခင်က သူသည် ယင်ယန်ဝိညာဥ်အဆင့် မျိုးနွယ်စုအကြီးအကဲကို နတ်ဆေးလုံးနှင့် သူ၏မယုံနိုင်ဖွယ်အပြင်အားကိုသာ အားကိုးခြင်းဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် မဟာစက်ဝန်းအတွင်းသို့ဝင်ရောက်ပြီးပါက ယင်ယန်ဝိညာဥ်အဆင့် နတ်ဘုရားစွမ်းရည်များရှိသည့် သာမန်ဝိညာဥ်ကျင့်ကြံသူများနှင့်ရင်ဆိုင်ရလျှင်ပင် သူက ကျိန်းသေ သူတို့နှင့်ယှဥ်ပြိုင်ကာ တိုက်ခိုက်နိုင်ပေလိမ့်မည်။

” ရွှေအမြုတေအဆင့် မဟာစက်ဝန်း ”
ထိုကဲ့သို့သော အတွေးများက ပိုင်ရှောင်ချန်းအား မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားစေသည်။ ဤနေ့မျိုးကို ကြာမြင့်စွာ သူစောင့်ဆိုင်းခဲ့ရသောကြောင့် သူ၏အတွေးများကို တည်ငြိမ်စေလိုက်ပြီး ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို အာရုံစိုက်လိုက်ကာ သူ့ကိုယ်အတွင်းမှ အေးစိမ့်ချီများကို လှုပ်ရှားစေလိုက်သည်။

အေးစိမ့်ချီမှာ အဆောက်အအုံအတွင်း ပြည့်နှက်သွားပြီး ချက်ချင်းပင် အရာအားလုံးအေးခဲသွားလေသည်။ စင်စစ်အားဖြင့် အပြင်ဘက်မှကြည့်လျှင် ထိုအဆောက်အအုံမှာ ရေခဲတုံးကြီးအလား ဖြစ်နေသည်။

တဖျစ်ဖျစ် အက်ကွဲအသံများ ထွက်ပေါ်လာချိန်တွင် ကျောက်လုံနှင့် စောင့်ကြပ်နေကြသော အခြားလူများက ထိတ်လန့်တုန်လှုပ်စွာ ကြည့်လာကြသည်။ ခဏအကြာတွင် အနီးအနားရှိဆေးပေါင်းဖိုအချို့မှာ ထိုအဆောက်အအုံကဲ့သို့ပင် အေးခဲသွားလေသည်။

ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ ပိုင်ရှောင်ချန်းက သူတို့အား မည်သည်ကိုမျှော်လင့်ထားရမည်ဟု ကြိုတင်သတိပေးခဲ့သောကြောင့် အတန်ငယ်ဝေးသောနေရာတွင် ရှိနေကြသည်။ သူတို့သာ အဝေးတစ်နေရာတွင်မရှိကြလျှင် သူတို့မှာလည်း ထိုအလွန်အေးခဲလှသောနေရာတွင် အန္တရာယ်ကိုရင်ဆိုင်နေရနိုင်သည်။

” ငါတို့ရဲ့ အဆင့်မြင့် တပ်မှူးကြီးက ဘာပညာရပ်တွေများ ကျင့်ကြံနေတာပါလိမ့်”

” အဲ့…အဲ့ဒီ အေးစိမ့်ချီတွေက အင်မတန်အားကောင်းလိုက်တာ။ ကြောက်စရာကြီးကွာ”

ကျောက်လုံနှင့် လျှိုလီမှာလည်း အခြားလူများလိုပင် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ကြည့်နေကြသည့်အချိန်မှာပင် အေးစိမ့်ချီများက လက်နက်တိုက်၏ ထက်ဝက်ကျော်အထိ ပြည့်နှက်လာလေသည်။

ထိုချီများရောက်သွားသည့်နေရာတိုင်းမှာ အေးခဲနေသောကမ္ဘာကြီးတစ်ခုအလား ဖြစ်သွားလေသည်။

ကျေးဇူးတင်ဖွယ်ကောင်းစွာ ပိုင်ရှောင်ချန်းထင်ပေါ်ကျော်ကြားလာသည့်ကာလအတွင်း အခြားမဟာသမားေတာ်များ အားလုံးက အဝေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အကယ်၍ သူတို့သာ မပြောင်းရွှေ့ခဲ့လျှင် သူတို့၏နေရာများမှာပင် အေးခဲသွားကြပေလိမ့်မည်။

အမွှေးတိုင်တစ်တိုင်စာလုံလုံလောက်လောက် လောင်ကျွမ်းပြီးချိန်လောက်တွင် လက်နက်တိုက် တစ်ခုလုံးမှာ အေးခဲသွားလေသည်။ ၎င်းမှာ ရေခဲတောင်ကြီးနှင့်ပင်တူနေပြီး ကျောက်လုံနှင့် တပ်ရင်းရှိအခြားသူများကိုသာမက ထိုနေရာဝန်းကျင်ရှိအခြားအရေခွံဆုတ်တပ်သားများကိုပါ အံ့အားသင့်သွားစေသည်။

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံခြင်းအခြေခံများရှိကြသည့် စစ်ဦးစီးမှူးများပင်လျှင် အံ့အားသင့်သွားကြပြီး ပိုင်လင်းမှာမူ ဖြစ်ပျက်သမျှကို ကြည့်ရန် ကိုယ်တိုင်ကိုယ်ကျ ပျံသန်းရောက်ရှိလာသည်။ ထိုလက်နက်တိုက်ကြီးအား ကြည့်ပြီးနောက် သူ၏မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်းရောင်များ တောက်ပလာသည်။

” တကယ်လို့ အရင်တုန်းက သူ့ဆီမှာ ဒီအဆင့်ရှိတဲ့ အေးစိမ့်ချီတွေသာ ပိုင်ဆိုင်ခဲ့ရင် သူလုပ်ခဲ့တာထက် ပိုပြီး လွယ်လွယ်ကူကူနဲ့ ဘေးကင်းကင်း တိုက်ခိုက်နိုင်ခဲ့မှာ ”
သူ့မျက်လုံးများတွင် သဘောကျသည့်အရောင်များတောက်ပနေလျက် သူက နောက်ထပ် အရေခွံဆုတ်တပ်သားများကိုပါ ဓမ္မစောင့်ရှောက်သူများအဖြစ် ရပ်တည်ပေးရန် အလျင်အမြန်အမိန့်ပေးလိုက်သည်။

နောက်ဆုံးသတိထားမိသူမှာ နတ်အဆင့်ချိန်ဟဲ့ထျန် ဖြစ်လေသည်။ ဧရာမမျက်လုံးကြီးဆီမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး လက်နက်တိုက်၏အခြေအနေကိုအနီးကပ်လေ့လာကာ ပျောက်ကွယ်သွားသည်။

” ဒါက အေးစိမ့်ချီတွေ အသွင်သစ်ပြောင်းလဲသွားတဲ့ပုံပဲ ”
ချိန်ဟဲ့ထျန်က လေးလေးနက်နက်ရေရွတ်လိုက်သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ပိုင်ရှောင်ချန်း၏ တရားထိုင်သည့်ကာလမှာ လပေါင်းအနည်းငယ်ကြာမြင့်ခဲ့ပြီး ထိုအတောအတွင်း မဟာတံတိုင်းကြီးအပြင်ဘက်၌ တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေသော်လည်း အသေးစားတိုက်ပွဲလေးများသာဖြစ်ခဲ့သည်။ ထိုနှစ်အစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် မတူချေ။

နောက်ဆုံးတွင် သူ၏ကျင့်ကြံခြင်းကာလများအတွက် အရေးပါလှသည့်အချိန်သို့ရောက်လာသည်။ ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးမှ ထောက်ပံ့ပေးထားသော ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်မှာ သူ၏ရွှေအမြုတေတွင် စုစည်းလာပြီး ရွှေအမြုတေထဲတွင် အေးစိမ့်ချီများ လုံးလုံးလျားလျားအေးခဲလာသောအခါ သူ၏စိတ်စွမ်းအင်ပင်လယ်များမှာ တုန်ခါသွားလေသည်။

၎င်းကိုကြည့်၍ သူ၏အမြုတေမှာ ရေခဲအမြုတေအဆင့်သို့ အသွင်ပြောင်းနေသည်ဟု ပြောနိုင်သည်။

ထိုအချိန်တွင် ရွှေအမြုတေက ကိုးဆယ်ရာခိုင်နှုန်းကျော် အေးခဲနေပြီး အေးစိမ့်အငွေ့အသက်များက ပိုင်ရှောင်ချန်းအား မလှုပ်မယှက်နှင့် အေးခဲသွားသည့်အလား ဖြစ်သွားစေသည်။

နောက်ထပ်သုံးရက်တာ ကုန်လွန်သွားပြန်သည်။ ထိုနေ့ညနေခင်းတွင် ရွှေအမြုတေအဖြစ်ကျန်ရှိနေသေးသောနောက်ဆုံးအပိုင်းလေးမှာ ရေခဲများဖြင့်ဖုံးလွှမ်းလာသည်။ ပိုင်ရှောင်ချန်း၏ ရွှေအမြုတေမှာ အမှန်ပင် ရေခဲအမြုတေအဖြစ်သို့ အသွင်ပြောင်းသွားလေပြီ။

သူ၏မျက်လုံးများ ဆတ်ခနဲဖွင့်လိုက်ချိန်တွင် သူ၏စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်ဟည်းသံများပဲ့တင်ထပ်လာသည်။ တချိန်တည်းမှာပင် သူ၏ကိုယ်ထဲမှ အကန့်အသတ်မဲ့သော စွမ်းအင်စီးကြောင်းများပေါက်ကွဲထွက်လာလေသည်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆင့်တက်သွားခဲ့လေပြီ။

သူက ရွှေအမြုတေအဆင့်တွင် မဟုတ်တော့ပဲ ယခုအခါ မဟာစက်ဝန်းထဲသို့ ရောက်နေပြီဖြစ်သည်။

” အလုပ်ဖြစ်တယ် ”
သူ၏မျက်လုံးများတွင် ထူးဆန်းသည့်အရောင်များတောက်ပနေကာ အော်ဟစ်လိုက်သည်။ ထိုအခိုက်အတန့်၌ သူ၏ကိုယ်ထဲရှိ ရွှေရေခဲအမြုတေအတွင်း ရှိေနသောအရာများမှာ ယခင်ကထက်များစွာ သာလွန်နေသည့်အေးစိမ့်ချီများဖြစ်ကြောင်း သူက အာရုံခံမိလိုက်သည်။ ထို့အပြင် ထိုချီများက သူ့ကိုယ်တွင်း ဖြတ်၍စီးဆင်းနေ၏။

သူကညာဘက်လက်အား ဖြည်းညင်းစွာဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းထိပ်တွင် အေးစိမ့်ချီစီးကြောင်းလေးတစ်ခု ထွက်လာစေလိုက်သည်။ အေးခဲနေသော ရုပ်ဝတ္ထုအားလုံး၏ ဧကရာဇ်ဖြစ်သော ဖိအားကြီးက တည်ရှိနေသောရေခဲများအပေါ် ရုတ်တရက်ကျဆင်းလာသည့်အတွက်ကြောင့် ချက်ချင်းပင် သူ၏ဘေးပတ်လည်ရှိ ရေခဲလွှာများမှာ စတင်၍တုန်ခါလာသည်။

ချက်ချင်းပင် လက်နက်တိုက်တွင် ရေခဲများ စတင်ထူထပ်လာပြန်သည်။ အစောင့်များအဖြစ်ရပ်နေကြသော ကျင့်ကြံသူများအားလုံးမှာ ၎င်းကိုရှောင်ရှားရန် နောက်သို့ဆုတ်လိုက်ရသည်။

” အေးစိမ့်ကိုယ်တော် ”
ပိုင်ရှောင်ချန်းက သူ၏လက်ချောင်းထိပ်ကလေးကို လေးလေးနက်နက်ကြည့်နေပြီး တီးတိုးဆိုလိုက်သည်။ သူ၏ကိုယ်ထဲရှိ ရေခဲအမြုတေတွင် မရှင်းမလင်းသည့် ပြောင်းလဲမှုအချို့ဖြစ်ပေါ်နေသည်ဟု ခံစားနေရသည်။

သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု ကြီးထွားလာသည့်အလား ဖြစ်နေသည်။

သူ၏မျက်နှာထက်တွင် လေးနက်သော အမူအယာတစ်ခုပေါ်လာသည်။ ရေခဲအမြုတေအတွင်းတွင် တစ်ခုခုရှိနိုင်လားဆိုသည်ကို သူ သေချာမသိသော်လည်း သူ ရင်းနှီးနေသည့် အငွေ့အသက်အချို့ကို အာရုံခံမိနေသည်။ အကယ်၍ သူသာ နောက်ထပ်အဆင့်တက်သွားပါက ရလဒ်မှာ အံ့အားသင့်ဖွယ်ကောင်းနေမည်မှာ သေချာလှပေသည်။

” အဲ့တာက စွမ်းအားတွေကို ထိန်းချုပ်တာနဲ့တူနေတယ် ” သူကတီးတိုးရေရွတ်လိုက်သည်။

” နေဦး။ ငါသိပြီ။ ငါက ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို ကျင့်ကြံနေပြီး အဓိကအဆင့်ကို ခုနကမှတက်ခဲ့တာ ဆိုတော့ ငါ့ရဲ့ရေခဲအမြုတေအတွင်းမှာ စိတ်ဆန္ဒ ဖြစ်ပေါ်လာတာနေမှာ ”

ပိုင်ရှောင်ချန်းက စိတ်ဆန္ဒနှင့်ပတ်သက်ပြီး သူ၏ကိုယ်ပိုင်ထင်မြင်ချက်နှင့် နားလည်မှုရှိလေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူကသိချင်စိတ်ကိုချိုးနှိမ်ထားလိုက်သည်။ နောက်ဆုံး သူ၏စိတ်ဆန္ဒစွမ်းအားများပေါ်ပေါက်လာလျှင် အဖြေမှာလည်း ထွက်ပေါ်လာပေလိမ့်မည်။ ထို့နောက်မှသာ သူလည်းသေချာစွာသိလာမည်။

” ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကအခုဆိုရင် ရွှေအမြုတေအဆင့်ရဲ့မဟာစက်ဝန်းကိုရောက်သွားပြီ။ နောက်တစ်ခုက ငါ့ရဲ့ထာဝရအသက်ရှည်နည်း ပညာရပ်ပဲ ”
ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံး၏စွမ်းအားများက သူ့အားမဟာစက်ဝန်းထဲသို့ ရောက်အောင်တွန်းပို့ခဲ့ပြီဖြစ်သော်လည်း စွမ်းအားအနည်းငယ်ကျန်ရှိနေသေးလေရာ သူက ၎င်းအားသက်စောင့်အားအဖြစ် ပြောင်းလဲပစ်လိုက်သည်။

” ဒီယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးတွေက ဂုဏ်သတင်း ကျော်ကြားနေတဲ့အတိုင်းပါပဲလား။ ငါ့ဆီမှာ ဆေးဖောစပ်နည်းမရှိတာ ဘယ်လောက် ဆိုးဝါးလိုက်လဲ။ ငါ့စိတ်ထင် အဓိကပါဝင်ပစ္စည်းက သေချာပေါက် အင်မော်တယ်မွေးဖွားခြင်းမြက် ဖြစ်မယ် ”

အင်မော်တယ်မွေးဖွားခြင်းမြက်က မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်သည့် ဆေးပင်တစ်မျိုးဖြစ်ကာ သူ၏အဓိကလုပ်ဆောင်ချက်မှာ သက်စောင့်အားကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ ဒဏ္ဍာရီထဲတွင် ထိုသက်စောင့်အားအမျိုးအစားကို တန်ခိုးရှင်တစ်ယောက်ဖြစ်လာရန် အသုံးပြုနိုင်သည်။ အမှန်တွင် ၎င်းမှာအမှန်တကယ်မဟုတ်သော်လည်း ၎င်းက အင်မော်တယ်မွေးဖွားခြင်းမြက်မှာ မည်မျှအဖိုးထိုက်တန်လှကြောင်း ပြသနေသည်။

” ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးအစွမ်းကြောင့် ယင်ယန်ဝိညာဥ်ဖြစ်ပေါ်လာမှာကို ငါ့အမြုတေနဲ့ ဟန့်တားနိုင်ခဲ့ရင် ငါ့ရဲ့ ထာဝရအသက်ရှည်နည်းပညာရပ်နဲ့ သက်စောင့်အားကိုစုပ်ယူပြီး ကြီးမားတဲ့တိုးတက်မှုကို လုပ်နိုင်လောက်တယ် ”

” ထာဝရကျမ်းရဲ့ တတိယမြောက်အဆင့်က ထာဝရအရွတ်ကြောတွေပဲ။ ငါက လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကျင့်ကြံပြီးပြီ။ ကျန်နေသေးတာက ရင်ဘက်ပိုင်းနဲ့ ခေါင်းပိုင်းပဲ။ ရင်ဘက်ပိုင်းအတွက် လိုအပ်တာတွေက အရေးကြီးတယ် ” တစ်ခဏတွေးတောပြီးနောက် သူက ဒုတိယမြောက်ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးလေးအား ကြည့်လိုက်ကာ အံကိုကြိတ်၍ ပါးစပ်ထဲပစ်ထည့်လိုက်လေသည်။

သူက ဒုတိယမြောက် ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးအား သောက်သုံးလိုက်သည်ကိုမြင်လိုက်သည့် အပြင်ဘက်ရှိလူတိုင်းမှာ လုံးဝမျက်လုံးပြူးကျယ်နေကြသည်။ ပထမအချက်အနေဖြင့် ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးများက မယုံကြည်နိုင်လောက်အောင် အဖိုးတန်လှပြီး လူအနည်းငယ်သာလျှင် သူတို့အဆင့်တက်နိုင်ရန် တစ်လုံးထက် ပို၍သောက်သုံးရသည်။

သူက ဒုတိယမြောက်ဆေးလုံးကို သောက်ပြီးသည်နှင့်တပြိုင်နက် ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များမှာသူ၏ ချီလမ်းကြောင်းများထဲသို့ ပေါက်ကွဲကာစီးဝင်လာသည်။ ချက်ချင်းနီးပါး ၎င်းကသူ၏ရေခဲအမြုတေဆီသို့ဦးတည်သွားနေကြသည်။ သာမန်အားဖြင့်ပြောရလျှင် ၎င်းကအမြုတေကို အစိတ်စိတ်အမြွှာမြွှာကွဲသွားစေပြီး ယင်ယန်ဝိညာဥ်တစ်ခုဖြစ်လာစေလိမ့်မည်။

သို့သော်လည်း ထိုစွမ်းအားက ရေခဲအမြုတေဆီသို့ တဟုန်ထိုးသွားလိုက်သည်နှင့်တပြိုက်နက် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်တောက်သွားပြီး သူ၏ထာဝရအသက်ရှည်နည်းပညာရပ်ကို ထုတ်ဖော်လိုက်လေသည်။ သူ၏ရင်ဘက်ပိုင်းတွင် ကြီးမားသည့်ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး တဂျုန်းဂျုန်းမြည်ဟည်းသံများ ကို ကြားလာရလေသည်။ ထို့နောက် ထိတ်လန့်အံ့အားသင့်ဖွယ်ဆွဲငင်အားကြီးတစ်ခုမှာလည်း အူထဲအသည်းထဲရိုက်ခတ်လာလေသည်။ မျက်စိတမှိတ်အတွင်း ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များအားလုံးမှာ လမ်းကြောင်းမှသွေဖယ်သွားကာ ထိုရေဝဲထဲသို့ စတင်ဝင်ရောက်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset