အခန်း ( ၅၀၄ )

စစ်တပ်ငါးတပ် ယှဥ်ပြိုင်ကြခြင်း

လူထွားကြီးသည် အတော်အတန်လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့အသွင်က တောင်ကြီးတစ်လုံးအလားပင်။ သက်လတ်ပိုင်းကျင့်ကြံသူနှင့် အဘိုးအိုကို စိန်းစိန်းဝါးဝါးကြည့်နေစဉ် သူ၏ မျက်လုံးများမှာ ရက်စက်သောအလင်းများ တောက်ပနေတော့သည်။

မိစ္ဆာနက်တပ် စစ်သေနာပတိချုပ်နှင့် အဆိပ်ကြယ်တပ် စစ်သေနာပတိချုပ်တို့ကလည်း သူ့ကို ပြန်၍ စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး အချိန်မရွေး ရန်ထသတ်တော့မည့်ပုံဖြစ်နေတော့သည်။.

” အဟမ်း ”
ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခတ်၍ ချောင်းဟန့်လိုက်သည်။ သူက စစ်တပ်သုံးဖွဲ့မှ စစ်သေနာပတိချုပ်များက သူ့ကိုလုနေသည့်အချက်ကြောင့် အလွန်ကျေနပ်နေသော်လည်း လူ့ဘီလူးနှိမ်နင်းရေးတပ်မှ ကမ်းလှမ်းချက်သည် အားလုံးအထဲ အကောင်းဆုံးဖြစ်ပုံရသည်ဟု ကောက်ချက်ချရလေမည်။

ထိုအခိုက်အတန့်လေးမှာပင် လေထဲတွင် ထစ်ခြုန်းသံများ ပြည့်နှက်သွားစေသော လေပြင်းတစ်ချက်နှင့်အတူ နောက်ထပ် အေးစက်စက်နှာမှုတ် သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်ယံမှ မရေမတွက်နိုင်သော မိုးကြိုးများ နိမ့်ဆင်းလာကာ ဆံပင်အဖြူနှင့် ကျင့်ကြံသူတစ်ယောက်အသွင် အတူတကွ လည်ပတ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပိုင်ရှောင်ချန်း၏ ခြံဝင်းထဲတွင် ရပ်နေပြီး သူ့ခြေထောက်အောက်တွင် လျှပ်စီးတန်းများ တဖျစ်ဖျစ်မြည်နေကာ ခြံဝင်းတစ်ခုလုံးကို လျှပ်စီးပင်လယ်ကဲ့သို့ ပြောင်းပစ်လိုက်လေသည်။

အမှန်တကယ်တော့ လျှပ်စီးများက ပိုင်ရှောင်ချန်းကိုသော်လည်းကောင်း၊ သူ၏လူများကိုသော်လည်းကောင်း အန္တရာယ်မဖြစ်စေပေ။ သို့သော်လည်း အခြားသော စစ်သေနာပတိချုပ်များ၏ မျက်နှာများမှာ ရှုံ့တွသွားပြီး သူတို့ကိုယ်ကို ထိခိုက်ဒဏ်ရာမရစေရန် ကျင့်ကြံခြင်းအခြေခံများကို အားတင်း၍လည်ပတ်စေလိုက်ရလေသည်။

” ခင်ဗျား ဘာလုပ်နေတယ်ထင်လဲ ဝိညာဉ်နှိမ်နင်းရေးသခင် ”
လူ့ဘီလူးနှိမ်နင်းရေးတပ်မှ လူထွားကြီးက အော်လိုက်သည်။

” ငါ ဘာလုပ်နေတာလဲ ဟုတ်စ။ မင်းတို့ကောင်တွေနဲ့ လာပြိုင်တာလေ။ မဟာသမားတော်ပိုင်၊ မင်းသာ ဝိညာဉ်နှိမ်နင်းရေးတပ်ထဲဝင်ရင် ဆယ်နှစ်လုံးလုံး မင်း လုံခြုံစေရမယ်ကွာ။ မင်းလက်ရှိဝင်ငွေရဲ့ အဆငါးဆယ်ပေးမယ်လို့ ငါ အာမခံတယ်။ ပြီးတော့ ဂိုဏ်းကို ပြန်တာနဲ့ လက်ဖျားငွေသီးနေစေရမယ်။ မင်း လိုတဲ့ အခြားစွမ်းအားရင်းမြစ်တွေ၊ ဆေးပင်တွေအားလုံးရအောင် လုပ်ပေးမယ်။ ဒါ့အပြင် အဖိုးမဖြတ်နိုင်တဲ့ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးတစ်လုံးလဲ ပေးမယ်ကွာ။ မင်းလုပ်ရမှာက ခေါင်းလေးညိတ်ပြီး ကောင်းပြီ လို့ပြောလိုက်ရုံပဲ။ ပြီးတာနဲ့ အခုချက်ချင်း မင်းကို ဆေးလုံးပေးလိုက်မယ်”
သူစကားပြောနေချိန်တွင် အလွန်ကြည်လင်သော ဆေးလုံးတစ်လုံးကို ကိုင်ထားသည့် ညာလက်အား မြှောက်ပြလိုက်လေသည်။

ဆေးလုံးမှ အံ့မခန်းဆေးရနံ့များ ချက်ချင်း ထွက်ပေါ်လာရာ ကျောက်လုံနှင့် အခြားသူများမှာ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးမှန်းတန်းသိလိုက်ကြသည်။ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးများသည် မဟာတံတိုင်းတွင် ရှိသည့် ကျင့်ကြံခြင်းရင်းမြစ်များ၏ အရေးကြီးဆုံးအမျိုးအစားတစ်ခုဖြစ်လေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင်ပင်ရရန်ခက်ခဲပြီး ဖြန့်ဖြူးမှုများကို မှတ်တမ်းများ ထိန်းသိမ်းထားလေသည်။ သူတို့သည် နတ်အဆင့်သားရဲဝိညာဉ်များနောက် ဒုတိယပင်လိုက်လေသည်။

သို့သော်လည်း အမြုတေအဆင့် မဟာစက်ဝန်းရှိ မည့်သည့်ကျင့်ကြံသူမဆို ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးနှင့်ဆိုလျှင် အဆင့်တက်နိုင်ရန် အခွင့်အလမ်းများလေသည်။ ထိုနည်းလမ်းသုံးခြင်း၌ နတ်သားရဲဝိညာဉ်များကို သုံးသောလူထက် ပို၍အစွမ်းနိမ့်ကျခြင်းကဲ့သို့သော ဆိုးကျိုးများရှိသော်လည်း ယင်ယန်ဝိညာဉ်အဆင့်သို့ ရောက်သေးသည်။

ထို့ပြင် နတ်သားရဲဝိညာဉ်ငါးကောင်အထိ စုဆောင်းနိုင်သည့် လူများမှာ မရှိသလောက်နည်းလေသည်။

ပိုင်ရှောင်ချန်းပင်လျှင် မဟာတံတိုင်းမြို့တော်ကို စရောက်စဉ် ကတည်းက ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးတစ်လုံးကို လက်လှမ်းမမီနိုင်ခဲ့ပေ။ သို့ဖြစ်လေရာ ထိုဆေးလုံးများ မည်မျှ တန်ဖိုးကြီးကြောင်း သူသိထားပြီး ယခုအခါ ဤဆံပင်အဖြူကျင့်ကြံသူ၏လက်ထဲတွင် ဆေးတစ် လုံး ရှိနေလေပြီ။

မည်သည့်အတွက်ကြောင့် ပိုင်ရှောင်ချန်းက စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း။ ဆေးလုံးကို ကြည့်လိုက်စဉ်တွင် သူ၏ မျက်လုံးများမှာ လိုချင်တပ်မက်ခြင်းများဖြင့် တောက်လောင်နေတော့သည်။ ထိုနည်းလမ်းသုံး၍ ယင်ယန်ဝိညာဉ်အဆင့်ရောက်ရန် အမှန်တကယ်မစီစဉ်ထားသော်လည်း ဆေးလုံးသည် အလွန်အသုံးဝင်နေနိုင်သည်။ ၄င်းနှင့် အမြုတေအဆင့် မဟာရပ်ဝန်းကို ချက်ချင်းရောက်နိုင်သည်။

ထို့သိုဆိုလျှင် လုံးဝ အချိန်ကုန်သက်သာလေမည်။

အခြားစစ်သေနာပတိချုပ်သုံးဦးမှာ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးကို ကြည့်ပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူတို့မှာ ကမ်းလှမ်းနိုင်သော ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးမရှိ၍ မဟုတ်။ ရှိသည်။ သို့သော် ထိုဆေးလုံးများမှာ အလွန်တန်ဖိုးကြီးလေရာ မည်သို့ပြုလုပ်ရမည်နည်း ဆိုသည်ကို ချီတုံချတုံဖြစ်နေကြလေသည်။

ထိုယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးကို ကြည့်လေလေ ပိုင်ရှောင်ချန်း၏ မျက်လုံးများ တောက်ပလာလေလေဖြစ်လာတော့သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး အခြားစစ်သေနာပတိချုပ်သုံးဦးကို ကြည့်၍ သူသာ ထပ်မံ တွေဝေနေလျှင် အခွင့်အရေးကို လက်လွှတ်ရလိမ့်မည်ဟု ဆုံးဖြတ်လိုက်လေသည်။ သူက ခေါင်းညိတ်ရန် ပြင်လိုက်ဆဲဆဲမှာပင် ဒေါသတကြီးအော်ဟစ်သံတစ်သံက လေကိုခွင်း၍ ရောက်လာလေသည်။

” လုံးဝ အရှက်မရှိလိုက်တာ။ ထွက်သွားကြစမ်း အရူးတွေ။ ချီးတဲ့မှပဲ။ မင်းတို့ကောင်တွေ အရေခွံဆုတ်တပ်ရဲ့ ပိုင်နက်ထဲ လာပြီး ငါ့ လူတွေကို ခိုးဖို့ ကြိုးစားရဲတယ်ပေါ့”

“ဒါက ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးတစ်လုံးထက်မပိုဘူး ။ ဂရုစိုက်မနေနဲ့ ရှောင်ချန်း။ ငါမင်းကို ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံး သုံးလုံးပေးမယ်။ ”
ထိုသည်မှာ ပိုင်လင်းက လွဲ၍ တခြားသူမဟုတ်ချေ။ သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းသွားပြီး ပိုင်ရှောင်ချန်း၏ ရှေ့တွင်ပေါ်လာကာ အခြားစစ်သေနာပတိချုပ်လေးဦးအား ဒေါသတကြီးကြည့်လိုက်လေသည်။

သူ့လူတစ်ယောက်ကို စည်းရုံးရန် ရည်ရွယ်ချက်နှင့် သူ့ပိုင်နက်ကို မျက်နှာပြောင်တိုက်၍ ကျူးကျော်လာသည်မှာ သူ့အတွက် အရှက်ရစရာ ကောင်းလှသည်။ ထို့ကြောင့် သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်လောင်လာပြီး အင်္ကျီလက်ကို ခါလိုက်ရာ အခြားစစ်သေနာပတိချုပ်လေးဦးထံ လေပြင်းတစ်ချက် ဖျတ်ခနဲတိုက်ခတ်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ လန့်ဖြန့်ကာ နောက်ဆုတ်လိုက်၏။ ကျောက်လုံနှင့် အခြားသူများက ပျံပြေးသွားသည်မှာ ကြာလေပြီ။

စစ်သေနာပတိချုပ်လေးဦး၏မျက်နှာများ ပျက်သွားလေသည်။ ပိုင်လင်းက သူတို့ကို တိုက်ခိုက်လာလိမ့်မည်ဟု တစ်ယောက်မှ ထင်မထားခဲ့ကြချေ။ သူတို့က ချက်ချင်းပင် ကျင့်ကြံခြင်းအခြေခံများ ဆင့်ခေါ်ပြီး ပြန်တိုက်ရန်ပြင်လိုက်ဆဲမှာပင် ရုတ်တရက် မျှော်စင်ထိပ်ရှိ ဧရာမမျက်လုံးကြီးထံမှ အလင်းတန်းတစ်ခု ပစ်ခတ်လိုက်လေသည်။

အလင်းတန်းက စစ်သေနာပတိချုပ်ငါးဦး၏ အလယ် တည့်တည့်ထိမှန်သွားကာ သူတို့အားလုံးကို ဆုတ်ခွာသွားစေရန် ဖိအားပေးလိုက်လေသည်။ တချိန်တည်းမှာပင် ချိန်ဟဲ့ထျန်၏ ရှေးဆန်သော အေးစက်စက်အသံကြီးက ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသည်။

” မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း။ မင်းတို့ငါးယောက်လုံးက စစ်သေနာပတိချုပ်တွေ။ ကိုယ့်အပြုအမူကို ဆင်ခြင်ကြ ”

ပိုင်လင်းက အံတင်းတင်းကြိတ်ရင်း အခြား စစ်သေနာပတိချုပ်လေးဦးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ စစ်သေနာပတိချုပ်များမှာ သူတို့မှားသွားကြောင်း ကောင်းစွာသတိပြုမိသဖြင့် လည်ချောင်းများရှင်းလိုက်ကြပြီးနောက် ပိုင်ရှောင်ချန်းကို လိုချင်သောအကြည့်များဖြင့် ကြည့်ကာ လှည့်ပြန်သွားကြလေသည်။

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပိုင်လင်းကို ပြန်ကြည့်ကာ အရှက်ပြေ ပြောလိုက်သည်။
” အမ်.. ဟို.. သူတို့ ကျုပ်ကို လာရှာတာ…”

မျက်နှာထားတင်းတင်းဖြင့် ပိုင်လင်းက ပိုင်ရှောင်ချန်းထံ လျှောက်လာ၏။

“ရှောင်ချန်း၊ အဲ့ကောင်စုတ်တွေက တကယ့်လူလိမ်တွေ။ သူတို့စကားနားမထောင်နဲ့။ ဒီမှာ ငါနဲ့နေ။ စိတ်မပူနဲ့။ ငါမင်းကို ဘေးကင်းအောင် ထားမှာပါ။ ပြီးတော့ မင်းလိုချင်တဲ့ ဘာ ဆေးပင်ပဲဖြစ်ဖြစ် ထောက်ပံ့ပေးမယ်။ လခကော ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးကော ဘာမှပြဿနာမရှိဘူး ”
ထို့နောက် သူက ရှုံ့ရှုံ့မဲ့မဲ့ဖြင့် အိတ်ထဲမှ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးနှစ်လုံးကို ထုတ်လိုက်ကာ ပိုင်ရှောင်ချန်းကို ကမ်းပေးလိုက်လေသည်။

” အခုတော့ နှစ်လုံးပဲ ရှိသေးတယ်ကွ။ ယူထားလိုက်ဦး။ နည်းနည်းကြာရင် တတိယလုံးရအောင် လမ်းရှာနိုင်မှာပါ ”
စိတ်ထဲတွင် ပိုင်လင်းမှာ နောက်ထပ် ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံး ထပ်ရှာရန် လိုလာသောကြောင့် ကျိန်ဆဲနေမိတော့သည်။ အမှန်မှာ ထိုေဆးလုံးများက ရရန် မဖြစ်နိုင်ခြင်းမဟုတ်သော်လည်း တစ်လုံးဝယ်ရန်အတွက် ရင်းမြစ်လုံလုံလောက်လောက် စုဆောင်းထားရန် အမြဲအချိန်ကြာခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးနှစ်လုံးကို ယူလိုက်ရင်း သူ၏နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ဖောင်းပွလာတော့သည်။ ထို့နောက် ရုတ်တရက် စစ်သေနာပတိချုပ်က သူ့အား မည်မျှကောင်းမွန်စွာ ဆက်ဆံသည်ကိုတွေးကာ စိတ်နှလုံးလှုပ်ရှားသွားပြီး ပိုင်လင်းကို ပြန်ကြည့်လိုက်လေသည်။ ထို့ပြင် သူက အချိန်အတော်ကြာသည်အထိ ဤလူ၏ လက်အောင်ငယ်သားအဖြစ်ဆက်လက် ထမ်းဆောင်ရလိမ့်မည်ကို ပြန်စဉ်းစားမိပြီး သူ၏ အမူအရာမှာ ရုတ်တရက် အလွန်လေးနက်သွားလေသည်။ ခေါင်းခါလိုက်ရင်း သူက ပြောလိုက်သည်။
” ကျုပ်ကို ဘယ်လိုလူထင်နေတာလဲ စစ်သေနာပတိချုပ်။ ကျုပ်သာ တခြားတပ်ဖွဲ့ထဲဝင်ချင်ရင် ခင်ဗျားမလာခင်ထဲက လက်ခံပြီးပြီပေါ့။ စစ်သေနာပတိချုပ်၊ ကျုပ်ဘာလို့ အချိန်ဆွဲနေတာလဲ မသိဘူးလား”

” ကျုပ် အဲဒီစစ်သေနာပတိချုပ်လေးယောက်ကို ရန်စလို့မှမရပဲ။ ဒီတိုင်းလည်း မငြင်းနိုင်ဘူးလေ။ အဲဒါကြောင့် ဒီအခြေအနေကို ခင်ဗျား လာထိန်းမယ့်အချိန်ထိ စောင့်နေရတာပဲ ”
ထို့နောက် သူက အင်္ကျီလက်ကို ခါလိုက်လေသည်။ ခါတိုင်းထက်ပို၍ လေးနက်နေသောပုံဖြင့် သူက ဆက်ပြော၏။
” စစ်သေနာပတိချုပ်၊ ခင်ဗျား ကျုပ်ကို သဘောထားကြီးကြီး ဆက်ဆံပေးခဲ့တယ်။ ကျုပ် ဘယ်လိုလုပ် ကျေးဇူးရှင်တစ်ယောက်ကို ဒုက္ခပေးနိုင်မှာလဲ။ ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးနဲ့တင်ကို တန်ဖိုးကြီးနေပါပြီ။ခင်ဗျား နောက်ထပ်ပေးရင်တောင်မှ ကျုပ် ယူတော့မှာ မဟုတ်ဘူး ”
ထို့နောက် သူက သူ့ကိုယ်သူ အလွန်ကျေနပ်နေရင်း လက်ယှက်၍ ခေါင်းငုံ အရိုအသေပေးလိုက်သည်။ သူပြောနိုင်သည်ကတော့ ယခု သူ့စကားလံုးများတွင် ရိုးသားဖြောင့်မတ်သောရည်ရွယ်ချက်များနှင့် ပြည့်နေသည်ဟူ၍။

ပိုင်လင်းမှာ စောစောက ပိုင်ရှောင်ချန်း ပြောလိုက်သောစကားများကြောင့် စိတ်နှလုံးတုန်လှုပ်နေဆဲဖြစ်လေသည်။ ပိုင်ရှောင်ချန်းကို အချိန်အတန်ကြာကြည့်နေပြီးနောက် သူက အခြားသူများရှေ့တွင် မည့်သို့မည်ဖုံ ပြုမူရမည်ကို ထဲထဲဝင်ဝင်သိသော လူစားမျိုး ဖြစ်သည်ဟု သဘောပေါက်လိုက်လေသည်။ အသက်ပြင်းပြင်းရှူလိုက်ရင်း သူကပြောသည်။ “ရှောင်ချန်း၊ ဖြစ်နိုင်ရင် နောက်ဆယ်နှစ်အတွင်း စစ်ဦးစီးမှူး တစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ့လား”

” မင်း အဲ့အဆင့်ကိုရောက်ရင် မင့်ရဲ့ ရာထူး အဆင့်အတန်းတွေက လုံးဝခြားနားသွားလိမ့်မယ်။ မင်းရဲ့ အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့အဆင့်အတန်းကလဲ ပိုတောင် ကောင်းသွားလိမ့်မယ်။ စစ်တပ်ငါးဖွဲ့ရဲ့ စစ်ဦးစီးမှူးတွေ ဂိုဏ်းကိုပြန်ရင် သံမဏိသွေးကြောခန်းမရဲ့ အကြီးအကဲတွေ ဖြစ်လာကြတယ်။ ဒါက အခြားခန်းမတွေက လူတွေထက် သာလွန်တဲ့ ရာထူးပဲ ”

” မင်း အဲ့အဆင့် ရောက်ရင် ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးထဲက အရှိန်အဝါကြီးမားဆုံးအဖွဲ့ထဲ ရောက်သွားလိမ့်မယ်။ မင်းဂိုဏ်းကို သစ္စာမဖောက်သရွေ့ မင်းလိုချင်တာအကုန်လုံးနီးပါး လုပ်နိုင်တယ် ” ပိုင်လင်းက ထို့ထက်ပို၍ အသေးစိတ်မရှင်းပြတော့ပေ။ နောက်ထပ် မသဲမကွဲစကားများ အနည်းငယ်ပြောပြီးနောက် သူက လှည့်ပြန်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ လေးလေးနက်နက်စဉ်းစား၍ သူ့အခန်းထဲ ပြန်လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ အမိန့်လည်ဆွဲကို ထုတ်ကာ စစ်ဦးစီးမှူးရာထူးတိုးရန် တိုက်ပွဲစွမ်းဆောင်မှုရမှတ် ဘယ်လောက်လောက်များများ လိုကြောင်းစစ်ဆေးပြီးနောက် ပင့်သက်ရှိုက်သွားတော့သည်။

” အဲဒီလောက်တောင် များတယ်လား ”

သူ လုံးဝ ဆွံအသွားရသည်။ အခြားသောစစ်ဦးစီးမှူးများ ရာထူးတက်ရန် မည်သို့လုပ်ခဲ့ကြောင်း မတွေးတတ်တော့ပေ။ တပ်မှူးကြီးရာထူးတက်ရန်လိုအပ်သော တိုက်ပွဲစွမ်းဆောင်မှုရမှတ်ထက် အဆတစ်ရာကျော်လိုလေသည်။ ၎င်းက အခြေခံအားဖြင့် ထိုရာထူးသို့ေရာက်ရန် သူဝင်ရောက်တိုက်ခိုက်ခဲ့သော တိုက်ပွဲကဲ့သို့ တိုက်ပွဲတစ်ရာဆင်နွှဲရမည်ဟု ညွှန်းဆိုနေလေသည်။

“ကဲပါလေ အဲ့တာကို မေ့လိုက်တာပေါ့ ”
သူက တွေးလိုက်သည်။
“ တပ်မှူးကြီးတစ်ယောက်အနေနဲ့ပဲ သိုသိုသိပ်သိပ် နေတာပေါ့ကွာ ”
သူသည် စိတ်ဓာတ်ကျသွားရင်း ခေါင်းခါလိုက်ပြီး သူ၏အမိန့်လည်ဆွဲကို အဝေးပစ်လိုက်လေသည်။ ထို့နောက် ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးကို ထုတ်လိုက်ပြန်ရာ သူ၏မျက်လုံးများ နောက်တစ်ကြိမ် တောက်ပလာပြန်တော့သည်။

” အမြုတေအဆင့်မဟာရပ်ဝန်း… ”
သူသည် စိတ်တည်ငြိမ်အောင်ကြိုးစားရင်း သူ၏ နေအိမ်ပတ်လည်တွင် တားမြစ်အစီအရင်အချို့ နေရာချလိုက်ပြီးနောက် ကျောက်လုံနှင့် အခြားသူများကို သူတံခါးပိတ်ကျင့်ကြံတော့မည်ဟု ပြောလိုက်လေသည်။ သူ၏ ပြင်ဆင်မှုများအားလုံး ပြည့်စုံသွားချိန်တွင် ညဉ့်နက်နေလေပြီ။

အရာအားလုံး အဆင့်သင့်ဖြစ်သောအခါ သူက ယင်ယန်ဝိညာဉ်အဆင့်ဆေးလုံးတစ်လုံးအား သူ့ပါးစပ်ထဲ ဖြည်းညင်းစွာ ထည့်လိုက်လေသည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလာပြီး သူ၏ ခေါင်းထဲတွင် ထစ်ခြုန်းသံများ ပြည့်နှက်သွားလေသည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီး၏ တုန်လှုပ်ဖွယ်စွမ်းအင်က သူ့ကိုဖြတ်၍ စီးဆင်းသွားကာ သူ၏ ရွှေအမြုတေနေရာတွင် စုဆုံသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset