Switch Mode

အခန်း ( ၅၀၃ )

တပ်မှူးကြီးရာထူးတိုးခြင်း

ပိုင်ရှောင်ချန်းမှာ မြင်နေရသောအရာကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။ ကောင်းကင်တံတားမြစ်ဒေသများတွင် သူမြင်ခဲ့သမျှထဲ အမြင့်ဆုံးစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှာ ဆယ်ဆသာဖြစ်သည်။

သို့သော် ယခု လုံးဝမမျှော်လင့်ထားသော ဖြစ်ရပ်တွင် သူသည် ထို့ထက် များစွာကျော်လွန်သော မှော်ပစ္စည်းများကို ကြည့်နေရလေသည်။

” တစ်ခုခုတော့ ထူးဆန်းနေတယ်။ ဒါက မြေရိုင်းဒေသက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုများ သိနေတာလား ”

ထိုကိစ္စကို စဉ်းစားမိချိန်တွင် သူသည် လက်ချောင်းထဲရှိ လိပ်ဒယ်အိုးထံ သူ၏အာရုံများ အလိုအလျောက် ပို့လွှတ်မိလိုက်သည်။

ဖြစ်ရပ်တစ်ခုလုံးတွင် ပြောစရာဖြစ်နေသည်မှာ ပိုင်လင်းနှင့် အခြားအစွမ်းထက်ကျင့်ကြံသူများ မှာ ထိုကိစ္စကို ထူးဆန်းပုံမရခြင်းဖြစ်လေသသည်။ သူတို့သည် အောက်လမ်းဆရာများက ထိုသို့သော စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့်မှော်ပစ္စည်းများသုံး ခြင်းကိုမြင်သားကျနေသည့်အလားပင်။ ထိုမျှသာမ ထိုမြင်ကွင်းကိုကြည့်ကာ သူတို့၏မျက်လုံးများတွင် တပ်မက်မှုများ တောက်လောင်လာပြီး သိသာစွာပင် အဆင့်မြှင့်တင်ထားသော ရတနာများကို လက်ဝယ်ရလိုသော မျှော်လင့်ချက်များဖြင့် ယခင်ထက် ပို၍ စိတ်အားထက်သန်စွာ တိုက်ခိုက်လိုက်ကြသည်။

ကြည့်ရသရွေ့ စစ်သေနာပတိချုပ်များနှင့် စစ်ဦးစီးမှူးများအတွက် တိုက်ပွဲက သူတို့ရနိုင်သော အဓိကအရာမှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များမဟုတ်ပဲ အောက်လမ်းဆရာများ၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ရတနာများပင် ဖြစ်လိမ့်မည်။

တိုက်ပွဲသည် နောက်ထပ်တစ်လဆက်လက်ဖြစ်ပွားပြီး နောက်ဆုံး မြေရိုင်းတပ်ဆုတ်တ်ခွာ သွားတော့သည်။ မဟာတံတိုင်းတပ်သည် သူတို့နောက် မလိုက်ကြပေ။

မဟာတံတိုင်းသည်လည်း ဤတိုက်ပွဲတွင် အဖက်ဖက်မှ ဆုံးရှုံးမှုများ ခံစားခဲ့ရသည် မဟုတ်ပါလော။

ချိန်ဟဲ့ထျန်နှင့် အနီရောင်ဝတ်ရုံမိန်းမပျိုတို့၏တိုက်ပွဲတွင် မည်သည့်ဖက်မှ အသာစီးမရကြဘဲ နှစ်ဖက်လုံး တူညီသောထိခိုက်ဒဏ်ရာများ ရရှိသွားကြလေသည်။ မြေရိုင်းစစ်တပ်ဆုတ်ခွာသွားသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် အနီရောင်ဝတ်ရုံနှင့်မိန်းမပျိုအား သေချာမြင်တွေ့လိုက်ရလေသည်။

သူမသည် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှည်များက တလွင့်လွင့်ဖြစ်နေလေသည်။ သူမသည် အလွန်ငယ်ရွယ်ဟန်တူပြီး ချင်းမေ့ယွမ်ထက်ပင် နူးညံ့လှပလေသည်။

သို့သော်လည်း ပို၍ အရေးပါသည်မှာ သူမ၏ ကျင့်ကြံခြင်း အခြေခံဖြစ်ပြီး မြင့်မြတ်သော အငွေ့အသက်များများကို ထုတ်လွှတ်ပေးနေလေရာ သူမကို ကြည့်လိုက်သည့် မည်သူမဆို ရင်ခုန်နှုန်းမြန်ဆန်လာပေလိမ့်မည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက ထိုအရာတစ်ခုကိုမှ ဂရုမစိုက်ပေ။ ယခုအခိုက်အတန့်တွင် သူက တိုက်ပွဲပြီးဆုံးသည့် နေ့လည်ခင်းမှာပင် သူ့ကို တွေ့ရန် လက်နက်တိုက်ကို အလည်လာသော လီဟုန်မင်ကို မှုန်ကုပ်လျက်ကြည့်နေလေသည်။ အစထဲက လီဟုန်မင်သည် တပ်မှူးကြီး ဖြစ်ပြီး တိုက်ပွဲအတွင်းက တိုက်ပွဲအောင်မြင်မှုရမှတ်များရရှိထားသော ကျေးဇူးကြောင့် တပ်မှူးကြီးများထဲတွင် အဆင့်တက်သွားခဲ့လေသည်။

” ရှောင်ချန်း၊ မင်း အခု နာမည်ကြီးနေပြီကွ။ လုံးဝ နာမည်ကြီးတာနော်။ ငါမြင်ခဲ့တဲ့ လျှို့ဝှက်တင်ပြချက်တွေအရဆိုရင် မြေရိုင်းဒေသက မင်းရဲ့ခေါင်းအတွက် ဆုကြေးထပ်တိုးလိုက်ပြီတဲ့။ မင်းသေရင် ဆုကြေးဘယ်လောက်လဲ သိလား ”

” နတ်အဆင့်သားရဲဝိညာဉ်တဲ့။ အဲ့တာက တစ်ကောင်ထဲရယ် ပြီးတော့ ဘာအမျိုးအစားလဲ မသေချာပေမယ့် မယုံနိုင်လောက်အောင် တန်ဖိုးကြီးတယ်ဆိုပဲ။ မင်းသာ သတ္တု၊ သစ်သား၊ ရေ၊ မီး၊မြေ လိုအပ်ချက်တွေနဲ့ ညီတဲ့ နတ်အဆင့်သားရဲဝိညာဉ်ငါးကောင်ကို စုဆောင်းနိုင်ရင် ယင်ယန်ဝိညာဉ်အဆင့်ကို တက်နိုင်မှာနော် ”

” မြေရိုင်းဒေသမှာရှိတဲ့ သေမိန့်ကျစာရင်းထဲက ထိပ်ဆုံး ဆယ်ယောက်ပဲ အဲ့လိုမျိုး ဆုကြေးတွေ ရှိတာ။ ဂုဏ်ယူပါတယ် ရှောင်ချန်းရေ… မင်းတော့ ထိပ်ဆုံးဆယ်ယောက်ထဲ ရောက်နေပြီ”

” အဲဒီ စာရင်းထဲမှာ မင်းနဲ့ အနီးဆုံးလူတွေတောင် ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေတဲ့။ မင်းက ထိပ်ဆုံး ၃၀ထဲမှာပါတဲ့ တစ်ဦးတည်းသော အမြုတေအဆင့်ကျင့်ကြံသူကွ ”

” မိစ္ဆာပိုင်၊ အဲ့တာ အခု မြေရိုင်းဒေသမှာ မင်းကို ပေးထားတဲ့ ဘွဲ့ကွ ”

လီဟုန်မင်က ရိုးရိုးသားသား ပိုင်ရှောင်ချန်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောနေပြီး ဤသတင်းများ ပေးရန်အတွက် အပြေးအလွှား ရောက်ချလာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာတော့ ကြောက်လန့်တုန်ရီနေတော့သည်။

” ဆုကြေးအနေနဲ့ နတ်အဆင့်သားရဲဝိညာဉ် ”

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ကာ ရင်တဒိန်းဒိန်းခုန်လာပြီး သက်ပြင်းများ ရှိုက်နေတော့သည်။ ယခု မြေရိုင်းဒေသရှိ လူ့ဘီလူးကြီးများ နှင့် ဝိညာဉ်ကျင့်ကြံသူများက သူ့ကို မည်မျှ သတ်ချင်နေမည်ဖြစ်ကြောင်း တွေးသာကြည့်နိုင်တော့သည်။

လီဟုန်မင်၏စိတ်ထဲတွင် အဆက်မပြတ် သက်ပြင်းများချနေလေသည်။ ပိုင်ရှောင်ချန်း ပထမဆုံးရောက်လာတုန်းက အချိန်ကို ပြန်တွေးကြည့်လိုက်သောအခါ မဟာတံတိုင်း၏ အတွင်းကော အပြင်မှာပါ အလွန် ကျော်ကြားလာလိမ့်မည်ဟု ထင်ရန် မဖြစ်နိုင်ခဲ့ပေ။

သူတို့နှစ်ယောက်လုံး ဟိုဟိုသည်သည် အနည်းငယ် စကားစမြည်ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းစိတ်မပါကြောင်း လီဟုန်မင် သတိထားမိလိုက်ကာ သူ့ပခုံးကို ပုတ်ပြီး ပြန်သွားတော့သည်။

ထို့နောက်တွင် ပိုင်ရှောင်ချန်းမှာ ထိုင်ချပြီး သက်ပြင်းချလိုက်တော့သည်။

” ဘာပဲဖြစ်ဖြစ်ကွာ၊ ငါဘယ်နေရာသွားသွား အသက်ရှူမှားလောက်တဲ့ ပြကွက်တွေ အမြဲပြနေမိတော့တာပဲ။ အီး… အဆိုးရွားဆုံးပြကွက်ကြီးပဲဟေ့။ ဒါပြီးရင် ငါ မဟာတံတိုင်းအပြင်ဘက်ကို မသွားတော့ဘူး။ ဆယ်နှစ်ပြည့်တဲ့အထိ ဒီမှာပဲ ကုတ်ကပ်နေပြီးတော့မှ ဂိုဏ်းကို ပြန်တော့မယ်”

ဤနည်းဖြင့် သူ့ကိုသူ နှစ်သိမ့်လိုက်သော်လည်း ရင်ခုန်နေဆဲပင်။

ထို့ပြင် သူ၏ စိုးရိမ်သောကများလည်း ယခုအတိုင်း ပျောက်မသွားပေ။ မြေရိုင်းဒေသ ဝိညာဉ်ကျင့်ကြံသူများက သူခေါင်းအတွက် ဆုကြေးရရန် ကြိုးစားနေသည်ကို စိုးရိမ်ရုံသာမက စစ်တပ်ငါးဖွဲ့ရှိ ကျင့်ကြံသူများကိုလည်း စိတ်မပူပဲ မနေနိုင်ပေ။ ယခုတွင် သူ့ခေါင်းက အလွန် တန်ဖိုးကြီးနေပြီ မဟုတ်ပါလော….

ကံကောင်းထောက်မစွာ အချိန်အတော်ကြာ သောကများဖြင့် စိတ်ဆင်းရဲနေစရာမလိုပေ။ ယခုတွင် တိုက်ပွဲပြီးဆုံးသွားပြီး ရာထူးတိုးမြှင့်ခြင်းများ ဆောင်ရွက်နေလေသည်။ ကျင့်ကြံသူများစွာသည် သာမန်စစ်သည်များမှ တပ်ခွဲမှူး သို့မဟုတ် တပ်မှူးလေး အဆင့်သို့ တိုးမြှင့်ခြင်းခံရလေသည်။

ပိုင်ရှောင်ချန်းမှာမူ တပ်မှူးကြီးအဖြစ် တိုးမြှင့်ခံရသော တပ်မှူးလေး နှစ်ယောက်သာ ရှိသည့်ထဲမှ တစ်ယောက်ဖြစ်သည်။

ယခုတွင် သူက တပ်မှူးကြီးတစ်ယောက်ဖြစ်ရာ လက်နက်တိုက်နှင့် သူ၏ကိုယ်ပိုင် တပ်မှူးကြီး အမိန့်ပေးဌာန နှစ်ခုလုံးကို အုပ်ချုပ်နိုင်လေသည်။ ထို့အပြင် ကျောက်လုံနှင့် မူလလူတစ်ရာတပ်ရင်းအပြင် ယခုတွင် နောက်ထပ် ကျင့်ကြံသူ ၉၀၀တပ်ကို သူအမိန့်ပေးနိုင်လေပြီ။

တပ်မှူးလေးအဆင့်မှ တပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခံရရန် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များစွာ လိုအပ်ပြီး ဖြစ်လေ့ဖြစ်ထမရှိသော တိုက်ပွဲတစ်ခုတည်းကြောင့်သာ ထိုသို့ရာထူးတိုးနိုင်လေသည်။

တပ်မှူးကြီး ရာထူးတိုးခံရသော အခြားသော တပ်မှူးလေးများမှာ မဟာတံတိုင်းမြို့တော် နှစ်ပေါင်းတစ်ရာ တပ်ချထားခဲ့ရလေသည်။ သူနောက်ဆုံးရာထူးတိုးရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူက အမြုတေအဆင့်မဟာရပ်ဝန်းသို့ တက်လုဆဲဆဲဖြစ်ပြီး မရေမတွက်နိုင်သောတိုက်ပွဲပေါင်းများစွာ၌ သူ၏ အသက်ကို စွန့်စားခဲ့သောကြောင့် ဖြစ်သည်။

အမှန်ဆိုရလျှင် ပိုင်ရှောင်ချန်းက ဝိညာဉ်ကျင့်ကြံသူ မည်မျှများပြားစွာ နှိမ်နင်းခဲ့ပါစေ၊ မျိုးနွယ်စုခေါင်းဆောင်ကို သတ်ခဲ့သောအကြောင်းကြောင့်ဖြစ်စေ ရာထူးတိုးရန် တိုက်ပွဲစွမ်းဆောင်မှု ရမှတ်များ လုံလောက်သေးမည်မဟုတ်ပေ။ ယခု သူ တပ်မှူးကြီးတစ်ဦး ဖြစ်လာရသည့် တစ်ခုတည်းသော အကြောင်းမှာ ဝိညာဉ်စုစည်းဆေးလုံးများနှင့် ပေါက်ကွဲနိုင်သော ဆေးပေါင်းဖိုများကြောင့်ပင် ဖြစ်သည်။

ထိုကြောင့်သာလျှင် သူက ခုန်ပျံကျော်လွှားတက်သွားပြီး တစ်ခါတည်းနှင့် တပ်မှူးကြီး ရာထူးတိုးခံလိုက်ရခြင်းဖြစ်လေသည်။

ဆေးဆရာတစ်ယောက်အနေနှင့် သူက တိုက်ပွဲလမ်းကြောင်းကို ပြောင်းလဲပေးခဲ့သော ဝိညာဉ်စုစည်းဆေးလုံးများကို တီထွင်ခဲ့သည်။ ထို့အပြင် သူ၏ ပေါက်ကွဲတတ်သော ရတနာများသည်လည်း လူတိုင်းကို လုံးဝတုန်လှုပ်သွားစေသည်။ ထို့နောက် သူ၏ တိုက်ပွဲစွမ်းရည်၊ မရေမတွက်နိုင်သော ဝိညာဉ်ကျင့်ကြံသူပေါင်းများစွာနှင့် မျိုးနွယ်စုခေါင်းဆောင်ကိုပင်လျှင် သတ်ဖြတ်ပြီးနောက် သူ၏ အပြင်အားကိုယ်သည် ယင်ယန်ဝိညာဉ်အဆင့်နှင့်တူကြောင်း သိသာလာတော့သည်။ ထို့ပြင် သူက စစ်မှန်သော ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူ မဟုတ်သော်လည်း သာမန်အမြုတေအဆင့်ကျင့်ကြံသူများ မလုပ်နိုင်သောအရာများကို သိသာထင်ရှားစွာပင် လုပ်နိုင်လေသည်။

ထိုအရာအားလုံးအပြင် သူက စစ်သည် တစ်သောင်းကျော်၏ အသက်များကို ကယ်ခဲ့လေရာ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာက သူ့ကို ရိုသေလေးစားသွားကြတော့သည်။

အားလုံးအနက် ထိပ်ဆုံးတွင်ရှိနေသည်မှာ ယခုအခါ သူက မြေရိုင်းဒေသ၏သေမိန့်ကျစာရင်း ထိပ်ဆုံး ၁၀ထဲတွင် ရှိနေခြင်းဖြစ်သည်။

ထိုသို့ အမျိုးမျိုးသော ဂုဏ်ကျက်သရေများနှင့် ထင်ပေါ်ကျော်ကြားမှုများအားလုံးက မဟာတံတိုင်းမြို့တော်အနှံ့ ဖုံးလွှမ်းသွားသောတုန်လှုပ်ခြင်းလှိုင်းများအလားပင်။ ထို့ပြင် အခြားစစ်တပ်လေးဖွဲ့၏ စစ်သေနာပတိချုပ်များကို ပိုင်ရှောင်ချန်းက ယခင်ထက်ပို၍ အရေးပါးသောလူအဖြစ် ရုတ်တရက် မြင်သွားစေတော့သည်။

သူတို့စစ်တပ်တွင် ပိုင်ရှောင်ချန်းရှိသော မည်သူမဆို ရဲစွမ်းသတ္တိရှိသော စစ်သည်ကိုသာမက ဝိညာဉ်စုစည်းဆေးလုံးများနှင့် ပေါက်ကွဲတတ်သောဆေးပေါင်းဖိုများကိုလည်း ရမည်ဖြစ်သည်။ ထို့ပြင် အခြားကျင့်ကြံသူထောင်ပေါင်းများစွာ ရိုသေလေးစားသောလူကိုလည်း ရပေမည်။ သူသည် အမှန်တကယ်ကိုပင် ပြီးပြည့်စုံသော ရတနာတစ်ခုဖြစ်သည်။

အခြားစစ်တပ်လေးဖွဲ့မှ စစ်သေနာပတိချုပ်များသည် အတော်လေးစိတ်လှုပ်ရှားနေကြလေရာ ပိုင်ရှောင်ချန်း တပ်မှူးကြီး ရာထူးတိုးခံရသော ညနေခင်းတွင် လက်နက်တိုက်၏ အပြင်၌ တောက်ပသောအလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာလေသည်။

ထိုအလင်းတန်းထဲတွင် နက်ပြောင်နေသော ချပ်ဝတ်တန်ဆာဖြင့် အဖိုးအိုတစ်ယောက်ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ လွင့်ပျံနေပြီး သူ့ခေါင်းပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ အရိပ် လွင့်မျောနေသည်။ သူ၏ မျက်လုံးများက ရဲရဲနီနေပြီး မိစ္ဆာချီများ သက်ဝင်နေသည့်အလားပင်။ ခြုံငုံပြောရလျှင် အလွန်ကြောက်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။

ထိုအရာအားလုံးအပြင် သူသည် နတ်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသည့် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံ ရှိလေသည်။ သူရောက်လာခြင်းကြောင့် ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါသွားပြီး လက်နက်တိုက်ထဲရှိ ကျင့်ကြံသူအားလုံး မော့ကြည့်လိုက်ပြီးနောက်တွင် လက်ယှက်အရိုအသေပေးလိုက်ကြသည်။

” ဒါက မိစ္ဆာနက်တပ်ရဲ့ စစ်သေနာပတိချုပ်ပဲ။ ဂါဝရပြုပါတယ် စစ်သေနာပတိချုပ်”

ကျောက်လုံနှင့် အပေါင်းအဖော်များမှာ တုန်လှုပ်သွားကြပြီး ပိုင်ရှောင်ချန်းမှာမူ တရားထိုင်နေဆဲဖြစ်ကာ ပတ်ဝန်းကျင်တွင် ရုတ်တရက်ဖိအားကြီးကို ခံစားလိုက်ရလေသည်။ သူသည် လမ်းလျှောက်ထွက်လာရင်း မိစ္ဆာနက်စစ်တပ်၏ စစ်သေနာပတိချုပ်က လေထဲတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ပိုင်ရှောင်ချန်းမှာ ထိုလူနှင့် လူကိုယ်တိုင် အဆက်အဆံမလုပ်ခဲ့ဖူးပေ။ စစ်မြေပြင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် မျက်မှန်းတန်းမိရုံသာရှိသည်။ ဤနေရာတွင် သူ့ကို မြင်လိုက်သောကြောင့် အတန်ငယ် အံ့အားသင့်သွားပြီး ပိုင်ရှောင်ချန်းက လက်ယှက်၍ ခေါင်းငုံ့အရိုအသေပေးလိုက်လေသည်။

အဘိုးအို၏မျက်လုံးများတွင် သဘာကျလေးစားမှုများဖြင့် တောက်ပနေပြီး ပိုင်ရှောင်ချန်း၏ရှေ့သို့ ဆင်းသက်လာကာ အားပါးတရရယ်လိုက်လေသည်။

” မဟာသမားတော်ပိုင်၊ မိစ္ဆာနက်တပ်ကို ဝင်ခဲ့ပါလားကွ။ သူတို့ မင်းကို ဒီမှာ ဘယ်လောက်ပေးပေး ငါ သုံးဆပေးမယ်ကွာ ”

ပိုင်ရှောင်ချန်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

” အမ်……”

အရေခွံဆုတ်တပ်တွင် လွတ်လပ်မှုများစွာရှိ၍ သူက ထွက်သွားရန်မစီစဉ်ထားပေ။ သို့သော်လည်း ဤစစ်သေနာပတိချုပ်၏ မျက်လုံးများမှာ မီးများအလား တောက်လောင်နေလေရာ သိသာထင်ရှားစွာပင် သူက ပိုင်ရှောင်ချန်းကို အမှန်တကယ် သဘောတူစေချင်နေလေသည်။ ပိုင်ရှောင်ချန်းမှာ တခဏ ချီတုံချတုံဖြစ်သွားပြီး အခြားတစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်တွင် နောက်ထပ်အလင်းတန်းတစ်ခု ပေါ်လာတော့သည်။ မည်သူမှ စကားတစ်ခွန်း မပြောနိုင်ခင် နောက်အသံတစ်ခု ထွက်ပေါ်လာ၏။

” သူ့စကားနားမထောင်နဲ့ မဟာသမားတော်ပိုင်။ အဆိပ်ကြယ်တပ်ကိုသာ ဝင်လိုက်။ မင်းကို အခုလက်ရှိလခထက် ဆယ်ဆပေးရုံတင်မဟုတ်ပဲ မြေရိုင်းသားတွေကြောင့် ထိခိုက်ဒဏ်ရာမရစေရဘူးလို့ အာမခံတယ်။ အရင်က ဖြစ်သွားတဲ့ အန္တရာယ်များတဲ့အခြေအနေတစ်ခုမှ လုံးဝမရှိစေရဘူး”

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြက်သွေးရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ပေါ်လာ၏။

သူက အလွန်ဆွဲဆောင်မှုရှိပြီးသူ့မျက်နှာထက်တွင် ဒေါသအရိပ်အယောင် ကင်းမဲ့ကာ နွေးထွေးသော အပြုံးတစ်စ ရှိလေသည်။ သူ့အသွင်က ရိုးရှင်းသော်လည်း ပိုင်ရှောင်ချန်းက သူ့ကို တိုက်ပွဲတွင် မြင်ခဲ့ပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ပိုင်လင်းကလွှဲ၍ ဘယ်သူမှ မယှဉ်နိုင်ပေ။

” ကျုပ်ရဲ့ လုံခြုံမှုကို ခင်ဗျားအာမခံတယ်လား ”

ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ရင်ခုန်လာပြီး ပါးစပ်မှ လွှတ်ခနဲထွက်သွားလေသည်။ သူက အန္တရာယ်ဘယ်လောက်များကြောင်း ယခုလေးတင် စဉ်းစားနေခဲ့လေရာ အဆိပ်ကြယ်တပ် စစ်သေနာပတိချုပ်၏ ထိုသို့ ကမ်းလှမ်းသည်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

မိစ္ဆာနက်တပ်၏ စစ်သေနာပတိချုပ်သည် ပိုင်ရှောင်ချန်း၏ အမူအရာကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်သွားပြီး အခြားစကားများထပ်ဖြည့်ရန် ပြည့်လိုက်စဉ်မှာပင် ရုတ်တရက် လေထဲတွင် အေးစက်စက်နှာမှုတ်သံတစ်ခုပြည့်သွား၏။

” မိစ္ဆာနက်တပ်နဲ့ အဆိပ်ကြယ်တပ်တွေက တော်တော်လေး ကပ်စေးနှဲလိုက်တာ။ သူတို့လို ကပ်စေးနှဲကော်တရာတပ်ထဲဝင်လို့ ဘာအသုံးဝင်မလဲ။ လူ့ဘီလူးသတ်ဖြတ်သူများတပ်ကို လာမယ်ဆိုရင် မင်းရဲ့ လခကို ဆယ်ဆတိုးပေးမယ်။ မင်းရဲ့လုံခြုံရေးနဲ့ မင်းလိုတဲ့ ဘာဆေးပင်ပဲဖြစ် ဖြစ် ရစေရမယ်လို့လည်း အာမခံတယ်။ ဝိညာဉ်အရက်တွေနဲ့ ဆေးလုံးတွေလဲတူတူပဲ။ ဘယ်လို ကျင့်ကြံခြင်းစွမ်းအားရင်းမြစ်တွေဖြစ်ဖြစ် မင်းအလိုတိုင်းဖြစ်စေရမယ်”

တတိယမြောက်အလင်းတန်းတစ်ခုပေါ်လာပြီး မြေပြင်သို့ ရောက်သွားသည်တွင် အရပ်မြင့်မြင့် တောင့်တင်းသန်မာသော လူထွားကြီး တစ်ယောက်ပေါ်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset