Switch Mode

အခန်း ( ၅၀၂ )

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး

မျိုးနွယ်စုခေါင်းဆောင်ကြီး၏ အောက်တွင် ရွှယ်ကျဲကော်တု ပေါ်ထွက်လာပြီဖြစ်သည်။ သူ့ကို အေးစိမ့်ချီများကလည်း ဝန်းရံထားပြီး ပိုင်ရှောင်ချန်း၏ အသက်ဝင်တောင် ဂါထာတော် အစွမ်းကိုလည်း သူ မော့ကြည့်နေသည်။ ထိုအစွမ်းများ အားလုံးပေါင်းစည်းလိုက်သောအခါ ပိုင်ရှောင်ချန်းအတွက် အသက်ရှင်နိုင်ရန် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော သေစေနိုင်လောက်သည့် တိုက်ကွက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ဤသိုင်းကွက်များမှာ သူ၏ စွမ်းအားအကြီးဆုံး ဝှက်ဖဲများ ဖြစ်ကြသည်။

မကြာသေးမီက သူသည် ဤသို့ ကြီးမားလှသည့် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့နိုင်သည်ဟု ယူဆထားသဖြင့် အပြင်ခန္ဓာကိုယ်စွမ်းအား အနည်းငယ်နှင့် စိတ်စွမ်းအင်အနည်းငယ်တို့ကိုပင် ဤသို့သော အခြေအနေများအတွက် မသုံးပဲ ထိန်ချန်ထားခဲ့သည်။

ထို့အပြင် သူ၏ နတ်ဆေးလုံး များကြောင့် အသက်ရှင်နိုင်ရန် သူက ပို၍ ယုံကြည်မှုပြင်းထန်နေတော့သည်။ ထို့ကြောင့် သူက မီးကုန်ယမ်းကုန် ကြိုးစားတိုက်ခိုက်ရမည်ကိုလည်း သိသွားတော့သည်။

သူက သေခြင်းတရားကို ကြောက်ပါသော်လည်း သူ၏အသက်မီးတောက်မှာ မည်သည့်အချိန်တွင်မဆို ငြိမ်းသက်သွားနိုင်သည့် ယခုကဲ့သို့ အချိန်မျိုးတွင် ထိုအကြောက်တရားများမှာ အသုံးမဝင်တော့ပေ။ သူ အသက်မသေချင်ပါက အသက်ကိုရင်း၍ စွန့်စားရမည်သာ ဖြစ်သည်။

ဘုရင့်နောင် ဖောင်ဖျက်သကဲ့သို့ တိုက်ပွဲဝင်ရမည်သာ ဖြစ်သည်။

ထိုအတွေးသာ သူ၏ခေါင်းထဲတွင် ရှိနေတော့သည်။ သူအောက်သို့ ကျဆင်းလာသောအခါ ဒေါသထွက်နေသည့် မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာလည်း သူတတ်နိုင်သမျှ စွမ်းအင်အားလုံးကို စုစည်းကာ ဤအန္တရာယ်ကြီးမားလှသည့် တိုက်ကွက်ကြီးကို တုံ့ပြန်ရန် ပြင်လိုက်သည်။ ဤအခြေအနေတစ်ရပ်လုံး၏ မယုံကြည်နိုင်စရာ အကောင်းဆုံးဖြစ်ရပ်သည်ကား သူသည် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။ အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင်သာ ရှိသေးသောလည်း ထိုအချက်မှာ ပြောင်းလဲမသွားပေ။

ထို့အပြင် ပိုင်ရှောင်ချန်းမှာ မည်မျှပင် စွမ်းအားကြီးစေကာမူ သူသည် နှောင်းပိုင်း အမြုတေအဆင့်တွင်သာ ရှိသေးပြီး မဟာစက်ဝန်းအဆင့်သို့ပင် မရောက်သေးသည်ကို မျိုးနွယ်စုခေါင်းဆောင်ကြီးက အာရုံခံနိုင်ပေသည်။

သို့သော် သူသည် နှောင်းပိုင်းအမြုတေအဆင့်တွင်သာ ရှိသေးသည် ဖြစ်သော်ငြားလည်း သူ့ကြောင့်ခံစားနေရသည့် အန္တရာယ်ကြီးမှာ ကြီးမားလွန်းလှသဖြင့် ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်ကာအရှက်ရနေရပြီး တချိန်ထဲမှာပင် ကြောက်လန့်တုန်လှုပ်နေရတော့သည်။

သို့သော် တွေးတောစဥ်းစားနေရန်၊ ငြင်းခုံဆွေးနွေနေရန် အချိန် ရှိတော့သည်မဟုတ်ပေ။ မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများပေါ်ထွက်လာပြီး သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများက မြင့်တက်သွားသဖြင့် သူ့အသွင်က ကောင်းကင်ဘုရင်တစ်ပါးနှင့် တူသွားတော့သည်။

လူ့ဘီလူးကြီးများမှာ ဝိညာဥ်ကျင့်ကြံသူများနှင့် မတူညီကြပဲ အပြင်ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ပို၍အားထုတ်ကြသည်။ ဤ မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ မှော်သိုင်း အနည်းငယ်ကို တတ်မြောက်ထားသော်လည်း သူ့စွမ်းအားများ၏ အခြေခံအုတ်မြစ်မှာ အပြင်ခန္ဓာကိုယ်ခွန်အားများ ဖြစ်သည်။

” ငါ့ကိုသတ်ချင်တယ်ပေါ့။ ”
ခေါင်းဆောင်ကြီးက အော်ဟစ်ကာ သူ၏လက်နှစ်ဖက်ကို အပေါ်သို့မြှောက်လိုက်ပြီး အသက်ဝင်တောင်ဂါထာတော်နှင့် ရိုက်ခတ်သွားတော့သည်။

” သိပ်သတ်ချင်တာပေါ့။ ”
ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်ပြီး သူ၏ အသက်ဝင်တောင်ဂါထာတော်၊ ရွှယ်ကျဲကော်တာနှင့် အေးစိမ့်ပညာရှင်အဆင့် စွမ်းအားများအားလုံးကို အသုံးပြုလိုက်တော့သည်။

ဘုန်း….

အရပ်မျက်နှာအနှံ့ လေပြင်းများတိုက်ခတ်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် အလင်းရောင်များမှာ တောက်ပစွာ လင်းလက်လာသည်။ စစ်မြေပြင်ကြီးတစ်ခုလုံး တုန်ရီသွားရပြီး နှစ်ဘက်စလုံးမှ ကျင့်ကြံသူများမှာ ဖြစ်ပျက်နေသည်များကိုကြည့်ရန် အရပ်မျက်နှာတစ်ခုထဲသို့ ဝိုင်း၍ကြည့်လိုက်ကြသည်။

အခြား မျိုးနွယ်စု ခေါင်းဆောင်များ၏ မျက်လုံးများမှာလည်း ထိုမြင်ကွင်းကြီးကို မခွာတမ်းကြည့်နေကြပြီး အတွေးစိတ်များပင် ဂယောင်ခြောက်ခြား ဖြစ်နေရတော့သည်။ အောက်လမ်းဆရာများနှင့် စစ်တပ်ငါးတပ်မှ ထိပ်သီးများပင်လျှင် ပိုင်ရှောင်ချန်းကို တအံ့တသြ လှမ်းကြည့်နေကြတော့သည်။

သူသည် လူတိုင်း၏ အာရုံစိုက်စရာကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။

လူတိုင်းက သူ့ကိုကြည့်နေကြစဥ် ကောင်းကင်ကိုတုန်ခါစေကာ မြေကြီးကိုအက်ကွဲစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံမှာ လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။ ထို့နောက် သူ၏ အသက်ဝင်တောင်ကြီး၏ ပုံသဏ္ဍာန်မှာ အက်ကွဲကာ ပြိုလဲသွားသဖြင့် အက်ကွဲသံများ ပေါ်ထွက်လာသည်။ ခဏအကြာတွင် သူ၏ လူပုံစံ ပြန်ပေါ်လာပြီး သွေးတစ်ပွက် ထပ်၍အန်လိုက်ပြီးနောက် အခြား နတ်ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ထပ်၍ ပစ်ထည့်လိုက်သည်။

သူက မော့ကြည့်လိုက်ပြီး သူ့တိုက်ကွက်၏ ရလဒ်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဒိုင်းကာကြီးဆီသို့ ဦးတည်ကာ ပြေးသွားတော့သည်။

တချိန်ထဲမှာပင် အသက်ဝင်တောင် ဂါထာတော်၊ ရွှယ်ကျဲကော်တုနှင့် အေးစိမ့်ပညာရှင် အခိုးအငွေတို့က တဖြည်းဖြည်း ကွယ်ပျောက်သွားသဖြင့် ယင်ယန်ဝိညာဥ်အဆင့် မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ဖြည်းဖြည်းချင်း ရုပ်လုံး ပေါ်ပေါက်လာတော့သည်။

ပထမတွင် သူက မလှုပ်မယှက် မတ်မတ်ကြီးရပ်နေပါသော်လည်း လေညင်းလေးတစ်ခု တိုက်ခတ်သွားသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရတော့သည်။ ထို့နောက် ထိုခေါင်းဆောင်ကြီးမှာ ဖြည်းဖြည်းချင်း ပြိုလဲသွားပြီး ခြေထောက်နှင့် ဦးခေါင်းများမှစ၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြာမှုန့်များအသွင်ပြောင်းလဲသွားတော့သည်။

သူသည် အပြင်ပိုင်းခန္ဓာကိုယ်ပါမက အတွင်းပိုင်း ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။

သူသေဆုံးသွားသည့်အချိန်တွင် သူ၏မျက်ဝန်းများမှာ ကြောက်ရွံ့မှုများ၊ ပမာမခန့်မှုများနှင့် ပြည့်နှက်နေသည်။ သို့သော် သူ လေပြည်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားရသည်ကို မည်သည်ကမှ မတားဆီးနိုင်ပေ။

စစ်မြေပြင်ကြီးမှာ အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပင့်သက်ရှိုက်သံများ ထွက်လာကာ အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြတော့သည်။

” မဖြစ်နိုင်တာ။ ”

” ဘုရားရေ။ နှောင်းပိုင်းအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုသတ်လိုက်တာပါလား။ ”

” ပြီးတော့…. သူ…သူက သာမန် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူမဟုတ်ဘူး။ မြေရိုင်းဒေသက မျိုးနွယ်တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကွ။ သူ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားက တော်တော်ကို ကြောက်စရာကောင်းတဲ့ အဆင့်မှာရှိနေတာ။ ”

“ ဒီမိစ္ဆာပိုင်ကွာ၊ သောက်ကျိုးနည်း။ သူက အသက်ရှင်လျက် လွတ်သွားရုံတင်မဟုတ်ပဲ သူ့ပြိုင်ဘက်ကိုပါ ဇီဝိန်ချုပ်ပေးလိုက်တာပဲ။ တော်တော် အံ့သြဖို့ကောင်းပါလား။ ”

တအံ့တသြဖြစ်နေကြသည့် အာမေဋိတ်သံများ ပေါ်ထွက်နေကြစဥ် ထိုနေရာတစ်ဝိုက်ရှိ ကျင့်ကြံသူအယောက် တစ်သောင်းကျော်မှာ လွန်စွာနှစ်ထောင်းအားရဖြစ်လျက် အော်ဟစ်လိုက်ကြပြီး ပိုင်ရှောင်ချန်းဘေးနားတွင် ဝန်းရံကာ ဒိုင်းကာကြီးဆီသို့ ဦးတည်နေကြတော့သည်။

ထိုနေရာတစ်ဝိုက်ရှိ အခြားလူ့ဘီလူးကြီးများနှင့် ဝိညာဥ်ကျင့်ကြံသူများမှာ အလွန်အမင်း တုန်လှုပ်နေကြရတော့သည်။ ပိုင်ရှောင်ချန်းက သူတို့ဆီသို့ပြေးလာနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ကြောက်လန့်မှုများကြောင့် သွေးဆုတ်သွားကြပြီး လူစုများခွဲကာ အနည်းငယ်လေးမျှ အတိုက်အခံ မလုပ်ရဲကြတော့ပေ။

ပိုင်ရှောင်ချန်းမှာ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ မျိုးနွယ်ခေါင်းဆောင်ကြီးတစ်ယောက်ကိုပင် သတ်ခဲ့သေးသည်။ သူတို့ထဲက မည်သူက သူ၏လမ်းကို ပိတ်ရဲမည်နည်း။

ဧရာမ မျက်လုံးကြီးမှာလည်း အလင်းတန်းများကို ပို၍လျင်မြန်စွာ ထုတ်လွှတ်နေသဖြင့် အခြား မျိုးနွယ်စုခေါင်းဆောင်များမှာ အနားသို့ ကပ်၍မရနိုင်ပေ။ ထိုစဥ်တွင် ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်တပ်မကြီးမှာလည်း သူ့ဘက်သို့ ဦးတည်ကာ ပြေးလာနေပြီဖြစ်သည်။ သူတို့အားလုံးမှာ တချိန်လုံး သူ့အနားသို့ ရောက်အောင်သွားကာ သူ့ကိုကာကွယ်ပေးရန် ကြိုးပမ်းနေကြသည်။

ပိုင်ရှောင်ချန်းက သူတို့အားလုံးကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်ဖြစ်ပြီး ဤတိုက်ပွဲထဲတွင် သူ၏လက်ရှိ အောင်မြင်မှုများကြောင့် စစ်တပ်ထဲပြန်ရောက်လျှင် ရာထူးတိုးခံရမည်မှာ သေချာနေပြီ မဟုတ်ပါလော။ သူတို့မှာ မည်သည့်နည်းဖြင့် မလေးစားမအံ့သြပဲ နေနိုင်ပါမည်နည်း။

မန္တန်အစီအရင် ဒိုင်းကာကြီးမှာမူ သူ့ဘက်သို့ တိုးတိုးသွားပြီး တစ်ခဏအတွင်း သူသည် ဒိုင်းကာထဲသို့ ပြန်ရောက်တော့မည်ကို လူ့ဘီလူးကြီးများ၊ ဝိညာဥ်ကျင့်ကြံသူများနှင့် မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် အတိုင်းသား မြင်နေရတော့သည်။

သူဒိုင်းကာထဲသို့ ရောက်ရောက်သွားချင်းတွင် သူက တုန်ရီသွားရပြီး စောစောက သူ့ထံတွင်မြင်နေရသည့် ရဲစွမ်းသတ္တိများမှာ ကြောက်ရွံ့မှုများအသွင်သို့ ပြောင်းလဲသွားတော့သည်။ သူ၏မျက်နှာမှာ ဖြူဆုတ်နေပြီး ဒိုင်းကာအပြင်ဘက်ရှိ အံတကြိတ်ကြိတ်ဖြစ်နေသော လူ့ဘီလူးကြီးများကို မြန်ဆန်နေသည့် အသက်ရှူသံများအကြားတွင် လှည့်ကြည့်လိုက်တော့သည်။

” ကိုယ်တော်ပိုင်၊ မင်းတို့ဆီပြန်လာပြီး သင်ခန်းစာ တစ်ခု၊နှစ်ခုလောက် ပေးမှာကို စောင့်နေကြစမ်းကွာ ”

ဒိုင်းကာထဲတွင် ပိုင်လင်းနှင့် အခြားထိပ်သီးအဆင့် ကျင့်ကြံသူများမှာ အောက်လမ်းဆရာဝိညာဥ်များနှင့် တိုက်ခိုက်နေရဆဲပင်။ အောက်လမ်းဆရာများ၏ မျက်နှာများမှာ အမူအရာပျက်နေကြပြီး အများအပြားမှာ ဒဏ်ရာအပြင်းအထန် ရနေကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်း ဒိုင်းကာထဲသို့ ပြန်ရောက်လာလာချင်းတွင် အောက်လမ်းဆရာ ဝိညာဥ်များမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး သူ၏ဘက်သို့ ပြေးသွားကြတော့သည်။

သို့သော် ပိုင်လင်းနှင့် အခြားထိပ်သီးအဆင့် ကျင့်ကြံသူများမှာ မည်သည့်နည်းနှင့် ထိုသို့အဖြစ်ခံပါမည်နည်း။ စစ်ဦးစီးမှူး အားလုံးနှင့် စစ်တပ်ငါးတပ်မှ အခြားယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ရှေ့သို့ ခုန်ထွက်လာကြပြီး သူတို့ကို တိုက်ခိုက်လိုက်ကြတော့သည်။ အနည်းငယ်ကြာသောအခါ အောက်လမ်းဆရာဝိညာဥ်များမှာ လူစုကွဲသွားကြသည်။ ပိုင်ရှောင်ချန်းဆီသို့ ရောက်အောင်သွားရန် မဟုတ်ပဲ ဒိုင်းကာအပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာရန်ဖြစ်သည်။

သူတို့အားလုံးမှာ မတူညီသော အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးသွားကြသည်။ အချို့မှာ ပိုင်ရှောင်ချန်းနှင့် အလွန်နီးကပ်လွန်းနေကြသဖြင့် သူ့ထံသို့ ပုံမှန်အဆင့်တိုက်ကွက်များကို ထုတ်လွှတ်နိုင်ပါသော်လည်း သူ့ဘေးတွင်ဝန်းရံနေသည့် ကျင့်ကြံသူများမှာ များပြားလွန်းလှပြီး သူနှင့် မျိုးနွယ်စုခေါင်းဆောင်ကြီးတို့ တိုက်ခိုက်ခဲ့သည့်ပုံရိပ်များကို ပြန်လည်မြင်ယောင်လာသဖြင့် သူတို့မှာ ကြောက်လန့်ကာ ထွက်ခွာသွားကြတော့သည်။

ထိုစဥ်အတွင်း ပိုင်ရှောင်ချန်းမှာ တချိန်လုံး သတိကြီးကြီး ထားနေသည်။ အောက်လမ်းဆရာများ ပျောက်ကွယ်သွားသောအခါမှ သူက စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ သူ၏ဘေးနားတွင် ဝန်းရံနေသည့် စစ်မြေပြင်ထဲမှနေ၍ သူဦးဆောင်ကာ ပြန်ခေါ်ခဲ့သော ကျင့်ကြံသူများနှင့်အတူ မဟာတံတိုင်းဆီသို့ အပြေးလိုက်တော့သည်။

တံတိုင်းကြီးဆီသို့ ရောက်သောအခါ သူက စွမ်းအင်ကုန်ခမ်းသွားသည့် အလားပင်။ သူ့နှလုံးသားမှာ ရင်ခုန်နှုန်းမြန်နေပြီး တိုက်ပွဲအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကာ သူ ကံကောင်း၍သာ အသက်ရှင်လျက် ပြန်ရောက်လာနိုင်သည်ဖြစ်ကြောင်း တွေးတောနေတော့သည်။

အဆုံးတွင် ညနေခင်းအချိန်မှ ညသို့ရောက်သွားသောအခါ ချိန်ဟဲ့ထျန်နှင့် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် မိန်းမပျိုတို့မှာ တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြသည်။ တိုက်ပွဲ၏တစ်ရက်တာမှာ ပြီးဆုံးသွားပြီဖြစ်ပြီး စစ်မြေပြင်ပေါ်တွင် အလောင်းများသာ အပုံလိုက်ကျန်ရစ်ခဲ့တော့သည်။

မြေရိုင်းဒေသမှာ အသေအပျောက်အလွန်များပြားပြီး စစ်တပ်ငါးတပ်မှာလည်း ထိုနည်းတူပင်။ တစ်ညတာ အနားယူပြီးနောက် မိုးသောက်ချိန်ရောက်သောအခါ တိုက်ပွဲကြီးမှာ ယခင်ကနည်းတူ ရုန့်ရင်းကြမ်းတမ်းစွာ ဆက်လက် ဖြစ်ပွားနေဆဲပင်။

သုံးလတိတိ ကုန်ဆုံးသွားသည့်အတွင်း တိုက်ခိုက်မှုများမှာ ပို၍ ပြင်းထန်လာသည်။ တချိန်ထဲမှာပင် လူ့ဘီလူးကြီးများ၏ စစ်တပ်မှာ စစ်ကူများကို ဆက်တိုက်ရှိနေပြီး စစ်တပ်ငါးတပ်မှာလည်း ထိုနည်းတူပင်။ ကမ္ဘာမြို့ မှ ကျင့်ကြံသူများကို ဆက်တိုက် စေလွှတ်ကာ မဟာတံတိုင်း၏ တပ်ဖွဲ့ကြီးကို အားဖြည့်နေပြီး စွမ်းအားစုစုပေါင်း ပမာဏကို လျော့ကျမသွားစေရန် ကြိုးပမ်းနေကြသည်။

ထိုသုံးလအတွင်းတွင် စစ်တပ်ထဲရှိ တစ်ယောက်ပြီးတစ်ယောက်မှာ သူတို့စုဆောင်းမိကြသည့် တိုက်ပွဲရမှတ်များကြောင့် နာမည်ကြီးလာကြသည်။ ထိုသူများထဲတွင် ပိုင်ရှောင်ချန်းမှာ အထင်ရှားဆုံးပင်။

ထိုသုံးလအတွင်း သူကရှေ့တန်းကို လုံးဝပြန်မသွားသော်လည်း ကနဦးတိုက်ပွဲထဲတွင် သူပြသခဲ့သည့် ရဲစွမ်းသတ္တိများနှင့် လက်ရုံးရည်များကြောင့် သူဘေးကင်းရာသို့ ကယ်တင်ပေးခဲ့သည့် ကျင့်ကြံသူ အယောက်တစ်သောင်းကျော်မှာ သူ့ကို ချစ်ကြောက်ရိုသေ လေးစားမှုများအပြည့်ဖြင့်သာ ကြည့်နေကြတော့သည်။

ထို့အပြင် သူ၏တိုက်ပွဲ စွမ်းေဆာင်မှုရမှတ်များမှာလည်း ဆက်လက်မြင့်တက်နေပြီး စစ်တပ်ငါးတပ်ထဲမှ မည်သူကမှ ထိုပမာဏကို အတိအကျ မသိနိုင်ပေ။

ထိုအချိန်တွင် အလားတူဖြစ်ရပ်မျိုးမှာ မြေရိုင်းဒေသတပ်ဖွဲ့များထဲတွင် ဖြစ်ပွားနေသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများကြောင့် စွမ်းအားကြီး ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် နာမည်ကြီးလာကြသည်။ ထိုထဲမှ အများစုမှ အောက်လမ်းဆရာများ ဖြစ်ကြသည်။

လွန်ခဲ့သော တစ်လက တိုက်ပွဲများ အေးစက်သွားချိန်တွင် အောက်လမ်းဆရာများမှာ ဝိညာဥ်များကို လက်နက်များအဖြစ် သုံးနေသည့် ဗျူဟာကို ပယ်ပြီး သူတို့ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်ထဲတွင် ဝင်ရောက်တိုက်ခိုက်နေကြသည်။ ထိုသို့တိုက်ခိုက်သောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြရသည်။

အကြောင်းအရင်းမှာ သူတို့အသုံးပြုသည့် မှော်ပစ္စည်းများမှာ အဖိုးတန်ရတနာများဟု မခေါ်ဆိုနိုင်သော်လည်း စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း အင်းကွက် အမှတ်အသားများကို အနည်းဆုံး ခုနစ်ခုအထိ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။

အချို့ဆိုလျှင် စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း ဆယ်ကြိမ်တိတိ ပြုလုပ်ခံထားရသည့် ပစ္စည်းများပင်ရှိသည်။

အံ့သြဖွယ်အကောင်းဆုံးအချက်သည်ကား နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသည့် အောက်လမ်းဆရာသုံးယောက် ဖြစ်သည်။ သူတို့၏ မှော်ပစ္စည်းများမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး အခြားသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နေနိုင်သည်သာမက ပိုင်လင်းကဲ့သို့သော နတ်အဆင့်သို့ ရောက်လုနီးနီးဖြစ်နေသည့် ကျင့်ကြံသူ များကိုပါ စိန်ခေါ်နိုင်စွမ်း ရှိလာကြသည်။

ထို အောက်လမ်းဆရာသုံးယောက်မှာ ငွေရောင်အင်းကွက် အမှတ်အသား ဆယ့်သုံးခုပါရှိသော မှော်ပစ္စည်းများကို အသုံးပြုနေကြသည်။ ထိုအရာများမှာ ဆယ့်သုံးကြိမ်တိတိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ခံထားရသည့် ပစ္စည်းများဖြစ်ကြသည်။

စစ်တပ်ထဲရှိ ကျင့်ကြံသူများစွာမှာ ဤအချင်းအရာကြောင့် အံ့အားသင့်သွားရသည်။ ပိုင်ရှောင်ချန်းမှာ ပို၍ပင် ဆိုးနေတော့သည်။ သူသည် မယုံကြည်နိုင်လွန်းသဖြင့် သူကိုယ်တိုင် သွားကာ မျက်စိနှင့် တပ်အပ်သွားကြည့်ရသည် အထိပင်။

” ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာတုံး။ “

Comment

Leave a Reply

Options

not work with dark mode
Reset