Switch Mode

အခန်း ( ၅၀၁ )

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူကို အနိုင်ယူရန် ကြိုးစားခြင်း

ပိုင်ရှောင်ချန်းမှာ သွပ်သွပ်ခါရူးနေချေပြီ။ ဒဏ်ရာပေါင်းများစွာ ရထားပြီး သူ၏ မျက်လုံးများမှာ လုံးဝရဲရဲနီနေတော့သည်။ သူ၏အနောက်ဘက် မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး သူ့ရှေ့ရှိ ဝိညာဥ်ကျင့်ကြံသူများမှာ လုံးဝတုန်လှုပ်နေလေပြီ။

သူတို့အတွက် ပိုင်ရှောင်ချန်းမှာ အသက်ရှင်လိုသော စိတ်ဖြင့် သွေးရူးသွေးတမ်း ရုန်းကန်နေသည့် စိတ္တဇဝေဒနာရှင်အလားပင်။ ဝိညာဥ်ကျင့်ကြံသူများစွာကို သတ်ထားသည့်တိုင် သိသာစွာပင် သူလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရထားလေသည်။

သို့သော် ထိုဒဏ်ရာများကို ဂရုစိုက်ပုံပင်မရပဲ သူက ရှေ့သို့ ပြေးတက်လာ၏။
” သေစမ်း”

ရုတ်တရက် ဝိညာဥ်ကျင့်ကြံသူ အဘိုးအိုတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာကာ မည်းမှောင်ပြီး ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သော လက်ကို ဆန့်ထုတ်လိုက်သည်။ သူက အရိုးဖြူဖြူတစ်ခုထက် မပိုသော လက်ကြီးကိုဆန့်ကာ ပိုင်ရှောင်ချန်း၏နှလုံးကို ဆွဲထုတ်ရန် ရင်ဘတ်ကို ဖမ်းဆွဲလိုက်လေသည်။

တချိန်တည်းမှာပင် ထိုနေရာရှိ နောက်ထပ်ဝိညာဥ်ကျင့်ကြံသူရှစ်ယောက်က သူတို့ကိုယ်သူတို့ ဆွဲထုတ်လိုက်ရာ သူတို့၏ မျက်စိ၊ နား၊ နှာခေါင်း နှင့် ပါးစပ်တို့မှ သွေးများစီးကျလာတော့သည်။ ဝိညာဥ်စွမ်းအားက တိုက်ကွက်ပုံစံ တဟုန်ထိုးဝင်လာပြီး ပိုင်ရှောင်ချန်း၏ အေးစိမ့်ချီများကို ဖျက်ဆီးလိုက်သည်။ အကယ်၍ သူတို့သာ သူ၏အဟုန်ကို လျှော့ချနိုင်လျှင် သူတို့၏ စုပေါင်းစွမ်းအားသည် သူ၏ခန္ဓာကိုယ်နှင့်ဝိညာဥ်ကို ဖျက်စီးရန် လုံလောက်နိုင်လေသည်။

ထိုအန္တရာယ်ကြီးကို ရင်ဆိုင်ရသည်တွင် ပိုင်ရှောင်ချန်းက သွေးအေးစွာ ရယ်သွမ်းသွေးလိုက်ပြီး အဘိုးအို၏ အမည်းရောင်အရိုးလက်ကြီးကို သူ့ရင်ဘတ်အား အထိခံလိုက်သည်။ အဘိုးအို၏ မျက်လုံးများမှာ ဝမ်းသာမှုဖြင့် ဝင်းလက်သွားပြီး ဆွဲဆုတ်လိုက်မည့်ဆဲဆဲမှာပင် သူ၏လက်က သံတုံးကြီးထံ ပြေးဝင်သွားသည့်အလား ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားလေသည်။ ရင်တဒိန်းဒိန်းခုန်ရင်း အဘိုးအိုက နောက်ဆုတ်လိုက်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ရှေ့သို့ ဝုန်းခနဲတက်လာပြီး အဘိုးအိုကို မျက်နှာချင်းဆိုင် ခေါင်းတိုက်ချပစ်လိုက်သည်။ အဘိုးအို၏ ခေါင်းမှာ ကြွေမွသွားကာ သူက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း အေးစိမ့်ချီများသည် သူ၏ ဝိညာဥ်ကျင့်ကြံခြင်းအခြေခံကိုပင် ဖိနှိပ်လိုက်ပြီး တခဏကြာသော် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ သေဆုံးသွားတော့သည်။

အဘိုးအိုကိုသတ်ပြီးနောက် ပိုင်ရှောင်ချန်းက လှည့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ကာ လေမုန်တိုင်းတစ်ခုကို ဆင့်ခေါ်လိုက်ရာ အခြားဝိညာဥ်ကျင့်ကြံသူရှစ်ယောက်ကို သိမ်းကျုံးတိုက်ခတ်သွားတော့သည်။

သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားသည့်တိုင် ရန်သူရှစ်ယောက်ထံ လျှပ်စီးတန်းအလား တရှိန်ထိုး ပြေးသွားကာ သူတို့၏ ရင်ဘတ်များကို ရက်ရက်စက်စက် လက်သီးချက်များဖြင့် ထိုးချလိုက်လေရာ ကြိုးပြတ်သွားသည့် စွန်များအလား နောက်သို့ လွင့်ထွက်သွားတော့သည်။

ထိုဖြစ်ရပ်များအားလုံးကို ဖော်ပြရန် ကြာနေသော်လည်း တကယ်တမ်းတွင် အသက်ရှူချိန်ဆယ်ကြိမ်သာ ကြာလိုက်လေသည်။ ထိုအတောအတွင်း သူက လူ့ဘီလူးကြီးများနှင့် အနည်းဆုံး ဝိညာဥ်ကျင့်ကြံသူတစ်ရာ သတ်ဖြတ်ထားလေသည်။ သူ့ကျောနောက်ရှိ မြေပြင်မှာ သွေးများ ရွှဲနစ်နေတော့သည်။

အေးစိမ့်ချီများ ပျောက်ကွယ်သွားစဥ်တွင် သူကဘေးသို့ ယိမ်းယိုင်သွားလေရာ စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများက သူ့ကို လှမ်းထိန်းပေးလိုက်ကြလေသည်။ ထိုကျင့်ကြံသူများ၏မျက်လုံးများမှာ ရဲရဲနီနေ၏။ ပိုင်ရှောင်ချန်း၏ ရဲရင့်သော ရက်စက်ကြမ်းကြုတ်ခြင်းများကို မျက်စိဖြင့်တပ်အပ်မြင်လိုက်ရပြီးနောက် ပို၍စိတ်အားထက်သန်သွားကာ သူ့ကို အကာအကွယ်ပေးလိုက်ရင်း ရှေ့သို့ ထပ်မံ ချီတက်လိုက်ကြသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အသက်ရှူရပင် ခက်နေလေသည်။ သို့သော်လည်း အခြားကျင့်ကြံသူများ၏ အကူအညီဖြင့် အံတင်းတင်းကြိတ်ပြီး နတ်ဆေးလုံးကို ပါးစပ်ပစ်ထည့်နိုင်လိုက်သည်။ ထို့နောက် စိတ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် ဝိညာဥ်အရက်ပုလင်းအနည်းငယ်ကို ဆွဲထုတ်လိုက်လေသည်။

လွန်ခဲ့သော အချိန်အနည်းငယ်က ဤဒဏ်ရာ ဒဏ်ချက်များကို တောင်ခံနိုင်စိတ်ရှိသော အဓိက အကြောင်းပြချက်မှာ သူ့၌ ပြန်လည်ကုသနိုင်သည့် နတ်ဆေးလုံး ရှိနေသောကြောင့်ပင်။ အံ့ဖွယ်ဆေးလုံး သူ့ပါးစပ်ထဲဝင်သွားလျှင်ချင်း အပူလှိုင်းများ သူ့ကိုဖြတ်၍ စီးဆင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ဒဏ်ရာဒဏ်ချက်များအားလုံး သက်သာပျောက်ကင်းသွားလေပြီ။

ထိုအချိန်တွင် ကျင့်ကြံသူများက မီတာ ၁၅၀၀သာ ကွာဝေးတော့သည့် အကာအကွယ်ဒိုင်းထဲ ဆက်လက်ပြေးနေကြသည်။ လမ်းတစ်လျှောက်တွင် အနီးနားရှိ ကျင့်ကြံသူများက ဖြစ်ပျက်နေသည်တို့အား သတိထားမိသွားကြပြီး တချိန်လုံး သူတို့နှင့်ပေါင်းရန် အပြေးအလွှားလာကြလေရာ သူတို့အရေအတွက်မှာ တစ်သောင်းကျော်သွားတော့သည်။

အမှန်တွင် သူတို့သာလျှင် အတူတကွ ပေါင်းစည်းနိုင်သည့် အကြီးဆုံးတပ်ဖွဲ့ မဟုတ်ပေ။ ထိုသို့သော အဖွဲ့များ ခုနစ်ဖွဲ့၊ ရှစ်ဖွဲ့ရှိပြီး အားလုံးသည် အကာအကွယ်ထဲသို့ ရောက်ရန် ကြိုးစားနေကြ၏။ ထိုမျှသာမက သူတို့အားလုံးက အစွမ်းထက်သော လူတစ်ယောက်စီကို ဝန်းရံထားကြလေသည်။

အမှန်မှာ ပိုင်ရှောင်ချန်းက ထိုသို့သော ခေါင်းဆောင်တစ်ယောက်သာဖြစ်သည်။

သို့သော် သူသည် တပ်သားများဝန်းရံထားသည့် အခြားသော အမြုတေအဆင့်လူများနှင့် အတန်ငယ်ကွာခြား၏။ ထိုလူများက အချိန်အတော်ကြာကတည်းက စွမ်းအားများနှင့် သြဇာအာဏာများ ရှိနေခဲ့ပြီးဖြစ်သည်။ တိုတိုပြောရလျှင် ပိုင်ရှောင်ချန်းသည် အလွန်တိုတောင်းသော အချိန်အတွင်း သူ၏ လမ်းကြောင်းကို သတ်ဖြတ်ရှင်းလင်း၍ အောင်မြင်မှုဆီသို့ လာခဲ့လေသည်။

သူက သေခြင်းတရားကို ကြောက်ရွံ့ခြင်းအလျဥ်းမရှိပဲ ဝိညာဥ်ကျင့်ကြံသူရာပေါင်းများစွာနှင့် လူ့ဘီလူးတို့အား တန်ပြန်တိုက်ခိုက်လိုစိတ်ရှိလေသည်။ ထို့ကြောင့်ပင် သူက သူ့ပတ်လည်ရှိလူတိုင်းထံမှ သဘောကျမှုများ ရခဲ့လေသည်။

သူ၏ အဖွဲ့သည် ရန်သူတစ်ထပ်ပြီးတစ်ထပ် ထိုးဖောက်သွားပြီး အကာအကွယ်နှင် နီးသထက် နီးလာစဥ် ယင်ယန်ဝိညာဥ်အဆင့်မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က လျှို့ဝှက်ပညာရပ်ကို သုံး၍ ဧရာမမျက်လုံးကြီးက ထုတ်လွှတ်နေသော ဖျက်စီးခြင်းအလင်းတန်းများကို ကျော်ဖြတ်လာ၏။

ပထမတွင် မျိုးနွယ်စုခေါင်းဆောင်သည် မီတာ ၃၀သာမြင့်သော်လည်း နီးကပ်လာသည်နှင့် အလျင်အမြန်ပင် မီတာ ၃၀၀အမြင့်အထိ ကြီးထွားလာတော့သည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သူ၏ စွမ်းအင်များကို ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အမြင့်အထိ မြင့်တက်သွားစေပြီး အရပ်မျက်နှာတစ်ခွင်တွင် လေပြင်းတစ်ခု တိုက်ခတ်သွားစေလေသည်။

သူက ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ပြေးလာလေရာ ကျင့်ကြံသူများထံမှ သတိပေးသံများထွက်ပေါ်လာတော့သည်။

” သေပေတော့ မိစ္ဆာပိုင် ”
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ့အသံကြီးက မိုးခြိမ်းသံကဲ့သို့ ပဲ့တင့်ထပ်သွားလေသည်။ သူ၏အသံကြောင်ပင့် ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်ရှိ အကာအကွယ်ပေးရန် စုဝေးထားကြသော ကျင့်ကြံသူများမှာ တုန်ရီသွားပြီး သွေးများအန်သွားကြတော့သည်။

ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က သူ၏ တောင်ကဲ့သို့လက်ကြီးကို ရှေ့သို့ တွန်းထုတ်၍ လှမ်းဖမ်းလိုက်ကာ စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများ တန်ပြန်မတိုက်ခိုက်နိုင်သည့် ဖိအားကို ထုတ်လွှတ်လိုက်လေသည်။ ကြည့်ရသည်မှာ ဤခေါင်းဆောင်ကြီးအား မည်သူမျှ မရပ်တန့်နိုင်ဟန် တူသည်။

ကျင့်ကြံသူတစ်ယောက်တွဲပေးထားသည့် ပိုင်ရှောင်ချန်းမှာ ရပ်၍ မော့ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားတော့သည်။

” ယင်ယန်ဝိညာဥ်အဆင့် ”

သူ့မှာ တွေဝေတုံ့ဆိုင်းနေရန် အချိန်မရှိပေ။ မြေရိုင်းသားများ သူ့ကို လွယ်လွယ်ကူကူ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ဟု သူခန့်မှန်းထားပြီးဖြစ်သောကြောင့် သူ၏ဝှက်ဖဲများစွာကို ဖုံးကွယ်ထားခြင်းဖြစ်သည်။

ဤဖြစ်ရပ်မှာ တုန်လှုပ်စရာကောင်းသော်လည်း မထင်မှတ်ထားသည်တော့မဟုတ်ပေ။ အံတင်းတင်းကြိတ်၍ သူက လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်ဖော်လိုက်ရာ သူ့ပတ်လည်တွင် အေးစိမ့်ချီများ လည်ပတ်နေတော့သည်။ ထို့နောက် ထာဝရအသက်ရှည်နည်းသိုင်းပညာရပ် ထုတ်ဖော်ကာ မျိုးနွယ်စုခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့ရန် ရှေ့ပြေးသွားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ယောက်လုံး ထိပ်တိုက်တွေ့သွားပြီး လေထဲတွင် ဝုန်းခနဲ ပေါက်ကွဲသံကြီးတစ်ခု ပြည့်နှက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ယင်ယန်ဝိညာဥ်အဆင့်တစ်ခုတည်း၏ အင်အားနှင့်ဖိအားမှာ သူ့ကို ပျောက်ကွယ်သွားသည်အထိ ချေမှုန်းပစ်လိုက်သည့်အလား ခံစားလိုက်ရလေသည်။

သို့သော် မျိုးနွယ်စုခေါင်းဆောင်မှာလည်း မထိခိုက်ပဲမနေပေ။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး နောက်သို့ခြေလှမ်းများစွာ ယိမ်းယိုင်သွားကာ သူ့မျက်လုံးများမှာ မယုံကြည်နိုင်မှုများ ထင်ဟပ်နေတော့သည်။

” မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာတုံး။ မင်း ဒဏ်ရာမရဘူးလား ”
အံသြတုန်လှုပ်သွားသောကြောင့် မျိုးနွယ်စုခေါင်းဆောင်က အသက်တစ်ရှိုက်ရှုချိန်မှာပင် မေးခွန်းနှစ်ခု လွှတ်ခနဲ မေးလိုက်လေသည်။ သူပြောနိုင်သည့်အရာမှာ ဤမိစ္ဆာပိုင်သည် သူနှင့် တူညီသောအခြေခံရှိနေပြီး ၎င်းက လုံးဝဖြစ်နိုင်ချေမရှိပေ။

ပိုင်ရှောင်ချန်းက သူ့ပါးစပ်မှ စီးကျနေသည့် သွေးများကို သုတ်၍ ပြောလိုက်သည်။
” ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံဟုတ်လား။ ခင်ဗျားကို သတ်နိုင်တဲ့ အဆင့်ပဲ။ ”

ဧရာမမျက်လုံးကြီးမှ အလင်းတန်းများက အခြားသော မျိုးနွယ်စုခေါင်းဆောင်များကို ယာယီချောင်ပိတ်ထားနိုင်လိမ့်မည်ဟု တစ်ချက်ကြည့်ပြီး အတည်ပြုလိုက်လေသည်။ သို့သော် ဤမျိုးနွယ်စုခေါင်းဆောင်ကိုသာ အလျင်အမြန်ကိစ္စမတုံးနိုင်လျှင် သေခြင်းသည် လက်တစ်ကမ်းသာလိုတော့ပေမည်။

သူက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဘာကိုမှ ဂရုစိုက်မနေတော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူက လက်နှစ်ဖက်ဖြင့် အလျင်အမြန် မန္တန်လက်ကွက်ဖော်လိုက်ကာ မြေကြီးကို လက်သီးနှင့် ထိုးချလိုက်လေသည်။

“ရွှယ်ကျဲ”

ချက်ချင်းပင် လှိုင်းဂယက်များ လေထဲတွင် ထလာကာ မည်သည့်နေရာမှမသိ ရေခိုးရေငွေ့များ ထွက်လာပြီး နေရာတစ်လုံးသည် ဧရာမရေအိုင်ကြီးတစ်ခုအသွင် ပြောင်းသွားတော့သည်။

ထိုရေအိုင်ကြီးပေါ်လာချိန်တွင် မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပျက်သွားပြီး သူ့ကို လွှမ်းခြုံလာသည့် ဆန်းကြယ်သော သေစေနိုင်သည့် အန္တရာယ်အငွေ့အသက်ကြီးကြောင့် ရင်ခုန်သံမြန်လာတော့သည်။

” ဒီမိစ္ဆာပိုင်က သိပ်ထူးဆန်းတယ် ”
ခေါင်းဆောင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာတော့သည်။ ပိုင်ရှောင်ချန်းကို ဤပညာရပ် အဆုံးထိ ထုတ်ဖော်ခွင့်မပေးသင့်ကြောင်း ကောင်းကောင်းသိလိုက်လေရာ ရုတ်တရက် ရှေ့ပြေးတက်လာလေသည်။

” မင်းတော့သေပြီ”

” မဟုတ်ဘူး ” ပိုင်ရှောင်ချန်းက ပြန်အော်လိုက်သည်။
” ခင်ဗျား သေမှာ ”
ထို့နောက် သူလက်များကို ခေါင်းပေါ်မြှောက်လိုက်ရာ အရပ်မျက်နှာအနှံ့မှ စွမ်အားများပေါ်ထွက်လာပြီး ဆံပင်များနှင့် သွေးစွန်းနေသောအဝတ်အစားများမှာ တလွင့်လွင့်ဖြစ်နေတော့သည်။

” ကော်တု ”

ဝုနြးးးးးး

မြေပြင်မှာ တသိမ့်သိမ့်တုန်သွားပြီး
ဧရာမ အရိုးချွန်ကြီးတစ်ခုက မြေကြီးကို ခွဲထွက်လာပြီးနောက် နှစ်ခုမြောက်၊ ထို့နောက် သုံးခုမြောက်။ တစ်ခုပြီးတစ်ခု တောင်ကြီးများအလား မြင့်တက်လာရာ စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ မျက်လုံးပြူးကြီးများဖြင့် တအံ့တသြ ကြည့်နေမိတော့သည်။

မျိုးနွယ်စုခေါင်းဆောင်မှာ ရှေ့သို့ ပြေးလာနေဆဲဖြစ်ပြီး အချွန်တစ်ခုက သူ့ကို ထုတ်ချင်းဖောက်ပစ်လိုက်လေသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာတွင် လုံးဝမယုံကြည်နိုင်သော အကြည့်တစ်ခုပေါ်လာတော့သည်။

သူ့ခန္ဓာကိုယ်ထဲသို့ အေးစိမ့်ချီများစီးဝင်လာစဥ် အချွန်ကြီးနှင့် သူ့ပတ်ပတ်လည်ရှိ ရေအိုင်ကြီးအား ငုံ့ကြည့်လိုက်သည်။ သူပြောနိုင်သည်ကတော့ ထိုရေခိုးရေငွေ့များအတွင်းထဲတွင် ပို၍ ချောက်ချားတုန်လှုပ်ဖွယ်ကောင်းသော ဧရာမသားရဲကြီးပုန်းကွယ်နေသည်ဟုသာ။

သို့တိုင်အောင် ဤမျှနှင့်မပြီးသေး။ ပိုင်ရှောင်ချန်းက မျိုးနွယ်စုခေါင်းဆောင်၏ အပေါ်ကို ခုန်တက်လိုက်ကာ လက်များကို ခပ်ကျယ်ကျယ် ဖြန့်၍ ဟိန်းဟောက်လိုက်သည်။
” အသက်ဝင်တောင် ဂါထာ ”

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ပတ်လည်ရှိ ကျောက်တုံးကျောက်ခဲများက သူ ဧရာမကျောက်လူကြီးတစ်ကောင်ပုံပေါ်သည်အထိ ဖြစ်တည်လာတော့သည်။

သက်ရှိတောင်တစ်လုံး၏ စွမ်းအားဖြင့် သူက မျိုးနွယ်စုခေါင်းဆောင်အပေါ် ဖိချလိုက်ပြီး အကြင်နာကင်းမဲ့စွာ ရက်ရက်စက်စက် နင်းခြေပစ်လိုက်တော့သည်။

” အစ်ကိုကြီးဇောင်က ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်ကို သတ်နိုင်ရင် ကျုပ် ပိုင်ရှောင်ချန်းကလဲ သတ်နိုင်တယ် “

Comment

  1. Thet Paing Soe Oo says:

    It’s bery interesting.

Leave a Reply

Options

not work with dark mode
Reset