Switch Mode

အခန်း ( ၄၉၉ )

ပြင်းထန်သော စစ်ပွဲက စစ်မြေပြင်ကို တုန်လှုပ်သွားစေခဲ့

သူ့ပတ်ဝန်းကျင်တွင် ကျင့်ကြံသူများအားလုံး စုဝေးလာကြပြီး ရုတ်တရက် သူရဲဘောကြောင်သော လူ့ဘီလူးများက သူတို့အား မတားကြသည်ကို ပိုင်ရှောင်ချန်းတွေ့ရသောအခါ သူ့နှလုံးမှာ စိုးရိမ်သောကများဖြင့် တုန်ယင်သွား၏။

အကြောင်းတစ်ခုခုကြောင့် လက်ရှိအခြေအနေသည် အခွင့်အရေးကောင်းတစ်ရပ်အလားပင်…

” အဖွဲ့တောင့်လေ အင်အားကောင်းလေပဲ…”
သူက တွေးလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ယခင်အတိုင်း အေးစက်နေပြီး သူ၏စွမ်းအားများက ဆက်လက်ထွက်ပေါ်နေကာ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အသံဩကြီးဖြင့် အော်ဟစ်လိုက်သည်။

” သွားကြမယ်။ ကျုပ် မင်းတို့ကို မဟာတံတိုင်းဆီ ခေါ်သွားပေးမယ်”

သူ၏စကားလုံးများက ဝန်းရံနေသော ကျင့်ကြံသူများ၏ နားထဲဝင်သွားသည်နှင့် သူတို့မှာ တဆတ်ဆတ်တုန်သွားတော့သည်။

လူ့ဘီလူးများ အဝိုင်းခံရ၍ မလွဲမသွေ သေသွားနိုင်သည့် အလားအလာနှင့် ရင်ဆိုင်နေရကာ အားကိုးရာမဲ့ဖြစ်နေသည့်အခိုက်အတန့်တွင် မည်သည့်အရာထက်မဆို သူတို့ ဆုတောင်းနေသည့်အရာမှာ မဟာတံတိုင်းကြီးထံ ပြန်ရောက်နိုင်ရန် ဖြစ်သည်။ အမှန်တွင် ထိုကိစ္စမျိုးကို သူတို့ဘာသာ ဆောင်ရွက်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း သူတို့အားလုံးသိလေသည်။

တိုက်ပွဲထဲတွင် သူတို့၏ သွေးသောက်ရဲဖော်များစွာ ကျဆုံးသွားခဲ့သည်မဟုတ်ပါလော။ ထိုသို့သော အခြေအနေတွင် မဟာတံတိုင်းထံပြန်သွားရန် ဦးဆောင်ပေးနိုင်သည့်တစ်စုံတစ်ယောက်၊ လူ့ဘီလူးကြီးများကြောက်လန့်ပြီး သူ၏ စကားလုံးများအတိုင်းလိုက်ပါစေနိုင်သော လူတစ်ယောက်ကြောင့်….. သူတို့ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်သော ခံစားချက်တစ်ခုပေါက်ဖွားလာတော့သည်။ သူတို့စိတ်ထဲ၌ ဖြစ်တည်လာသော ကျေးဇူးတင်ခြင်းများသည် မဖော်ပြနိုင်သောအတိုင်းအတာအထိ ပြင်းထန်လာလေသည်။

( နောက်ဘယ်ကောင်သေချင်သေးလဲ )
အစောပိုင်းက ပိုင်ရှောင်ချန်းပြောလိုက်သော စကားလုံးများသည် သူတို့၏နှလုံးသားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်ပြီး ယခုတွင် စိုးရိမ်သောကများဖြင့် မဟုတ်ပဲ မျှော်လင့်ချက်များဖြင့် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူတို့က တုံ့ဆိုင်းမနေပဲ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ၊ ရှင်သန်လိုစိတ်များဖြင့် တဖျတ်ဖျတ်လက်နေလျက် ပိုင်ရှောင်ချန်းပတ်ပတ်လည်တွင် အစီအရင်တစ်ခုပုံ နေရာယူလိုက်ကြသည်။

” သွားကြစို့ ” ပိုင်ရှောင်ချန်းက ပြောလိုက်သည်။
” ငါတို့လမ်းကိုပိတ်တဲ့ ကောင်မှန်သမျှ သတ်ကြမယ်။ ငါတို့ တက်ညီလက်ညီကြွေးကြော်ရအောင်။ ဒါမှ ကျင့်ကြံသူတွေက အပြန်လမ်းမှာ ငါတို့နဲ့အတူ ပူးပေါင်းလာနိုင်မှာ။ ငါတို့ ပြန်မရောက်နိုင်ရင်တောင်မှ ဒီကမ္ဘာကလူတွေ သူတို့ဘဝရဲ့နောက်ဆုံးအချိန်အထိ ငါတို့ရဲ့ တိုက်ပွဲ ကြွေးကြော်သံတွေကို မှတ်မိနေအောင်လုပ်ရမယ် ”

ပိုင်ရှောင်ချန်း၏ အသံမှာ ကမ္ဘာလောကထဲရှိ နောက်ဆုံးသော မျှော်လင့်ချက်ပမာဖြစ်ပြီး ဝန်းရံနေသောကျင့်ကြံသူရာပေါင်းများစွာ၏ မျက်လုံးများ ရဲရဲနီလာတော့သည်။

ပိုင်ရှောင်ချန်းသည် ကျင့်ကြံသူများ လုံလောက်စွာ အားတက်လာသည်ကို ကျေနပ်သွားပြီးနောက် သူ၏လက်မောင်းကို ဝှေ့ယမ်းကာ အံတင်းတင်းကြိတ်၍ အဖွဲ့၏ စွမ်းအားကို ထိန်းချုပ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည့် အစီအရင်ပုံစံကို ဦးဆောင်ရန် ရှေ့တိုးလိုက်သည်။ ထို့နောက် သူနှင့် အခြားသော ကျင့်ကြံသူများက သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေချိန် သူက အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်ပြီး အဝေးရှိ မန္တန်အစီအရင်အကာအကွယ်ထံသို့ တဟုန်ထိုး ပြေးသွားတော့သည်။

” တက် ”

ကျန်သော ကျင့်ကြံသူများသည်လည်း သံပြိုင် အော်ဟစ်လာတော့သည်။

” တက် ”

” တက် ”

ကျင့်ကြံသူရာပေါင်းများစွာ ပိုင်ရှောင်ချန်း၏ပတ်လည်တွင် ဝန်းရံထားကြပြီး သူတို့၏ စွမ်းအားများကို အစီအရင်ထဲ ထည့်ကာ သေစေနိုင်သော လှံကြီးတစ်ခုအလား စစ်မြေပြင်ကို ဖြတ်၍ ထိုးခွင်းလာတော့သည်။

သူတို့ချီတက်နေသည့် တစ်လျှောက်တွင် လူ့ဘီလူးများမှာ နောက်သာဆုတ်မပေးလျှင် သေလိမ့်မည်ဟု ယုံကြည်ကြသဖြင့် ချက်ချင်းနောက်ဆုတ်သွားကြလေသည်။ ထိုခံစားချက်မှာ အထူးသဖြင့် အစွမ်းများကို ထုတ်ဖော်ပြသထားသည့် ရက်စက်ကြမ်းကြုတ်သော ပိုင်ရှောင်ချန်းကြောင့် ဖြစ်လေသည်။

သူတို့သာ တစ်သုတ်ပြီးတစ်သုတ် သူ့ကို ဝင်တိုက်ကြပါက…. အရေအတွက်အားဖြင့် သူ့ကို နောက်ဆုံးတွင် အသာစီးရနိုင်မည်ဖြစ်ကြောင်း သိလေသည်။

သို့တိုင်အောင်….. တစ်ယောက်တစ်လေမှ သူ့လမ်းကို မပိတ်ပေ။ မှော်ပစ္စည်းတစ်ခုသော်မှ မထုတ်ပဲ အပြင်အားကိုသာ အားပြုနေသော ပိုင်ရှောင်ချန်းက ဦးဆောင်၍ ကျင့်ကြံသူရာပေါင်းများစွာမှာ စစ်မြေပြင်ကို ဖြတ်၍ တဟုန်ထိုး ချီတက်နေကြသည်။

အမှန်မှာ ထိုအတွက် အကြောင်းပြချက်တစ်ခုရှိလေသည်။ သူ့အမြင်အရ သူ့ကို သတ်ချင်နေသည့် လူပေါင်းများစွာ သေချာပေါက်ရှိလေရာ သူ၏ သီးသန့်စိတ်စွမ်းအားကို ဝှက်ဖဲအဖြစ် ထားရန်လိုအပ်လေသည်။ ကံကောင်းထောက်မစွာ သူ၏ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်တွင် အံ့မခန်းသိုလှောင်စွမ်းအားရှိသောကြောင့် ဤနည်းဖြင့် ကျင့်ကြံသူများကို ခုခံခြင်း တစ်စုံတစ်ရာမရှိစေပဲ ရှေ့သို့ ဦးဆောင်သွားနိုင်ခြင်းဖြစ်သည်။

သူတို့က လမ်းကြောင်းပေါ်ရှိ အရာမှန်သမျှအား တူနှင့် ရေခဲတုံးထုချလိုက်သည့်အလား ချေမှုန်းသွားလေသည်။ သူဦးဆောင်နေသော ကျင့်ကြံသူများအတွက်မူ နောက်ဆုံးမျှော်လင့်ချက်လေးကိုသာ မလွှတ်တမ်းဆုပ်ကိုင်ထားကြပြီး ထိုမျှော်လင့်ချက်ကို ဘယ်သူမှ ယူမသွားနိုင်စေရန် အရာအားလုံးပုံအပ်ထားကြလေသည်။

သူတို့ရှေ့သို့ ချီတက်နေကြစဥ် အသံများမှာ လူတိုင်းကြားနိုင်သည်အထိ ကျယ်လောင်နေ၏။

” နောက်ထပ် ဘယ်ကောင်သေချင်သေးလဲ”

” စစ်တပ်ငါးဖွဲ့က တာအိုရောင်ရင်းအပေါင်းတို့၊ ကျုပ်တို့နဲ့ အတူတူ အိမ်ပြန်ကြရအောင် ”
စစ်မြေပြင်ပေါ်ရှိ သေစေနိုင်သော တိုက်ပွဲအတွင်း ပိတ်မိနေသည့် ကျင့်ကြံသူများစွာမှာ အစွမ်းကုန်ထုတ်၍ အဖွဲ့ထဲဝင်ရောက်လာကြရာ ပိုမို ကြီးမားလာတော့သည်။ မကြာမီ အရေအတွက်သည် ရာဂဏန်းမဟုတ်တော့ပဲ သောင်းဂဏန်းဖြစ်သွားလေပြီ။

အကျိုးဆက်ကြောင့် သူတို့၏ အရှိန်အဟုန်များလည်း မြင့်တက်လာပြီး ခုခံရန် ပို၍ပင် ခက်ခဲလာတော့သည်။

သူတို့သည် ယခုတွင် မဟာတံတိုင်းပေါ်တွင် ရပ်တည်နေနိုင်ခဲ့သော ကျင့်ကြံသူများက သူတို့ကို မြင်နိုင်လောက်သည်အထိ စစ်မြေပြင်ပေါ်၌ အဓိကအာရုံစိုက်ရာဖြစ်နေလေသည်။ ချိန်ဟဲ့ထျန်ပင်လျှင် သူတို့ကို ရိပ်ခနဲမြင်လိုက်ရပြီး ချက်ချင်းပင် စိတ်နှလုံးတုန်လှုပ်သွားတော့သည်။

” မျက်လုံးရဲ့ အားအကုန်ထုတ်”
သူက အော်ပြောလိုက်သည်။
” မန္တန်အစီအရင်အကာအကွယ်၊ ပိုင်ရှောင်ချန်းကို ဆွဲခေါ်ဖို့ အာရုံစိုက်ထား ”
သူ၏စကားများကို တုံပြန်သည့်အနေနှင့် ဧရာမမျက်လုံးကြီးမှ မရေမတွက်နိုင်သောအလင်းတန်းများး ပစ်လွှတ်လိုက်ရာ လေကိုခွင်း၍ ပိုင်ရှောင်ချန်းအတွက် လမ်းရှင်းပေးလိုက်လေသည်။

မန္တန်အစီအရင်ဒိုင်းအကာကွယ်မှာမူ တုန်ခါသွားပြီး အနည်းငယ်ချဲ့လာကာ စစ်မြေပြင်ကို ဖြတ်၍ သူဦးဆောင်နေသော အဖွဲ့ထံ ပြန့်ကားလာလေသည်။

ဤအချိန်တွင် ပို၍များပြားသော မျိုးနွယ်စုခေါင်းဆောင်များသည် ဖြစ်ပျက်နေသည်များကို အာရုံစိုက်လာကြတော့သည်။

နောက်ဆုံးတွင် ချိန်ဟဲ့ထျန်ကို တိုက်ခိုက်နေသည့် အနီရောင် ဝတ်ရုံနှင့် မိန်းမပျိုက ရုတ်တရက် အော်လိုက်လေသည်။
” သူ့ကို သတ်”

ချိန်ဟဲ့ထျန်မှာ ဒေါသများဖြင့် ဟိန်းဟောက်လိုက်ကာ အားအပြည့်နှင့် တိုက်ခိုက်သော်လည်း ပိုင်ရှောင်ချန်းရှိရာဘက်သို့ အောက်လမ်းဆရာများကို စောင့်ကြပ်နေသည့် ဝိညာဥ်ကျင့်ကြံသူထောင်ပေါင်းများစွာက ရုတ်တရက် ခေါင်းလှည့်လိုက်ကြသည်ကို ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

ဝိညာဥ်ကျင့်ကြံသူများစွာ ထရပ်လိုက်ကြပြီး အလင်းတန်းများဖြစ်သွားကာ ပိုင်ရှောင်ချန်း ဦးဆောင်နေသော ကျင့်ကြံသူများထံ တဟုန်ထိုးလိုက်လာကြလေသည်။ သူတို့သည် ခန့်ညားသောအမျိုးသားများနှင့် ချောမောသော အမျိုးသမီးများစသည့် အရွယ်အမျိုးမျိုးရှိပြီး လက်ဖျားခါလောက်သည့် အမြန်နှုန်းဖြင့် ရွေ့လျားလာကြသည်။ သူတို့၏မျက်လုံးများထဲတွင် ထူးခြားဆန်းကြယ်သော စူးရှတောက်ပသည့် အလင်းများ လက်နေပြီး သူတို့မှာ စွမ်းအားကြီးသော ဝိညာဥ်မှော်သိုင်းပညာရပ်ကြောင်း သိသာထင်ရှားနေသည်။

ပိုင်ရှောင်ချန်းသည် စောစောက ချိန်ဟဲ့ထျန်၏ စကားများကို ကြားလိုက်ရပြီး ဧရာမမျက်လုံးကြီးမှ ပစ်ခတ်နေသည့် အလင်းတန်းများနှင့် သူထံရောက်ရန်လာနေသည့် မန္တန်အစီအရင်ကြီးကို မြင်လိုက်ရလေသည်။ သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာစဥ်မှာပင် အနီရောင်ဝတ်ရုံမိန်းမပျိုက အမိန့်များပေးလိုက်ရာ သူရှိရာသို့ ဝိညာဥ်ကျင့်ကြံသူပေါင်းများစွာ လာနေသောကြောင့် လေထဲတွင် တဝှီဝှီအသံများ ပြည့်နှက်သွားလေသည်။

” လုံးဝ အနိုင်ကျင့်လိုက်ကြတဲ့ကောင်တွေ ”
သူက စိုးရိမ်စိတ်များမြင့်တက်လာရင်း တွေးလိုက်သည်။ လွတ်မြောက်ရန်အခွင့်အရေးက သူ့ရှေ့တည့်တည့် ရောက်လုဆဲမှာပင် ထိုလူများက သူ့လမ်းကို ပိတ်ရန် အပြေးအလွှားလာနေကြလေရာ သူ၏ ဒေါသများ တောက်လောင်လာတော့သည်။

“ညီအစ်ကိုတို့၊ အဲဒီဝိညာဥ်ကျင့်ကြံသူတွေကို သုတ်သင်ပစ်။ သူတို့ကို ငါတို့လမ်းက ဖယ်နိုင်ရင် မဟာတံတိုင်းကို ပြန်ရောက်နိုင်တယ် ”
ဝန်းရံထားသော ကျင့်ကြံသူများသည် ပိုင်ရှောင်ချန်း ဘာကို ဆိုလိုသည်ကို သေသေချာချာမြင်ရပြီး အားလုံးက တိုက်ပွဲ ကြွေးကြော်သံများ သံပြိုင် အော်ဟစ်လိုက်ကြသည်။

ကံဆိုးစွာပင် ဝိညာဥ်ကျင့်ကြံသူများက တစ်ယောက်တည်းမလာကြပေ။ သူတို့က လျှို့ဝှက် နည်းလမ်းများကို အသုံးပြု၍ နောက်ဆုတ်နေသော လူ့ဘီလူးကြီးများ၏ မျက်လုံးများကို တွေးခေါ်နိုင်စွမ်း ရုတ်တရက်ပျောက်ဆုံးသွားစေသည့်အလား အသိစိတ်မဲ့သွားစေရန် ဖိအားပေးလိုက်ကြလေသည်။ ထို့နောက် လူ့ဘီလူးကြီးများက ဟိန်းဟောက်လိုက်ကြပြီး အတူတကွ ချီတက်လာကြသည်။ အမျိုးမျိုးသော တိုက်ပွဲဝင် သားရဲများလည်း ထိုနည်းတူပင်။

ကံကောင်းထောက်မစွာ လူ့ဘီလူးအနည်းငယ်သာဖြစ်ပြီး အားလုံးကို သက်ရောက်မှုမရှိပေ။ သို့သော်လည်း ပူးပေါင်းတိုက်ခိုက်ကြမည့် အဖွဲ့သည် ပိုင်ရှောင်ချန်းဦးဆောင်နေသော ကျင့်ကြံသူများအဖွဲ့နှင့် ယှဥ်လျှင် မသေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဥ်ကျင့်ကြံသူများက သူတို့အပေါ်ရောက်လာကြပြီး အချို့မှာ ပိုင်ရှောင်ချန်းကို အာရုံစိုက်နေကြကာ တချို့မှာ သူနှင့် အတူရှိသည့် လူများကို တိုက်ခိုက်နေကြလေသည်။ ချက်ချင်းပင် အစီအရင်ပုံစံမှာ ပြိုကွဲလာတော့သည်။

သက်လတ်ပိုင်းအရွယ် ဝိညာဥ် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပိုင်ရှောင်ချန်း၏ရှေ့တည့်တည့်တွင် ပေါ်လာပြီး သူ့မျက်လုံးများမှာ သွေးအေးသောအလင်းများတောက်ပလာကာ သူ့ညာလက်သည် မန္တန်လက်ကွက်တစ်ခု လက်သွားလေသည်။ ချက်ချင်းပင် သူ၏ လက်ဝါး၌ အစိမ်းရောင်မီးတောက်မျှင်များ ဖြစ်တည်လာပြီး ပိုင်ရှောင်ချန်းထံ ပြေးဝင်လာတော့သည်။

သူ့နောက်တွင် နောက်ထပ် ဝိညာဥ်ကျင့်ကြံသူခုနစ်ယောက်ရှိပြီး တစ်ယောက်မှ သူ့ထက်မနှေးပေ။ ကြည့်ရသရွေ့ ပထမ ဝိညာဥ်ကျင့်ကြံသူ ကြံစည်ထားသည်မှာ သူ၏အပေါင်းအဖော်က ပိုင်ရှောင်ချန်းကို သတ်နိုင်စေရန်အတွက် အရှိန်လျော့သွားအောင် လုပ်ခြင်း ဖြစ်လိမ့်မည်။

မလှမ်းမကမ်းတွင်ရှိသည့် ပို၍များပြားသော ဝိညာဥ်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာမှာ ပိုင်ရှောင်ချန်း မလွတ်မြောက်စေရန် ဖြစ်နိုင်ခြေရှိသမျှ လမ်းအားလုံးကို ပိတ်ဆို့ရန် ကြိုးစားနေကြ၏။

“ငါ့ကို သတ်ချင်တာလား”
ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ဒေါသမီးများတောက်ပနေပြီး အော်ဟစ်လိုက်သည်။ အမူအရာကင်းမဲ့သော သက်လက်ပိုင်းအရွယ် ဝိညာဥ်ကျင့်ကြံသူ၏ လမ်းကြောင်းမှ ရှောင်တိမ်းမည့်အစား ပိုင်ရှောင်ချန်းက သေမထူး၊နေမထူး အသွင်ဖြင့် ရှေ့တက်လိုက်သည်။ သူက ထိုလူကိုဝင်တိုက်လိုက်လေရာ ချက်ချင်းပင် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသော်လည်း တွေဝေမနေဘဲ တောင်ဖြိုသိုင်းထုတ်လိုက်လေသည်။ ချက်ချင်းပင် ထိုလူမှာ သေစေနိုင်သောအားကြီးဖြင့် လာနေသော ဝိညာဥ်ကျင့်ကြံသူခုနစ်ယောက်အဖွဲ့ထံ လွင့်ထွက်သွားလေသည်။

ဤ ရုတ်ချည်း အဖြစ်အပျက်ကြောင့် ဝိညာဥ်ကျင့်ကြံသူခုနစ်ဦး၏ မျက်လုံးများ ဝင်းလက်သွားလေသည်။ တုံ့ဆိုင်းမနေပဲ သူတို့က လက်များတွန်းထုတ်လိုက်ကာ ဝိညာဥ်နဂါးအရိပ်ခုနစ်ခုကို ပိုင်ရှောင်ချန်းထံ စေလွှတ်လိုက်ရာ သူ့ကို ဝါးစားတော့မည့်အလား ဟိန်းဟောက်၍ လာနေလေသည်။

“ငါစောင့်နေတာ ဒါပဲကွ ”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။ ချက်ချင်းပင် သူ၏မျက်လုံးအိမ်ထဲတွင် အပြာရောင်အလင်းများပေါ်ပေါက်လာပြီး ကောင်းကင်တုန်ခါ၍ မြေပြင်တို့ကြေမွသွားစေသော အေးစိမ့်ချီများ ထွက်ပေါ်လာတော့သည်။

ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်။

အေးစိမ့်ချီများမှာ အေးစိမ့်ကိုယ်တော် အဆင့်သို့ မရောက်သေးသော်လည်း အလွန်နီးကပ်နေလေပြီ။

အေးစိမ့်ချီများသည် ချက်ချင်းပင် မီတာထောင်ပေါင်းများစွာ ပျံ့နှံ့လာလေရာ ထိုနေရာအတွင်းရှိ လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူများအားလုံးမှာ ရေခဲအလွှမ်းခံလိုက်သဖြင့် တခိုက်ခိုက်တုန်လာကြတော့သည်။ အထူးသဖြင့် လူ့ဘီလူးကြီးများကို ထိခိုက်သွားလေသည်။

ဝိညာဥ်ကျင့်ကြံသူများ၏အမူအရာများ ပျက်သွားကြသည်။ ဤအလှည့်အပြောင်း ဖြစ်ရပ်များသည် သူတို့ခန့်မှန်းနိုင်သော စွမ်းအားထက်ပင် လုံးဝကျော်လွန်နေတော့သည်။ အထူးသဖြင့် အံ့သြတုန်လှုပ်သွားကြသည်မှာ ပိုင်ရှောင်ချန်း၏အနီးအနားရှိ ဝိညာဥ်ကျင့်ကြံသူများဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံများ အေးခဲသွားကြောင်း သိလိုက်သဖြင့် မှင်သက်သွားကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာထောင်ပေါင်းစွာ အကျယ်အဝန်းကြီးသည် ဆောာင်းရာသီ သေမင်းအလား ဖြစ်သွားခဲ့လေသည်။ ထိုနေရာတစ်ပြင်လုံး ရေခဲတမျှအေးစက်မှုများနှင့် အံ့အားသင့်ဖွယ်ကောင်းသော အေးစိမ်ချီများလည်း ပြည့်နေလေသည်။ ကောင်းကင်ယံမှ အဖြူရောင်နှင်းပွင့်လေးများ ကျဆင်းလာသည်အထိ အေးခဲလာတော့သည်။

ပိုင်ရှောင်ချန်းမှာ အကြောက်တရားများ၊ စိုးရိမ်သောကများဖြင့် တဆတ်ဆတ် တုန်လှုပ်နေသော်လည်း သတ္တိရှိရှိ တင်းမာခက်ထန်စွာ မေးလိုက်လေသည်။
” နည်းနည်းပါးပါးသတ်ဖို့ အချိန်ကျပြီ ”

သူက သေလိုစိတ်မရှိသောကြောင့် ယခုတွင် တစ်ခုတည်းသော ရွေးချယ်စရာမှာ……. ရန်သူကို သတ်ရန်သာဖြစ်တော့သည်။

၄င်းသည် အေးစိမ့်နယ်မြေ တစ်ခုဖြစ်သည်။

ထိုသည်မှာ ပိုင်ရှောင်ချန်း၏ ကမ္ဘာကြီးဖြစ်ပေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset