ပထမဆုံးလူ့ဘီလူးကြီးအား သုတ်သင်ပြီးနောက် ပြေးလာနေသော လူ့ဘီလူးများကို ရင်ဆိုင်ရန် ပိုင်ရှောင်ချန်းလှည့်လိုက်သည်။ သူတို့က တိုက်ကွက်များထုတ်တော့မည့်ဆဲဆဲမှာပင် ပိုင်ရှောင်ချန်းက သွေးအေးအေးနှင့် သွားပေါ်အောင်ပြုံးပြလိုက်ပြီး သူ၏ညာလက်ကို မြှောက်လိုက်သည်။ ဒုတိယမြောက်လူ့ဘီလူးကြီးက လက်သီးထိုးချလိုက်သည်နှင့် ပိုင်ရှောင်ချန်း၏ လက်မှာ အလင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားကာ သူ၏ လည်မျိုကို ဖမ်းဆုပ်လိုက်သည်။
သူ့လက်မှာ လည်မျိုတစ်ခုလုံးကို ဖမ်းဆုပ်နိုင်လောက်သည်အထိ မကြီးသည့်တိုင်အောင် သူ့လက်၌ မယုံကြည်နိုင်ဖွယ် ဖျက်စီးခြင်းစွမ်းအားများရှိနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ချောင်းနှစ်ချောင်းသည် တိခနဲ ညှပ်ချလိုက်လေသည်။
အနက်ရောင်အလင်းများ ပျံ့နှံ့သွားပြီး လူ့ဘီလူးကြီး၏ လည်မျိုနှင့် လည်တိုင် ကျိုးကြေသွားလေပြီ။
ထိုသည်မှာ လည်မျိုဖမ်းဆုပ်ကွက်က လွဲ၍ တခြားမဟုတ်ပေ။
ဤမျှနှင့် မပြီးသေး။ ဒုတိယလူ့ဘီလူးကြီးကို သတ်ပြီးနောက် ပိုင်ရှောင်ချန်း၏ ညာခြေထောက်သည် လေကိုခွင်း၍ သူ့အား လွှသွားပုံဓားကြီးနှင့် ခုတ်ချတော့မည့် တတိယလူ့ဘီလူးကြီးကို ဝိုက်ကန်လိုက်၏။
သို့သော် ပိုင်ရှောင်ချန်း၏ညာခြေထောက်က ဓားကို အရှိန်ပြင်းစွာ ထိသွားချိန်တွင် အက်ကွဲသံများ ထွက်ပေါ်လာကာ ဓားကြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ညာခြေက လူ့ဘီလူးကြီးလက်မောင်းနှင့် ထိသွားရာ သွေးများ ဖွားခနဲ ထွက်သွားလေသည်။ လူ့ဘီလူးကြီးက မချိတင်ကဲ အော်ဟစ်လိုက်ချိန်မှာပင် အနက်ရောင်အမျှင်တန်းများက သူ့ကို ပိတ်လှောင်ရန် ပျံ့နှံ့လာလေသည်။
ကြည့်ရသရွေ့ ပိတ်လှောင်ခြင်းသည် မဖော်ပြနိုင်လောက်အောင် နာကျင်ပုံရလေသည်။ အဆက်မပြတ် အော်ဟစ်နေရင်း လူ့ဘီလူးကြီးသည် ဒူးထောက်ကျသွားပြီး မလှုပ်ရှားတော့ပေ။
၄င်းသည် ထာဝရပြုစားခြင်းသိုင်းက လွဲ၍ တခြားမဟုတ်ပေ။
” နောက်ဘယ်ကောင် သေချင်သေးလဲ ”
ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ သူ၏ အရေပြားမှာ ရွှေရောင်ဖြစ်နေ၍ ဆံပင်များက လေထဲတွင်တလွင့်လွင့်ဖြစ်နေပြီး သတ်ဖြတ်လိုသော အရှိန်အဝါသည် ခါတိုင်းကဲ့သို့ တဟုန်းဟုန်းတောက်နေလေသည်။ သူသည် နတ်ဘုရားအလားပင်။
သူက ထိုနေရာရှိ အခြားသော လူ့ဘီလူးကြီးများကို ဝါးစားတော့မတတ်ကြည့်နေစဥ် သူ့မျက်လုံးများက ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများ ထုတ်လွှတ်နေလေရာ လူ့ဘီလူးများမှာ မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများတောက်ပနေရင်း တုံဆိုင်းနေကြလေသည်။
လူ့ဘီလူးပေါင်းတစ်ထောင်ကျော် ဝိုင်းထားသည့် ကြားမှာပင် သူမည်မျှစွမ်းအားကြီးကြောင်း ယခုလေးတင် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ကြရသည် မဟုတ်လော။ ထို့မတိုင်မီ သူတို့က သူ၏ အကာအကွယ်များကြောင့်သာ အထင်ကြီးဖွယ်ကောင်းနေသည်ဟု ထင်ခဲ့သော်လည်း ယခုတွင် အားပြုစရာ မည်သည့် အကာအကွယ်မှပင် မပါပဲ တစ်ခါတည်း သုံးကောင်သတ်သွားသည်ကို မြင်လိုက်ရလေသည်။
တစ်ကောင်မှ သူ၏ စိန်ခေါ်မှုကို စကားပြန်မဟရဲကြပေ…..
သူက ဘီလူးသုံးကောင်ကို သွေးအေး ရက်စက်စွာ သတ်ခဲ့လေသည်။ သို့သော်လည်း လွယ်ကူသော အလုပ်တော့မဟုတ်ပေ။ သူတို့က သာမန်လူ့ဘီလူးများမဟုတ်ပဲ အမြုတေအဆင့်မဟာစက်ဝန်းနှင့် ယှဥ်နိုင်သော ကျင့်ကြံခြင်းအခြေခံများ ရှိလေသည်။ အမှန်တကယ်ဆိုရလျှင် ယင်ယန်ဝိညာဥ်အဆင့်သို့ ခြေလှမ်းတစ်ဝက်ပင် ရောက်နေကြချေပြီ။
ပိုင်ရှောင်ချန်း၏ ထာဝရပြုစားခြင်းသိုင်းသည် အရာအားလုံးအတွက် သော့ချက်ဖြစ်သည် မဟုတ်လော။ ၄င်းသည် သူသက်သာရန် အလျင်အမြန် အကူအညီပေးခြင်းကြောင့် သူ၏ တိုက်ပွဲစွမ်းအားကို အချိန်အတော်ကြာ အလွန်အစွမ်းထက်နေစေလေသည်။ ။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် ယခုအခိုက်အတန့်တွင် အလွန်တုန်လှုပ်ခြောက်ခြားစရာကောင်းနေသော်လည်း အမှန်တွင် သူက အနားယူရန်နှင့် စွမ်းအင်အချို့ ပြန်ဖြည့်ရန် အချိန်ယူနေခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ခပ်ဝေးဝေးမှ အသံကြီးတစ်ခု ပေါ်ထွက်လာ၏။
” ငါ လာပြီဟေ့”
ထို့နောက် မြေကြီး တသိမ့်သိမ့်တုန်လာပြီး ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်ရာ သားရဲအရေခြုံထားသော မီတာ ၃၀၀အမြင့် လူ့ဘီလူးကြီးတစ်ကောင် သူရှိရာဘက်သို့ ပြေးလာသည်ကို တွေ့ရ၏။
လူ့ဘီလူးကြီး၏ ဆံပင်များမှာ ဖွာလန်ကြဲနေပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခုကို သူ၏ အမာရွတ်များဖုံးနေသော မျက်နှာပေါ်တွင် မြင်ရလေသည်။ အလွန်အထင်ကြီးဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပြီး ထိုလူ့ဘီလူးကြီးက လွန်စွာအစွမ်းထက်လိမ့်မည်မှာ သေချာလှသည်။ အခြားသော လူ့ဘီလူးများ၏ မျက်နှာများအပေါ်တွင် ချစ်ကြောက်ရိုသေသော အမူအရာများ ဖြစ်ပေါ်လာပြီး ထိုမျက်နှာစိမ်းအတွက် အလောတကြီးလမ်းဖယ်ပေးလိုက်ကြလေသည်။
လူ့ဘီလူးကြီး နီးသထက် နီးလာသည်နှင့် အခြားသော လူ့ဘီလူးများသည် စိတ်လှုပ်တရှားဟိန်းဟောက်လိုက်ကြသည်။
” ဘုရင်ကြီး ”
” ဘုရင်ကြီး ”
” ဘုရင်ကြီး ”
ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံမြန်လာတော့သည်။ အခြားလူ့ဘီလူးများ၏ဆိုလိုရင်း သူ သေချာမရှင်းလင်းပေ။ ‘ ဘုရင်ကြီး ‘ က ဤလူ့ဘီလူးနာမည်လား။ မည်သို့ပင်ဖြစ်စေ သူ၏လက်တစ်ချက် အဝှေ့က အခြားလူ့ဘီလူးများအားလုံးကို လမ်းပေါ်က ဖယ်ရှားပစ်လိုက်လေသည်။
ပိုင်ရှောင်ချန်းက သူ့ကို လှမ်းကြည့်လိုက်သည့် တချိန်တည်းမှာပင် လူ့ဘီလူးကြီးက သူ့ကို ဝါးစားတော့မတတ် ဒေါသတကြီးကြည့်နေပြီးနောက် သူ့ကို တက်နင်းရန် ခြေထောက်ကြီးမြှောက်လိုက်လေသည်။
” သေချိန်ကျပြီဟေ့ ”
အရွယ်အစားနှင့် အမြန်နှုန်း နှစ်ခုလုံးအားဖြင့် ဤဘီလူးကြီးသည် လုံးဝ တုန်လှုပ်စရာဖြစ်နေပြီး အတော်အတန်ပြင်းထန်သော အပြင်အားများ ထုတ်လွှတ်နေလေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ကျတော့မတတ်ဖြစ်သွားသော်လည်း ဤတိုက်ကွက်ကို မရှောင်နိုင်မှန်း သူသိသည်။ ကြိုးစားလျှင်တောင်မှ ထိုနေရာရှိ အခြားလူ့ဘီလူးများ၏ အဝိုင်းခံရပြီး ဒုက္ခရောက်သွားလိမ့်မည်။
” မင်းသာ သေရမှာ ”
ပိုင်ရှောင်ချန်းက ဒေါသများတောက်လောင်လာရင်း အော်ဟစ်လိုက်သည်။ နိမ့်ဆင်းလာသည့် လူ့ဘီလူးခြေထောက်ကြီးကို ရှောင်တိမ်းမည့်အစား သူက လက်သီးဆုပ်လိုက်ပြီး ထိုးချလိုက်လေသည်။
အဝေးမှနေ၍ ပြိုင်ဘက်နှစ်ဦးမှာ လွန်စွာ လိုက်ဖက်ခြင်း မရှိလေရာ ရယ်စရာတစ်ခုအလားပင်။ လူ့ဘီလူးကြီးက မီတာ ၃၀၀ အမြင့်ရှိလေရာ ပိုင်ရှောင်ချန်းမှာ ပုရွက်ဆိတ်သေးသေးလေး တစ်ကောင်အတိုင်းပင်။ သို့သော် သူက အပြင်အားကိုအားပြု၍ လက်သီးဖြင့် ပြန်ထိုးချလိုက်လေသည်။
ဝုနြးးးးးးးးးးးး
ကောင်းကင်တွင် နားစည်ကွဲလုမတတ်ပေါက်ကွဲသံကြီး
ပြည့်နှက်သွားရာ စစ်မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားလေသည်။
ပိုင်ရှောင်ချန်း၏လက်သီးက ဘီလူးကြီး၏ ခြေထောက်ကို ထိသွားသောအခါ သူတုန်ရီသွား၏။ သူက ဟိန်းဟောက်ရင်း လက်သီးချက်ထဲကို အစွမ်းကုန် ထည့်လိုက်လေရာ သူ၏ အရေပြား၊ အရိုးများနှင့် သွေးများပင်လျှင် တုန်ခါသွားတော့သည်။
သူ၏ သက်စောင့်အားနှင့် ခန္ဓာကိုယ်မှာ လုံးဝ ပျက်စီးသွားတော့မည့်အလားပင်။
” ဒီနေရာမှာ ငါက ဘာလို့ သေရမှာလဲ ”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်၏။ သူ့ထံမှ အဆုံးမဲ့စွမ်းအားလှိုင်းများ ဂယက်ထနေပြီး သူ၏ကိုယ်ပိုင်အသွေးအသားများမှ စွမ်းအားကြီးသော အားအင်များသည် တိုက်ကွက်ထဲသို့ စီးဆင်းသွားတော့သည်။
” သေစမ်း သေစမ်း သေစမ်း ”
ပိုင်ရှောင်ချန်းက ထပ်ကာထပ်ကာ ထိုးရင်း ဟိန်းဟောက်နေလေသည်။ သူ၏ ထာဝရအရေပြား ၊ ထာဝရကောင်းကင်ဘုရင်နှင့် ထာဝရအရွတ်အကြောများ၏ စွမ်းအားများအားလုံးအတူတကွ ပေါင်းစပ်သွားသည်တွင် သူ၏လက်သီးမှ အနက်ရောင်အလင်းများတောက်ပလာကာ လူ့ဘီလူးကြီးကို ဖုံးလွှမ်းသွားတော့သည်။
မီတာ သုံးရာအမြင့် လူ့ဘီလူးကြီး တုန်ရီလာပြီးနောက် သူ၏ ညာခြေသည် သွေးများစွာထွက်၍ အသားများစုတ်ပြဲသွားပြီး အရိုးများကျိုးကြေသွားသဖြင့် မချိတင်ကဲဟိန်းဟောက်လိုက်လေသည်။ ထို့နောက် အနက်ရောင်အလင်းများ ဆက်လက်ပျံ့နှံ့လာပြီး လူ့ဘီလူးကြီး၏ ဘယ်ခြေထောက်၊ ကိုယ်လုံး၊ လက်မောင်းများနှင့် နောက်ဆုံး ဦးခေါင်းသည်လည်း ထိုနည်းတူ ဖြစ်သွားလေတော့သည်။ မျက်စိတမှိတ်တွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးသံရဲရဲဖြစ်သွားလေသည်။
လူ့ဘီလူးကြီး ခန္ဓာကိုယ်သာမ ဝိညာဥ်ပါ ဖျက်စီးခံလိုက်ရသောကြောင့် သွေးများက မိုးရွာသည့်အလား နေရာအနှံ့သို့ တပေါက်ပေါက်ရွာကျလာကာ ပိုင်ရှောင်ချန်းသာလျှင် တစ်ယောက်တည်း မတ်တတ်ရပ်ကျန်ခဲ့တော့သည်။
ယခုေလးတင် ဖြစ်သွားသောအရာများကြောင့် ပတ်ပတ်လည်ရှိ လူ့ဘီလူးများမှာ အံ့သြမှင်သက်သွားလေရာ တိတ်ဆိတ်မှုများ ကြီးစိုးသွားလေသည်။ သူတို့မှာ ခေါင်းများကို မိုးကြိုးပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။
” ဘုရင်ကြီးသေပြီ ”
“ဘယ်လို ဖြစ်နိုင်မှာလဲ ။ ဘုရင်ကြီး၊ သူက ဘုရင်ကြီးလေ။ အဆုံးမဲ့စွမ်းအားကြီးတဲ့ ဘုရင်ကြီးက မိစ္ဆာပိုင်ရဲ့ လက်သီးချက်နဲ့ တကယ်သတ်ခံလိုက်ရတာလား ”
” ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး။ ဘုရားရေ။ မိစ္ဆာပိုင်က သန့်စင်မြင့်မြတ်တဲ့လူတွေရဲ့ စစ်သည်တော်လား။ အဲဒီ အပြင်အား.. အဲ..အဲ့တာ… ”
လူ့ဘီလူးတွေအားလုံး ပိုင်ရှောင်ချန်း ထိတ်လန့်တုန်လှုပ်လျက် ကြည့်နေကြတော့သည်။
ပိုင်ရှောင်ချန်းက သူ၏စွမ်းအားမှာ အကာအကွယ်ပစ္စည်းများမှ မဟုတ်ပဲ သူ၏အပြင်အားမှ လာကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြသွားချေပြီ။ အဆုံးမဲ့စွမ်းအားကြီးဘုရင်ကြီးပင်လျှင် သူ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။
သွေးမိုးများက ဝိုင်းထားသော လူ့ဘီလူးများပေါ်သို့ တဖြောက်ဖြောက်ကျနေသောကြောင့် သူတို့၏ နှလုံးသားများ၌ ဆက်လက်တိုက်ပွဲဝင်လိုစိတ်များ ကုန်ခမ်းသွားလေပြီ။ တချိန်တည်းမှာပင် တပေါက်ပေါက်ကျဆင်းနေသော သွေးမိုးများအလယ်တွင် ရပ်နေသည့် ထိုပုံရိပ်မှာ သူတို့အတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာတော့သည်။
ပိုင်ရှောင်ချန်းသည် တိုက်စားသွားသော သွေးမိုးများကြောင့် ဘာမှမဖြစ်လေရာ ထိုနေရာတွင် ကျန်ရှိနေသော လူ့ဘီလူးကြီးများကို သွေးအေးစွာ လှည့်ကြည့်လိုက်သည်။
” နောက်ဘယ်သူသေချင်သေးလဲ”
လူ့ဘီလူးတစ်ကောင်မှ စကားမဟရဲကြ။ ထိုအစား သူတို့က ရင်တဒိန်းဒိန်းခုန်ရင်း ကြောက်လန့်နေသော အမူအရာများဖြင့် ရပ်မြဲရပ်နေလေသည်။
” နောက်ဘယ်ကောင် သေချင်သေးလဲ ” ပိုင်ရှောင်ချန်းက သတ်ဖြတ်လိုသောအရှိန်အဝါများတောက်လောင်လာရင်း ထပ်မေးလိုက်သည်။ ထို့နောက် သူရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် ဖြူဖပ်ဖြူရော်မျက်နှာများနှင့်လူ့ဘီလူးများ နောက်ဆုတ်သွားကြောင်း တွေ့လိုက်ရ၏။
” မင်းတို့ ပိုင်ရှောင်ချန်းကို သတ်ချင်လား။ ကောင်းပြီ မင်းတို့ကို ထပ်မေးမယ်။ နောက်ဘယ်ကောင်သေချင်သေးလဲ ”
ပိုင်ရှောင်ချန်း၏ မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးမှာ စစ်မြေပြင်၏တစ်ဝက်နီးပါးလောက်ကိုပင် ပျံ့နှံ့သွားကာ စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော အခြားလူ့ဘီလူးများနားထဲ ရောက်သွားလေသည်။
ကြားလိုက်ရသည့် ကျင့်ကြံသူများမှာမူ တုန်လှုပ်သွားပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ တချို့၏ မျက်နှာများပေါ်တွင် ထူးဆန်းသောအမူအရာများ ရှိသော်လည်း အများစုက အံတင်းတင်းကြိတ်၍ သူရှိရာဘက်သို့ ဦးတည်သွားကြတော့သည်။
မကြာမီ ပို၍ များပြားသော ပြန့်ကြဲနေသည့် စစ်တပ်ငါးဖွဲ့ မှကျင့်ကြံသူများသည် ပိုင်ရှောင်ချန်းနှင့် နီးလာလေသည်။ သူတို့သည် ထိခိုက်ဒဏ်ရာများရနေကြပြီး သွေးများစိုရွှဲနေသည့်တိုင်အောင် လူ့ဘီလူးတစ်ကောင်မှ သူတို့လမ်းကို မပိတ်ရဲပေ။ မကြာမီ ရာပေါင်းများစွာပါသော အဖွဲ့သည် ပိုင်ရှောင်ချန်း၏ပတ်လည်တွင် စုဝေးလိုက်ကြလေပြီ။
သူနှင့် သူ့ကို ဝန်းရံထားသော အလောင်းပုံများကို မြင်သောအခါ သူတို့၏ နှလုံးသားများ၌ လုံးလုံးလျားလျား တုန်လှုပ်ခြင်းများဖြင့် ပြည့်သွားတော့သည်။
” လေးစားပါတယ် မဟာသမားတော် ပိုင်”
” လေးစားပါတယ် မဟာသမားေတာ် ပိုင်”
သူတို့၏ အသက်ရှူမှားလောက်သော အော်ဟစ်သံများက စစ်မြေပြင်တစ်ဝှမ်းတွင် ထွက်ပေါ်လာလေရာ ထိုကျင့်ကြံသူများအားလုံး ပိုင်ရှောင်ချန်းကို သူတို့၏စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိသာထင်ရှားနေတော့သည်။