အခန်း ( ၄၉၇ )

အားလုံး ထွက်သွားကြစမ်း

ထိုလူ့ဘီလူးကြီး နောက်သို့အတွန်းခံလိုက်ရချိန်တွင် ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ရှေ့သို့ညွှန်လိုက်သောအခါ ဓားပျံဒါဇင်ပေါင်းများစွာ အလျင်အမြန် ပျံဝဲလာကြပြီး ထိုလူ့ဘီလူးကြီး၏ လမ်းကိုပိတ်လိုက်ရာ ထွက်ပြေး၍ မရတော့ပေ။

ထိုလူ့ဘီလူးကြီးမှာ တုံ့ပြန်ရန်အချိန်ပင် မရှိလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း ဓားပျံများက သူ့ကို အပိုင်းပိုင်းခုတ်ထစ်လိုက်သဖြင့် နာကျင်စွာ အော်ဟစ်သံများ ထွက်လာရတော့သည်။

သူသေဆုံးသွားသည်မှာ မြန်ဆန်လွန်းလှ၍ အသက်မပျောက်ခင်တွင် သူ့ကိုယ့်သူပင် ဖောက်ခွဲနိုင်ရန် အချိန်မရလိုက်ပေ။

ပိုင်ရှောင်ချန်းမှာ တစ်ခဏလေးပင် တွေဝေမနေပေ။ ထိုဘီလူးကြီးကို ဇီဝိန်ချုပ်လိုက်ပြီးနောက် သူက လှစ်ခနဲလှုပ်ရှားလိုက်ပြီး နောက်ထပ်ဘီလူးကြီးတစ်ကောင်ဆီသို့ ချည်းကပ်ကာ ဓားပျံများကို စေလွှတ်လိုက်တော့သည်။

ထိုလူ့ဘီလူးကြီးမှာ ရှောင်တိမ်းချင်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ လျင်မြန်လွန်းနေသဖြင့် တစ်ခဏအတွင်း ထိုလူ့ဘီလူးကြီး၏ ဦးခေါင်းမှာပြတ်တောက်သွားပြီး လေပေါ်သို့ မြောက်တက်သွားရတော့သည်။

ထိုအခါတွင် အခြားလူ့ဘီလူးများစွာက သူ့ထံသို့ချဥ်းကပ်လာပြီး တိုက်ခိုက်ရန်ပြင်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းမော့လိုက်ပြီး တပြိုင်နက်ထဲပင် သူ၏ညာလက်ကိုဆန့်ထုတ်ကာ မြေကြီးထဲသို့ရိုက်ချလိုက်သောအခါ ထစ်ချုန်းသံများပဲ့တင်ထွက်လာပြီး လေပြင်းကြီးတစ်ခုလည်း ပေါ်ပေါက်လာတော့သည်။ ပိုင်ရှောင်ချန်းက အံ့မခန်းအမြန်နှုန်းဖြင့် ဘီလူးဆယ်ကောင်အထက်ကို တစ်ပြိုင်နက်ထဲ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့မှာ မျက်နှာပျက်သွားရတော့သည်။

ဂျုန်းဂျုန်းဂျုန်း…

ဤမြင်ကွင်းမှာ စစ်မြေပြင်တစ်ခုလုံးနှင့် ယှဥ်ကြည့်လိုက်ပါက ဘာမှမဟုတ်သော်လည်း ထိုနေရာတစ်ဝိုက်တွင်မူ ပိုင်ရှောင်ချန်းမှာ သေခြင်းတရား၏ နတ်ဘုရားကဲ့သို့ ဖြစ်နေတော့သည်။

ထိုနေရာတစ်ဝိုက်ရှိ လူ့ဘီလူးများမှာ သူ့ကိုတားဆီးရန်မဆိုထားနှင့် သူ၏လမ်းတွင်ပင် မပိတ်ဆို့နိုင်ပေ။ သို့သော် ခြုံငုံကြည့်လိုက်ပါက လူ့ဘီလူးများ၏ အရေအတွက်မှာ အလွန့်အလွန် များနေသည်။

ခဏအကြာတွင် လူ့ဘီလူးအကောင်တစ်ရာကျော်မှာ သေစေနိုင်လောက်သည့် တိုက်ကွက်များကို ထုတ်သုံးနေကြတော့သည်။ ပိုင်ရှောင်ချန်း၏ အကာအကွယ်များမှာ တစ်လွှာပြီးတစ်လွှာ ပြိုလဲပျက်စီးစ ပြုလာပြီဖြစ်သည်။ သို့သော် သူ၏မျက်လုံးများမှာ နီမြန်းနေဆဲဖြစ်ပြီး ဒေါသများကြောင့် အရောင်တောက်နေဆဲပင်။

” တော်တော်ကို အနိုင်ကျင့်တဲ့ကောင်တွေပဲကွ။ မင်းတို့အကုန်လုံး လူတစ်ယောက်ထဲကို ဝိုင်းချနေတာ ယုံနိုင်စရာကိုမရှိဘူး ”
သူက စော်ကားခံနေရသကဲ့သို့ ခံစားရပြီး ဒေါသများလည်းထွက်နေသဖြင့် ကြယ်ကြွေသည့်အလား ရှေ့သို့ပြေးထွက်သွားကာ လူ့ဘီလူးတစ်ကောင်၏ ရင်ဘတ်ကိုဝင်တိုက်လိုက်တော့သည်။ ထိုအခါ ထိုလူ့ဘီလူးကြီးမှာနောက်သို့ အထိန်းအကွပ်မဲ့စွာ လွင့်စင်သွားတော့သည်။ သို့သော် အခြားလူ့ဘီလူးအကောင် တစ်ရာကျော်မှာ သူ့ကိုဝန်းရံလိုက်ပြီး သူ၏ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်တော့သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ သူ၏အိတ်ကို ပုတ်လိုက်ပြီး လက်တစ်ဖဝါးစာအပြည့်ရှိသော ဆေးလုံးများကို ထုတ်ယူလိုက်တော့သည်။

ထိုဆေးလုံးများမှာ လေပေါ်တွင် ပျံဝဲသွားပြီး ပေါက်ကွဲသွားကြသောအခါ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် မီးခိုးငွေ့များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထိုမီးခိုးငွေ့များက လူ့ဘီလူးများ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားလေရာ သူတို့၏ အပြုအမူများ ထူးဆန်းလာသဖြင့် ပိုင်ရှောင်ချန်းမှာ သူတို့ထံမှ လွတ်မြောက်နိုင်သည့် အခွင့်ကောင်းကြီးတစ်ရပ်ကို ရသွားတော့သည်။

သို့သော် သူက ထွက်ပြေးရန်ကြံလိုက်စဥ်တွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါ်ထွက်နေသော အခြားလူ့ဘီလူးများစွာက အော်ဟစ်ရင်းဖြင့် သူ့ဆီသို့ ထပ်၍ပြေးလာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားရတော့သည်။ ဤအချိန်တွင် သူရှောင်တိမ်းချင်လျှင်တောင် မဖြစ်နိုင်တော့ချေ။ ဘီလူးကြီးဆယ်ကောင်အထက်မှာ အသေခံ ဖောက်ကွဲလိုက်ကြသဖြင့် တပြိုက်နက်ထဲဆိုသလိုပင် တိုက်စားနိုင်သော သွေးစက်များမှာ အရပ်မျက်နှာအနှံ့သို့လွင့်စင်ကုန်ကြတော့သည်။ သို့သော်လည်း သူက ထိုပေါက်ကွဲမှုထံမှ အားအချို့ကို သုံးကာ အရှိန်အဟုန်အဖြစ် ပြောင်းလဲပြီး ထွက်ပြေးသွားတော့သည်။

သို့သော်လည်း စစ်မြေပြင်ကြီးမှာ ကြီးမားလွန်းလှပြီး မန္တန်အစီအရင်တံတိုင်းကြီးနှင့် အလွန်ဝေးကွာနေရသည်။ ထိုဒိုင်းကာဆီသို့ သူသည် မည်သည့်နည်းနှင့်မျှ အချိန်အနည်းငယ်အတွင်း ပြန်မရောက်နိုင်ပေ။ ထို့အပြင် လူ့ဘီလူး ရာပေါင်းများစွာမှာ သူ့ကိုဝန်းရံထားပြီဖြစ်သည်။

” မင်းတော့သေပြီ မိစ္ဆာပိုင် ”

“ငါမင်းကို ဝါးစားမယ်ဟေ့။ ”
ထိုလူ့ဘီလူးကြီးများ နီးကပ်လာကြသောအခါ ပို၍ပြင်းထန်သော တိုက်ခိုက်မှုများ ပေါ်ထွက်လာကြတော့သည်။ ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲမှ ဒေါသမီးတောက်များ ပိုမိုတောက်လောင်လာပြီး သူက ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ပတ်လည်တွင် ဝဲပျံနေသည့် မှော်ပစ္စည်းများ၏ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ပေါက်ကွဲသွားတော့သည်။

ထိုမှော်ပစ္စည်းများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်အားကြီးကြောင့် လူ့ဘီလူးများ နောက်သို့လွင့်စင်သွားကြပြီး ပါးစပ်များထဲမှ သွေးများပန်းထွက်လာကြတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ပဲ နောက်ထပ် အခြားသောလူ့ဘီလူးများက သူ့နားသို့ ကပ်လာကြတော့သည်။

သူတို့သည် ပိုင်ရှောင်ချန်းကို အရေအတွက်ဖြင့် အနိုင်ယူရန် ပြင်နေသည့်ပုံပင်။

ခပ်လှမ်းလှမ်းရှိ မျိုးနွယ်စုခေါင်းဆောင်များ၏ မျက်နှာများပေါ်တွင် အေးစက်စက် အပြုံးများ ပေါ်လာကြတော့သည်။

ဤအချိန်တွင် မထင်မှတ်ထားသည့် အရာတစ်ခုခုသာ မဖြစ်ပါက ပိုင်ရှောင်ချန်းမှာ သေချာပေါက်သေရမည်ဖြစ်ကြောင်း သူတို့ ယုံကြည်ထားကြတော့သည်။ ထို့အပြင် အချို့သော ခေါင်းဆောင်များမှာ သူရှိရာသို့ လာနေကြပြီဖြစ်သည်။

အခြား ခေါင်းဆောင်များမှာမူ အခြားဘက်များသို့ ဦးတည်သွားကြပြီး ဒိုင်းကာအပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရသည့် တပ်ကြီးငါးတပ်၏ တပ်မှူးကြီး များနှင့် တိုက်ခိုက်နေကြတော့သည်။

စစ်မြေပြင်ကြီးက တဖြည်းဖြည်း ရှုပ်ထွေးလာသောအခါ ချိန်ဟဲ့ထျန်၏ စိုးရိမ်မှုများ ကြီးထွားလာတော့သည်။ မြေရိုင်းဒေသသည် ဤသို့သော နည်းဗျူဟာမျိုးကို တစ်ခါမှ အသုံးပြုဖူးသည် မဟုတ်ချေ။ သို့သော် သူက အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးနှင့် လုံးထွေးသတ်ပုတ်နေရသဖြင့် ဤအခြေအနေကို ပြောင်းလဲနိုင်ရန် မစွမ်းဆောင်နိုင်တော့ချေ။

ပိုင်လင်းနှင့် အခြား စစ်ဦးစီးမှူး များမှာ မန္တန်အစီအရင်၏ ကာကွယ်မှုအောက်တွင် ရှိနေဆဲဖြစ်ပါသော်လည်း သူတို့တိုက်ခိုက်နေရသည့် အောက်လမ်းဆရာဝိညာဥ်များမှာ အလွန် အန္တရာယ်များကာ ရက်စက်ကြမ်းကြုတ်လွန်းကြသည်။

တစ်ခဏလေးအတွင်း တိုက်ပွဲကြီးတစ်ခုလုံး၏ အခြေအနေမှာ ကပြောင်းကပြန် ဖြစ်သွားရသည်။ ဒိုင်းကာကြီးမှာ ရှေ့သို့ဆက်၍ တိုးနေဆဲဖြစ်ပြီး အကာအကွယ်အောက်သို့ ကျင့်ကြံသူများမှာ ထပ်မံ ဝင်လာနေသည်ဖြစ်သော်လည်း စစ်တပ်ငါးတပ်၏ တပ်ဖွဲ့အများစုမှာ တကွဲတပြားဖြစ်သွားကြပြီဖြစ်သဖြင့် အန္တရာယ်များကို မတွန်းလှန်နိုင်လောက်အောင် ဖြစ်နေရသည်။

ယခုကဲ့သို့ ဖြစ်ရပ် အပြောင်းအလဲများကြောင့် စစ်မြေပြင်ကြီးမှာ သွေးပင်လယ်ကြီးတစ်စင်းအလား ဖြစ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ အော်ဟစ်နေရသဖြင့် အသံများပင်ဝင်ကာ လည်ချောင်းများလည်း နာကျဥ်နေပြီဖြစ်သည်။ သူ့ကို ကြီးမားသော အသက်အန္တရာယ်ကြီးနှင့် ကြုံတွေ့နေရသည့် ခံစားချက်ကြီးတစ်ခုက လွှမ်းခြုံထားပြီး သူ့တစ်ကိုယ်လုံးတွင် သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် ပြေးပေါက်မရှိလောက်အောင် ဝန်းရံခံထားရသဖြင့် သူ၏ အေးစိမ့်ချီကိုသုံးကာ ဘေးကင်းရာသို့ တည်နေရာရွှေ့ပြောင်းမည့်အကြံကို စွန့်လွှတ်လိုက်ရတော့သည်။

သူသည် ယခုအထိ အံ့သြဖွယ်ကောင်းလောက်အောင် တိုက်ခိုက်ကာ အစွမ်းပြထားနိုင်ပါသော်လည်း အမှန်တွင် ယခုအထိ အပြင်ခန္ဓာကိုယ်စွမ်းအားကိုသာ အဓိက အသုံးပြုနေခြင်းဖြစ်သည်။ သူသည် စိတ်စွမ်းအင် လုံးဝနီးပါးမရှိသော တံတိုင်းကြီး၏ အပြင်ဘက်သို့ရောက်နေသည် မဟုတ်ပါလော။ သူသာ မှော်သိုင်းများကို အသုံးပြုနေပါက ကုန်ဆုံးသွားသည့် စိတ်စွမ်းအင်များကို ပြန်လည်အစားထိုးနိုင်မည်မဟုတ်ပဲ အလျင်အမြန် အားအင်ကုန်ခန်းသွားရမည်သာ ဖြစ်သည်။

ထိုသို့ဖြစ်သွားပါက သေခြင်းတရားမှာ အိမ်ရှေ့တံခါးကို လာခေါက်နေသည်နှင့် တူနေလိမ့်မည်။

ထို့ကြောင့် သူသည် အလွန်အရေးကြီးဆုံးသော အချိန်များတွင်သာ စိတ်စွမ်းအင်ကို အသုံးပြုနိုင်လေသည်။ ထို့ကြောင့် သူကအံကြိတ်လိုက်ပြီး မှော်ပစ္စည်း အရေအတွက်များစွာကို ထပ်မံ ဖောက်ခွဲရန် ပြင်လိုက်သည်။

မြေကြီးပင် ဖိမ့်ဖိမ့်တုန်သွားနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာပြီး လူ့ဘီလူးကြီးများမှာ ထပ်၍ အပြင်းအထန် ဒဏ်ရာရကုန်ကြပြန်သည်။ သို့သော် သူတို့မျက်ဝန်းများထဲရှိ သွေးဆာနေကြသော ရူးသွပ်မှုများမှာ ပို၍ တောက်ပလာကြပြီး သူတို့က နောက်မဆုတ်ပဲ ရှေ့သို့ခုန်ကာ အသေခံ ဖောက်ခွဲလိုက်ကြတော့သည်။

ထိုပေါက်ကွဲသံကြီးများမှာ သေခြင်းတရား၏ ဗုံတီးသံများနှင့် ဆင်တူနေပြီး ပိုင်ရှောင်ချန်း၏ ကျန်ရှိနေသေးသော အကာအကွယ် အလွှာများကို ရိုက်ခတ်လိုက်ကြတော့သည်။

သူ၏ ချပ်ဝတ်တန်ဆာများမှာ ကြာကြာ တောင့်မခံနိုင်တော့သည့်အပြင် သူနောက်ဆုံးဖောက်ခွဲခဲ့သည့် မှော်ပစ္စည်းများကြောင့် သူက အနည်းငယ်မျှသာ ဖောက်ထွက်နိုင်ခဲ့သည်။ ဤအချိန်တွင် သူ၏ ချပ်ဝတ်တန်ဆာများမှာ ဖုန်မှုန့်များအဖြစ် ရောက်သွားကြတော့သည်။

သူ၏ နောက်ဘက်တွင်မူ အလောင်းများ ပုံနေသည်။ ဤတိုက်ပွဲဖြစ်ပွားခဲ့သည့် တစ်ခဏမျှသော အချိန်လေးထဲတွင် ကြုံတွေ့လိုက်ရသည့် ပိုင်ရှောင်ချန်း၏ ခွန်အားနှင့် ဒေါသများကြောင့် အနီးနားရှိ လူ့ဘီလူးများမှာ အရိုးထဲထိအောင် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

” ဒီ… ဒီမိစ္ဆာပိုင်က ငါတို့တပ်သားတွေအများကြီးကို တစ်ယောက်ထဲနဲ့ သတ်ပစ်လိုက်တာ မယုံနိုင်လောက်အောင်ပါလား။ ”

” သောက်ကျိုးနည်း။ သူက ဆေးဖော်စပ်တဲ့နေရာမှာတင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေတာ မဟုတ်ဘူးပဲ။ သူ့ရဲ့ တိုက်ပွဲစွမ်းရည်ကလည်း တော်တော်ကို အံ့သြစရာကောင်းလှပါလား။ ဒီကောင့်ကို ဘယ်လိုနည်းနဲ့မှ အရှင်ထားလို့ မရဘူး။ ငါသူ့ကို သေချာပေါက် စားရမှ ဖြစ်မယ်။ ”

” သူ့ရဲ့ အကာအကွယ်အဆင့်အတန်းက ကြောက်စရာပဲ။ ဒါပေမဲ့ အခုတော့ ဒီကောင် အကာအကွယ်မဲ့နေပြီကွ။ သူဒီနေ့ သေချာပေါက် သေရတော့မှာ။ ”
လူ့ဘီလူးကြီးများမှာ အော်ဟစ်ကာ သူ့ကိုထပ်၍ ဝန်းရံလိုက်ကြပြန်သည်။ ထိုအဖွဲ့ထဲတွင် အခြားလူ့ဘီလူးများထက် ပို၍ကြီးမားကာ ပို၍ရက်စက်ကြမ်းကြုတ်ပြီး ပို၍လျင်မြန်သည့် လူ့ဘီလူးကြီးသုံးကောင် ပါသည်။ သူတို့မှာ သူ၏အနီးသို့ အရင်ဆုံးရောက်သွားကြတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဖြူဆုတ်နေပြီး အသက်ကိုပင် မြန်မြန်ရှူနေရသည်။ လူ့ဘီလူးကြီးများမှာ လှိုင်းလုံးများကဲ့သို့ သူ့ထံချဥ်းကပ်လာပြီး သူတို့အားလုံးကို သတ်ရန်မှာ သူ့အတွက်မဖြစ်နိုင်တော့ချေ။ သူတို့၏ အော်ဟစ်သံများက သူ၏နားထဲသို့ရောက်သွားပြီး လေထုထဲရှိ သွေးညှီနံ့များက သူ၏နှာခေါင်းဝသို့ ရောက်သွားသော အခါတွင် သူ၏မျက်ဝန်းများမှာ ကြက်သွေးရောင်တမျှ ရဲရဲတောက်သွားတော့သည်။

” ငါ့မှာ အကာအကွယ်မရှိတော့တာနဲ့ မင်းတို့က ငါ့ကိုသတ်နိုင်မယ် ထင်နေတာလား။ ”
ရုတ်တရက် သူက ရူးသွပ်မှု တစိုးတစိမျှ မပါဝင်သည့် ရယ်သံကြီးဖြင့် ရယ်မောလိုက်သည်။ ဤအချိန်တွင် သူသည် အရာအားလုံးကို အရဲစွန့်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ သူသည် အသက်အန္တရာယ်ရှိေသာ အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သဖြင့် အစွမ်းကုန်မကြိုးစားပါက အသက်ရှင်လျက် ပြန်ထွက်နိုင်မည်မဟုတ်ကြောင်းကို သိလိုက်သည်။

ထို့နောက် ဆက်လက်ရယ်မောရင်း မတ်မတ်ရပ်လိုက်သောအခါ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ တိုးပွားလာတော့သည်။ ထို့နောက် အရပ်မျက်နှာအားလုံးသို့ လေပြင်းတစ်ချက် တစ်ခတ်သွားပြီး သူ၏အရေပြားမှာ ရွှေရောင်ပြောင်းလဲသွားကာ သူ၏နောက်ဘက်တွင် ကောင်းကင်ဘုရင်ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ တပြိုင်နက်ထဲမှာပင် ပြုစားနိုင်သည့် သင်္ကေတများနှင့် ဆင်တူသည့် ရှုပ်ထွေးလှသော မှော်သင်္ကေတများစွာ သူ၏လက်မောင်းများနှင့် ခြေထောက်များပေါ်တွင် ပေါ်ပေါက်လာကြသည်။

သူ၏ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်မှာ အစွမ်းကုန် အလုပ်လုပ်နေပြီ ဖြစ်သည်။

ထို့နောက် သူကရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး တောင်ဖြိုသိုင်းကို ထုတ်သုံးလိုက်သည် ။

ဤဖြစ်ရပ်ကြီးမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် အမြန်ဆုံး လူ့ဘီလူးသုံးကောင်ပင်လျှင် တုံ့ပြန်ချိန် မရလိုက်ပေ။ အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းသည် ထိုအထဲမှ အနီးဆုံးတစ်ယောက်ထံသို့ ပြေးသွားလေရာ သူ၏နောက်တွင် ပုံရိပ်ယောင်များ အတန်းလိုက် ကျန်ရစ်ခဲ့တော့သည်။

အစပိုင်းတွင် ထိုလူ့ဘီလူးကြီးက သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားကို ယုံကြည်မှု အပြည့်ရှိနေသဖြင့် ပြုံးဖြဲဖြဲ လုပ်နေခဲ့သည်။ သို့သော် ပိုင်ရှောင်ချန်းက သူ့ကိုဝင်တိုက်လိုက်သောအခါတွင်မူ သူ၏ မျက်လုံးပြူးကျယ်သွားရပြီး မအော်ဟစ်နိုင်ခင်မှာပင် အုန်းခနဲ လေပေါ်သို့ မြောက်တက်သွားရတော့သည်။

ထို့နောက် အရိုးများကျိုးသွားသည့် တဖျစ်ဖျစ်မြည်သံများကိုကြားလိုက်ရပြီး သွေးများမှာ အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားတော့သည်။ အဆုံးတွင်မူ ထိုလူ့ဘီလူးကြီးမှာ အော်ဟစ်လိုက်ပြီး မြေပေါ်သို့ပြန်မကျခင်မှာပင် သွေးစများအဖြစ် ပေါက်ကွဲသွားလေရာ ဖောင်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းသည် တိုက်ကွက်တစ်ကွက်သာ သုံးရသေးသော်လည်း ထိုလူ့ဘီလူးကြီးမှာ ဇီဝိန်ချုပ်သွားရပြီဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset