ဝမ်ပေါင်လဲ့၏ စကားများကိုကြားလိုက်ရသောအခါ မီးခိုးနက်ခေါင်းဆောင်ကြီးမှာ စိတ်ထဲတွင် စိုးထိတ်သွားရ၏။ ‘ ကျယ်ပြန့်တာအိုနန်းတော် ‘ ဆိုသည့်အမည်နှင့် ၎င်း၏ ဂိုဏ်းသားဆိုသည့် ရာထူးအဆင့်အတန်းကြောင့် သူ ကြောက်ရွံ့တုန်လှုပ်သွားရသည်မှာ မထူးဆန်းပေ။
သူ ထိုကဲ့သို့ အံ့အားသင့်နေစဉ် ဝမ်ပေါင်လဲ့၏ လက်သီးချက်မှာ ကျဆင်းလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ဗေဒါရွက် အရည်အချင်းစမ်းသပ်ပွဲ ပြီးဆုံးသွားပြီးနောက် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ကြည့်ပါက မည်သည့်အဆင့်တွင် ရှိနေသနည်းဟု ဖုန့်ချိုးရန်အား မည်သူမှမသိအောင် မေးမြန်းခဲ့၏။ အကယ်၍ အခြား အမြုတေအဆင့် ကျင့်ကြံသူများကသာ ထိုမေးခွန်းကို မေးခဲ့မည်ဆိုပါက ဖုန့်ချိုးရန်မှာ အထူးတဆန်း ဖြစ်နေခဲ့မည်မှာ အမှန်ပင်။ သို့သော် ထိုကဲ့သို့မေးခဲ့သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေသောကြောင့် ဖုန့်ချိုးရန်မှာ သာမန်ဟုသာ သဘောထားခဲ့၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်၏ အဖြေမှတစ်ဆင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိမ်းမယိမ်းတွင် ရှိနေကြောင်း သိခဲ့ရသည်။ ထို့အပြင် သူသည် နောက်ပိုင်းတွင် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အား ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်နိုင်ခဲ့သဖြင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် ပတ်သတ်လာလျှင် ပို၍ပင် ယုံကြည်မှုရှိလာတော့သည်။
” ငါ အစွမ်းကုန်ထုတ်ရင် အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်လောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ လက်သီးဖြင့် ထိုးနှက်လိုက်ပြီးနောက် မျက်လုံးများမှိတ်လိုက်၏။ သူသည် စောစောတုန်းက စကားများကို လက်လွတ်စပယ် ပြောခဲ့သည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ သူသည် လွန်ခဲ့သည့် လဝက်အတွင်းတွင် ရုပ်ထုများကို လိုက်လံသိမ်းဆည်းကာ လေ့လာမှုများပြုလုပ်ခဲ့၏။ ထို့အပြင် သူသည် တစ္ဆေဝိညာဉ်များကိုလည်း ချုပ်တည်းခဲ့သေးသည်ဖြစ်ရာ မီးခိုးနက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းနည်းပညာရပ်မှာ ဝိညာဉ်များနှင့် ဆက်နွယ်နေရမည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။
ဝမ်ပေါင်လဲ့မှာ အမြန်နှုန်းအပိုင်းတွင် မီးခိုးနက်ခေါင်းဆောင်ကြီးအား မယှဉ်နိုင်သောကြောင့် သူ့အား ထိပ်တိုက်ရင်ဆိုင်၍ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူ၏ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ အားကောင်းနေပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ လက်သီးချက်မှာလည်း နဂိုထက် သုံးဆပို၍ အားကောင်းနေပြီဖြစ်သည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာလည်း လည်ပတ်နေသည်ဖြစ်ရာ သူ၏ နှောင်းပိုင်း အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ အလုံးအရင်း ထွက်ပေါ်လာတော့သည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲတွင် ရှိနေသော အမှောင်အမြုတေမှာလည်း အပြင်းအထန်တုန်ရီသွားသဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက် ထွက်ပေါ်လာ၏။ ၎င်းမှာ သူ၏ လက်သီးချက်အား အစွမ်းမြှင့်တင်ပေးလိုက်သောကြောင့် ၎င်းမှာ အလွန်အင်မတန်မှ အားပြင်းသွားပြီး လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။ အဝေးမှ ကြည့်လိုက်ပါက မီးပင်လယ်ကြီးတစ်စင်း ထွက်ပေါ်လာသကဲ့သို့ပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ လေမုန်တိုင်းကြီးမှာ မီးခိုးနက်ခေါင်းဆောင်ကြီးမှတစ်ဆင့် ပြောင်းလဲသွားခဲ့သည့် အနက်ရောင်လေမုန်တိုင်းကြီးနှင့် ရိုက်ခတ်မိသွား၏။ ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားတော့သည်။ အနက်ရောင် လေမုန်တိုင်းကြီးမှာလည်း နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး လွင့်ပါးပျောက်ကွယ်ကာ မီးခိုးနက်ခေါင်းဆောင်ကြီးအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ယခုတွင် ၎င်း၏ မျက်ဝန်းများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြီးကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ စိတ်ရောကိုယ်ပါ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထိုလက်သီးချက်၏ ပြင်းအားမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများထက် အများကြီးပို၍ သာလွန်နေပြီး ယွမ်ယင်အဆင့်အထိ ရောက်ရှိနေသည် မဟုတ်ပါလော။ သူသည် ထိုအချက်ကြောင့် အံ့အားသင့်သွားရပါသော်လည်း သူ့အား အံ့သြတုန်လှုပ်သွားစေခဲ့သည့် အရာမှာ သူ့အား ချုပ်တည်းနိုင်စွမ်းရှိနေသော ကျောချမ်းဖွယ်ရာ အနက်ရောင်မီးတောက်ကြီးပင် ဖြစ်ပေသည်။
သို့သော် ထို အနက်ရောင်မီးတောက်အား သူ့အား ချုပ်တည်းနိုင်စွမ်းရှိသည်ဟု သတ်မှတ်ရန်မှာ မသင့်တော်ပေ။ တိတိကျကျ ဆိုရမည်ဆိုလျှင် သူသည် ထို မီးလုံးကြီးကြောင့် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရသဖြင့် ၎င်း၏အနီးသို့ ကပ်ရန် ဆန္ဒမရှိတော့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့ ပြောခဲ့သည့် သူသည် ကျယ်ပြန့်တာအိုနန်းတော်မှ ဂိုဏ်းသားတစ်ယောက်ဖြစ်သည်ဆိုသော စကားများမှာ အမှန်ဖြစ်နေလောက်သည်ဟု သူက ထင်မှတ်လာရတော့သည်။ သို့သော် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ မယုံကြည်ချင်သေးပေ။
” ကျယ်ပြန့်တာအိုနန်းတော်က ပျက်စီးသွားပြီလေ။ အဲတာမလို့ မင်းက တာအိုဂိုဏ်းသားတစ်ယောက်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး “မီးခိုးနက်ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားပြန်သည်။ ၎င်းမှာ နဂိုတုန်းက လျစ်လျူရှုထားမိခဲ့သော အချက်တစ်ချက်ကို ပြန်၍တွေးမိသွားခြင်းဖြစ်၏။ ၎င်းမှာ… ဝမ်ပေါင်လဲ့ ထိုနေရာသို့ မည်ကဲ့သို့ ရောက်လာခြင်းဖြစ်သနည်း ဟူသည့် မေးခွန်းပင်။
သို့သော် ၎င်းမှာ ထိုအကြောင်းအား မတွေးတောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ရယ်မောသံကြီးအား ကြားလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏လက်သီးချက်အား ထုတ်လွှတ်ခဲ့ပြီးနောက် နောက်သို့ဆုတ်ခွာသွားခြင်း ဖြစ်သည်။
” ဒါ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွား၏။ ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာ အားနည်းနေလိမ့်မည်ဟု သူက ထင်မှတ်ထားခြင်းမရှိပေ။ ထိုဂြိုဟ်သားကျင့်ကြံသူကြီးမှာ အမှောင်မီးတောက်၏ ဖိနှိပ်ခြင်းစွမ်းအားများဖြင့် အစွမ်းမြှင့်တင်ထားသော သူ၏လက်သီးချက်အား ခုခံနိုင်စွမ်းရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထို မီးခိုးနက်ခေါင်းဆောင်ကြီးအား ချေမှုန်းလိုပါက သူကိုယ်တိုင်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း မှတ်ယူလိုက်၏။ ထို့အပြင် ထိုမီးခိုးနက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော အငွေ့အသက်ကြီး တစ်ခုကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်နေရသေးသည်။
အကယ်၍ ထိုမီးခိုးနက်ခေါင်းဆောင်ကြီးမှာ ပြန်လည်တိုက်ခိုက်လိုက်မည်ဆိုပါက သူသည် ၎င်း၏ တိုက်ကွက်အား ရှောင်တိမ်းနိုင်စွမ်းရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခြင်းမရှိပေ။ ထို့ကြောင့် သူသည် အနိုင်ရလိုပါက ထိုမီးခိုးနက်ခေါင်းဆောင်ကြီးအား လှည့်ဖြားကာ ၎င်း၏ဝှက်ဖဲအား ထုတ်သုံးမိစေရန် ဖိအားပေးရမည် ဖြစ်သည်….
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သူ၏ သိုလှောင်အိတ်ထဲမှ ဝါးကျည်တောက်တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းအား ဖွင့်လိုက်သောအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မီးရှူးမီးပန်းကဲ့သို့သော အရာများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
ထိုဝါးကျည်တောက်မှာ ဝမ်ပေါင်လဲ့ ကောင်းကင်တာအိုကျောင်းထဲတွင် ရှိနေခဲ့စဉ်တုန်းက ဖန်တီး ထားခဲ့သည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်ပေသည်။ သူသည် ၎င်းအား ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့သဖြင့် ယခုတွင် ၎င်းမှာ မီးရှူးမီးပန်းမြောက်များစွာအား ကောင်းကင်ယံထဲသို့ ပစ်လွှတ်နေတော့သည်။ ထိုမီးရှူးမီးပန်းများမှာ အလွန်အင်မတန်မှ အာရုံဖမ်းစားနိုင်စွမ်းရှိသောကြောင့် အဝေးမှပင် လှမ်းမြင်နိုင်သည့် အချက်ပြမီးများကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ အံ့အားသင့်သွားရ၏။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရယ်မောနေရင်း သူ၏ လျှပ်စီးကိုယ်ပွားအား ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သုံးရောင်ခြယ်ဓားပျံလေးမှာ သူ၏ သိုလှောင်လက်ကောက်ထဲမှ ထွက်ပေါ်လာပြီး လျှပ်စီးကိုယ်ပွား၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရ၏။ ထိုကိုယ်ပွားမှာ ၎င်းအား မီးခိုးနက်ခေါင်းဆောင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်တော့သည်။
အခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ထုတ်လွှတ်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ သွေးရောင်စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ လျင်မြန်စွာ ထိုးထွက်လာကြပြီးနောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ဒုတိယအဆင့်ဖြစ်သော အရိုးအမျှင်အတန်းများမှာလည်း စတင်ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စွမ်းအားများ မြင့်တက်လာပြီး သူ၏ တိုက်ခိုက်လိုစိတ်များမှာလည်း ပို၍အားကောင်းလာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေထွက်သွားကာ မီးခိုးနက်ခေါင်းဆောင်ကြီး၏ အနီးသို့ ချက်ချင်းပင်ရောက်ရှိသွားပြီး တိုက်ခိုက်လိုက်တော့သည်။ သို့သော် သူသည် စွမ်းအားများကိုထုတ်လွှတ်နေကာ တိုက်ခဲ့ခြင်းခြင်းမဟုတ်ဘဲ မီးခိုးနက်ခေါင်းဆောင်ကြီအား ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်ခြင်းဖြစ်၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် မီးခိုးနက်ခေါင်းဆောင်ကြီးတို့မှာ လေထဲတွင် တိုက်ခိုက်နေသောကြောင့် ပေါက်ကွဲသံအကျယ်ကြီးများမှာ အဆက်မပြတ် မြည်ဟည်းနေတော့သည်။ သုံးရောင်ခြယ် ဓားပျံလေးအား ထိန်းချုပ်ထားသည့် ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားမှာလည်း အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ပေသည်။ သို့သော်ငြားလည်း မီးခိုးနက်ခေါင်းဆောင်ကြီးမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား ယှဉ်နိုင်စွမ်းမရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်နှင့် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို အစွမ်းကုန်ထုတ်လွှတ်ထားခြင်း မရှိသေးပေ။
သူတို့နှစ်ယောက် ထိုကဲ့သို့ အပြန်အလှန် တိုက်ခိုက်နေရင်း မီးခိုးနက်ခေါင်းဆောင်ကြီးမှာ အချိန်ကြာလာသည်နှင့်အမျှ စိုးရိမ်ပူပန်လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ လေထဲသို့ အချက်ပြမီးတစ်ခုကို ပစ်လွှတ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အချိန်ဆွဲနေရခြင်းဖြစ်မည်ဟု ၎င်းက ယုံကြည်သွား၏။
” သူက တစ်ယောက်တည်းရောက်လာတာ မဟုတ်ဘူးပဲ ” မီးခိုးနက်ခေါင်းဆောင်ကြီးမှာ စိုးရိမ်စိတ်များ ကြီးထွားလာပြီး ကြောက်ရွံ့တုန်လှုပ်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား အချိန်ဆွဲခွင့်မပေးဘဲ ဤတိုက်ပွဲကြီးအား တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်သင့်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မျက်လုံးများပြူးကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ ၎င်း၏ အော်သံမှာ ဝိညာဉ်များကိုပင် ထိုးဖောက်နိုင်စွမ်း ရှိနေ၏။
ထိုအော်သံကြီးမှာ ကျယ်လောင်လွန်းလှသောကြောင့် ပေါက်ကွဲသွားပြီး ဟင်းလင်းပြင်ကြီးအား ဆုတ်ဖြဲလိုက်သဖြင့် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်အထန် တုန်ရီနေရပြီဖြစ်သည်။ ထိုအချိန်တွင် မီးခိုးနက်ခေါင်းဆောင်ကြီး၏ နဖူးပေါ်တွင် ဝဲတစ်ခု ပေါ်ပေါက်လာပြီး ၎င်းထဲမှ ငှက်ငယ်လေးတစ်ကောင် ပျံထွက်လာ၏။
ထိုငှက်လေးမှာ မီးခိုးနက်ခေါင်းဆောင်ကြီး၏ ယွမ်ယင်ဝိညာဉ် ဖြစ်ပေသည်။ ၎င်းမှာ လက်ချောင်းအရွယ်အစားခန့်ရှိသော အနက်ရောင် ဓားငယ်လေးတစ်လက်ကို ဆုပ်ကိုင်ထား၏။ ထိုဓားမှာ ရှေးဆန်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး ၎င်း ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အသွင်ပြောင်းလဲသွားတော့သည်။ ထို့နောက် လေပြင်းများလည်း တိုက်ခတ်လာပြီး တိမ်တိုက်များလည်း တလိပ်လိပ် ထလာ၏။
မျက်စိတစ်မှိတ်အတွင်းတွင် ထိုငှက်လေးမှာ ထိုအနက်ရောင် ဓားငယ်လေးအား ဆုပ်ကိုင်ကာ ဝမ်ပေါင်လဲ့၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာတော့သည်။ ၎င်းမှာ မီးခိုးနက်ခေါင်းဆောင်ကြီး၏ ဝှက်ဖဲဖြစ်ပေသည်။ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သည့် ဖျက်ဆီးအားများကို ပိုင်ဆိုင်ထားပြီး အလွယ်တကူ မှန်းဆ၍ မရနိုင်သော လှုပ်ရှားမှုများကို ပိုင်ဆိုင်ထားသောကြောင့် အခြားယွမ်ယင်အဆင့် ကျင့်ကြံသူများကိုပင် ချေမှုန်းနိုင်စွမ်းရှိပေသည်။
သို့သော် ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သည့်တိုင်အောင် အားနည်းချက်တစ်ခုရှိနေဆဲပင်။ ထိုအားနည်းချက်မှာ ၎င်းအား ထိန်းချုပ်လိုပါက ထိုယွမ်ယင်ဝိညာဉ်အား မိမိ၏ ခန္ဓာကိုယ်နှင့် ထိထားရန် လိုအပ်သည့် အချက်ပင် ဖြစ်သည်။
ထိုငှက်လေး အနက်ရောင်ဓားငယ်လေးအား ဆုပ်ကိုင်ကာ ဝမ်ပေါင်လဲ့၏အနီးသို့ ရောက်ရှိလာစဥ်မှာပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ ရုတ်တရက်ဆိုသလို တောက်လောင်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ မီးခိုးနက်ခေါင်းဆောင်ကြီးအား ဝန်းရံထားလိုက်၏။ ထို့ကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ အလွန်အင်မတန်မှ အံ့အားသင့်သွားရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီး သူ၏ကိုယ်ပွားနှင့် နေရာချင်းပြောင်းသွား၏။
အရာအားလုံးမှာ ရုတ်ချည်းဆိုသလို ဖြစ်ပျက်သွားခဲ့သောကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။ ထိုအချိန်တွင် အနက်ရောင်မီးတောက်ထဲမှ ထိုးထွက်လာသော ငှက်လေး ဆုပ်ကိုင်ထားသည့် အနက်ရောင်ဓားငယ်လေးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်ကဲ့သို့ တိုက်ရည်ခိုက်ရည်စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့် သူ၏ လျှပ်စီးကိုယ်ပွားအား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ လျှပ်စီးကိုယ်ပွားမှာ ပျက်စီးသွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားအစစ်မှာ သူ၏ လျှပ်စီးကိုယ်ပွား ရှိနေခဲ့သောနေရာ၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွားတော့သည်။ သူသည် ယခုအချိန်သို့ ရောက်လာရန် စောင့်ဆိုင်းနေခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် တွေဝေနေခြင်းမရှိဘဲ သူ၏ညာဘက်လက်ကို မြှောက်လိုက်သဖြင့် နဝမအဆင့် ဓမ္မလက်နက် လှံနက်ကြီး ထွက်ပေါ်လာတော့သည်။ သူသည် ၎င်းအားဆုပ်ကိုင်ကာ ပစ်လွှတ်လိုက်၏။
ထိုအခါ တရွှီးရွှီးမြည်သံများ ပဲ့တင်ထပ်သွားပြီး လှံနက်ကြီးမှာ မီးခိုးနက်ခေါင်းဆောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ထို့ကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ၎င်းမှာ ယွမ်ယင်ဝိညာဉ်အား ထုတ်လွှတ်ထားခဲ့သောကြောင့် သူ၏ ခန္ဓာကိုယ်အား အလွယ်တကူ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ၎င်းမှာ ထိုလှံကြီးအား ရှောင်တိမ်းချင်ပါသော်လည်း ၎င်း၏ ပတ်ပတ်လည်တွင် အမှောင်မီးတောက်များ တောက်လောင်နေပြီး ဖိနှိပ်အားများမှာလည်း ပြင်းထန်လွန်းနေသောကြောင့် ထွက်ပြေးစရာလမ်းကြောင်း မရှိတော့ပေ။ ထို့ကြောင့် မီးခိုးနက်ခေါင်းဆောင်ကြီးမှာ ရပ်တန့်သွားရပြီး လှံနက်ကြီးမှာ ၎င်း၏ရင်ဘတ်အား အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားတော့သည်။
ထိုအခါ သနားဖွယ်ရာ အော်သံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ငှက်ငယ်လေးမှာမူ ဒဏ်ရာရသွားသောကြောင့် ချက်ချင်းပင် နောက်သို့ ပျံသန်းသွားပြီး မီးခိုးနက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်၏။ သို့သော် ၎င်းမှာ မျက်ဝန်းများ အေးစက်နေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော လက်ကြီးအား မယှဉ်နိုင်ပေ။
၎င်းမှာ… ဝိညာဉ်လမ်းညွှန်လက်ကြီးပင် ဖြစ်ပေသည်။
ထိုလက်ကြီးမှာ ငှက်လေး၏ အနက်ရောင်ဓားတိုက်ကွက်ကြီးကြောင့် ပျက်စီးသွားရပါသော်လည်း ၎င်း၏ အမြန်နှုန်းအား လျှော့ချနိုင်လိုက်ဆဲပင်။ ထို့ကြောင့် အမှောင်မီးတောက်များမှာ မီးခိုးနက်ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ပေါ်၌ စတင်လောင်ကြွမ်းလာတော့သည်။ နောက်ဆုံးတွင် ထို အမှောင်မီးတောက်များမှာ ၎င်း၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားသဖြင့် မီးခိုးနက်ခေါင်းဆောင်ကြီး၏ အပြင်ခန္ဓာကိုယ်မှာ ပြာပုံဘဝသို့ ရောက်သွားရတော့သည်။
၎င်း၏ အပြင်ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီဖြစ်ရာ ၎င်း၏ ယွမ်ယင်ဝိညာဉ်ဖြစ်သော ငှက်လေးမှာလည်း စွမ်းအင်အထောက်အပံ့များကို ဆုံးရှုံးလိုက်ရသဖြင့် အပြင်းအထန် ဒဏ်ရာရသွားတော့သည်။ ၎င်းမှာ သေကျေပျက်စီးတော့မည့် အခြေအနေသို့ ရောက်သွားပြီး မှုန်ဝါးဝါး ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်နေသော မျက်ဝန်းများဖြင့် နောက်သို့လှည့်ကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
” ထွက်ပြေးဖို့ကြိုးစားနေတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအေးစက်သွားပြီး ထိုငှက်လေး၏နောက်သို့ ပြေးလိုက်သွားတော့သည်။