Switch Mode

အခန်း (၅၉၇)

မီးခိုးနက်ခေါင်းဆောင်ကြီး

ဝိညာဉ်နက်ဂြိုဟ်ပုပေါ်တွင် သစ်ပင်ပန်းမန်များနှင့် တိရိစ္ဆာန်များ မရှိဘဲ ရုပ်အလောင်းများအား အဝတ်အစားများအဖြစ် ဆင်မြန်းထားကြသည့် တစ္ဆေဝိညာဉ်များသာလျှင် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် နေထိုင်ကြ၏။

ရွာများရှိပါသော်လည်း ၎င်းတို့မှာ ရုပ်အလောင်းများထဲ၌ ခိုအောင်းနေထိုင်နေကြသော တစ္ဆေဝိညာဉ်များ တည်ထောင်ထားသည့် တစ္ဆေရွာများသာ ဖြစ်ပေသည်။

ထို့ကြောင့် ထိုဂြိုဟ်ကြီးမှာ သေဆုံးခြင်းအား ကိုယ်စားပြုနေသကဲ့သို့ပင်။ ၎င်းမှာ တုန်ခါမှုလုံးဝမရှိသော ကန်ရေပြင်တစ်ခုကဲ့သို့ ငြိမ်သက်နေ၏။ သို့သော် ဝမ်ပေါင်လဲ့ ရောက်ရှိလာသောအခါ….

ဝမ်ပေါင်လဲ့မှာ ထိုရေကန်ထဲသို့ ပြုတ်ကျသွားသည့် ကျောက်တုံးကြီး တစ်လုံးကဲ့သို့ပင်။ ထို့ကြောင့် ငြိမ်သက်နေခဲ့သော ကန်ရေပြင်ကြီးမှာ လှိုင်းတွန့်များထကာ ထိုနေရာရှိ တိတ်ဆိတ်ငြိမ်သက်မှုများမှာလည်း ပျောက်ကွယ်သွားရတော့သည်။

” ငါတော့ ထောပြီဟေ့ ” ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်ရင်း ဝမ်းသာအားရရယ်မောလိုက်၏။ သူ ထိုဂြိုဟ်ပေါ်သို့ ရောက်လာသည်မှာ ခုနစ်ရက်တိတိ ရှိသွားပြီဖြစ်သည်။ သူသည် တစ္ဆေဝိညာဉ်အဘိုးကြီး၏ နောက်မှလိုက်ကာ ရွာပေါင်းငါးဆယ်ကျော်အား သူ၏ အမှောင်မီးတောက်ဖြင့် ဖျက်ဆီးချေမှုန်းပြီးသွားပြီဖြစ်သည်။

ထိုရွာတိုင်းရွာတိုင်းတွင် သူလိုအပ်နေသည့် ရုပ်ထုများရှိကြပေသည်။ ထိုရုပ်ထုများမှာလည်း ကြယ်တာရာရင်းမြစ်များဖြင့် ပြုလုပ်ထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ အဖိုးတန်နေ၏။

ဝမ်ပေါင်လဲ့မှာ အချို့ရွာများထဲတွင် ကြယ်တာရာရင်းမြစ်များအပြင် အခြား အဖိုးတန် ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။ ၎င်းတို့ထဲ၌ သတ္ထုရိုင်းများနှင့် ပျက်စီးနေသော ဓမ္မအဆောင်များ ပါဝင်ပေသည်။ ၎င်းတို့မှာ ပြည်ထောင်စုကြီးထဲတွင် မရှိကြသောကြောင့် ၎င်းတို့နှင့် ပတ်သတ်၍ မှတ်တမ်းတင်ထားသည့် အချက်အလက်များ များများစားစားမရှိပေ။ ဝမ်ပေါင်လဲ့မှာကျယ်ပြန့်တာအိုနန်းတော်သို့ ရောက်ရှိလာပြီးသော အခါမှသာ ၎င်းတို့မှာ ရတနာများဖြစ်နေကြောင်း သိရှိခဲ့ရ၏။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီး အကြောင်းကိုပင် မေ့ပျောက်သွားတော့သည်။ ယခုတွင် သူသည် ရုပ်ထုများအားလုံးကို လိုက်လံသိမ်းဆည်းရန်သာ စိတ်ကူးထဲ၌ရှိနေ၏။ တစ္ဆေဝိညာဉ် အဘိုးကြီးမှာလည်း လမ်းပြရာ၌ ပို၍ ကျွမ်းကျင်လာပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း လမ်းတစ်လျှောက်ရှိ ရွာများအား တိုက်ခိုက်သိမ်းပိုက်နေတော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီးနောက် လဝက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ဂြိုဟ်လုံး၏ တစ်ဝက်ကျော်အား တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ရာ ရုပ်ထုတစ်ရာကျော်အထိ သိမ်းဆည်းရမိခဲ့၏။ အချိန်တစ်လ ပြည့်တော့မည်ဖြစ်ပါသော်လည်း သူသည် တစ်ဂြိုဟ်လုံး၏ တစ်ဝက်ခန့်ကိုသာ တိုက်ခိုက်သိမ်းပိုက်သေးရသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိုးရိမ်သွားရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ္ဆေဝိညာဉ်အဘိုးကြီးအား ခြိမ်းခြောက်လိုက်သဖြင့် သူသည် ဝမ်ပေါင်လဲ့အား ထိုဂြိုဟ်ပေါ်‌‌၌ အကြီးဆုံးရုပ်ထုကြီးရှိသော နေရာဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။

၎င်းမှာ အလွန်အင်မတန်မှ နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုဖြစ်၏။ ထိုနေရာတွင် တစ္ဆေဝိညာဉ်များ ရှိမနေပဲ ပေတစ်ထောင်ခန့် မြင့်မားသော ဧရာမ ရုပ်ထုကြီးတစ်ခုကိုသာ စိုက်ထူထားသည်။ ထို ရုပ်ထုကြီးမှာ မြေကြီးထဲ၌ နစ်ဝင်နေသည့်ပုံ ပေါက်နေပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားရှိ ဟင်းလင်းပြင်ကြီးထဲမှ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တစ်မျိုးမှာ ထိုရုပ်ထုကြီးထဲမှတစ်ဆင့် မြေကြီးအောက်သို့ စီးဝင်နေသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ထို ရုပ်ထုကြီးအား အဝေးမှလှမ်းမြင်လိုက်ရသောအခါ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ထိုရုပ်ထုကြီးတစ်ခုလုံးကို ကြယ်တာရာရင်းမြစ်များဖြင့် ဖွဲ့စည်းထားခြင်း မရှိသည့်တိုင်အောင် အစိတ်အပိုင်း အများစုကို ၎င်းဖြင့် ဖွဲ့စည်းထားသည်ပုံပင်။ အခြားအစိတ်အပိုင်းများတွင် အသုံးပြုထားသော ပစ္စည်းများ၏ အရည်အသွေးမှာလည်း အလွန်အင်အတန်မှ အံသြဖွယ်ရာကောင်းပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး ထိုရုပ်ထုကြီးဆီသို့ ချက်ချင်းပင်ပြေးသွားလိုက်၏။ သူသည် ၎င်း၏အနီးသို့ ရောက်သွားသောအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ထုတ်သုံးကာ အော်ဟစ်ရယ်မောလိုက်တော့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ပေတစ်ရာကျော်အထိ မြင့်သွား၏။ ထို့နောက် သူသည် ထိုရုပ်ထုကြီးအား ဖက်ထားလိုက်ပြီး အသံကုန်အော်ဟစ်ကာ လှည့်လိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုသို့လှည့်လိုက်သောအခါ မြေပြင်ကြီးမှာ တုန်ရီသွားရ၏။ သူသည် ထိုရုပ်ထုကြီးအား မြေကြီးထဲမှနေ၍ ဖြည်းဖြည်းချင်း ဆွဲထုတ်နေသောကြောင့် တုန်ခါမှုလှိုင်းတစ်မျိုးမှာ မြေကြီးအောက်သို့ ပျံ့နှံ့သွားတော့သည်။

ထိုအချိန်တွင် ထိုရုပ်ထုကြီး၏ အောက်တွင်ရှိနေသော ဂူတစ်လုံးထဲ၌ အနက်ရောင်မီးခိုးများ ဖုံးလွှမ်းနေသည့် ပလ္လင်တစ်ခု ရှိနေ၏။ ထို အနက်ရောင်မီးခိုးများမှာ ဝဲတစ်ခုအသွင် ပြောင်းလဲသွားပြီး အဆက်မပြတ် လည်ပတ်နေသည်။ ထိုဝဲကြီးထဲတွင် ဝင်းလက်တောက်ပနေကြသည့် အလင်းရောင် အစက်အပြောက် နှစ်ရာကျော်အထိ ရှိနေသည်။ ၎င်းတို့ထဲတွင် အစက်အပြောက်သုံးခုမှာ အကြီးမားဆုံးဖြစ်ပြီး အခြားသော အလင်းရောင်အစက်အပြောက်များ၏ အလယ်ဗဟို၌ ရှိနေကြသည့်ပုံပင်။ ထို အစက်အပြောက်များ လင်းလက်တောက်ပလာကြသည့် အချိန်တိုင်း ဝဲကြီးမှာ ပို၍ပင်မြန်ဆန်စွာ လည်ပတ်လာသည်သာဖြစ်သည်။

သို့သော် ယခုတွင်မူ ထို အလင်းရောင် အစက်အပြောက် နှစ်ရာကျော်ထဲမှ တစ်ဝက်ကျော်မှာ မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ထိုမီးခိုးနက်ဝဲကြီး၏ လည်ပတ်မှု အမြန်မှုန်းမှာလည်း‌ လျော့ကျသွား၏။ အကြီးမားဆုံး အစက်အပြောက်သုံးခုထဲမှ တစ်ခု မှေးမှိန်ပျောက်ကွယ်သွားသောအခါ ထိုဝဲကြီးထဲရှိ မျက်ဝန်းတစ််စုံမှာ ရုတ်တရက်ဆိုသလို ပွင့်လာတော့သည်။

အစပိုင်းတွင် ထိုမျက်ဝန်းများထဲ၌ အံ့အားသင့်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် အချိန်မတန်သေးပဲ နိုးထလာရသည့် အကြောင်းအရင်းအား သိချင်နေသည့်ပုံပင်။ သို့သော် ခဏအကြာတွင် ၎င်းမှာ သူ၏ လေ့ကျင့်ခန်းများအား အထောက်အကူပြုနိုင်ရန် သူကိုယ်တိုင် ကြိုးစားပမ်းစား သန့်စင်ဖန်တီးခဲ့ရသည့် ရုပ်ထုများ၏ အရေအတွက်မှာ တစ်ရာကျော်အထိ လျော့နည်းသွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထို့အပြင် ၎င်း၏ အကြီးမားဆုံး အလင်းရောင် အစက်အပြောက်ထဲမှ တစ်ခုမှာလည်း မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်ရာ ထိုဝဲကြီးထဲမှ အမျက်ချောင်းချောင်း ထွက်နေသည့် အော်ဟစ်သံများ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။

” တောက်ကွာ ”

ထို အော်ဟစ်သံကြီး မြေပြင်အထက်၌ ပဲ့တင်ထပ်သွားသောအခါ ဧရာမ ရုပ်ထုကြီးအား အတင်းအဓမ္မ ဆွဲထုတ်နေခဲ့သော ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။ ထိုအချိန်တွင် ထိုရုပ်ထုကြီးဆီမှ ထွက်ပေါ်နေသော အနီရောင်အလင်းရောင်များမှာ ပို၍ အားကောင်းလာတော့သည်။ ထို့နောက် ထိုရုပ်ထုကြီးမှာ အသက်ဝင်လာသကဲ့သို့ဖြစ်သွား၏။ နဂိုတုန်းက အသက်မဲ့နေခဲ့သည် ၎င်း၏ မျက်ဝန်းများပင်လျှင် တောက်ပလာပြီဖြစ်သည်။

” အသက်ဝင်လာတာလားဟ ” ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ဧရာမ အမှောင်မီးလုံးတစ်လုံး ဖန်တီးလိုက်ပြီးနောက် ထိုရုပ်ထုကြီး၏ ဦးခေါင်းအား လက်ဖြင့်ရိုက်လိုက်တော့သည်။

” အခုလိုဆိုမှတော့လည်း လုယူရုံကလွဲပြီးတော့ တခြားရွေးချယ်စရာ မရှိဘူးတော့ဘူးပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ထိုရုပ်ထုကြီးအား သူ၏ လက်ဝါးဖြင့် အသံအကျယ်ကြီးမြည်အောင် ရိုက်နှက်လိုက်တော့သည်။ ထိုအခါ ထိုရုပ်ထုကြီးမှာ အဆက်မပြတ်တုန်ရီသွားပြီး ၎င်း၏ အနီရောင်အလင်းရောင်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ ဝမ်ပေါင်လဲ့မှာ ထိုရုပ်ထုကြီးအား မြေကြီးထဲမှ အောင်မြင်စွာ ဆွဲထုတ်နိုင်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်လှုပ်တရှားဖြစ်သွားရပြီး ထိုရုပ်ထုကြီးအား သူ၏ သိုလှောင်လက်ကောက်ထဲ၌ သိမ်းဆည်းနိုင်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော် ထိုရုပ်ထုမှာ ကြီးမားလွန်းနေသောကြောင့် သူ၏ သိုလှောင်လက်ကောက်မှာ ချက်ချင်းပင် ပြည့်နှက်သွားသည်ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် သူသည် ထိုရုပ်ထုကြီးအား တစ်စစီဖြစ်အောင် မဖြိုဖျက်နိုင်သရွေ့ ၎င်းအား သိမ်းဆည်း၍ ရမည်မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် နောင်တရသွားရပြီး ဤနေရာသို့ ရောက်မလာခင်တုန်းက သိုလှောင်အိတ်များများ ယူခဲ့သင့်ကြောင်း တွေးနေမိတော့သည်။ ယခုတွင်မူ သူသည် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ထိုရုပ်ထုကြီးကို ဆွဲကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏လက်ကိုမြှောက်ကာ ထိုရုပ်ထုကြီးအား အစိတ်စိတ် အမြွှာမြွှာဖြစ်သွားအောင် အဆက်မပြတ် ရိုက်နှက်နေ၏။ ထို့နောက် သူသည် ကွဲထွက်လာသော အပိုင်းအစများအား သူ၏သိုလှောင်အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းနေတော့သည်။

ဝမ်ပေါင်လဲ့တစ်‌ယောက် ထိုနေရာမှ ထွက်ခွာလာစဉ် မြေကြီးအောက်၌ ရှိနေသော ပလ္လင်ကြီးပေါ်တွင် ပထမဆုံး အကြိမ်တုန်းကထက် အများကြီးပို၍ ကျယ်လောင်သော အော်ဟစ်သံတစ်သံမှာ ပဲ့တင်ထပ်သွား၏။ ဝဲကြီးမှာလည်း ပလ္လင်ကြီး၏ အဝေးသို့ရောက်သွားပြီး ၎င်း၏အရွယ်အစားမှာ သိသိသာသာ ကျုံ့ဝင်သွားပြီဖြစ်သည်။ နောက်ဆုံးတွင် ၎င်းမှာ ငှက်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး လူပုံစံရှိသော သတ္တဝါတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

၎င်း၏ ဦးခေါင်းမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းဖြစ်၏။ သို့သော် ၎င်းမှာ ချောမောလှပခြင်းမရှိဘဲ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး မျက်နှာပေါ်တွင် အနက်ရောင် အမှတ်အသားကြီးတစ်ခုလည်း ရှိနေသေးသည်။ ၎င်း၏ ပါးစပ်ထဲတွင်လည်း ချွန်ထက်နေသောသွားများဖြင့် ပြည့်နှက်နေ၏။ နောက်ဆုံးတွင် ၎င်းမှာ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေသော မျက်ဝန်းများဖြင့် အနက်ရောင်မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ဂူအပြင်သို့ထွက်ကာ တွင်းနက်ကြီးထဲမှ ထိုးထွက်လာပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွား‌လိုက်တော့သည်။

ထိုအခါ အနက်ရောင်မီးခိုးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြ၏။ ထို့နောက် ၎င်းမှာ ရုပ်ထုကြီးအား ပွေ့ပိုက်ကာ အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားနေသည့် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် လှမ်းမြင်လိုက်ရတော့သည်။

” ငါ့ရဲ့ ရုပ်ထုကို ခိုးတဲ့အတွက် မင်း သေရမယ် ” ငှက်ခန္ဓာကိုယ်နှင့် လူခေါင်းတစ်လုံးကို ပိုင်ဆိုင်ထားသည့် ထိုဂြိုဟ်သားကျင့်ကြံသူကြီးမှာ ထိုကဲ့သို့အော်ဟစ်ရင်း ဝမ်ပေါင်လဲ့၏နောက်မှ ပြေးလိုက်သွားတော့သည်။

” ဝိညာဉ်နက်ခေါင်းဆောင်ကြီးပါလား ” ရုပ်ထုကြီးအား အပိုင်းပိုင်းဖြတ်ကာ သူ၏ သိုလှောင်အိတ်ထဲ၌ သိမ်းဆည်းနေသည့် ဝမ်ပေါင်လဲ့မှာ ထိုအသံကိုကြားလိုက်ရသောအခါ နောက်သို့လှည့်ကြည့်လိုက်၏။ ၎င်း၏ အနက်ရောင်မီးခိုးငွေ့များမှာ အလွန်အင်မတန်မှအားကောင်းနေသောကြောင့် သူသည် ၎င်းအား အလွယ်တကူပင် သတိထားမိလိုက်သည်။

” တကယ့်ကို ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ…” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး အရှိန်မြင့်တင်လိုက်၏။ ထို့အပြင် သူသည် ရုပ်ထုကြီးကိုလည်း ပို၍ပင်လျင်မြန်စွာ တိုက်ခိုက်ဖျက်ဆီးနေတော့သည်။

ဝမ်ပေါင်လဲ့တစ်‌ယောက် အဝေးသို့ပြေးထွက်သွားနေသည်ကို မြင်လိုက်ရသောအခါ ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီးမှာ မကျေမနပ်ဖြစ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား လွှတ်ပေးရန် ဆန္ဒမရှိပေ။ ၎င်းမှာ အနက်ရောင်မီးခိုးများ စုဝေးသွားရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ရာ ၎င်း၏ အမြန်နှုန်းမှာ ပို၍မြန်ဆန်ပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီးမှာမူ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဤနေရာတွင် မည်သို့မည်ဖုံ ပေါ်ပေါက်လာရသည်ကို စဉ်းစားတွေးတောခြင်းမရှိဘဲ အရှိန်မြင့်တင်လိုက်ပြီး ဝမ်ပေါင်လဲ့အား တစ်ကိုယ်လုံး ဝါးမျိုးပစ်မည်ဟု စိတ်ထဲ၌ တေးထားလိုက်တော့သည်။

အမှန်တွင် ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီးမှာ ယွမ်ယင်အဆင့်တွင် ရှိနေသည့်တိုင်အောင် အစောပိုင်းအဆင့်သို့သာ ရောက်သေးသည်ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အပြင်ခန္ဓာကိုယ်အား လေ့ကျင့်ထားခြင်းမရှိသလို ၎င်း၏ ဝိညာဥ်ဉာဏ်ပညာမှာလည်း မြင့်မားခြင်းမရှိပေ။ ကျယ်ပြန့်တာအိုနန်းတော်ကြီး ကပ်ဘေးကြီးတစ်ခုနှင့် ကြုံခဲ့ရပြီးနောက် ဤနေရာကြီးအား မစောင့်ရှောက်နိုင်တော့သောကြောင့်သာ သူသည် ဝိညာဉ်နက်ဂြိုဟ်ပုပေါ်တွင် ဩဇာအာဏာကြီးထွားလာခဲ့ခြင်း ဖြစ်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်မှ ထိပ်သီးအဆင့် ပညာရှင်များအားလုံးမှာ ထိုနေရာမှ ထွက်ခွာသွားခဲ့ကြသည်ဖြစ်ရာ ၎င်းမှာ ထိုနေရာအား အုပ်ချုပ်ခွင့် ရသွားခဲ့ပြီးနောက် ထိုနေရာတစ်ခုလုံးအား လေ့ကျင့်ရေးစခန်းတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ ထိုနေရာအနီးတစ်ဝိုက်တွင် ရှိသော ကြယ်တာရာရင်းမြစ်များကို အသုံးပြုကာ ရုပ်ထုများကို နှစ်ပေါင်းများစွာအချိန်ပေး၍ ထုဆစ်ခဲ့ပြီးနောက် ကျင့်ကြံခြင်းလေ့ကျင့်နေခဲ့၏။

သို့သော် ယခုတွင်မူ ၎င်း၏ ကြိုးစားအားထုတ်မှုများမှာ ဝမ်ပေါင်လဲ့ကြောင့် သဲထဲရေသွန်သကဲ့သို့ ဖြစ်သွားရပြီမဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ အမျက်ချောင်းချောင်း ထွက်နေရတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်ထုကြီးကိုလည်း အဆက်မပြတ် တိုက်ခိုက်နေသေးသည်။

” သူခိုးလေး။ ငါမင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုပစ်ပြီးတော့ မင်းရဲ့ဝိညာဉ်ကို ထုတ်ယူပြီးရင် မင်းကို တစ္ဆေဝိညာဉ်တစ်ကောင်ဖြစ်အောင် ပြောင်းပစ်မယ်။ ပြီးရင် ငါ့ရဲ့ရုပ်ထုကို ခိုးယူခဲ့တဲ့အတွက် မင်းကို နှစ်ပေါင်းတစ်ထောင်တိတိ ကျာပွတ်နဲ့ ရိုက်ဦးမှာ ” ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီးမှာ ထိုသို့အော်ဟစ်ကာ ရှေ့သို့ ပျံသန်းလာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသောအခါ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် မန္တန်လက်ကွက်များဖော်ကာ လက်ညှိုးထိုးလိုက်၏။ ထိုအခါ ၎င်း၏ ခန္ဓာကိုယ်မှာ ချက်ခြင်းပျောက်ကွယ်သွားပြီး အနက်ရောင် လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ တိုက်ခတ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ သူသည် အမြန်နှုန်းအပိုင်းတွင် ဝိညာဉ်နက်ဂိုဏ်းခေါင်းဆောင်ကြီးအား ယှဉ်၍မရကြောင်း သိလိုက်ရသဖြင့် မရွှင်မပျ ဖြစ်သွားရပြီး အရှိန်မြှင့်တင်ရန်ပြင်လိုက်၏။ သို့သော် ‌ဝမ်ပေါင်လဲ့မှာ ထိုခေါင်းဆောင်ကြီးသည် အနက်ရောင်လေမုန်တိုင်းကြီးအဖြစ် အသွင်ပြောင်းလည်းသွားခဲ့ခြင်းဖြစ်ကြောင်း သတိထားမိလိုက်သောအခါ မျက်လုံးများ မှေးသွားတော့သည်။

” သူက တကယ်ကို ဝိညာဉ်‌တွေနဲ့ ဆက်စပ်နေတာပဲကွ ” ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပြီး သူ၏လက်ထဲ၌ တစ်ဝက်တစ်ပျက် ကျန်ရှိနေသော ရုပ်ထုကြီးအား ဘေးသို့ချလိုက်၏။ ထို့နောက် သူသည် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ကိန်းအောင်းနေသည့် မျက်ဝန်းတစ်စုံဖြင့် နောက်သို့လှည့်လာတော့သည်။

” ခဗျားက ကန်းနေတာလား။ ကျုပ်က သူခိုးမဟုတ်ဘူး။ ဒါ ကျုပ်ရဲ့ ကျယ်ပြန့်တာအိုနန်းတော်ထဲက ပိုင်နက်လေ။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ကျုပ်က ဒီနေရာကနေ ပစ္စည်းတစ်ခုလာယူတာ။ ကျုပ်က ခဗျားကို ဘာပြဿနာမှ မရှာခဲ့တာတောင် ခဗျားကြီးက ကျေးဇူးမတင်တဲ့အပြင် ကျုပ်ကိုပါ ခြိမ်းခြောက်ရဲတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ ဖြောင့်မတ်မှန်ကန်သည့် လေသံဖြင့် ကြိမ်းဝါးကာ နောက်သို့လှည့်၍ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ညာလက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် ထိုးနှက်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset