Switch Mode

အခန်း ( ၄၉၆ )

ငါက မင်းတို့ရဲ့ခေါင်းဆောင်နဲ့ မိတ်ဆွေကွ

” မလုပ်နဲ့…. ”
ပိုင်ရှောင်ချန်းမှာ ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သို့သော် အားကောင်းလှသော ဆွဲငင်အားကြီးမှာ သူ့ကို တံတိုင်းပေါ်မှ ဆွဲခေါ်သွားလေရာ လေပေါ်သို့လွင့်စင်သွားကာ မန္တန်အစီအရင်ဒိုင်းကာ အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရပြီး သူ၏ စိတ်မှာလည်း ဂယောင်ခြောက်ခြားဖြစ်နေကာ သူ့မျက်နှာမှာလည်း သွေးများမရှိတော့သည့်အလား ဖြူဆုတ်နေတော့သည်။

ထိုသို့ အော်ဟစ်နေရင်း သူက ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ စစ်တပ်ငါးတပ်မှ အခြားသောကျင့်ကြံသူများစွာမှာလည်း သူ့နည်းတူပင် ငါးထောင့်ကြယ်ပုံစံကြီး၏ အနောက်ဘက်ရှိ ဧရာမပါးစပ်ကြီးထဲသို့ စုပ်ယူခံနေရသည်ကို တွေ့လိုက်ရသည်။

အချို့ဆိုလျှင် ပါးစပ်ကြီးထဲသို့ ရောက်ရှိသွားကြပြီဖြစ်ပြီး သွေးစအသားစများအဖြစ်သို့ ရောက်သွားကြပြီဖြစ်သည်။ စစ်မြေပြင်ကြီးတစ်ခုလုံးမှာ သူတို့၏ အော်ဟစ်သံများဖြင့် တုန်ခါနေတော့သည်။ ဤအရာကြီးကြောင့် မဟာတံတိုင်း၏ တပ်ဖွဲ့များ အထိနာနေကြရတော့သည်။

ထိုပါးစပ်ကြီးမှာ ဆာလောင်နေသော တစ္ဆေတစ်ကောင်နှင့်တူနေပြီး ၎င်းထံမှထွက်ပေါ်လာသည့် ဆွဲငင်အားကြီးကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် မှေးမှိန်သွားရသည်။ လေပြင်းကြီးများမှာ ကျင့်ကြံသူများစွာကို ဖြတ်၍ တိုက်ခတ်နေကြသဖြင့် သူတို့မှာ တတ်နိုင်သမျှ သိုင်းကွက်ပေါင်းစုံထုတ်သုံးကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ကြိုးပမ်းနေကြသည်။

အချို့မှာ လျှို့ဝှက်မှော်သိုင်းများသုံးပြီး အချို့မှာ စွမ်းအားကြီးမှော်ရတနာပစ္စည်းများကို သုံးနေကြသည်။ အချို့မှာ ထိုနှစ်ခုကို ပေါင်းစည်းကာ အသုံးပြုနေကြသည်။ လူအနည်းစုမှာ သူတို့၏ စွမ်းအားအကြီးဆုံး ဝှက်ဖဲများကိုပင် ထုတ်သုံးနေကြတော့သည်။

အချို့မှာ အောင်မြင်ပြီး အချို့မှာမူ ကျရှုံးသွားကြရသည်။ ပိုင်ရှောင်ချန်းကမူ အသိစိတ်ပျောက်လုမတတ် ကြောက်ရွံ့နေသဖြင့် တစ်ခုထဲသော အရာကိုသာ စဥ်းစားနိုင်တော့သည်။

” အဲ့ပါးစပ်ကြီးဆီ ရောက်သွားလို့ မဖြစ်ဘူး ”
သူကအံကြိတ်ကာ သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးကို ဖွင့်လိုက်သောအခါ ပြင်းထန်သော စိတ်စွမ်းအင် အငွေ့အသက်များ ပေါ်ထွက်လာပြီး စွမ်းအားကြီး အချုပ်အနှောင် မန္တန်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ကို ချုပ်နှောင်လိုက်သည်။

သို့သော် ထိုမန္တန်မှာ အသုံးမဝင်ပေ။ လူ့ဘီလူးကြီးများ၏ ခေါင်းပေါ်မှဖြတ်၍ ပျံသန်းနေရင်း ဧရာမ ဝိညာဥ်ပါးစပ်ကြီး ပိုမိုကြီးမားလာသည်ကို ကြည့်၍ ပိုင်ရှောင်ချန်းမှာ စိုးရိမ်တကြီးဖြစ်လာတော့သည်။

သူကနီမြန်းနေသော မျက်ဝန်းများဖြင့် လက်နှစ်ဖက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ရင်ဘက်ပေါ်သို့ လက်ဝါးများကို ရိုက်ချလိုက်သည်။

” အသက်ဝင်တောင် ဂါထာတော်။ ”
သူက အသံကုန် အော်ဟစ်လိုက်တော့သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ကျောက်ဆောင်ကြီးမား၏ ဝန်းရံခြင်းကို ခံလိုက်ရသည့်အလား ကြီးမားပြန့်ကားသွားသည်။ ထိုကျောက်ဆောင်ကြီးများက သူ့ဘေးတွင် ဝဲပျံကာ ပေါင်းစည်းနေစဥ် နောက်ထပ်မီတာသုံးရာခန့် ရှေ့သို့ပျံဝဲသွားပြီးနောက် ပိုင်ရှောင်ချန်းကို မမြင်ရတော့ပေ။ သူ၏နေရာတွင် ဧရာမ ကျောက်ဘီလူးကြီးတစ်ကောင် ပေါ်လာပြီဖြစ်သည်။

သူသည် ယခုတွင် တောင်အသေးစားတစ်လုံးကဲ့သို့ မီတာသုံးရာကျော် မြင့်မားနေပြီး ယခင်ကထက် ပို၍လေးလံသွားပြီ ဖြစ်သည်။ သူ့ကိုဆွဲငင်နေသည့် ဆွဲငင်အားကြီးကိုပင် အံတုကာ ရောက်သည့်နေရာတွင် ချက်ချင်းရပ်သွားပြီး အောက်ဘက်သို့ ပြုတ်ကျလာတော့သည်။

ထို့နောက် မြေကြီးပေါ်သို့ အုန်းခနဲဆင်းသက်သွားသောအခါ သူဆင်းသက်လိုက်သည့်နေရာမှနေ၍ တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားကြသည်။ မြေပြင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ပါသော်လည်း ပါးစပ်ကြီးဆီသို့ စုပ်ယူခြင်းကို ခံနေရဆဲပင်။

ပိုင်ရှောင်ချန်း၏ ကျောက်ဘီလူးကြီး မျက်နှာမှာ သူ့ပုံစံအတိုင်း အားလုံးနီးပါး ထပ်တူဖြစ်နေပြီး မတူညီသောအချက်မှာ ထိုဘီလူးကြီး၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ရှုံ့မဲ့ကာ ခေါင်းကိုနောက်ပစ်၍ ကျယ်လောင်စွာအော်ဟစ် နေခြင်းဖြစ်သည်။ သူ၏လက်များကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး မြေကြီးထဲသို့ ထိုးချလိုက်သောအခါ အရာအားလုံးမှာ တုန်ရီသွားရတော့သည်။

သူ့တွင်ရှိသမျှ စွမ်းအင်အားလုံးကို အသုံးချကာ သူ့ကိုယ်သူ မြေကြီးထဲသို့ သံမှိုတစ်ချောင်းအလား ရိုက်ထည့်လိုက်ပြီး ဆွဲငင်အားကြီးက မည်မျှပင် အားကောင်းနေပါစေကာမူ သူက လုံးဝမလှုပ်ရှားတော့ပေ။

ထိုဆွဲငင်အားကြီးမှာ အကြာကြီးမခံနိုင်ပဲ အသက်ရှူကြိမ် ဆယ်ကြိမ်မျှသာ ခံနိုင်သည်။ ထို့နောက် ငါးထောင့်ကြယ်ပုံစံအပေါက်ကြီး နောက်ရှိ ပါးစပ်ကြီးမှာ ၎င်းစုပ်ယူထားသော သွေးစအသားစများနှင့် ကျင့်ကြံသူများ၏ အကြွင်းအကျန်များကို ၎င်းနှင့်အတူ ယူဆောင်သွားတော့သည်။ ထို့နောက် ထိုအပေါက်ကြီးမှာ တဖြည်းဖြည်းနှင့် ပိတ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ရီနေပြီး အသက်ဝင်တောင်ဂါထာတော်၏ ပုံစံမှ မူလနဂိုပုံစံသို့ ပြန်ပြောင်းသွားသောအခါ သူ၏အသက်ရှူသံများမှာ မြန်ဆန်နေရတော့သည်။ ထိုဧရာမပါးစပ်ကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ သူသည် အသက်အန္တရာယ်ကြီးတစ်ခုဆီမှ လွတ်မြောက်သွားသည့်အလား ခံစားလိုက်ရတော့သည်။

ပါးစပ်ကြီး၏ ဆွဲငင်အားကို တွန်းလှန်နိုင်သူမှာ စစ်တပ်ငါးတပ်တွင် ပိုင်ရှောင်ချန်းတစ်ယောက်ထဲသာ ရှိသည်မဟုတ်ပေ။ တံတိုင်းကြီး၏တပ်ဖွဲ့များထဲတွင် ကျင့်ကြံသူပေါင်း သိန်းနှင့်ချီ၍ရှိသည်ဖြစ်ရာ ထိုပါးစပ်ကြီးမှာ အားလုံးအပေါ်သို့ သက်ရောက်မှု မရှိနိုင်ခဲ့ပေ။ ထို့အပြင် အများစုမှာ သူတို့၏ ကိုယ်ပိုင်ဝှက်ဖဲများ ရှိနေကြသဖြင့် ဤအန္တရာယ်ကြီးကို ကျော်ဖြတ်လိုက်နိုင်သည်သာ ဖြစ်သည်။

သို့သော် ထိုအခြင်းအရာကို အောင်ပွဲခံကာ ပျော်ရွှင်နေရန် အချိန်မရှိပေ။ အသက်ရှင်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများက ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မထိန်းနိုင် မသိမ်းနိုင်လောက်အောင် ဆာလောင်မှုများဖြင့် တလက်လက်ထနေသော အေးစက်စက်မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မရေမတွက်နိုင်သော မြေရိုင်းဒေသလူ့ဘီလူးများက သူတို့အား ဝန်းရံထားသည်ကို တွေ့လိုက်ရတော့သည်။

အမှန်မှာ မြေရိုင်းသားများသည် ထိုပါးစပ်ကြီးက စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများကို စုပ်ယူစားသုံးသည်ဖြစ်စေ၊ မစားသုံးသည်ဖြစ်စေ ဂရုစိုက်သည်မဟုတ်ပေ။ သူတို့က ထိုကျင့်ကြံသူများကို ဒိုင်းကာအပြင်သို့ ရောက်လာစေရန်အတွက်သာ ဖြစ်သည်။

သူတို့သည် ဒိုင်းကာအပြင်သို့ရောက်လာပါက သူတို့၏ အသက်များမှာ မြေရိုင်းသားများ၏ လက်ထဲသို့သာ ရောက်သွားမည်ဖြစ်သည်။

စစ်သေနာပတိချုပ်များနှင့် စစ်ဦးစီးမှူးတို့မှာ အောက်လမ်းဆရာဝိညာဥ်များနှင့် တိုက်ခိုက်နေဆဲဖြစ်ရာ အောဟစ်သတိပေးရုံမှ လွဲ၍ အခြားမည်သည်ကိုမှ မလုပ်နိုင်ပေ။
” ချက်ချင်း နောက်ပြန်ဆုတ်ကြဟေ့။ ”

တချိန်ထဲမှာပင် ဧရာမမျက်လုံးကြီးထဲမှ အလင်းတန်းများစွာထပ်၍ထွက်လာပြီး စစ်မြေပြင်ထဲရှိ ရန်သူများကို တိုက်ခိုက်နေတော့သည်။ မန္တန်အစီအရင် ဒိုင်းကာကြီးမှာလည်း တပြိုင်နက်ထဲပင် ရှေ့သို့တိုးလာပြီး အပြင်ဘက်သို့ရောက်ရှိသွားသော ကျင့်ကြံသူများကို ၎င်း၏အကာအကွယ်အောက်သို့ ပြန်ထည့်ရန် ကြိုးပမ်းနေသည်။

အစထဲက ဒိုင်းကာကြီးအနီးတွင် ရှိနေသော ကျင့်ကြံသူများမှာ သူမတူသောအမြန်နှုန်းဖြင့် ပြေးလွှားကာ ဒိုင်းကာကြီး၏ အနောက်သို့ရောက်အောင် ဆုတ်ခွာသွားနိုင်ပေသည်။ သို့သော်လည်း ဒိုင်းကာကြီးနှင့် အလွန်ဝေးနေပြီး များစွာသော လူ့ဘီလူးကြီးများ၏ ပိတ်ဆို့ခြင်းများကို ခံထားရသည့် ကျင့်ကြံသူများမှာ အယောက်နှစ်သိန်းကျော်ရှိနေသည်။

” သူတို့ကို သတ်ဟေ့။ ”
မျိုးနွယ်စု ခေါင်းဆောင်ကြီးများက အော်ဟစ်လိုက်ကြသည်။ အမှန်မှာ စစ်မြေပြင်ပေါ်ရှိ လူ့ဘီလူးကြီးများမှာ ထိုအမိန့်ကိုပင် မလိုပေ။ သူတို့က အသံကုန်အော်ဟစ်ကာ အနီးဆုံးရှိ ကျင့်ကြံသူများထံသို့ ပြေးလွှားသွားကြတော့သည်။

သိန်းဂဏန်းများစွာရှိသော လူ့ဘီလူးကြီးများမှာ ဒိုင်းကာကြီးအပြင်သို့ ဆွဲထုတ်ခံလိုက်ရသည့် ကျင့်ကြံသူများ၏ လမ်းကိုပိတ်လိုက်ကြသဖြင့် သူတို့မှာ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။

ပိုင်ရှောင်ချန်း၏ ဖြူဆုတ်နေသော မျက်နှာပေါ်တွင် အကြောက်တရားများ စွဲကပ်နေသေးသည်ကို မြင်နိုင်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေဆဲပင်။ ဘေးတစ်ဝိုက်ရှိစစ်မြေပြင်ကြီးကို ကြည့်လိုက်သောအခါ သူ၏နှလုံးသားမှာ အေးစက်သွားရပြီး ငိုချင်စိတ်များပင် ပေါက်လာရတော့သည်။ မကြာသေးမီက သူသည် တံတိုင်းကြီးပေါ်တွင် ဘေးမသီရန်မခဖြင့် သူ၏နာမည်ထဲသို့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များစွာ ဝင်နေသည့် ခံစားချက်ကြီးထဲတွင် ပျော်ရွှင်မြူးထူးနေခဲ့သည်။ သို့သော် ယခုတွင်မူ သူသည် ရန်သူများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီဖြစ်ပြီး အသက်အန္တရာယ်ကြီးနှင့် ကြုံနေရပြီ ဖြစ်သည်။

ဤအဖြစ်အပျက်များမှာ အပြောင်းအလဲ မြန်လွန်းလှသဖြင့် သူက လက်သင့်မခံနိုင်လောက်အောင် ဖြစ်နေတော့သည်။ သို့သော် သူက လူ့ဘီလူးအုပ်ကြီးများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ့တွင်ရွေးချယ်စရာ မကျန်တော့မှန်း သိလိုက်တော့သည်။ ထိုလူ့ဘီလူးများအားလုံးမှာ သူ့ကို ဒေါသတကြီးစိုက်ကြည့်ကာ အရူးတစ်ပိုင်းအလား အော်ဟစ်ရယ်မောနေကြပြီး သူရှိရာသို့ အငမ်းမရပြေးလာနေကြပြီဖြစ်သည်။

” မိစ္ဆာပိုင်က ဒီမှာဟေ့။ သူ့ကိုသတ်ကြ။ ”

” ဟားဟားဟား။ မိစ္ဆာပိုင်ဆိုတဲ့ကောင် ငါ့ရှေ့တည့်တည့်ရောက်လာတာ ငါ လုံးဝ မယုံနိုင်ဘူး။ ”

” သူက ငါ့အပိုင်ပဲဟေ့။ အဲ့ကောင်ကို ငါ အရှင်လတ်လတ် ဝါးစားပြီပဲ။ ”

ထိုလူ့ဘီလူးကြီးများက နီးကပ်လာသောအခါ ပိုင်ရှောင်ချန်းသည် သူ၏ ဦးခေါင်းခွံ ပေါက်ကွဲလုမတတ် ခံစားလိုက်ရတော့သည်။ သူတို့မှာ အလွန်နီးကပ်လွန်းနေသဖြင့် သူတို့၏ ပါးစပ်မှ ထွက်ပေါ်နေသည့် အပုပ်နံ့များကိုပင် ရနေတော့သည်။

သူ၏ မျက်ဝန်းများမှာ နီမြန်းနေပြီး အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့် ခံစားချက်ကြီးမှာ သူ၏အသိစိတ်ကို အပ်တစ်ချောင်းဖြင့် ဖြည်းညင်းစွာထိုးနေသကဲ့သို့ ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူ၏သွေးကြောကြီးများမှာ ရုတ်တရက် ထောင်ထလာပြီး သတ်ဖြတ်လိုသော အခိုးအငွေ့တစ်ခုလည်း ပေါ်ထွက်လာတော့သည်။

” ဟေး… ငါ..ငါက မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ မိတ်ဆွေတွေကွ။ ”
သို့သော် သူ၏ နှုတ်မှထွက်လာသည့် အလိမ္မာစကားလုံးများမှာ အသုံးမဝင်တော့ချေ။ လက်ရှိအနေအထားက သူနောက်ဆုတ်၍မရတော့သော အခြေအနေဖြစ်နေသဖြင့် သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများ မြင့်တက်လာတော့သည်။

” ငါ့ရဲ့ အသားစိုင်တွေကို ငါပိုင်တာကွ။ မင်းတို့ပိုင်တာမဟုတ်ဘူး။ ငါ့ကို သေစေချင်နေတယ်ပေါ့ဟုတ်လား။ အေး… မင်းတို့တွေ နောင်တကောင်းကောင်း ရစေရမယ်။ ”
ထိုသို့ဆိုကာ သူ၏ ထည့်စရာအိတ်ကို ပုတ်လိုက်သောအခါ မရေမတွက်နိုင်သော ချပ်ဝတ်တန်ဆာများစွာ ပျံထွက်လာကြတော့သည်။ လူအများစုမှ ချပ်ဝတ်တန်ဆာအနည်းငယ်ကိုသာ တချိန်ထဲတွင်ဝတ်ဆင်လေ့ရှိကြသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထူးခြားသောနည်းလမ်းတစ်ခုကိုသုံး၍ ပုံမှန်ထက်ပိုမိုများပြားသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်နေသည်။ ထို့အပြင် သူဝတ်ဆင်နေသည့် နှုန်းမှာလည်း အလွန်မြန်ဆန်လွန်းလှသဖြင့် မျက်လုံးနှင့်ပင် သေချာမမြင်နိုင်ပေ။

ဓားပျံများနှင့်အတူ မှော်ပစ္စည်းများ ပျံထွက်လာပြီး သူ့ကိုဝန်းရံပေးနေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသည့် အရောင်စုံအလင်းတန်းများက ဝန်းရံနေတော့သည်။

ထိုမျှနှင့် ပြီးမသွားသေးပေ။ စက္ကူလက်ဖွဲ့အဆောင်များ အထပ်လိုက်ပေါ်ထွက်လာပြန်ပြီး သူက ၎င်းတို့ကို ခန္ဓာကိုယ်အနှံ့တွင် ကပ်၍ နိုးထစေလိုက် သောအခါ အလွှာပေါင်းတစ်ထောင်ကျော်ပါသည့် တလက်လက်တောက်ပနေသော ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။

စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်အောင် ပိုင်ရှောင်ချန်းမှာ လျင်မြန်စွာဖြင့် လက်နက်များ၊ ချပ်ဝတ်တန်ဆာများ အပြည့်အစုံဖြစ်သွားတော့သည်။ ထို့နောက် ဒါဇင်များစွာသော လူ့ဘီလူးများသည် ထိုချပ်ဝတ်တန်ဆာများ နှင့် ဒိုင်းကာများကို ဝင်၍ ဆောင့်လိုက်ကြတော့သည်။ ထိုလူ့ဘီလူးကြီးများ အားလုံးတွင် အမြုတေအဆင့်နှင့် ယှဥ်နိုင်လောက်အောင် အစွမ်းထက်လွန်းလှသည့် ကျင့်ကြံခြင်း အခြေခံများ ရှိသည်။ သို့သော် သူတို့မှာ ပိုင်ရှောင်ချန်း၏ အကာအကွယ်များကို လုံးဝမထိုးဖောက်နိုင်သည့်အပြင် တန်ပြန်ဒဏ်များကို ပြန်လည်ခံစားလိုက်ရပြီး နောက်သို့လွင့်စင်သွားကြကာ ပါးစပ်ထဲမှ သွေးများပင် ပန်းထွက်သွားကြတော့သည်။

အနီးရှိ အခြား လူ့ဘီလူးကြီးအားလုံးမှာမူ ဆွံ့အသွားကြရတော့သည်။

” သောက်ကျိုးနည်း။ ဒီကောင်က ချပ်ဝတ်တန်ဆာ ဆယ်ထပ် မကဝတ်ထားတာပဲဟ။ ငါတို့က အဲ့တာကိုဘယ်လိုနည်းနဲ့ ရအောင်ဖောက်ရမှာတုံး။ ”

” ပြီးတော့ အဲ့ စက္ကူလက်ဖွဲ့အဆောင်တွေကိုလည်း ကြည့်ပါဦး။ တစ်ရွက်ချင်းစီတောင် စျေးအရမ်းကြီးနေမှာကို သူက အခု ထောင်ဂဏန်းလောက်ကို သုံးနေတာ။ ”

” ဘုရားရေ။ ဒီကောင်က မသိရင် သက်ရှိ ထည့်စရာအိတ်ကြီးတစ်လုံးနဲ့တောင် တူနေပါရော့လား။ ”

ခေတ္တမျှ ဘေးကင်းသွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူကာ သတ္တိပြန်မွေးလိုက်တော့သည်။ သူ၏အသက်ကိုပင် လောင်းကြေးထပ်ရန် အဆင်သင့်ဖြစ်နေသည့်အလား သူက အနီးဆုံးရှိ လူ့ဘီလူးကြီးများထံသို့ ပြေးသွားတော့သည်။

” မင်းတို့ကောင်တွေ တော်တော်တရားလွန်နေပြီနော် ”
သူက အော်ဟစ်လိုက်သည်။ ဘေးနားမှကြည့်နေသူတချို့မှာ ဤကဲ့သို့ ချပ်ဝတ်တန်ဆာများ၊ အကာအကွယ်များ၊ မှော်ပစ္စည်းများ၊ ဓားပျံများစွာကိုပိုင်ဆိုင်ထားခြင်းမှာ အလွန်လေးလံနေမည်ဟု ထင်နိုင်ပါသော်လည်း သူ၏အမြန်နှုန်းမှာ လုံးဝ ကျဆင်းမသွားပေ။ တစ်ခဏလေးအတွင်း သူက အနီးဆုံး လူ့ဘီလူးကြီးအနားသို့ရောက်သွားပြီး ၎င်းက မတုံ့ပြန်နိုင်ခင်တွင် သူက ဝင်တိုက်လိုက်လေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset