မြေရိုင်းဒေသမျိုးနွယ်စု တစ်ရာကျော်၏ ခေါင်းဆောင်များအားလုံး လုံးဝ တုန်လှုပ်သွားကြလေသည်။
ယခင်တိုက်ပွဲများအတောအတွင်း သူတို့မြင်တွေ့ခဲ့ရသည့် ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများ၏ စွမ်းအားများကြောင့် လုံးလုံးလျားလျား တုန်လှုပ်ခဲ့ရသည်။ ယခုတွင် ဆေးပေါင်းဖိုများ၏ အရွယ်အစားနှင့် သူတို့မှာ အသက်ပင်မရှူနိုင်ကြတော့ပြီ။
” အ…အ..ကြီးကြီးပဲ”
” အဲဒီ ဆေးပေါင်းဖို ဆယ်လုံးသာ ပေါက်ကွဲသွားခဲ့ရင် ” တုန်လှုပ်ခြင်းလှိုင်းများ နှလုံးသားများကို ဆောင့်တိုက်လိုက်သဖြင့် ခေါင်းဆောင်များ၏ မျက်လုံးများပြူးထွက်လာတော့သည်။ ထို့ပြင်သူတို့သာ မဟုတ်ပေ။ ဆေးပေါင်းဖိုများကို မြင်လိုက်သည်နှင့် အရူးအမူး ချီတက်လာကြသည့် ဘီလူးကြီးတစ်သောင်းမှာ နာကျင်ဖွယ် အမှတ်တရများကြောင့် ရုတ်တရက် စိတ်ထိခိုက်သွားကြတော့သည်။
” မိစ္ဆာပိုင်”
” သောက်ကျိုးနည်း၊ အဲ့တာ မိစ္ဆာပိုင်ဟေ့ ”
ကြောက်လန့်မှုများကြောင့် မရေမတွက်နိုင်သော ဘီလူးကြီးများ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။ မိစ္ဆာပိုင်ဆိုသည်မှာ သူတို့ကို အကြီးအကျယ်ဒုက္ခပေးသော စိတ်ထိခိုက်နာကျင်ဖွယ်မြင်ကွင်းများကြောင့် မြေရိုင်းဒေသလူ့ဘီလူးများက ပိုင်ရှောင်ချန်းကို ပေးထားသော နာမည်ပြောင်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သူ့ကို ထိုနာမည်ပေးထားမှန်း မသိသော်လည်း မြေရိုင်းဒေသတွင်တော့ များစွာနာမည်ကြီးနေလေပြီ။
ဆေးပေါင်းဖိုများအပေါ်တွင်သာ မျက်လုံးများအာရုံစိုက်နေကြသည့် အခိုက်အတန့်တွင် မြေရိုင်းစစ်တပ်ထဲမှ စူးစူးဝါးဝါးအသံကြီးတစ်ခု ရုတ်တရက် ဟိန်းထွက်လာ၏။
” အဲဒီဆေးပေါင်းဖိုတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တားကြစမ်း ”
ချက်ချင်းပင် ဝိညာဥ်ကျင့်ကြံသူအမြောက်အမြားနှင့် မျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန် ထုတ်ဖော်လိုက်ကြကာ အကုန်လုံး လွှမ်းခြုံသွားနိုင်မည့် ဧရာမပိုက်ကွန်ကြီးတစ်ခု ဆင့်ခေါ်လိုက်ကြသည်။
ပိုက်ကွန်ကြီးသည် စစ်မြေပြင်ကို ဖြတ်၍ မယုံနိုင်ဖွယ်အမြန်နှုန်းနှင့် တဟုန်ထိုးပြေးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးပေါင်းဖိုများထံ ရောက်သွား၏။ ပိုက်ကွန်က ဆေးပေါင်းဖိုအချို့ကို ပိတ်ဆို့နိုင်လိုက်သော်လည်း ဆေးပေါင်းဖိုများမှာ အလွန်တရာ လျင်မြန်စွာ ရွေ့လျားနေလေရာ လေးလုံးမှာ မြေကြီးနှင့် ရိုက်ခတ်သွားပြီး တိမ်းရှောင်ရန်နှေးလွန်းသည့် လူ့ဘီလူးများ ပြားကပ်သွားတော့သည်။
မြေကြီးနှင့် ထိလိုက်သည်နှင့် မိုးကောင်းကင် အမြင့်ဆုံး၊ မြေပြင်အဝေးဆုံးထိ ဟိန်းထွက်လာသော အသံကြီး၊ စစ်မြေပြင်ရှိ အရာအားလုံးကို ကျော်လွန်နေသည့် အသံ၊ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ရမ်းပစ်နိုင်သော နားကွဲလုမတတ်အသံကြီး ထွက်ပေါ်လာတော့သည်။
ပထမတွင် မီတာ ၃၀၀ အမြင့် ဆေးပေါင်းဖိုများမှ အက်ကြောင်းများ ထလာပြီး ပေါက်ကွဲသွားရာ မြေပြင်များ တုန်ခါသွားပြီး တောင်များ ယိမ်းထိုးသွားလေသည်။ ဆေးပေါင်းဖိုများ၏ နေရာမှ ထွက်ပေါ်လာသော အပြာရောင်မီးတောက်ပင်လယ်ကြီးက ချက်ချင်းပင် မီတာတစ်သောင်းအကျယ်အဝန်းအပြည့် ပျံ့နှံ့သွားကာ နေ့ရက်များ၏အဆုံးသတ်ဖြစ်သွားသည့်အလားပင်။
အပြာရောင် မီးတောက်များ ဖြတ်သွားသည့် နေရာတိုင်း ဘီလူးများကို မီးလောင်တိုက်သွင်းသွားသောကြောင့် မချိမဆန့်အော်ဟစ်သံများ ကြားလိုက်ရလေသည်။ မီးတောက်များအပြင် ဆေးပေါင်းဖို၏ အစအနများမှာ အလွန်တောက်ပသော မီးတောက်ဓားသွားများဖြစ်လာပြီး လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို အပိုင်းပိုင်းဖြတ်သွားလေသည်။
ဤမျှနှင့် မပြီးသေး။ တုန်ခါလှိုင်းတစ်ခုသည်လည်း လွင့်ပျံသွားပြီး မီးလောင်နေသော လူ့ဘီလူးများမှာ စစ်မြေပြင်ကို ဖြတ်၍ လွင့်စဥ်သွားလေသည်။
ပေါက်ကွဲသံကြီးမှာ တသွင်သွင်ကျဆင်းနေသော ရေတံခွန်ကို ကောင်းကင်ဘုံမှလာသော မိုးကြိုးကြီး ပစ်ချလိုက်သည့် အလားပင်။ တချိန်တည်းမှာပင် ငါးရောင်ခြယ်အငွေ့အမျှင်တန်းများ လျင်မြန်စွာ ပျံ့နှံ့လာပြီး လူ့ဘီလူးကြီးများ၏ ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားကာ အသွေးအသားများ ပုပ်သိုးဆွေးမြည့်လာပြီး သွေးပျက်ဖွယ် စူးစူးဝါးဝါးအော်သံများဖြင့် စိတ်ပျက်ဖွယ်ကောင်းနေတော့သည်။
လူ့ဘီလူးကြီးများအနက် အခြားအကောင်ကြီးများမှာ အသိစိတ်မရှိတော့သည့်ပုံပေါ်ပြီး မလှုပ်မယှက် ရပ်နေကာ မီးတောက်များက သူ့တိုကို လောင်ကျွမ်းသွားလေသည်။
သို့တိုင်အောင်…. ယခုထက်ထိ မပြီးသေး။ ဒုတိယမြောက်ဆေးပေါင်းဖို ပေါက်ကွဲသွားပြီးနောက် တတိယမြောက်.၊ စတုတ္ထမြောက်။ ဧရာမပေါက်ကွဲမှုကြီးများ တစ်ခုပြီးတစ်ခု စစ်မြေပြင်ကိုဖြတ်၍ လှိုင်းများထသွားပြီး မီတာ သုံးသိန်းအကျယ်အဝန်းကြီး ပြည့်သွားကာ အပိုင်းအစများသာ ကျန်ခဲ့လေတော့သည်။
ထို့ပြင် ထိုသည်မှာ ဆေးပေါင်းဖိုလေးလုံးသာ ရှိသေးသည်။ အခြား ခြောက်လုံးမှာ ဧရာမပိုက်ကွန်ကြီးဖြင့် ရစ်ပတ်ခံထားရပြီး ပိတ်လှောင်ခံထားရလေသည်။
သို့စေကာမူ ထိုဆေးပေါင်းဖို လေးလုံး ပေါက်ကွဲခြင်းကပင် မြေရိုင်းသားများအတွက် အကြီးအကျယ်ပျက်စီးသွားစေသော ထိုးနှက်ချက်တစ်ခုဖြစ်လေသည်။
လူ့ဘီလူးပေါင်းများစွာ အရှင်လတ်လတ် မီးမြိုက်ခံလိုက်ရ၏။ ဥက္ကာပျံကဲ့သို့ အပိုင်းအစများက ခန္ဓာကိုယ်များကို နေရာပေါင်းစုံ ထိုးဖောက်သွားပြီး တုန်ခါလှိုင်းကြောင့် မရေမတွက်နိုင်သော လူ့ဘီလူးများ စစ်မြေပြင်တွင် လူးလှိမ့်နေရလေသည်။
အားလုံးထဲမှ အဆိုးဝါးဆုံးမှာ ငါးရောင်ခြယ်အငွေ့များပင်။
ထိုအငွေ့များက သက်ရှိတစ်ကောင်တလေကိုပင် မရှင်ကျန်နေစေခဲ့ပေ။ ၄င်းသည် ထူးဆန်းသောဆေးလုံး အမျိုးအစားများကြောင့်ဖြစ်ပြီး ဆေးအာနိသင်များက လူ့ဘီလူးများအား ထိသွားသည့်ပုံစံ ကို ပိုင်ရှောင်ချန်းပင်လျှင် မျှော်မှန်းမထားခဲ့ပေ။
မချိတင်ကဲ အော်ဟစ်သံများ ဆက်လက်ထွက်ပေါ်လာနေပြီး ဝိညာဥ်ကျင့်ကြံသူများ၏ ပါးစပ်များအတွင်းမှ သွေးများပန်းထွက်လာကာ နောက်သို့ လူးလှိမ့်သွားလေသည်။ ထို့အပြင် ထိုဆေးပေါင်းဖိုလေးလုံးသည် လူ့ဘီလူးအမြောက်အမြားကိုသာ သတ်လိုက်နိုင်သည်မဟုတ်ဘဲ လွတ်သွားသူများအပေါ်တွင်လည်း မရေတွက်နိုင်လောက်အောင် ထိခိုက်မှုများ အကြီးအကျယ်ဖြစ်သွားစေသည်။
ထိုလွတ်သွားသော လူ့ဘီလူးများမှာ တိုက်ခိုက်လိုစိတ်များကုန်သွားလေပြီ။ သူတို့၏ ဆုံးဖြတ်ချက်များ အဝေးသို့ လွင့်ပါးသွားပြီး ကြောက်လန့်မှုများ၊ အံ့သြခြင်းများနှင့် မယုံကြည်နိုင်ခြင်းများ သူတို့၏ မျက်လုံးများထဲတွင် ပြည့်လျက် နောက်သို့ ဆုတ်သွားကြလေသည်။
” မိစ္ဆာ…. မိစ္ဆာ…..ပိုင်”
မြေရိုင်းသားများ၏နှလုံးသားများထဲရှိ အကြောက်တရားများကို ဖယ်ရှားရန် တစ်နည်းသာရှိတော့သည့်အလား တစ်ခဲနက် ကြွေးကြော်သံများထွက်လာတော့သည်။ သူတို့၏ ထိတ်လန့်နေသော အကြည့်များ မဟာတံတိုင်းပေါ်ရှိ ပိုင်ရှောင်ချန်းထံ ရောက်လာသောအခါ သူတို့မည်မျှကြောက်လန့်နေကြောင်း သူအာရုံရလိုက်လေသည်။
အမှန်တကယ်တွင် လူ့ဘီလူးများသာ ထိုသို့ တုန့်ပြန်လိုက်ကြသည်မဟုတ်။ စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများစွာမှာလည်း အသက်ရှူရန်ပင် မေ့သွားကြပြီး ပိုင်ရှောင်ချန်းကို အလွန်တရာ ချစ်ကြောက်ရိုသေလေးစားသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
သူသည် ပထမဆုံး ပေါက်ကွဲတတ်သောဆေးပေါင်းဖိုများကို ဖန်တီးခဲ့ပြီး ဝိညာဥ်စုစည်းဆေးလုံးများကို ဖော်စပ်ခဲ့သည်။ စောစောက ပေါက်ကွဲပျက်စီးခြင်းများသည်လည်း သူ့ကြောင့် အစပြုခဲ့လေသည်။သူက ရန်သူများကို ထိခိုက်ဒဏ်ရာပင်မရပဲ ထပ်ခါထပ်ခါ နှိမ်နင်းနေလေရာ စစ်တပ်ငါးဖွဲ့အတွင်းရှိ လူတစ်ယောက်ချင်းစီတိုင်း သူ့နာမည်ကို သိသွားကြလေတော့သည်။
ပေါက်ကွဲမှု၏ အကျိုးဆက်များ တဖြည်းဖြည်း ပျောက်ကွယ်လာသည်နှင့် စစ်မြေပြင်ပေါ်ရှိ စစ်တပ်ငါးဖွဲ့ရှေ့ရှိနေရာကျယ်ကြီးသည် ပြောင်းတလင်းခါလုနီးပါးဖြစ်သွားကြောင်း မြင်သာလာလေသည်။ ဧရာမချိုင့်ခွက်ကြီးလေးခုသာရှိပြီး မပေါက်ကွဲသွားသော ဆေးပေါင်းဖိုအပျက်အစီးခြောက်လုံးသာရှိတော့သည်။
စစ်မြေပြင်မှာ နတ်အဆင့်တိုက်ပွဲနှင့် ပိုင်လင်းနှင့် စစ်တပ်ရှိအခြားခေါင်းဆောင်များ၏တိုက်ပွဲမှ အသံများကိုသာ ကြားရပြီး လုံးဝ တိတ်ဆိတ်လုနီးပါးဖြစ်နေတော့သည်။ စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ အံသြမှင်သင်လျက် ငေးကြည့်နေမိလေသည်။
ခပ်ဝေးဝေးတွင် ပလ္လင်ငါးခုသည် ငါးထောင့်ကြယ်ပုံသဏ္ဍာန်နှင့် အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ ကျမ်းစာအုပ်များကို သံပြိုင်ရွတ်ဖတ်၍ ထိုင်နေသော ဝတ်ရုံနက်အဖိုးကြီးများသည် စစ်မြေပြင်ကို သတိထားကြည့်နေကြကာ တဆတ်ဆတ်တုန်ရီနေကြလေသည်။ ထို့နောက် သူတို့က နတ်အဆင့်တိုက်ပွဲကို လှမ်းကြည့်လိုက်ပြီးနောက် မဟာတံတိုင်းပေါ်တွင် ရပ်နေသည့် ပိုင်ရှောင်ချန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
သူတို့ မည်မျှပင် ဝေးသည်ဖြစ်စေ သူက သူတို့ရှေ့တည့်တည့်တွင် ရပ်နေသည့်အလားပင်။
လောလောဆယ်တွင် ပိုင်ရှောင်ချန်းသည် စစ်မြေပြင်ကို ပါးစပ်အဟောင်းသားပွင့်လျက် ငေးကြည့်နေမိသည်။ တခဏကြာမှ သူ အသက်ရှူရန် သိရလေသည်။ ထို့နောက် သူသည် ကြောက်လန့်မှုကြောင့် နှလုံးတုန် ရင်ခုန်လာတော့သည်။ တချိန်တည်းမှာပင် သူ၏ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များ အံမခန်းအမြန်နှုန်းဖြင့် မြင့်တက်လာနေကြောင်း သတိထားမိလိုက်လေသည်။
” ဒီနှုန်းနဲ့ဆိုရင် ငါသေချာပေါက် တပ်မှူးကြီး ရာထူးတိုးတော့မှာပဲ”
သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့်ဖောင်းပွလာစဥ် သွေးတိမ်တိုက်အတွင်းရှိ အကြည့်တစ်ခုက သူ့အပေါ်ရုတ်တရက် ကျရောက်လာလေသည်။
တချိန်တည်းမှာပင် သွေးမြူစီးကြောင်းတစ်ခုက သူ့ရှိရာဘက်သို့ ပြေးဝင်လာ၏။ ထိုသည်မှာ ဝတ်ရုံအနီနှင့် နတ်အဆင့် မိန်းမပျို၏ တိုက်ခိုက်မှုမှလွဲ၍ တခြားမဟုတ်ပေ။ သို့သော်လည်း ချိန်ဟဲ့ထျန်က ထိုသို့ ဖြစ်ပွားရန် လွယ်လွယ်နှင့် ခွင့်ပြုနိုင်ပါမည်လော။ သူက ကျယ်လောင်စွာ ရယ်ရင်း တိုက်ကွက်ကို ခုခံလိုက်ပြီးနောက် သူတို့ နှစ်ယောက်ကြားရှိ တိုက်ပွဲသည် ပို၍ပင် ပြင်းထန်စွာ ပြန်စတင်တော့သည်။
ပထမတွင် ပိုင်ရှောင်ချန်းသည် ထိတ်လန့်သွားသော်လည်း တိုက်ခိုက်မှုက သူ့ထံမရောက်နိုင်ကြောင်း မြင်လိုက်သောကြောင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း ထိုသက်ပြင်းတစ်ဝက်ပင်လျှင် သူနှုတ်ခမ်းဖျားမှ ထွက်မသွားနိုင်မီ မြေရိုင်းစစ်တပ်အတွင်းမှ ပိုမိုများပြားသော အကြည့်များ သူ့အပေါ် ကျရောက်လာတော့သည်။ ထိုအကြည့်များသည် မရေမတွက်နိုင်သော မျိုးနွယ်စုခေါင်းဆောင်များထံမှလာပြီး အကုန်လုံးက ပိုင်ရှောင်ချန်းကိုသာလျှင် စူးစိုက်ကြည့်နေကြလေသည်။
ထိုအကြည့်များထဲရှိ ရက်စက်ကြမ်းကြုတ်မှုများ အမျက်ဒေါသများသည် ယခင်ကအရာများအားလုံးထက် သာလွန်နေလေသည်…
” သူတို့ ငါ့ကို ဘာအတွက် ကြည့်နေရတာတုံး….။ ကဲ ဒီမှာ ငါ့အလုပ်ပြီးပြီ ။ အမယ်လေး… ဒီနေရာမှာ အခုသိပ်အန္တရာယ်များတာပဲ။ တံတိုင်းက ပြန်တာပဲကောင်းတယ်ဟေ့ ”
ဆုံးဖြတ်ချက်ချပြီးနောက် သူက ထွက်သွားရန် ပြင်လိုက်ဆဲဆဲမှာပင် ရုတ်တရက် မိုးကောင်းကင်ကိုပင် အပိုင်းပိုင်းဖြဲနိုင်လောက်သည်အထိ ပြင်းထန်ပုံရသော ဟိန်းဟောက်သံကြီးတစ်ခုက လေကို ခွင်း၍ ထွက်ပေါ်လာလေသည်။
ထိုသို့ဖြစ်သွားသည်နှင့် ကောင်းကင်ထဲတွင် ယခင်က ပွင့်ထွက်နေသော အက်ကွဲကြောင်းများမှာ လုံးဝ ကွဲထွက်သွားပြီး ငါးထောင့်ကြယ်သဏ္ဍာန်အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာလေသည်။
ထို့နောက် ဗလုံးဗထွေး အသံများ ကြားလိုက်ရသည်။
” ဆာတယ်… အရမ်း… ဆာတယ်”
တချိန်တည်းမှာပင် ကြောက်မက်ဖွယ် သရဲလက်ကြီးများ တစ်ခုပြီးတစ်ခုဆန့်ထွက်လာပြီးဝတ်ရုံနက် အဖိုးအိုများကို အလျင်အမြန်ဖမ်းဆွဲလိုက်ကာ အက်ကွဲကြောင်းများထဲ ဆွဲခေါ်သွားလေသည်။
အဖိုးအိုများက လုံးဝ မခုခံပေ။ သူတို့က သရဲလက်များကို အသာတကြည် ဆွဲသွားခွင့်ပြုလိုက်ပြီးနောက် တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာတော့သည်။
ထူးဆန်းသော မြင်ကွင်းကြီးကြောင့် စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်လျက် စိုက်ကြည့်နေမိကြပြီး အသက်ရှူသံများ ပရမ်းပတာဖြစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ကောင်းကင်ရှိ ငါးထောင့်ကြယ် ပုံသဏ္ဍာန်ကို မျက်လုံးပြူးကြီးများဖြင့်မော့ကြည့်လိုက်ပြီး သူ့ရင်ထဲတွင် မကောင်းသော ခံစားချက်များ ထိုးတက်လာတော့သည်။ သူက မြို့တော်ထဲပြန်ပြေးရန်ပြင်လိုက်စဥ်မှာပင် ငါးထောင့်ကြယ်ထံမှ မယုံကြည်နိုင်ဖွယ် ထစ်ခြုန်းသံကြီး ထွက်ပေါ်လာပြီး ဧရာမပါးစပ်ပေါက်ကြီးပေါ်လာတော့သည်။
ကြည့်ရသရွေ့ ပါးစပ်ပေါက်ကြီးသည် ကောင်းကင်ဘုံကိုကျော်လွန်နေသည့် နေရာတွင် တည်ရှိနေပြီး အလွန်တရာကြီးမားလှသောကြောင့် အပေါက်ကြီးသည် ၄င်း၏ တစ်ပိုင်းတစ်စကိုသာ ပြပေးနိုင်ပုံရလေသည်။
၄င်းသည် သွေးစွန်းနေသော အမည်းရောင်သွားများဖြင့် အစိမ်းရောင်သန်းနေလေသည်။ ထိုပါးစပ်ပေါက်ကြီး ပေါ်လာသည်နှင့် စကားသံများ ပိုကြားလာနိုင်၏။
“ဆာတယ်… အရမ်း..ဆာတယ်”
လူတိုင်း တုန်လှုန်သွားချိန်တွင် ပါးစပ်ပေါက်ကြီးက မဟာတံတိုင်းရှိရာဘက်သို့ ရွှေ့လာပြီးနောက် အားကုန် ရှူသွင်းလိုက်လေသည်။
ကောင်းကင်နှင့် မြေပြင်မှာ မှုန်ဝါးဝါးဖြစ်သွားပြီး ပါးစပ်ကြီးမှ ထွက်ပေါ်လာသည့် မဖော်ပြနိုင်သော ဆွဲအားတစ်ခုကြောင့် အရာအားလုံး တုန်ခါလာတော့သည်။ မန္တန်အစီအရင်အကာအကွယ်ပင် ၄င်းကို မရပ်တန့်နိုင်ဘဲ တခဏအတွင်းမှာပင် စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများစွာ လေပေါ်မြောက်တက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကို လုံးဝထိန်းချုပ်၍ မရတော့ကြောင်းသိလိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူထက်ဝက်ကျော်မှာ အကာအကွယ်ကိုလွန်၍ ပါးစပ်ပေါက်ကြီးထံ ရုတ်တရက် စုပ်ယူခံရလိုက်ရလေရာ တဝီဝီမြည်သံများ ကြားလိုက်ရလေသည်။
မဟာတံတိုင်းကြီးပေါ်ရှိ ပိုင်ရှောင်ချန်း အပါအဝင် ကျင့်ကြံသူအတော်များများ စုပ်ယူခံလိုက်ရလေသည်။ သူသည် တဆတ်ဆတ်တုန်ရီနေလျက် ပြန်ဆုတ်၍ လုံးဝမရတော့ကြောင်း သိလိုက်ရလေသည်။ မဟာတံတိုင်းကြီးရှိ အကာအကွယ်အလွှာ၏အလွန် စစ်မြေပြင်ပေါ်သို့ စုပ်ယူခံလိုက်ရသောကြောင့် သူက အာခေါင်ခြစ်အော်လိုက်လေတော့သည်။