ပိုင်ရှောင်ချန်း၏ စိုးရိမ်သောကများ မြင့်တက်လာစဥ် အောက်ဖက်ရှိ တိုက်ပွဲ အလှည့်အပြောင်းများကြောင့် ချိန်ဟဲ့ထျန်ကို တိုက်ခိုက်နေသည့် အနီရောင်ဝတ်စုံနှင့်မိန်းမပျိုမှာ မျက်မှောင်ကြုတ်သွား၏။
သို့သော်လည်း သူမ တိုက်ခိုက်နေရသည့်တိုက်ပွဲပြင်းအားကြောင့် အပိုအာရုံစိုက်နေရန် အချိန်မရှိပေ။ သူမ၏ပတ်လည်ရှိ သွေးတိမ်တိုက်များမှာ အမြုပ်တစီစီထနေပြီး တိုက်ခိုက်မှုများ ထုတ်လွှတ်နေကြခြင်းကြောင့် မိုးကောင်းကင်တွင် အက်ကြောင်းများ တွန့်လိမ်ကောက်ကွေး ထွက်ပေါ်လာသည်။
မိုးပေါ်တွင် အက်ကွဲသံများ ထွက်ပေါ်လာစဥ် တချို့အက်ကြောင်းများမှာ လျှပ်စီးမိုးကြိုးများအလား မြေပေါ်ကိုပင် ရောက်လာပြီး မြေကြီးနှင့် ထိသွားသည့်အခါ ပေါက်ကွဲမှုကြီးများဖြစ်သွားတော့သည်။
အက်ကြောင်းတစ်ခုက ယင်ယန်ဝိညာဥ်အဆင့်နှင့် နှိုင်းယှဥ်၍ရသော ဝိညာဥ်ကျင့်ကြံသူတစ်ယောက်အား ထိမှန်သွားသည်ကို ကြည့်ရင်း ပိုင်ရှောင်ချန်း၏ ဦးခေါင်းခွံမှာ စပ်ဖျဥ်းဖျဥ်းပင် ဖြစ်လာတော့သည်။ အက်ကြောင်းကြီးထိမှန်သွားသော ထိုဝိညာဥ်ကျင့်ကြံသူမှာ အပိုင်းပိုင်းစုတ်ပြဲသွားကာ ခန္ဓာကိုယ်ကော ဝိညာဥ်ပါ ပျက်စီးသွားလေသည်။
” နတ်အဆင့်… ”
သူကအသက်ရှူလိုက်၏။ ဤသည်မှာ နတ်အဆင့်ကျင့်ကြံသူများ၏ စစ်မှန်သောစွမ်းအင်ကို မျက်မြင်ကိုယ်တွေ့ ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ သူ့ခေါင်းမှာ ချာချာလည်နေတော့သည်။ မြင်လိုက်ရသော စွမ်းအားအဆင့်မှာ သာမန် ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်သည်ထက် များစွာသာလွန်နေလေသည်။ ၄င်းသည် သာမန်ကျင့်ကြံသူများ ရင်ဆိုင်နိုင်သည့်အတိုင်းအတာထက် ကျော်လွန်နေသော အရာပင်။
” လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ကောင်းကင်နဲ့မြေကြီးနဲ့ ပေါင်းစပ်” သူက ရေရွတ်လိုက်သည်။
” ပြီးတော့ အဲဒါတွေရဲ့ အကန့်အသတ်မဲ့ အင်အားကို ငှားယူ…”
သူ၏ရှုထောင့်မှကြည့်လျှင် ချိန်ဟဲ့ထျန်နှင့် အနီရောင်ဝတ်စုံနှင့်မိန်းမပျို၏ေဘးပတ်လည်ရှိ လေဖြစ်ဖြစ်၊ တိမ်ဖြစ်ဖြစ် သို့မဟုတ် အခြားသောအရာများ အားလုံးသည် သူတို့အလိုရှိသလို အသုံးပြုနိုင်သော လက်နက်များဖြစ်နေလေသည်။ ကောင်းကင်နှင် မြေပြင်တွင်ရှိ မည်သည့်အရာကိုမဆို နတ်ဘုရားစွမ်းရည်များကဲ့သို့ အသုံးပြုနိုင်နေ၏။
သူတို့ပတ်လည်တွင် ပုံစံဖြစ်တည်လာသော တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည့် ရှေးခေတ်က အရိပ်များလည်းရှိလေသည်။
ကံကောင်းထောက်မစွာ မဟာတံတိုင်းသည် တိုက်ပွဲတွင် အဘက်ဘက်မှ အရေးသာနေသေးသည်။ စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများ ဆက်လက် ချီတက်နေကြပြီး ဝိညာဥ်များမှာ နောက်သို့တွန်းပို့ခံနေရ၏။ အကာအကွယ် အမုန်းဝိညာဥ်များးမရှိပဲ လူ့ဘီလူး ခုနစ်သိန်းသည် ကျင့်ကြံသူများကို တိုက်ရိုက် တိုက်ခိုက်နေကြရပြီး တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ခံနေရလေသည်။
ထို့အကြောင်းများကြောင့် ပိုင်ရှောင်ချန်းမှာအတော်လေးစိတ်သက်သာရာ ရသွား၏။ ဆင်နွှဲလာခဲ့သော စစ်ပွဲများအနက် ဤတစ်ခုသည် သူကိုယ်တိုင်ပါဝင်ခဲ့ရသော လုံးဝအကြီးမားဆုံးဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း ပိုင်ရှောင်ချန်းက စိတ်အေးလက်အေး သက်ပြင်းချလိုက်သည့် အခိုက့်အတန့်မှာပင် မြေရိုင်းစစ်တပ်အတွင်းရှိ အောက်လမ်းဆရာတစ်ရာကျော်က ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။ အောက်လမ်းဆရာများက အမုန်းဝိညာဥ်များကို မထိန်းချုပ်တော့သောကြောင့် သူတို့က အာရုံစိုက်ရန် အချိန်ပိုရသွားသည်ဟု ဆိုရပေမည်။ တစ်ယောက်ပြီးတစ်ယောက် တင်ပျဥ်ထိုင် နေရာယူလိုက်ကြပြီးနောက် အမည်းရောင်အမွှေးတိုင်များထုတ်ကာ အငွေ့များကို ပြင်းထန်စွာ ရှုရှိုက်လိုက်လေရာ ချက်ချင်းပင် မိန်းမောသွားကြတော့သည်။
အချိန်အနည်းငယ်ကြာသော် သူတို့ကို စောင့်ရှောက်ရန် ဝိညာဥ်ကျင့်ကြံသူအဖွဲ့များစွာ ချဥ်းကပ်လာသည်နှင့်အမျှ အောက်လမ်းဆရာများ၏ ခေါင်းများအပေါ်၌ အရိပ်များပေါ်လာလေသည် ။
သူတို့သည် အောက်လမ်းဆရာများ၏ ကိုယ်ပိုင် ဝိညာဥ်များဖြစ်ကာ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြပြီးနောက် မဟာတံတိုင်း၏ အကာအကွယ်ထံ တဟုန်ထိုးဦးတည်သွားတော့သည်။
အကာအကွယ်သည် မြေရိုင်းသားအများစုကို ဝင်မလာစေရန် ထိန်းနိုင်သော်လည်း စောစောက ရှူရှိုက်လိုက်သည့် အမွှေးတိုင်များအကူအညီဖြင့် အောက်လမ်းဆရာများသည် ယခုတွင် ဖြတ်သန်းသွားနိုင်၏။
ထိုသည်မှာ ပိုင်ရှောင်ချန်းကို လုပ်ကြံရန်ကြိုးစားစဥ်က ဖြစ်ပျက်သွားခဲ့သည်နှင့် တစ်ထပ်တည်းနီးပါးပင်။
အောက်လမ်းဆရာများထံမှ ဝိညာဥ်များ ပျံထွက်လာသည်ကို ပိုင်ရှောင်ချန်းက မြင်လိုက်သည်နှင့် နောက်သို့ ထပ်ဆုတ်လိုက်၏။ ထိုသို့ သူ လုပ်လိုက်စဥ်မှာပင် ဝိညာဥ်များသည် အလင်းတန်းများသဖွယ် ရှေ့သို့ တဟုန်ထိုးပြေးဝင်လာ၍ မဟာတံတိုင်း၏ အကာအကွယ်ကို ထိုးဖောက်သွားလေသည်။
တုံဆိုင်းမနေပဲ ပိုင်လင်းအပါအဝင် စစ်တပ်အမျိုးမျိုးမှ စစ်သေနာပတိချုပ်ငါးဦးသည် တပ်ဖွဲ့များ၏စစ်ဦးချုပ်များကိုဦးေဆာင်လျက် တိုက်ပွဲရှိ အောက်လမ်းဆရာဝိညာဥ်များကို ရင်ဆိုင်ရန် ရှေ့သို့ ပျံတက်လိုက်ကြသည်။
ထို့ကြောင့် အောက်လမ်းဆရာများ၏ ဝိညာဥ်များ မဟာတံတိုင်းအနား ရောက်မလာနိုင်ရန် တားဆီးခံလိုက်ကြရသည်။ ထိုမျှသာမက မျက်လုံးကြီးကလည်း ကြောက်မက်ဖွယ်ကောင်းသော ဖျက်စီးခြင်းအလင်းများဖြင့် ပစ်ခတ်နေလေသည်။
တချိန်တည်းမှာပင် လူ့ဘီလူးများသည် သူတို့၏ မျိုးနွယ်စုခေါင်းဆောင်များထံမှ အမိန့်အသစ်များရလိုက်ကြသည်။ သူတို့၏မျက်လုံးများ နီရဲသွားပြီး သူတို့က ဟိန်းဟောက်ကာ အန္တရာယ်ကိုပင် မမှုပဲ မဟာတံတိုင်းထံ ချီတက်လာကြသည်။
သူတို့က အကာအကွယ်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြရင်း အသေခံဖောက်ခွဲပစ်ကြလိုက်ရာ တဘုန်းဘုန်းအသံများ ပေါ်ထွက်လာတော့သည်။ အကာအကွယ်မှာ ပုံပျက်ရှုံတွလာပြီး ထပ်မံအားနည်းသွားပြန်သည်။
မြေရိုင်းသားများက တိုက်စစ်ဆင်နေလေပြီ။
လူ့ဘီလူးတစ်သောင်းမှာ စစ်မြေပြင်ကို ဖြတ်၍ အကာအကွယ်ကို ချက်ချင်ဝင်တိုးလိုက်ကြရင်း အသေခံ ဖောက်ခွဲနေကြသည်။ အလျင်အမြန်မတုံပြန်နိုင်လိုက်သည့် စစ်တပ်ငါးဖွဲ့မှ တပ်သားများမှာ ပေါက်ကွဲမှုများတွင် ပိတ်မိသွားကြပြီး စူးစူးဝါးဝါးအော်ဟစ်ကာ သေဆုံးသွားကြတော့သည်။
သို့သော်လည်း ထိုအော်သံများမှာ လူ့ဘီလူးကြီးများမှ ဖမ်းဆွဲခံလိုက်ရသည့် ကျင့်ကြံသူများ၏ အော်သံနှင့် ယှဥ်လျှင် အားပျော့သေးသည်။
ထိုအသံများ နားထဲရောက်လာသောအခါ ပိုင်ရှောင်ချန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားတော့သည်။ လူ့ဘီလူးကြီးနှစ်ကောင်က ကျင့်ကြံတစ်ယောက်ကို နှစ်ပိုင်းဖြဲ၍ အစိမ်းလိုက်ဝါးစားလိုက်သည်ကို သူကိုယ်တိုင် ကြည့်နေမိလေသည်။ အကျိုးဆက်အနေနှင့် လူ့ဘီလူးနှစ်ကောင်လုံးမှာ ကျင့်ကြံခြင်းအခြေအဆင့်တက်လုနီးပါး ဖြစ်လာသည်။
လူ့ဘီလူးများက ကျင့်ကြံအားထုတ်ကြသော်လည်း စိတ်စွမ်းအင်ကို သုံးမည့်အစား ဝိညာဥ်စွမ်းအင်ကို စုပ်ယူလေသည်။ သို့သော် ထိုသည်က သူတို့မှာ စိတ်စွမ်းအင်ကို စုပ်ယူလိုသော အလိုဆန္ဒမရှိဟု မဆိုလိုပေ။ အမှန်တကယ်ပင် စိတ်စွမ်းအင်များ အရသာရှိကြောင်း သူတို့ ရှာတွေ့ထားလေသည်။
” သူတို့ကို စားပစ်”
” ကျင့်ကြံသူတွေကို မစားရတာတောင်ကြာပြီ ”
“ဟားဟားဟား၊ ငါပြောနေတာ ဒီလိုအရသာလေ” လူ့ဘီလူးများသည် ရူးသွပ်ခြင်းများဖြင့် ရှေ့သို့ ချီတက်လာကြကာ လက်လှမ်းမီသရွေ့ ကျင့်ကြံသူများကို ဖမ်းဆွဲရင်း တောရိုင်းသားရဲများအလား အငမ်းမရ ဝါးစားပစ်လိုက်ကြလေသည်။
သူတို့ထဲက တချို့မှာ ဆက်လက်၍ အသေခံဖောက်ခွဲနေကြပြီး ပေါက်ကွဲမှုများကြောင့် အကာအကွယ်မှာ အားနည်းလာရုံသာမက သူတို့ လက်ထဲတွင် ဖမ်းမိခံရလောက်အောင် ကံဆိုးသည့် မည်သည့် ကျင့်ကြံသူများကိုမဆို လုံးဝဝါးစားပစ်နေကြ၏။
ပိုင်ရှောင်ချန်း၏ ဖြူဆုပ်နေသော မျက်နှာမှာ မျက်စိရှေ့မြင်တွေ့နေရသည်များကြောင့် နီရဲလာတော့သည်။ လူ့ဘီလူးကြီးများက လူ့အသွေးအသားများကို စားကြောင်း ကြားထားသော်လည်း တကယ့်အဖြစ်အပျက်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်လေသည်။
” အခုက သေရမှာ ကြောက်နေရမယ့် အချိန်မဟုတ်ဘူး”
သူ အံတင်းတင်းကြိတ်ရင်း ဟိန်းဟောက်လိုက်သည်။ သူ၏ ဝိညာဥ်စုစည်းဆေးလုံးများကြောင့် အစောပိုင်းက သူသည် အပြစ်ရှိသလို ခံစားခဲ့ရသော်လည်း ယခု မြေရိုင်းသားများ၏ လူမဆန်မှုများကို သေသေချာချာမြင်တွေ့လိုက်ရသည်တွင် သူ၏ နှလုံးသားမှာ ရုတ်တရက် အေးစက်တင်းမာသွားတော့သည်။
တခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက လှည့်၍ တောက်ပသောအလင်းတန်းအသွင်ပြောင်းကာ မဟာတံတိုင်းမြို့တော်ထဲ ပြန်ဝင်လိုက်ပြီး လက်နက်တိုက်ထံ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။
လက်နက်တိုက်ထဲတွင် မရေမတွက်နိုင်သော ဆေးပေါင်းဖိုများအား ပတ်ပတ်လည် နေရာချထား၏။ မီတာ သုံးရာအမြင့် ဆေးပေါင်းဖိုများကို ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများက ဆက်လက်အပူပေးခြင်းမရှိတော့သော်လည်း ၎င်းတို့မှာ နီရဲနေဆဲဖြစ်ပြီး ပြင်းထန်သော အပူလှိုင်းများ ထုတ်လွှတ်နေလေသည်။
ပိုင်ရှောင်ချန်းက ချက်ချင်းပင် ဆေးပေါင်းဖိုဆယ်လုံးအား စစ်ဆေးလိုက်ပြီးနောက် အသက်တစ်ချက်ရှူ၍ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သို့နှင့် ဆေးပေါင်းဖိုကြီးများအားလုံး လေထဲတွင် ထစ်ခြုန်းသွားကြပြီးနောက် ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်တွင် အဆက်မပြတ်လည်ပတ်လာတော့သည်။
ထို့နောက် သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ရာ သူ၏ ရွှေအမြုတေကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် ထောက်ပံ့ပေးထားပြီး ကောင်းကင်တာအို အရှိန်အဝါတစ်ခုအားဖြည့်ထားသော မရေမတွက်နိုင်သည့် ပိတ်လှောင်ခြင်းအမှတ်အသားများက ဆေးပေါင်းဖိုများထံ ပျံတက်သွားလေသည်။ ၎င်းတို့ ဆေးပေါင်းဖိုများထဲ နစ်ဝင်သွားသည်နှင့် မိုးခြိမ်းသံအလား ဗလုံးဗထွေးအသံများထွက်ပေါ်လာတော့သည်။
ဆေးပေါင်းဖိုကြီးများသည် ယခုထက်ထိ ပေါက်ကွဲတော့မည့်အနေအထားသို့ မရောက်သေးပေ။ ပိုင်ရှောင်ချန်းသည် ကျွမ်းကျင်သော သမားတော်ဖြစ်ပြီး စောစောပေါက်ကွဲစေရန် ဖိအားပေးခြင်းနည်းလမ်းများ အလွယ်တကူရှိလေသည်။ သူ စောစောက ထုတ်လိုက်သည့် ပိတ်လှောင်ခြင်း အမှတ်အသားများ၏ စွမ်းအားကို အားထားခြင်းဖြင့် ဆေးပေါင်းဖိုများအတွင်းရှိ ဆေးစွမ်းအားများကို အချိန်မတန်သေးပဲ မတည်မငြိမ်ဖြစ်စေနိုင်သည်။
ထွက်ပေါ်လာသော ပေါက်ကွဲခြင်းသည် အတန်ငယ်အာနိသင်လျော့သွားလိမ့်မည်ဖြစ်သော်လည်း လွန်ခဲ့သောရက်များစွာအတွင်းက ဆေးပေါင်းဖိုတွင် စွမ်းးအားပမာဏအမြောက်အမြားတည်ရှိနေပြီးလေပြီ။ ဆေးပေါင်းဖိုများအပေါ်တွင် ပိတ်လှောင်ခြင်းအမှတ်အသားများ ထားလိုက်ပြီးနောက် သူက ဆေးပေါင်းဖိုများ ဆွဲယူလျက် မဟာတံတိုင်းထံ တဟုန်ထိုးပြန်သွားလိုက်သည်။
သူပြန်ရောက်လာသောအခါ စစ်တပ်ငါးဖွဲ့ရှိ ကျင့်ကြံသူအတော်များများ သူ့ကို သတိထားမိသွားကြပြီး မြေရိုင်းဒေသလူ့ဘီလူးများသည်လည်း ထိုနည်းတူပင်။ မီတာ ၃၀၀ အမြင့် ဆေးပေါင်းဖိုများအားလံုးက ရဲရဲနီနေပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေခြင်းကြောင့် ထင်းခနဲမြင်သာနေသည် မဟုတ်ပါလော။
“အဲ့တာတွေက….”
” မဟာသမားေတာ်ပိုင်ရဲ့ ဆေးပေါင်းဖိုတွေ”
စစ်တပ်ငါးဖွဲ့ရှိ ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် နက်ရှိုင်းသော မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာတော့သည်။
အောက်လမ်းဆရာဝိညာဥ်များကို တိုက်ခိုက်နေကြသော စစ်သေနာပတိချုပ်များနှင့် စစ်ဦးစီးချုပ်များ၏ မျက်နှာများပေါ်မှာပင် တူညီသော အမူအရာများ မြင်လိုက်ရလေသည်။
အောက်လမ်းဆရာဝိညာဥ်များ၏ မျက်နှာများမှာမူ အံသြတုန်လှုပ်မှုကြောင့် ရှုံ့တွသွားကြပြီး မြေရိုင်းစစ်တပ်မှာ ပင့်သက်ရှိုက်သွားတော့သည်။
အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင်များမှာ အံသြတုန်လှုပ်သွားကြလေသည်။
” အ..အင်..အင်မတန် ကြီးလိုက်တာကြီးတွေ ”
“ဘုရားရေ…”
မည်သူမျှ အံသြမှင်သက်နေခြင်းမှ အသိပြန်မဝင်သေးမီ ပိုင်ရှောင်ချန်းက မဟာတံတိုင်းမြို့တော်အပေါ်ရှိ လေထဲ ပျံတက်သွားကာ ဟိန်းဟောက်ကြုံးဝါးရင်း ဧရာမဆေးပေါင်းဖိုဆယ်လုံးကို စစ်မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။ ၎င်းတို့မှာ တောက်လောင်နေသော နေလုံးကြီးများအလား လေကို ခွင်းသွားပြီး လူ့ဘီလူးများစွာ၏ စစ်တပ်ထဲသို့ တရွေ့ရွေ့လွင့်သွားလေသည်။
ထိုအခိုက်အတန့်တွင် စစ်မြေပြင်တစ်ခုလုံး အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွားပြီး မျက်လုံးများအားလုံးသည် အရှိန်တညီးညီး တောက်လောင်နေသော နေလုံးကြီးများပမာ ဖြစ်နေသော ဆေးပေါင်းဖိုများကိုသာ စိုက်ကြည့်နေကြလေသည်။