ချင်းကျူ ကျောင်းတော်ကား တီအန်ယွာတောင်ကို နောက်ခံထားလျက် ကျယ်ပြန့်သော မြေနေရာကို ပိုင်ဆိုင်ထားသည်၊ ထို့ကြောင့် ပြင်ပ ကျောင်သားများပင်လျင် ကျောင်းဝင်းထဲတွင် ကိုယ်ပိုင်အဆောင် သီးသန့် ဖြင့်နေရ၏။
ရီဖူရှင်းက ယူချင်းနှင့်အတူ ပြင်ပကျောင်းသားများ၏ အဆောင်နေရာရှိရာကို ပြန်လာသည်၊ မိမိအဆောင်နေရာသို့ ရောက်သော် ဘေးနားမှ တိတ်တဆိတ် လိုက်ပါလာသော ယူချင်းအား…
“ယူချင်း… ငါလက်လျှော့လိုက်ချင်ပြီ…”
ယူချင်းက…
“မင်းရဲ့ မှော်ဝိညာဉ်က မနိုးထသေးဘူး ဆိုရင်တောင် မင်းရဲ့ ပါရမီက အရမ်းကြီး ကောင်းနေသေးတယ်”
ဖူရှင်းက မိမိကိုယ်ကို မှော်ထိန်းချုပ်သူဟု ပြောသည်ကို လူတိုင်းက ပြက်ရယ်ပြုကြသော်လည်း အမှန်တကယ်အားဖြင့် ရယ်စရာ မဟုတ်သည်ကို ယူချင်း တစ်ယောက်သာ သိသည်၊ ယူချင်းကား အမှန်တကယ်ပင် မှော်ထိန်းချုပ်သူ ဖြစ်သည်။
“ငါသိတယ်… ငါအရမ်း ကြိုးစားလွန်းတာလည်း ဖြစ်နိုင်တာပဲ…” ဖူရှင်း မသက်မသာ ပြုံးမိသည်၊ သူက ဆက်၍…
“သုံးနှစ်ကြာခဲ့ပြီ … ဒီအတိုင်း ဆက်သွားနေရင် ငါတကယ်ကို မင်းနောက်ကို ရောက်သွားလိမ့်မယ်… ကြည့်ရတာ ငါဒီထက် ပိုကြိုးစားရမယ် ထင်တယ်… လာပါ… လေ့ကျင့်ကြမယ်…”
ဖူရှင်းက မိမိဘေးမှ ယူချင်းအား လှည့်ကြည့်လိုက်၏၊ ကြီးမားသော ခန္ဓာကိုယ်နှင့် ဖူရှင်းထက် ခေါင်းတစ်လုံး ပိုမြင့်သောအရပ်က သဘာဝအားဖြင့် အင်အားကောင်းသော အငွေ့အသက်များ ယူချင်းထံမှ ခံစားရစေသည်။
နှစ်ယောက်သား အဆောင်ဝင်းထဲရှိ သိုင်းလေ့ကျင့်ရာ နေရာကို လျှောက်လာသည်၊ ဖူးရှင်းက ရောက်လျှင်ရောက်ချင်းပင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးကို မှိတ်လိုက်၏ ချက်ချင်းပင် တောက်ပသော လေလှိုင်းများက သူ၏ ပတ်ဝန်းကျင်အား လွှမ်းခြုံလာ၏။ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ ဖူရှင်းရှိရာအား ထိတ်လန့်ဖွယ် စုပြုံလာသည်၊ ယူချင်းက ငြိမ်သက်စွာ ရပ်ကြည့်နေ၏၊ ဖူရှင်းကား အဝေးမှကြည့်လျင် သဘာဝစွမ်းအင်များက သူ့အား လေပွေတစ်ခုကဲ့သို့ ဝန်းရံထားသည့်အလား တွေ့ရသည်၊ အကယ်၍ သည်မြင်ကွင်းအား အခြား တစ်ယောက်ယောက်မှ မြင်လျှင် လန့်ဖျပ်ကာ စကားမပြောနိုင် ဖြစ်သွားပေမည်။
ကြောက်မက်ဖွယ် သဘာဝစွမ်းအင် လေထုလှိုင်းများ သူ့ခန္ဓာကိုယ်မှတစ်ဆင့် သူ့အတွင်းစိတ်၏ စေစားရာဖြင့် သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ စီးဆင်းနေကြ၏။ ထိုနေရာကား သက်စောင့်ဟော်နန်း ဖြစ်သည်၊ သက်စောင့် ဟော်နန်းတွင် ဝိညာဉ် ပိုင်ဆိုင်ခြင်းကို သက်စောင့် ဝိညာဉ်ဟုခေါ်သည်၊ ဤသည်ကား မှော်ထိန်းချုပ်သူ၏ ဝိသေသ တစ်ခုပင် ဖြစ်သည်။
လက်ရှိတွင် ဖူရှင်း၏ သက်စောင့် ဟော်နန်းတွင် ကျောက်စိမ်းရောင် သစ်ရွက်များ ဖုံးလွှမ်းနေသော ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကိုတွေ့ရသည်၊ သို့သော်လည်း သစ်ပင်ဘေးပတ်ဝန်းကျင် မြေကား ခြောက်သွေ့နေသည်၊ သဘာဝ စွမ်းအင်များ သက်စောင့်ဟော်နန်းထံသို့ လျင်မြန်စွာ တိုးဝင်လာသော်လည်း ရှေးဟောင်း သစ်ပင်ကြီးမှ အကုန် စုပ်ယူသွားသည်၊ သစ်ပင်ကြီး၏ သစ်ရွက်များမှာ လေမတိုက်ပါပဲ လှုပ်ခတ်နေကြ၏။
ရှေးဟောင်း သစ်ပင်ကြီးအောက်တွင် ရုတ်တရက် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်၊ သူကား ဖူရှင်းဖြစ်သည်၊ မိမိရှေ့မှ သစ်ပင်ကြီးအား ကြည့်ကာ ရေရွတ်လိုက်သည်…
“သုံးနှစ်ရှိပြီ၊ ငါစုဆောင်းသမျှ သဘာဝစွမ်းအင်တွေ မင်းအကုန် သုံးပစ်တယ်၊ ခုထိ ဘာမှ မထူးခြားဘူး၊ ဒီအတိုင်းဆိုရင် ငါစုဆောင်းတဲ့ သဘာဝစွမ်းအင်တွေကို မင်းဆီကို လွှဲပေးမှာ မဟုတ်တော့ဘူး…”
သူပြောသင့်သည်များ အားလုံး ပြောပြီးသွားပြီ၊ သူ့စိတ်ဆန္ဒဖြင့် ဖန်တီးသော ပုံရိပ်ပျောက်ကွယ်သွား၏။ သူ့ဆီကို တိုးဝင်လာနေသော သဘာဝစွမ်းအင်များက သက်စောင့် ဟော်နန်းဆီကို သွားမည့်အစား သူ့ခန္ဓာကိုယ်အနှံ့ကို ဖြန့်ကြက်လိုက်၏။ ပတ်ဝန်းကျင်မှ ကြီးမားသော အားလှိုင်းတစ်ခုက သူ့ခန္ဓာအား စီးဝင်လာနေ၏။ သူကား နောက်တစ်ဆင့်တက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း ထိုခဏမှာပင် ခန္ဓာကိုယ်ရှိ သဘာဝစွမ်းအင်များအား ဆွဲငင်နိုင်သော အားကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်၊ ထို့နောက် သဘာဝစွမ်းအင်များက တစ်ဖန် သက်စောင့် ဟော်နန်းထံသို့ စုပြုံဝင်လာကြ၏။
ရုတ်တရက် အပြောင်းအလဲက ဖူရှင်းအား ထိတ်လန့်စေသည်၊ ကုန်လွန်ခဲ့သော သုံးနှစ်လုံး သူစုဆောင်းသမျှ သဘာဝစွမ်းအင်များ အားလုံးကို အကုန်ပေးခဲ့သည်၊ သို့သော် မည်သည့် ရလဒ်မှ ရှိမလာပေ၊ ယခုလည်း သူ၏ စွမ်းအားအဆင့် တိုးတက်မှု မရှိအောင် သဘာဝစွမ်းအင်များကို အတင်းစုပ်ယူနေသည်။ ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသကာလ သက်စောင့်ဟော်နန်းထံသို့ စီးဝင်နေသော သဘာဝစွမ်းအင်များကို ထိန်းချုပ်ရန် စတင်ကြိုးစားသည်။ သို့သော်လည်း သူ့ဆန္ဒများကို သွေဖည်ကာ မြန်ဆန်စွာပင် ဆက်လက် စီးဝင်နေသည်။ ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ရှိ သဘာဝစွမ်းအင်များ အားလုံးနီးပါး ဆွဲငင်ယူသွားသည်။ စက္ကန့်ပိုင်းအတွင်း သူ၏ မျက်နှာ ဖျော့ရော့ကာ တုန်ရီလာသည်။
သက်စောင့်ဟော်နန်းအား စီးဝင်နေသော သဘာဝစွမ်းအင်များအား လိုက်ပါ စီးမျောရင်း သူ့ခေါင်းတစ်ခုလုံး တုန်ခါလာသလို ခံစားရ၏။ ကြည့်ရသည်မှာ သက်စောင့် ဟော်နန်းအတွင်း ပြောင်းလဲမှု ကြီးကြီးမားမား တစ်ခု ဖြစ်ဟန်တူသည်။ သူ့အသိစိတ်က ရပ်တန့်ရန် ကြိုးစားသော်လည်း အားလှိုင်းတစ်ခုက သူ့အား ပိတ်ပင်ထားသည်။
“အ…”
ဖူရှင်းထံမှ ညည်းသံတစ်ချက် ထွက်လာသည်။ ဖူရှင်း တစ်ခုခု ဖြစ်နေသည်ကို သတိထားမိသော ယူချင်း ချက်ချင်း ထရပ်လိုက်သည်။ ပို၍ သိသာသည်မှာ ယူချင်း စုဆောင်းထားသော သူ၏ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များကပါ ဖူရှင်းထံသို့ လျင်မြန်စွာ တိုးဝင်နေကြသည်။ အထူးသဖြင့် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ အားလုံး နွမ်းလျ ခြောက်သွေ့လာကြ၏။ ယူချင်းက ဖူရှင်း ဘာဖြစ်နေသည်ကို သိလိုက်သည်။ ချက်ချင်း ယူချင်းနောက်မှ ထိုင်၍ လက်ဝါးနှစ်ဖက်ကို ဖူရှင်း၏ ကျောပြင်တွင် ကပ်လျက် မိမိ၏ သဘာဝစွမ်းအင်များအား စတင် ပို့လွှတ်လိုက်၏။ ချက်ချင်းပင် အားလှိုင်းတစ်ခုက သူ့တစ်ကိုယ်လုံးမှ စွမ်းအင်များအား ကြမ်းတမ်းစွာ ဆွဲငင် ယူဆောင်သွားသည်ကို ခံစားလိုက်ရသည်၊ နောက်ဆုံးတွင် ဒါက တကယ်ကို နိုးထ လာပြီလား… ။
ဖူရှင်း အသိစိတ် ပြန်ဝင်လာသောအခါ သူသိလိုက်သည်က သူ့ခန္ဓာကိုယ် အလွန် အားနည်းနေသည်ကိုပင်၊ သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် မနက်ခင်း နေရောင်အား တွေ့လိုက်လျှင် တစ်ညတာ အချိန်ကြာသွားပြီကို သိလိုက်သည်။
“ငါ ဘာဖြစ်ခဲ့တာလဲ…”
ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်လျှင် ပတ်ဝန်းကျင်ရှိ ခြောက်သွေ့သော သစ်ပင်များကို တွေ့ရသည်၊ သူ့နောက်တွင်ကား အလွန် အားနည်းနေပုံရသော ယူချင်းကို တွေ့ရသည်၊ မနေ့ညမှ အဖြစ်အပျက်ကို ပြန်စဉ်းစားကာ ဖူရှင်း မျက်လုံးကို မှိတ်လိုက်၏။ ထို့နောက် သူ့အသိစိတ်က သက်စောင့်ဟော်နန်းထဲကို တိုးဝင်သွားသည်၊ ဟော်နန်းထဲတွင်ကား ယခင်ကနှင့် မတူဘဲ ကောင်းကင်တွင်{ဆိုလိုသည်မှာ သက်စောင့်ဟော်နန်းထဲတွင် စိတ်ဝိညာဉ် ကမ္ဘာငယ် တစ်ခု ရှိနေသည်} လတစ်စင်း သာနေသည်ကို တွေ့ရသည်၊ ကျယ်ပြန့်သော မြေပြင်တွင် ရေငွေ့များ လှိုင်းထနေသော တောင်တန်း တောင်ကုန်းများကို တွေ့ရသည်၊ သက်စောင့်ဝိညာဉ်နဲ့ တွဲလျက်ရှိနေသော ရှေးဟောင်း သစ်ပင်ကြီးမှာကား အရင် အရွယ်အစားအတိုင်းသာ၊ သို့သော်လည်း သစ်ရွက်များမှာကား သဘာဝစွမ်းအင်များ ဝေ့ကာ ပိုမို စိမ်းလန်းစိုပြည်နေသည်ကို တွေ့ရ၏၊
ရှေးဟောင်းသစ်ပင် အောက်တွင် သူ့အသိစိတ်ဖြင့် ဖန်တီးလိုက်သော သူ့ပုံရိပ်က တစ်ဖန် ပြန်ပေါ်လာသည်၊ သူ့အဖေကများ သူ့ကို လိမ်ထားတာလား၊ သူ ခေတ္တ တွေဝေသွားသည်၊ တစ်ခါက သူ့အဖေက ပြောသည်၊ သူတို့၏ ဘိုးဘေးများသည် ကောင်းကင်၏ ဆန္ဒကို ဆန့်ကျင်သော မှော်စွမ်းအင် ထိန်းချုပ်သူများ ဖြစ်ကြောင်း ပြောပြဖူးသည်၊ ကမ္ဘာသစ်ပင်က မြေပြင်ပေါ်ရှိ မည်သည့် အရာမဆို ဝိညာဉ်ပုံစံ ဖန်ဆင်းနိုင်သည်၊ သို့သော်လည်း ၎င်းသည်ကား နောက်မျိုးဆက်များ ဆက်ခံနိုင်စွမ်း မရှိခဲ့ကြချေ။ ရီဖူရှင်းကား သူတို့ ဘိုးဘေးများ၏ လျှို့ဝှက် စွမ်းရည်များကို ဆက်ခံသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ဒါဆို လွတ်လပ်မှု ကျင့်စဉ်က တကယ်များလား၊ ရီဖူရှင်းက သူကလေးဘဝမှစ၍ အထပ်ထပ် ရွတ်ဆိုခဲ့သော လွတ်လပ်သော ကျင့်စဉ်မန္တန်အား ပြန်မှတ်မိလာသည်၊ သူ့စိတ် တစ်ချက် လှုပ်ရှားသွားသည်၊ ချက်ချင်း မန္တန်အား စိတ်ထဲမှ ရေရွတ်ကာ အာရုံအား မန္တန်ထဲတွင် နှစ်ထားလိုက်သည်။
ချက်ချင်းပင် သူ့အတွင်းစိတ်တွင် သဘာဝစွမ်းအင် အရင်းအမြစ်တစ်ခု တွေ့ရသည်၊ ထိုစွမ်းအင်ထုထဲတွင် သူက အရောင်ကွဲပြားသော သဘာဝစွမ်းအင်များကို တွေ့ရသည်၊ ထိုအရာများကား အသန့်စင်ဆုံးသော သဘာဝစွမ်းအင်များ ဖြစ်သည်၊ အရောင်တစ်ခုစီက ကွဲပြားသော သဘာဝ ဓာတ်စွမ်းအင်ကို ကိုယ်စားပြုသည်။
မီးစွမ်းအင်၊ ဖူရှင်း၏ စိတ်က မီးတောက်ရောင် သဘာဝစွမ်းအင်ကို စူးစိုက်လိုက်သည်။ ထိုအရာကား မီးဓာတ် သဘာဝ စွမ်းအင် ဖြစ်သည်၊ ကမ္ဘာ့သစ်ပင် သက်စောင့်ဝိညာဉ်၏ အရောင်ကား မီးတောက်ကဲ့သို့ အနီရောင် အလျှံညီးညီးများ တောက်လောင်လာ၏။ ချက်ချင်းပင် ဖူရှင်း၏ တစ်ကိုယ်လုံးရှိ သဘာဝစွမ်းအင်များက မီးဓာတ် စွမ်းအင်များအဖြစ် ပြောင်းလဲသွား၏။ ၎င်းစွမ်းအင်များက ဖူရှင်း၏ တစ်ကိုယ်လုံးအား ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။
သစ်သားစွမ်းအင်၊ ဖူရှင်းက လွတ်လပ်မှု ကျင့်စဉ်ဖြင့် မိမိစိတ်အား အစိမ်းရောင် စွမ်းအင် ထံသို့ အာရုံစူးစိုက်လိုက်၏၊ ချက်ချင်းပင် မီးဓာတ်စွမ်းအင်များ အဖြစ်မှ သစ်သားဓာတ်စွမ်းအင်များ အဖြစ် ဖူရှင်း တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွား၏။
ထို့နောက် သတ္တုဓာတ်၊ မြေဓာတ်၊ လေဓာတ်၊ ရေဓာတ်နှင့် အခြားဓာတ်များအား တစ်ခုမှတစ်ခု ပြောင်းလဲနိုင်သည်ကို တွေ့ရ၏။
“ဒါတကယ်လား… မိမိလက်ဝါးကို ဖြန့်ကြည့်ကာ ဖူရှင်း ရေရွတ်လိုက်၏။
“သေချာတာပေါ့… မင်းက ဓာတ်စွမ်းအင် အားလုံးကို သုံးနိုင်တဲ့ မှော်ထိန်းချုပ်သူပဲ…” ဖူရှင်းနောက်မှထိုင်နေသော ယူချင်းက ဖူရှင်း၏ အခြေအနေကို ခန့်မှန်းမိသည့် အလျောက် မှတ်ချက်ချ၏။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား၍ ဝမ်သာသော အရိပ်အယောင်အား အထင်းသား တွေ့ရ၏။ ယူချင်းက ဖူရှင်းအား စိုက်ကြည့်လျက် ဆက်ပြောသည်…
“ပြီးတော့ မင်းက ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်သလို… သိုင်းပညာမှာလည်း ပါရမီ ထူးချွန်တဲ့သူလေ… ကောင်းကင်ရဲ့ဆန္ဒကို သွေဖည်နေပြီပဲ (သဘာဝအတိုင်း မဟုတ်သော)… ချင်းကျူမြို့မှာ မင်းလို နောက်တစ်ယောက် မရှိတော့ဘူး…”
သူ့မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာသည်၊ သူတို့မျိုးနွယ်၏ မျိုးနွယ်ဝင်များထဲမှ မည်သူမှ ဘိုးဘေးများ၏ လျှို့ဝှက်စွမ်းရည်များအား ဆက်ခံနိုင်စွမ်း မရှိသော်လည်း ဖူရှင်းကား ခြွင်းချက်ပင် မဟုတ်ပါလား။
“သွားစို့…”
ရုတ်တရက်ပင် ထိုင်ရာမှ ထလျက် အဆောင်ပြင်ဘက်ကို လျှောက်လှမ်းသွားရင်း ဖူရှင်းက ပြောသည်။
“ဘယ်ကိုလဲ…” ယူချင်းက လှမ်းမေးသည်၊
“တောင်နောက်ဘက်ကို သွားမယ်…” ဖူရှင်းက ပြန်ပြောသည်။
ဖူရှင်းပြောသော တောင်ကား ချင်းကျူကျောင်းတော်၏ နောက်ဘက်မှ တီအန်ယွာ တောင်ကိုပြောခြင်းပင်။
“တောင်တန်းဒေသတွေဘက်မှာ မိစ္ဆာတွေ ရှိတယ်၊ ဘာသွားလုပ်မှာလဲ” ယူချင်းပြန်မေးသည်။
“ငါတို့က တီအန်ယွာတောင် အစပ်နားကိုပဲ သွားမှာလေ… ပြီးတော့ မီးပါနေတာပဲလေ… ဘာကို ကြောက်စရာ လိုသေးလဲ…”
ဖူရှင်းကား ပြောနေရင်းတန်းလန်း တံခါးနားကို ရောက်နေပေပြီ။ ယူချင်းလည်း ပြောလည်း ထူးခြားမည် မဟုတ်သောကြောင့် ဖူရှင်းနောက်မှ လိုက်သွား၏။
တီအန်ယွာ တောင်ကား တောင်တန်းဒေသမှ အပြင်ဘက်ဆုံးသော တောင်တစ်တောင် ဖြစ်သည်။ တောင်တန်းဒေသကား တောင်ကုန်းတောင်တန်းများ ပြည့်နှက်လျက် နယ်နိမိတ် ကျယ်ပြန့်လှသောကြောင့် မည်မျှနက်ရှိုင်းသည်ကို ဘယ်သူမှ တိတိကျကျ မသိပေ၊ တချို့က ပြောသည်မှာ ချင်းကျူကျောင်းတော် ဤနေရာတွင်တည်ရသော အကြောင်းအရင်းမှာ တောင်တန်းဒေသမှ မိစ္ဆာများ ဝင်ရောက်ကျူးကျော်ကာ မြို့သူမြို့သားများအား ထိခိုက်မည် စိုးသောကြောင့် မြို့ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တည်ထားခြင်းဟု ပြောကြသည်၊ ထို့အတူ ကျောင်းတော်မှ ကျောင်းသားများအတွက်လည်း လေ့ကျင့်ရန်နေရာအဖြစ် အသုံးပြုနိုင်သည်။
နေမင်းကား မနက်ခင်းအချိန်ကို ကျော်ဖြတ်၍ ကောင်းကင်၏အလယ်တွင် အလျှံညီးညီး တောက်လောင်နေလေပြီ၊ နေ့လယ်ခင်း နေရောင်ကို အန်တု၍ လူငယ်နှစ်ဦး တီအန်ယွာတောင်အား တက်နေကြ၏။ ထမင်းတစ်အိုးကျက်ခန့် အကြာတွင် ဖူရှင်းတို့ နှစ်ယောက်သား တီအန်ယွာ တောင်ထိပ်သို့ ရောက်လာ၏။ ထို့နောက် တောင်ထိပ်ရှိ တောင်စွန်းအငူတစ်ခုတွင် ထိုင်ကာ အနားယူကြသည်။ ကြီးမားကျယ်ပြန့်သော ကျောင်းတော်ကြီးအား ကြည့်ကာ ဖူရှင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
မိမိကိုယ်ကို မှော်ထိန်းချုပ်သူဟု သိခဲ့သည်မှာ သုံးနှစ်ခန့်ရှိခဲ့လေပြီ၊ သိုင်းပညာ တစ်ခုတည်းသာ တိုးတက်မှုရှိခြင်းအပေါ် သူ မည်သို့ စိတ်ကျေနပ်ပါမည်နည်း၊ သူ့အား စိတ်ပျက်စေလောက်အောင်ပင် သက်စောင့်ဟော်နန်းကား ပြောင်းလဲမှု မရှိခဲ့ပေ၊ သို့သော် ၎င်းအိပ်မက်ဆိုးကား နောက်ဆုံး အဆုံးသတ်ခဲ့လေပြီ၊ နောက်ဆုံးတွင် မိမိဖြစ်လိုသော စွမ်းအားမြင့် မှော်ထိန်းချုပ်သူ တစ်ဦးဖြစ်ရန် လမ်းစ ပေါ်လာလေပြီ၊ သူ၏ တောက်ပသော မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက် အရိပ်အယောင်များအား တွေ့ရသည်။
ပြင်းထန်စွာ လောင်ကျွမ်းနေသော နေရောင်အား စောင့်ကြည့်ကာ ဖူရှင်းက နေရောင်ခြည်အား အတန်ကြာ စူးစိုက်ကြည့်မိလေသည်။ လွတ်လပ်မှု ကျင့်စဉ်၏ အဓိက အချက်ကား စောင့်ကြည့်ခြင်းနှင့် တွေးတောခြင်းဖြစ်သည်။ ယခုလည်း ဖူရှင်းက နေမင်းအား စောင့်ကြည့်ကာ တွေးတောနေခြင်း ဖြစ်သည်။
နေမင်းအား စဉ်းစားဆင်ခြင် နေရင်းမှပင် ရုတ်တရက် ဖူရှင်း တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်လိုက်၏။ ထိုစဉ် နေရောင်ခြည်များမှ မီးတောက်မီးလျှံများအဖြစ် ပြောင်းလဲကာ သူ့ပတ်ဝန်းကျင်အား တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့လာသည်။ ထို့နောက် ၎င်း မီးတောက်များက သူ့ခန္ဓာကိုယ်ထဲအား တိုးဝင်လာကြလေသည်။ ခဏအတွင်းမှာပင် မီးတောက် မီးလျှံများက ဖူရှင်း၏ တစ်ကိုယ်လုံးအား ပျံ့နှံ့သွားလေ၏။
ဖူရှင်းတစ်ကိုယ်လုံး မီးတောက်များ လွှမ်းခြုံကာ မီးလူသားအဖြစ် သူ့မျက်လုံးရှေ့မှာပင် ပြောင်းလဲသွားသည်ကို ယူချင်းမြင်သည်။ တည်ကြည်သော မျက်လုံးများက သူ့အတွင်းစိတ်မှ ပျော်ရွှင်မှုကို ဖုံးကွယ်နိုင်စွမ်းမရှိပေ။ သူတွေးလိုက်သည်။ နောက်ဆုံးတွင် အိပ်ပျော်နေသော နဂါး အမှန်တကယ် နိုးထလာလေပြီ။
မီးတောက်များ လွှမ်းခြုံထားသော ဖူရှင်း၏ အရေပြားများ ကွဲအက်သံများအား အတိုင်းသား ကြားနေရ၏။ မီးလျှံများ လောင်ကျွမ်းလျက် ဖူရှင်း၏ ခန္ဓာကိုယ်မှာ ဆက်လက် ပြောင်းလဲနေ၏။
အတန်ကြာလာသောအခါ ဖူရှင်း၏ အသားအရေမှာ သလင်းကျောက်ကဲ့သို့ လင်းလက် တောက်ပလာလေ၏။ သူ၏ သွေးကြောများထဲတွင်လည်း မီးနဂါးများက ကျယ်လောင်သော ဟိန်းသံများပေးကာ သွေးကြောအနှံ့ ပြေးလွှားနေသည်ကို တွေ့ရသည်။ ဖူရှင်း၏ ကိုယ်မှ ထူးဆန်းသော အသံများ။ ထင်ရှားသော ပြောင်းလဲမှုများ အများအပြား ဖြစ်ပျက်နေသော်လည်း ကံကောင်းစွာပင် အနီးတွင် ယူချင်း တစ်ယောက်သာလျှင်ရှိသည်။ တောင်ထိပ်ပေါ်တွင် သူတို့မှအပ မည်သူမှမရှိပေ။
ယူချင်းက ဖူရှင်းမှာ စွမ်းအင် အဆင့်နှစ်အား တက်ရောက်သွားသလို စွမ်းအင် အဆင့်သုံးသို့ ဆက်၍ တက်ရောက်လာသည်ကို အံ့သြထိတ်လန့်ဖွယ် တွေ့မြင်နေရ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အမှောင်ရိပ်များ သန်းလာကာ နေလုံးကြီးက အနောက်ဘက်သို့ ဝင်ရန် တာစူနေလေပြီ။ သို့သော် ရီဖူရှင်း၏ တစ်ကိုယ်လုံးတွင် သူ့ခန္ဓာကိုယ်အတွင်းမှ မီးမုန်တိုင်းများ တိုက်ခိုက်နေသကဲ့သို့ မီးလျှံမီးတောက်များ လွှမ်းခြုံလျက် ရှိနေသည်ကို တွေ့ရသည်။ ဖူရှင်း၏ အရိုးအဆစ်များ ကွဲအက်သံများ အဆက်မပြတ် ကြားနေရသည်။ ထို့နောက် စွမ်းအင်အဆင့်လေး အတွင်းသို့ ဝင်ရောက်သွားလျှင် သူ့တစ်ကိုယ်လုံးရှိ မီးတောက်များမှာ ပို၍ သန့်စင်လာပြီး ဘေးမှကြည့်နေသော ယူချင်းပင်လျှင် အရိုးထဲထိစိမ့်ဝင်လာသော လောင်ကျွမ်းသော ခံစားချက် အငွေ့အသက်များ ရလာလေသည်။ နောက်ဆုံးတွင် နေလုံးကြီးမှ မိုးကုပ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားမှ ဖူရှင်းမှ လေ့ကျင့်မှုကို ရပ်တန့်လိုက်လေ၏။ ရုတ်တရက် ဖူရှင်း၏ မျက်ခုံးနှစ်ခုကြား နဖူးနေရာမှ မီးတောက်ရောင် တစ်ချက် လင်းလက်သွားသည်။
“မင်း… တစ်ရက်တည်းနဲ့ အဆင့်သုံးဆင့် တက်သွားတယ် ဟုတ်လား…” ယူချင်းက ထိတ်လန့်စွာ ပြောသည်။ သူကား သုံးနှစ်ခန့် တိုးတက်မှု ရပ်တန့်လာခဲ့ပြီးမှ တစ်ရက်တည်းဖြင့် အဆင့်သုံးဆင့် တက်ရောက်သွားလေသည်။ နေမင်း၏ စွမ်းအင်များအား အသုံးပြုကာ လေ့ကျင့်ပြီးသကာလ ဖူရှင်းကား စွမ်းအင် အဆင့်လေးအတွင်းသို့ ဝင်ရောက်ပြီး ဖြစ်သောကြောင့် ခန္ဓာကိုယ်မှလည်း သံမဏိကဲ့သို့ မာကျောသော ကြံ့ခိုင်မှု အဆင့်ကို ရောက်နေပြီ ဖြစ်သည်။
“ဒါအရမ်း မိုက်တယ်…”
ဖူရှင်း ရေရွတ်လိုက်၏။ ပုံမှန်လေ့ကျင့်သူဆိုပါက သံမဏိ ခန္ဓာကိုယ် ပိုင်ဆိုင်ရန် အနည်းဆုံး တစ်လခန့် လေ့ကျင့်ရမည်ဖြစ်သည်။ မှော်ထိန်းချုပ်သူဖြစ်ရန် အတွက် လွတ်လပ်မှုကျင့်စဉ်အား အသုံးပြုကာ နေ၏ စွမ်းအင်အား စောင့်ကြည့်ကာ ဆင်ခြင်ကာ သူ၏ သက်စောင့်ဝိညာဉ် အကူအညီဖြင့် သူကား တစ်ရက်တည်းဖြင့် ယခုအခြေအနေအား ရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုခဏမှာပင် ခန္ဓာကိုယ်အတွင်းမှ အင်အားကောင်းသော စွမ်းအင်များအား ခံစားလျက် အလွန် တက်ကြွလာသည်။ ဖူရှင်းက တောင်ထိပ်အနီးရှိ အလွန်ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်ထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် လက်ဝါးအား သစ်ပင်ထံသို့ ဝှေ့ယမ်းလိုက်လျှင် ကျယ်လောင်သော အသံတစ်သံ ကြားရပြီး သစ်ပင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေသည်။ သူ့လက်ဝါး ထိမိသော သစ်သားပင်စည်နေရာလား လောင်ကျွမ်းကာ မည်းနက်နေလေပြီ။
“စွမ်းအင် နိုးထခြင်း အဆင့်ငါးက လူတောင် မင်းလက်ဝါးရိုက်ချက်ကို ခံနိုင်မယ် ငါမထင်ဘူး” ဖူရှင်း၏လက်ဝါးရိုက်အားကို ကြည့်ကာ ယူချင်းက မှတ်ချက်ပေးသည်။ စွမ်းအင် အဆင့်ငါးအတွင်းမှ သိုင်းသမားကား မည်မျှပင် စွမ်းအားကောင်းသည် ဆိုသော်လည်း ယခု ဖူရှင်း၏ လက်ဝါးရိုက်ချက်အား မည်သို့မှ မမီနိုင်ပေ။ ထို့ကြောင့် ဖူရှင်းမှာ နိုးထခြင်း စွမ်းအင် အဆင့်လေးမျှသာ ဖြစ်သော်လည်း သူ့အား စွမ်းအင် အဆင့်ငါးသိုင်းသမား ထက်ပင် အင်အားကြီးမားသည်ကို တွေ့ရ၏။
***