Switch Mode

အခန်း ( ၄၉၃ )

ဝိညာဥ်စုစည်းအစွမ်း

မြေရိုင်းဒေသ၏ မျိုးနွယ်စု တစ်ရာကျော်မှာ စစ်တပ်ငါးတပ်ထက် အင်အားအရေအတွက် သာပါသော်လည်း ပန်းကန်တစ်ချပ်ပေါ်ရှိ သဲပွင့်များကဲ့သို့ လျော့တိလျော့ရဲဖြစ်နေပြီး စည်းစနစ်ကျနမှု မရှိပေ။

ပုံမှန်ဆိုလျှင် စစ်တပ်ငါးတပ်မှာ မည်သည့်နည်းနှင့်မှ အသာစီးရနိုင်မည် မဟုတ်။ ဤသို့သော တိုက်ပွဲမျိုးတွင် ဖြစ်နေကြဖြစ်ရပ်များအတိုင်း ဝိညာဥ်များကြောင့် သူတို့မှာ ခေါင်းခဲနေရမည်ဖြစ်ပြီး မြေရိုင်းဒေသဘက်မှ တပ်သားများမှာလည်း အကာအကွယ်များစွာ ရရှိနေကြမည်သာ ဖြစ်သည်။

ဝိညာဥ်များ၏ တဟုန်ထိုး ထိုးစစ်ကြောင့် အမြဲလိုလိုပင် မဟာတံတိုင်း၏ ဒိုင်းကာမှာ စစ်မြေပြင်တစ်လျှောက် ရှေ့သို့မတိုးနိုင်ပဲ နောက်သို့ပင် ပြန်အတွန်းခံရကာ တစ်ခါတရံဆိုလျှင် ကျိုးပျက်နိုင်သည့် အခြေအနေအထိပင် ရောက်ခဲ့ရသသည်။

ဤသို့ ဝိညာဥ်အရေအတွက်များစွာ စုစည်းထားသော တိုက်ခိုက်မှုကြီးမှာ ဖော်ပြရန်ပင် ခက်ခဲလွန်းလှသည်မဟုတ်ပါလော။ ဝိညာဥ်တစ်ကောင်ချင်းစီက မန္တန်အစီအရင် ဒိုင်းကာကြီးကို အနည်းငယ်မျှပင် မထိခိုက်နိုင်ပါသော်လည်း စုပေါင်းသွားသောအခါတွက်မူ သူတို့မှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သို့သော် ယခုတွင်မူ ထိုဝိညာဥ်လှိုင်းကြီးက စစ်တပ်ငါးတပ်အနားသို့ ရောက်လာတိုင်း ဝိညာဥ်စုစည်း ဆေးလုံးများကို ပစ်လွှတ်လိုက်ကြသဖြင့် ဝိညာဥ်များရှင်းလင်းနေသည့် ဧရာမ နေရာလွတ်ကြီးများ ပေါ်ပေါက်လာသည် ဖြစ်သည်။ ထို့အပြင် ထိုပေါက်ကွဲမှုများမှာ လူ့ဘီလူးများကိုလည်း ဒဏ်ရာရစေနိုင်သည်။

မြေရိုင်းဒေသကြီးမှာ လည်မျိုကိုညှစ်ကာ နောက်သို့တွန်းထုတ်ခံနေရသည့်အလား ဖြစ်နေတော့သည်။

” သောက်ကျိုးနည်း။ ဘာလို့ သူတို့ဆီမှာ ဆေးလုံးတွေက ဒီလောက်များနေရတာလဲ။ ‘

” မဟုတ်သေးပါဘူး။ မဟာတံတိုင်းတပ်ဖွဲ့တွေက ဆေးပေါင်းဖိုပဲ သုံးတယ်လို့ ငါကထင်နေတာ။ ”

” အဲ့တာဘယ်လိုမျိုး ဆေးလုံးတွေလဲဟ။ အဲ့လိုမျိုးဖြစ်တာ ငါတစ်ခေါက်တော့ ကြုံဖူးတယ်။ ဒါပေမဲ့ အဲ့တုံးက ဆေးလုံးက တစ်လုံးထဲကွ။ သောက်ကျိုးနည်းဟေ့။ အခုသူတို့က ဆေးလုံး ထောင်ဂဏန်းလောက်ကို ပစ်လွှတ်နေကြတာ။ ”

” ငါ…ငါတို့က ဒါကို ဘယ်လိုနည်းနဲ့ ပြန်တိုက်ရမှာတုံး… ”

မျိုးနွယ်စုခေါင်းဆောင်များ၏ အမျက်ဒေါသများမှာ မိုးထိုးနေပြီး ဝိညာဥ်ကျင့်ကြံသူများပင် မျက်မှောင်ကြုတ်နေရတော့သည်။

ဝင့်ဝါတတ်သည့် အောက်လမ်းဆရာ အယောက်တစ်ရာကျော်မှာမူ ဤအခြေအနေကိုပြောင်းပြန်လှန်နိုင်စေရန် ဝိညာဥ်များကို တိုက်ခိုက်စေရုံမျှသာ တတ်နိုင်တော့သည်။ သို့သော်လည်း ထိုအချင်းအရာမှာ လွယ်ကူသည်တော့မဟုတ်ချေ။

” ဒါတွေအားလုံးက ပိုင်ရှောင်ချန်းရဲ့ လက်ချက်ပဲ။ ”

” သောက်ကျိုးနည်းဟေ့။ သူ့ကို ငါတို့မရှင်းနိုင်ရင် ငါတို့ မြေရိုင်းဒေသတပ်ဖွဲ့တွေ အကြီးကြီး နစ်နာဆုံးရှုံးရမှာ။ ”
မဟာတံတိုင်းကို မျိုးနွယ်စုခေါင်းဆောင်များနှင့် အောက်လမ်းဆရာများက မုန်းတီးနေသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။

ထိုအကြည့် များကြောင့် နောက်ထပ် လုပ်ကြံမှုတစ်ခု ထပ်ပေါ်လာမည်ကို တွေးမိလိုက်သဖြင့် တံတိုင်းပေါ်ရှိ ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်သွားပြီ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်တော့သည်။ အောက်ဘက်ရှိ စစ်မြေပြင်ထဲတွင်မူ ကျောက်လုံနှင့် သူ၏စစ်တပ်မှ အခြားလူများမှာ ကြမ်းတမ်းသော တိုက်ပွဲများထဲတွင် ဝင်ရောက်တိုက်ခိုက်နေကြသည်။

စစ်တပ်ကြီးငါးတပ်စုစုပေါင်းနှင့် ယှဥ်ကြည့်လိုက်ပါက ပိုင်ရှောင်ချန်း၏ တပ်ရင်းမှာ အကြီးကြီး မဟုတ်ပေ။ သို့သော် သူတို့မှာ အနည်းငယ် ထင်ပေါ်နေသည်။ သူတို့အားလုံးမှာ ချပ်ဝတ်တန်ဆာများကို အထပ်ပေါင်းများစွာ ဝတ်ဆင်ထားပြီးတိုက်ခိုက်သောအခါတွင်လည်း ကျောက်တုံးတစ်တုံးက ဖန်ခွက်တစ်ခွက်ကို ခွဲနေသည့်အလား ရန်သူများကို အလွယ်တကူချေမှုန်းနေသည်။ အန္တရာယ်ကြီးသော အခြေအနေများတွင်မူ သူတို့က ဝိညာဥ်စုစည်း ဆေးလုံးအရေအတွက် အမြောက်အမြား ထုတ်သုံးနေကြသဖြင့် စစ်တပ်ငါးတပ်၏ အခြားကျင့်ကြံသူများမှာ အားကျစိတ်များဖြင့် လှမ်းကြည့်နေရသည် အထိပင်။

အထူးခြားဆုံး အရာသည်ကား သူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် သူတို့၏မှော်ပစ္စည်းများကို ဖောက်ခွဲအသုံးပြုရာတွင်လည်း တွေဝေမှု ရှိမနေခြင်းပင်။ တပ်မှူးကြီး အချို့ပင်လျှင် ထိုအချင်းအရာများကို သတိထားမိသွားကြသည်။

” အဲ့တာ ဘယ်သူ့တပ်ရင်းက ကောင်တွေလဲဟ။ ‘

” ဘုရားရေ။ သူတို့သုံးနေတဲ့ ဝိညာဥ်စုစည်းဆေးလုံးအရေအတွက်ကို ကြည့်ပါဦး။ ဘာလို့များ ဒီလောက်အများကြီး ရှိနေရတာလဲ။ ”

” မှော်ပစ္စည်းတွေကိုရော ကြည့်ဦး။ အခုလေးတင် သူတို့ မှော်ပစ္စည်းခြောက်ခုကို တစ်ခါထဲ ဖောက်ခွဲလိုက်တာ ငါမြင်လိုက်တယ်။ အဲ့တာတွေက အင်မတန်စျေးကြီးတာကွ “

” အဲ့တာ ဘာဟုတ်သေးလို့လဲ။ သူတို့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ အရေအတွက်ကိုကြည့်ဦး။ လူ့ဘီလူးကြီးတွေ သူတို့ကိုယ်သူတို့ ဖောက်ခွဲရင်တောင် အဲ့ကောင်တွေက ဒဏ်ရာရတာ မဟုတ်ဘူး။ ”

ကျောက်လုံနှင့် တပ်ရင်းထဲရှိအခြားလူများ၏ စွမ်းဆောင်မှုများမှာ မျက်စိများကို အဖမ်းစားနိုင်ဆုံးဖြစ်နေပြီး သူတို့ သတ်ဖြတ်ထားသည့် ဝိညာဥ်များနှင့် လူ့ဘီလူးများ၏ အရေအတွက်မှာ အခြားကျင့်ကြံသူတိုင်းထက် များစွာ သာလွန်နေတော့သည်။

သူတို့ စစ်မြေပြင်တစ်လျှောက် တိုက်ခိုက်ကာရှေ့သို့ချီတက်နေခြင်းကို မည်သည်ကမှ မတားဆီးနိုင်ကြပေ။

” ကြိုစားထား ငါ့ကောင်တို့။ ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်တရှား အော်ဟစ်လိုက်သည်။ သူ၏ အနီးရှိ တံတိုင်းပေါ်တွင် နေရာယူထားသော တပ်သားအချို့ဘက်သို့ လှည့်လိုက်ပြီး သူက ဂုဏ်ယူစွာ ပြောလိုက်သည်။
” အဲ့တာ ကျုပ်ရဲ့တပ်သားတွေဗျ။ ဘယ်လိုလည်း။ တော်တော် ကြမ်းတယ်မလား ”

ပိုင်ရှောင်ချန်း၏ တပ်ရင်းမှာ လက်နက်အစုံအလင်နှင့် တိုက်ပွဲဝင်နေပုံကြောင့် အခြား ကျင့်ကြံသူများမှာ ဆွံ့အနေကြရသည်။ အများစုမှာ ပိုင်ရှောင်ချန်းကို အားကျစိတ်များဖြင့် လှမ်းကြည့်ကာ သက်ပြင်းသာချနိုင်ကြတော့သည်။

” သူတို့က အရေခွံဆုတ်တပ်သားတွေမှ မဟုတ်တော့ပဲ။ သမားတော် ပိုင်ရဲ့ ကိုယ်ပိုင် အစောင့်အရှောက်တွေ ဖြစ်နေကြပြီပဲကို ”

ထိုအချိန်တွင် ခပ်လှမ်းလှမ်းတစ်နေရာမှ ရုတ်တရက် မိုးခြိမ်းသံကြီးတစ်သံကို ကြားလိုက်ရသည်။ ပိုင်လင်းနှင့် စစ်တပ်၏ အခြားခေါင်းဆောင်များမှာ အထူးတဆန်းဖြစ်သွားကြပြီး ပိုင်ရှောင်ချန်းမှာ လန့်ဖြန့်သွားရသည်။ လူတိုင်းမှာ ခပ်လှမ်းလှမ်းရှိ တိမ်တိုက်များ ဘေးဘက်သို့ရောက်သွားသည်ကိုကြည့်နေကြရင်း မြစ်တစ်စင်းမှာ ပေါ်ထွက်လာသည်။

ထိုမြစ်ကြီးမှာ ကျယ်ပြောလွန်းသဖြင့် ပင်လယ်တစ်စင်းနှင့် တူနေပြီး အရောင်မှာ မည်းနက်နေသသည်။ ထိုရေထဲမှ လွတ်မြောက်အောင် ရုန်းကန်နေကြသည့် မရေမတွက်နိုင်သော ဝိညာဥ်များကို ရေထဲတွင် မြင်တွေ့နိုင်သည်။ သို့သော် တစ်ကောင်တစ်လေမှ မလွတ်မြောက်နိုင်ပဲ ရေစီးနှင့်အတူ မျောပါသွားရသည်သာ ဖြစ်သည်။

” မြေအောက်မြစ် ”
တစ်စုံတစ်ယောက်က အလန့်တကြား ထအော်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် နောက်သို့ထပ်ဆုတ်လိုက်ပြီး ဧရာမ မြေအောက်မြစ်ကြီးကိုမျက်လုံးများပြူးကာ ကြည့်နေတော့သည်။ အနည်းငယ်ကြာသောအခါ မြေအောက်မြစ်၏ စီးဆင်းနေသော မြစ်ရေများဘေးတွင် ဧရာမလက်ကြီးတစ်ဖက်က ရုတ်တရက် ပေါ်ထွက်လာသည်။

ချက်ချင်းပင် ပြင်းထန်သောဖိအားများ ပေါ်ထွက်လာပြီး မဟာတံတိုင်း၏ အစီအရင် ဒိုင်းကာကြီးမှာ တုန်ရီသွားရသည်။ အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ဦးနှင့် တိုက်ခိုက်နေဆဲဖြစ်သည့် ချိန်ဟဲ့ထျန်ပင် ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားရသည်။

ထို့နောက် ထိုဧရာမလက်ကြီးမှာ ဓားတစ်ချောင်းကဲ့သို့ ကျဆင်းလာပြီး မြေအောက်မြစ်ထဲသို့ ခုတ်ထစ်လိုက်သောအခါ ကျယ်လောင်ကာ အသိစိတ်များကိုပင် ထုံထိုင်းသွားစေနိုင်သည့် ထစ်ချုန်းသံများ လေထုထဲတွင် ပြည့်နှက်သွားတော့သည်။

ဂျုန်းဂျုန်းဂျုန်း…..

ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှပြီး မြေအောင်မြစ်ကြီးမှာ ပွင့်ထွက်သွားကာ မြစ်လက်တက်တစ်ခုကဲ့သို့ ခွဲထွက်သွား၍ မဟာတံတိုင်းဘက်သို့ စီးဆင်းလာတော့သည်။

ထို့နောက် ပွင့်သွားသော အပေါက်ကြီးမှာ ပြန်ပိတ်သွားပါသော်လည်း ဝိညာဥ်အရေအတွက်များစွာ အပြင်သို့ ထွက်နေသည်ကိုမူ မတားဆီးနိုင်ပေ။ မြေအောက်မြစ်၏ အနက်ရောက်ရေများမှာ လေကိုဖြတ်၍ စစ်မြေပြင်နှင့် မဟာတံတိုင်း၏ ဒိုင်းကာဆီသို့ အပြေးလာနေကြတော့သည်။

လူ့ဘီလူးအချို့မှာ နှေးလွန်းနေသဖြင့် တုံ့ပြန်ချိန်မရလိုက်ပဲ ရေစီးဆင်းမှုနောက်သို့ ပါသွားရတော့သည်။ သူတို့မှာ အော်ဟစ်ရင်းဖြင့် အရည်ပျော်ဝင်သွားကြပြီး မြစ်၏တစ်စိတ်တစ်ပိုင်းအဖြစ်သို့ ရောက်သွားရတော့သည်။

ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် မည်သူမှပင် တုံ့ပြန်ချိန်မရလိုက်ချိန်တွင် မြေအောက်မြစ်ထဲရှိ ဝိညာဥ်များစွာမှာ မဟာတံတိုင်း၏ ဒိုင်းကာဆီသို့ ရောက်ရှိသွားကြတော့သည်။

ထိုအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံပေါ်ထွက်လာပြီး ဒိုင်းကာကြီးမှာ ယခင်ကနှင့်မတူလောက်အောင် တုန်ခါသွားပြီး လျင်မြန်စွာပင် အားအင်များ ယုတ်လျော့သွားတော့သည်။

ဒိုင်းကာကြီးက အားနည်းသွားသောအခါ နောက်ဘက်သို့ ပြန်ကျုံ့သွားသဖြင့် စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ တပ်ဆုတ်လိုက်ရတော့သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။

ပိုင်လင်းကမူ ဖြစ်ပျက်နေသည်များကို တွေ့လိုက်ရသောအခါ အော်ဟစ်လိုက်ပြီး အမိန့်ပေးလိုက်လေသည်
။ ” မင်းတို့အားလုံး ရှိသမျှ ဝိညာဥ်စုစည်း ဆေးလုံးတွေကို ထုတ်သုံးကြဟေ့။ ဒီ ဝိညာဥ်တွေကို အနိုင်မယူနိုင်ဘူးဆိုတာကို ငါမယုံဘူး။ ”

ထိုအခါ စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာ အံကြိတ်ကာ နောက်ဆုတ်ရင်းဖြင့် ဝိညာဥ်စုစည်း ဆေးလုံးများဖြင့် ပေါက်နေကြတော့သည်။

အချိန်တစ်ခဏလေးအတွင်း ကောင်းကင်ကြီးမှာ ဆေးလုံးများဖြင့် ပြည့်နှက်သွားသည်။ ဆေးလုံးများမှာ ဝိညာဥ်များကိုသာ ထိခိုက်သည်ဖြစ်ပြီး မြေအောက်မြစ်ရေအပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း အသုံးဝင်နေဆဲပင်။

ထို့အပြင် ပေါက်ကွဲသည့် ဆေးလုံးအရေအတွက်မှာ များပြားလွန်းနေသဖြင့် ၎င်းတို့မှာ မြေအောက်မြစ်ထဲတွင် ရေဝဲများအသွင်ပင် ပြောင်းလဲသွားတော့သည်။

ချက်ချင်းပင် ထိုရေဝဲများမှာ အနီးအနားရှိဝိညာဥ်များကို စုပ်ယူနေကြပြီး တချိန်ထဲမှာပင် အရွယ်အစားကြီးမားလာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြသည်။

ခဏအကြာတွင် မြေအောက်မြစ်ထဲရှိ ဧရာမရေဝဲကြီးတစ်ခုမှာ ဝိညာဥ်ပေါင်းများစွာအား စုပ်ယူနေသည်ကိုမြင်နိုင်ပြီး ထိုရေဝဲကြီးမှာ နောက်ဆုံးတွင် တုန်ရီကာ ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုကြီးပျံ့နှံ့သွားသောအခါ မြေအောက်မြစ်ရေများမှာ အရပ်မျက်နှာပေါင်းစုံသို့ လွင့်စင်သွားပြီး သနားစဖွယ်အော်ဟစ်သံများလည်း ထွက်လာကြတော့သည်။

မဟာတံတိုင်း၏ ဒိုင်းကာမှာ အားလျော့နေပါသော်လည်း စစ်တပ်ငါးတပ်မှကျင့်ကြံသူများမှာ အသာစီးရနေဆဲပင်။ မြေအောက်မြစ်ကြီးမှာ ပျောက်ကွယ်စပြုလာပြီး စောစောက ပွင့်နေသည့်အပေါက်ကြီးမှာလည်း ပြန်ပိတ်သွားပြီဖြစ်သည်။ ထိုအပေါက်ကြီးကို ဖွင့်နိုင်သည့် လက်ကြီးမှာ တစ်ခေါက်သာဖွင့်နိုင်သည့် သဘောရှိသည်။

စစ်မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ဝိညာဥ်များစွာမှာ ဖျက်စီးခံလိုက်ရပြီး ကျန်ရှိနေသေးသည့် ဝိညာဥ်များမှာလည်း ရုန့်ရင်းဆန်ခတ်ဖြစ်ကုန်ကြသဖြင့် အောက်လမ်းဆရာများမှာ သူတို့ကို မထိန်းချုပ်နိုင်ကြတော့ပဲ ဝိညာဥ်အချို့ဆိုလျှင် ထွက်ပြေးကာ မြေရိုင်းသားများကိုပင် ပြန်လည်တိုက်ခိုက်နေကြတော့သည်။

ဤအခြေအနေမှာ စစ်တပ်ငါးတပ်အတွက် အခွင့်ကောင်းယူရန် အကောင်းဆုံး အခြေအနေဖြစ်သည်။ ပိုင်လင်းက အနည်းငယ်မျှ တွေဝေမနေပဲ တန်ပြန်တိုက်စစ်ဆင်ရန် အမိန့်ပေးလိုက်တော့သည်။ ဒိုင်းကာကြီးမှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ကာ ရှေ့သို့တိုးသွားပြီး စစ်တပ်ငါးတပ်၏ ကျင့်ကြံသူများမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားတော့သည်။

ကျောက်လုံနှင့် ပိုင်ရှောင်ချန်း၏တပ်မထဲရှိ အခြားအဖွဲ့ဝင်များမှာလည်း ဓားသွားများအလား ရန်သူများကို သနားညှာတာမှု ကင်းမဲ့စွာ ကွက်မျက်နှိမ်နင်းနေတော့သည်။

ယခုဖြစ်ပျက်သွားသည့် ဖြစ်ရပ်များကြောင့် ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်ရင်း ကျန်ခဲ့ရတော့သည်။ သူ၏ ဝိညာဥ်စုစည်း ဆေးလုံးများ၏ ပေါက်ကွဲမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေလိမ့်မည်ဟု သူကိုယ်တိုင်ပင် မတွေးထားမိပေ။

” ထူးဆန်းပါ့ပဲ… ”
သူက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တွေးလိုက်သည်။
” ဒီဆေးလုံးတွေ ဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ ”
လူ့ဘီလူးအုပ်စုထဲရှိ ခေါင်းဆောင်များမှာ သူ့ကို ရန်လိုသောအကြည့်များဖြင့် ကြည့်နေသည်ကိုလည်း သူက မြင်နေရသည်။ အကြည့်များကြောင့်သာ အသက်သေနိုင်ပါက သူသည် ထိုနေရာတွင်ပင် နုတ်နုတ်စဥ်းခံရပြီး အရှင်လက်လက် ရေနွေးထဲထည့်ပြုတ်ခံနေရမည်သာ ဖြစ်သည်။

” အမ်…. ”
ပိုင်ရှောင်ချန်းသည် သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်မျှ အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။ တချိန်ထဲမှာပင် သူသည် အန္တရာယ်များ ပို၍ကြီးမားလာသည်ကိုလည်း ခံစားလိုက်ရတော့သည်။ သို့သော်လည်း သူတို့မှာ စစ်ပွဲတစ်ပွဲ၏ မတူညီသော နှစ်ဘက်တွင်ကိုယ်စီ ရှိနေကြသည်ဖြစ်၍ သူ့အနေဖြင့် မည်သို့မျှ မတတ်နိုင်ချေ။


Comment

Leave a Reply

Options

not work with dark mode
Reset