Switch Mode

အခန်း (၅၉၆)

မီးခိုးနက်ဂြိုဟ်

ဝမ်ပေါင်လဲ့မှာ ကတုန်ကယင်နှင့် ကမူးရှူးထိုး ထွက်ပြေးသွားကြသော ဒေသခံများကို ကြည့်ရင်း မျက်လုံးများအရောင်လက်သွား၏။ သို့သော် သူသည် အပေါ်ယံတွင်မူ ကြံရာမရဖြစ်နေသည့်ပုံဖြင့် ရွာထဲရှိ ရုပ်ထုကြီး၏ ဘေး၌ ဆင်းသက်လာပြီး ကြောက်လန့်တကြားဖြစ်နေသော ဒေသခံများအား လှမ်းကြည့်လိုက်သည်။

” အဆင့်တစ် ကျင့်ကြံခြင်းမျိုးနွယ်စုဖြစ်တဲ့ ပေါင်လဲ့ပြည်ထောင်စုကြီးရဲ့ ဘာသာစကားကို နားလည်တဲ့လူရှိလား ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ ပြည်ထောင်စုကြီးထဲ၌ အသုံးပြုသော ဘာသာစကားဖြင့် တည်ကြည်စွာမေးလိုက်၏။

သို့သော် ကြောက်လန့်တကြား ဖြစ်နေကြသည့် ဒေသခံများမှာမူ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြဆဲပင်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ပြောစကားများကို နားမလည်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အသုံးပြုသော ဘာသာစကားဖြင့် ထပ်ပြောလိုက်၏။

ထိုအခါ ထိုဒေသခံများမှာ သူတို့ထဲမှ အဘိုးကြီးတစ်ယောက်အား လှည့်ကြည့်လိုက်ကြသည်။ တစ်ကိုယ်လုံး အရေးကြောင်းများဖြင့် ပြည့်နှက်နေသော ထိုအဘိုးကြီးမှာ ရှုံ့မဲ့မဲ့ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် လူအုပ်ကြီးထဲမှ ကတုန်ကယင်နှင့် ထွက်လာ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ဂါရဝပြုလိုက်၏။

” မင်္ဂလာပါဆရာ။ ဒီ တစ်ရွာလုံးထဲမှာ ကျွန်တော်တစ်ယောက်ပဲ အဆင့်မြင့်ဂိုဏ်းရဲ့ ဘာသာစကားကို နားလည်တာပါ။ ကျေးဇူးပြုပြီးတော့ ဆရာမေးချင်သမျှ မေးခွန်းတွေ အကုန်လုံးကို ကျွန်တော့်ကို မေးနိုင်ပါတယ်ခဗျ ” ထိုဒေသခံ အဘိုးကြီးမှာ လေသံဝဲဝဲနှင့် ဆိုလိုက်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ သူပြောသည့်စကားများကို နားလည်နေဆဲပင်။

” ဪ။ ဒါ ဘာဂြိုဟ်လဲ။ ပြီးတော့ ခဗျားတို့အားလုံးက ဘာလို့ ဒီရုပ်ထုကြီးကို ရိုခိုးဦးချနေကြတာလဲ။ ဒီ ရုပ်ထုကြီးကရော ဘယ်သူ့ရဲ့ ရုပ်ထုလဲ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ထိုဒေသခံအဘိုးကြီးအား မေးမြန်းလိုက်၏။

ထိုအခါ ထို ဒေသခံအဘိုးကြီးမှာ မျက်စိ ပေကလပ် ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ခေါင်းအစ ခြေအဆုံးအကဲခတ်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

” ဆရာ။ ကျွန်တော်တို့တွေက မီးခိုးနက်ဂြိုဟ်ပေါ်မှာ ရောက်နေတာပါ။ ဒီ ရုပ်ထုကြီးက ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ ရုပ်ထုပါ။ မီးခိုးနက်ဂြိုဟ်ပေါ်က ရွာတိုင်းရွာတိုင်းမှာ ဒီလိုရုပ်ထုတွေ ရှိပါတယ်။ ကျွန်တော်တို့တွေက အဲဒီ ရုပ်ထုတွေကို နေ့စဉ်နေ့တိုင်း ရှိခိုးဦးချရပါတယ်။ အဲ့လိုမှမဟုတ်ရင် အဲဒီ ရုပ်ထုတွေရဲ့ အလင်းရောင်တွေက မှေးမှိန်ပျောက်ကွယ်သွားမှာပါ။ မီးခိုးနက် ဂိုဏ်းခေါင်းဆောင်ကြီးက ရွာတွေကို မကြာခဏ စစ်ဆေးလေ့ရှိပြီးတော့ ရုပ်ထုတွေ မီးမလင်းတော့တဲ့ ရွာတွေကို သူ့ကို ရိုသေလေးစားမူမရှိဘူးလို့ သတ်မှတ်ပြီး အဲဒီ ရွာတွေထဲက လူတွေကကုန်လုံးကို စားပစ်တာပါ ”

” လက်စသတ်တော့ ဒီလိုကိုး… ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီး သူ၏ ဘေးနားတစ်ဝိုက်မှ အခြား ဒေသခံများကို ဂရုစိုက်မနေတော့ဘဲ နောက်သို့လှည့်ကာ ထိုရုပ်ထုကြီးအား အသေးစိတ် အကဲခတ်လေ့လာလိုက်တော့သည်။ သို့သော် သူ ထိုရုပ်ထုကြီးအား လေ့လာနေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ မေးခွန်းများကို ဖြေကြားခဲ့သော ဒေသခံအဘိုးကြီးမှာ ရုတ်တရက်ဆိုသလို သူ၏ခြေချောင်းများကို အနည်းငယ်ခန့် လှုပ်လိုက်၏။ ထိုအခါ ရုပ်ထုကြီး၏ မျက်လုံးထဲမှ သွေးနီရောင် အလင်းရောင်တစ်ရောင် ချက်ချင်းထွက်ပေါ်လာတော့သည်။

ထို အလင်းရောင်များမှာ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသောကြောင့် ဝမ်ပေါင်လဲ့အား မျက်စိတစ်မှိတ်အတွင်းတွင် ဖုံးလွှမ်းသွားခဲ့၏။ ထို့နောက် ၎င်းမှာ အချုပ်အနှောင်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လှုပ်မရအောင် ချုပ်တည်းထားလိုက်တော့သည်။ ထို့ကြောင့် သူသည် ခန္ဓာကိိုယ်နှင့် ဝိညာဥ်နှစ်ခုစလုံး အေးခဲသွားသလို ခံစားလိုက်ရပြီး ၎င်းတို့မှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

တစ်ချိန်ထဲမှာပင် နဂိုတုန်းက‌ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည့်ပုံ ပေါက်နေကြသော ဒေသခံများမှာ လူကြီးလူငယ်၊ ကျားမမရွေး ကျောချမ်းဖွယ်ကောင်းစွာ ပြုံးလိုက်ကြ၏။ သူတို့မှာ ကတုန်ကယင်ဖြစ်နေကြခြင်း မရှိတော့ဘဲ မျက်ဝန်းများ တောက်ပလာကြတော့သည်။ ထိုအချိန်တွင် သူတို့၏ နဖူးများမှာ ကွဲအက်သွားပြီးနောက် ထိုအက်ကွဲကြောင်းထဲမှ အနက်ရောင်မီးခိုးများ ထိုးထွက်လာပြီး လေထဲတွင် ဝိညာဉ်ကဲ့သို့သော အရာများအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် ထိုဝိညာဉ်များမှာ ကျောချမ်းဖွယ်ရာကောင်းသည့် အပြုံးများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းကြတော့သည်။

” အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက် ရောက်မလာခဲ့တာ တော်တော်ကိုကြာသွားပြီ။ ငါတို့တွေ ဒီတစ်ခေါက်ကံကောင်းပြီပဲ ”

” ဒီကောင်က ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အကြည့်ကြောင့် မလှုပ်နိုင်တော့တာမလို့ သေချာပေါက် အသက်ပျောက်တော့မှာ ”

” ငါတို့ရဲ့ တစ္ဆေဂြိုဟ်ဆီကို လာရဲလောက်အောင် သတ္တိကောင်းနေရတယ်လို့။ ငါ သူ့ရဲ့ မျက်လုံးတွေကို သဘောကျတယ်ဟေ့။ မင်းတို့တွေ ငါ့ဆီကနေ လုမယ်မကြံနဲ့ ” ထိုတစ္ဆေဝိညာဉ်‌များမှာ စူးရှကျယ်လောင်စွာ အသံကုန်အော်ဟစ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေကြပြီ ဖြစ်သည်။ သူတို့ထဲမှ အလျင်မြန်ဆုံးမှာ ဝမ်ပေါင်လဲ့နှင့် စကားပြောခဲ့သော ဒေသခံအဘိုးကြီးပင် ဖြစ်ပေသည်။ သူ၏ နဖူးထဲမှထွက်ပေါ်လာသော တစ္ဆေဝိညာဉ်‌မှာ အကြီးမားဆုံးဖြစ်နေပြီး အားအကောင်းဆုံး အငွေ့အသက်များကို ပိုင်ဆိုင်ထား၏။ သူ၏ တစ္ဆေဝိညာဉ်‌ကြီးမှာ ဝမ်ပေါင်လဲ့၏‌ဘေးသို့ ရောက်ရှိလာသောအခါ ပါးစပ်ဟ၍ ဝမ်ပေါင်လဲ့အား ဝါးမျိုပစ်ရန် ပြင်လိုက်တော့သည်။

၎င်း၏ ပါးစပ်ပေါက်ကြီးမှာ အဆုံးအစမရှိလောက်အောင် ဟ၍ ရနေသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဦးခေါင်းအား ဝါးမျိုပစ်နိုင်သည့် အရွယ်အစားအထိ ဟသွားတော့သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား ဝါးမျိုရန် ပြင်လိုက်စဉ်မှာပင် ဘေးပတ်ပတ်လည်၌ စိတ်မရှည်တော့သည့် စကားသံတစ်သံ ပေါ်ထွက်လာ၏။

” မင်းတို့တွေက တော်တော်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ ” ထိုစကားသံကြီး ပေါ်ထွက်လာပြီးနောက် တစ္ဆေဝိညာဉ်များ တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုမြှောက်၍ တစ္ဆေဝိညာဉ်အဘိုးကြီး၏ လည်ပင်းအား လှမ်း၍ဖမ်းဆုပ်လိုက်သောကြောင့် ၎င်းမှာ ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုတစ္ဆေဝိညာဉ်၏ လည်ပင်းအား ဖမ်းဆုပ်လိုက်ပြီးနောက် ညာဘက်လက်ကို လိမ်ချိုးလိုက်သဖြင့် ၎င်းမှာ မျက်လုံးများပြူးသွားရပြီး ပါးစပ်ထဲမှ ဗလုံးဗထွေးစကားသံများ ထွက်ပေါ်လာတော့သည်။ ၎င်းမှာ အားအကုန်သုံးကာ ရုန်းကန်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ခွရှင်တစ်ခုကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားသောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့အား ဝိုင်းထားကြသည့် တစ္ဆေဝိညာဉ်များမှာ တုန်လှုပ်ချောက်ချားသွားကြပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အမှောင်မီးတောက်ဆီမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိပေ။

အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေသော အမှောင်မီးလုံးကြီးမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွား၏။ ထို့ကြောင့် တစ္ဆေဝိညာဉ်များမှာ အော်ဟစ်ချိန်ပင် မရလိုက်ခင်မှာပင် ထိုအမှောင်မီးတောက်ကြီးမှာ တစ်ရွာလုံးအား ဖုံးလွှမ်းသွားတော့သည်။ ၎င်းမှာ အရာအားလုံးကို သန့်စင်ဆေးကြောပေးလိုက်သကဲ့သို့ပင်။ ဝမ်ပေါင်လဲ့ ဖမ်းဆုပ်ထားသည့် တစ္ဆေဝိညာဉ်ကြီးမှလွဲ၍ အခြား တစ္ဆေဝိညာဉ်များ အားလုံးမှာ အမှောင်မီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားကြပြီးနောက် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။

၎င်းတို့အားလုံးမှာ လောကကြီးထဲတွင် ရှိမနေကြတော့ပေ။

ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေသည့် တစ္ဆေဝိညာဉ်အဘိုးကြီးမှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မိန်းမောတွေဝေသွားပြီး တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် ၎င်းမှာ အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သေ‌ကျေပျက်စီးသွားကြသည့် တစ္ဆေဝိညာဉ်များနှင့် သူ၏လက်ထဲ၌ ဖမ်းဆုပ်ထားသော တစ္ဆေဝိညာဉ်အဘိုးကြီးအား လျစ်လျူရှုထားလိုက်ပြီး အနီရောင်အလင်းရောင်အောက်တွင် ရပ်ကာ ရုပ်ထုကြီးအား အကဲခတ်လေ့လာနေလိုက်၏။

အမှန်တွင် ဝမ်ပေါင်လဲ့မှာ ဤရွာကြီးအား စ၍ သတိထားမိခဲ့သည့် အချိန်ကတည်းက ထိုဒေသခံလူမျိုးများမှာ တစ္ဆေဝိညာဉ်များ ဖြစ်နေကြသည်ကို သိထားခဲ့ပြီးသားဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက ၎င်းတို့မှာ ဒေသခံလူမျိုးများ၏ ရုပ်အလောင်းများထဲတွင် ခိုအောင်းနေထိုင်နေကြသော တစ္ဆေဝိညာဉ်များ ဖြစ်ကြပေသည်။

ထို တစ္ဆေဝိညာဉ်များမှာ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းမည်မျှခန့် ရှိနေသည်ကို မည်သူကမှ မသိပါသော်လည်း ၎င်းတို့မှာ ပုပ်ပွသွားခဲ့ခြင်းမရှိပေ။ တစ္ဆေဝိညာဉ်များမှာ ၎င်းတို့၏ ရုပ်အလောင်းများအား အဝတ်အစားများအဖြစ် ဆင်မြန်းထားခဲ့ကြခြင်း ဖြစ်ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုအချက်ကို သိနိုင်မည်မဟုတ်ပေ။ သူတို့မှာ ထိုတစ္ဆေဝိညာဉ်များ၏ တိုက်ကွက်များအား ခုခံနိုင်ခဲ့လျှင်တောင် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပေသည်။

ထိုရုပ်ထုကြီးဆီမှ အနီရောင်အလင်းရောင်မှာ ဝိညာဉ်များကို ပစ်မှတ်ထား၍ တိုက်ခိုက်သည် မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ စာမဖွဲ့လောက်ပေ။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သောကြောင့် တစ္ဆေဝိညာဉ်များအား အနည်းငယ်လေးပင် ကြောက်ရွံ့နေခြင်းမရှိပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အစမှအဆုံးအထိ သူတို့အား အာရုံထဲ၌ပင် ထည့်မထားခဲ့ခြင်းဖြစ်သည်။ သူ၏ အာရုံအား ဖမ်းစားသွားနိုင်ခဲ့သည့် အရာမှာ ထိုရုပ်ထုကြီး၏ အသား ဖြစ်ပေသည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား အကဲခတ်လေ့လာနေရင်း ရှေ့သို့လှမ်းသွားပြီး ၎င်းအား တို့ထိကာ လက်ဖြင့်ခေါက်ကြည့်လိုက်သောအခါ မျက်လုံးများအရောင်လက်သွားရတော့သည်။

” ဟုတ်ပ။ ဒီရုပ်ထုကို…. ကြယ်တာရာရင်းမြစ်နဲ့ လုပ်ထားတာပဲ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ အစတုန်းက သူသည် မယုံသင်္ကာဖြစ်နေခဲ့ရပါသော်လည်း ယခုတွင်မူ သူ၏ ခန့်မှန်းချက်အား အတည်ပြုပြီးသွားပြီဖြစ်ရာ စိတ်ကျေနပ်သွားရတော့သည်။

သူသည် ကြယ်တာရာရင်းမြစ်များ၏ တန်ဖိုးကို ကောင်းကောင်းကြီး နားလည်ထား၏။ ထို့အပြင် အင်္ဂါဂြိုဟ်ပေါ်ရှိ အမှောင်အဆောင်ပစ္စည်းအား ပြုပြင်ရန် လိုအပ်သည့် အဓိကပစ္စည်းမှာ ကြယ်တာရာရင်းမြစ် ဖြစ်ကြောင်းကိုလည်း သူက သိထားသည်။ သို့သော် ကြယ်တစ်လုံးအား မဖျက်ဆီးနိုင်သရွေ့ ကြယ်တာရာရင်းမြစ်များကို စုဆောင်းနိုင်ရင်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ကြံရာမရ ဖြစ်နေခဲ့ရခြင်းဖြစ်သည်။ ယခုကဲ့သို့သော ထူးဆန်းထွေလာ ဂြိုဟ်ကြီးပေါ်ရှိ စမ်းသပ်ပွဲထဲ၌ ၎င်းအား လက်ဆောင်ကြီးတစ်ခုအဖြစ် လက်ခံရရှိလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းကာ ထိုရုပ်ထုကြီးအားသိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင် ၎င်းဆီမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းရောင်များမှာ ပို၍အားကောင်းလာ၏။ ၎င်းမှာ ခုခံတွန်းလှန်မှု စွမ်းအားများကို ထုတ်လွှတ်နေသကဲ့သို့ပင်။ သို့သော် ဝမ်ပေါင်လဲ့၏ ညာဘက်လက်ထဲမှ အမှောင်မီးလုံးတစ်လုံး ထွက်ပေါ်လာသည့်အချိန်တွင် ထိုအနီရောင်အလင်းရောင်၏ အစွမ်းများအားလုံးမှာ ပျောက်ကွယ်သွားရတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုရုပ်ထုကြီးအား အခက်အခဲမရှိ သိမ်းဆည်းနိုင်သွား၏။

ထို့နောက် ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ သူ ဖမ်းဆုပ်ထားသည့် တစ္ဆေဝိညာဉ်အဘိုးကြီးအားကြည့်ကာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။

” ခဗျားကြီးမှာ ရွေးစရာနှစ်ခုရှိတယ်။ ကျုပ်ကို တခြားရွာတွေဆီကို ခေါ်သွားပေးမလား ဒါမှမဟုတ် ကျုပ် ခဗျားကို ဝါးစားပစ်ရမလား ”

ထိုစကားများကို ကြားလိုက်ရသောအခါ တစ္ဆေဝိညာဉ်အဘိုးကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ အခြားတစ်ယောက်ယောက်သာ ထိုကဲ့သို့ဆိုခဲ့ပါက ယုံချင်စရာ မရှိပါသော်လည်း သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အခြား တစ္ဆေဝိညာဉ်များအား ချေမှုန်းပစ်ခဲ့သည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ သူ၏နှုတ်ခမ်းအား လျှာဖြစ်လျက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ရှေ့တွင်ရှိနေသော မကောင်းဆိုးဝါးကြီးမှာ သူ့အား အမှန်တကယ် ဝါးစားပစ်တော့မည်ဟု ခံစားနေရတော့သည်။

” ကျွန်… ကျွန်တော် တခြားရွာတွေအများကြီးကို သိပါတယ် ” တစ္ဆေဝိညာဉ် အဘိုးကြီးမှာ ကတုန်ကယင်နှင့် ကျယ်လောင်စွာအော်ပြောလိုက်၏။

” ရှေ့ကကြွ ” ဝမ်ပေါင်လဲ့မှာ ထို တစ္ဆေဝိညာဉ်အဘိုးကြီး ထွက်ပြေးသွားမည်ကို စိုးရိမ်နေခြင်း မရှိသည့်ပုံဖြင့် သူ၏ ညာဘက်လက်အား လွှတ်ပေးလိုက်ပြီးနောက် တည်ကြည်စွာဆိုလိုက်၏။ ထို တစ္ဆေဝိညာဉ်အဘိုးကြီးမှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပါသော်လည်း ဝမ်ပေါင်လဲ့ သူ၏နှုတ်ခမ်းအား လျှာဖြင့်လျက်နေသည့် မြင်ကွင်းကို ပြန်၍သတိရသွားသောအခါ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ရိုသေကျိုးနွံသွားပြီး ဝမ်ပေါင်လဲ့အား လမ်းပြလိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် ထိုတစ္ဆေဝိညာဉ်အဘိုးကြီးတို့မှာ လေထဲတွင် ပျံသန်းရင်း တစ္ဆေဝိညာဉ်အဘိုးကြီး ညွှန်ပြခဲ့သည့် တခြားရွာတစ်ရွာဆီသို့ ဦးတည်သွားနေကြတော့သည်။ သုံးနာရီတိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ နောက်ထပ်ရုပ်ထုတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ်ရွာတစ်ရွာအား ဖျက်ဆီးပစ်နိုင်ခဲ့၏။ တစ္ဆေဝိညာဉ်အဘိုးကြီးမှာ အမြဲတမ်း ကြောက်ရွံ့နေရပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ တဖြည်းဖြည်းနှင့် မျက်လုံးများ အရောင်တောက်ပလာတော့သည်။

ဝမ်ပေါင်လဲ့မှာ တာဝန်ပြီးမြောက်အောင် ထမ်းဆောင်ရန်ပင် စိတ်ကူးထဲ၌ မရှိတော့ပေ။ ဤနေရာကြီး တစ်ခုလုံးမှာ သူ့အတွက် ရတနာသိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ စမ်းသပ်ပွဲကျင်းပရာ ကမ္ဘာကြီးတစ်ခုလုံးမှာ လက်တွေ့လောကတွင် အမှန်တကယ် ရှိနေသည်ဖြစ်ရာ သူသည် အချီကြီးပွတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီးနောက် တစ္ဆေဝိညာဉ်အဘိုးကြီးအား စိတ်လှုပ်တရှား စိုက်ကြည့်ကာ ဆိုလိုက်၏။

” ခြေကြီးကောင်။ အလုပ်ကို ကောင်းကောင်းလုပ်။ ငါ့ကို စိတ်ကျေနပ်အောင် ထားနိုင်ရင် မင်းကို မစားဘူး “

Comment

Leave a Reply

Options

not work with dark mode
Reset