ဖုန့်ချိုးရန် ပြောပြခဲ့သည့် သတင်းအချက်အလက်များအရဆိုလျှင် ရှိခိုးနန်းတော်အဆောင်၏ ရှိခိုးနန်းတော်ခုနစ်ခုထဲမှ တစ်ခုချင်းစီတိုင်းတွင် စမ်းသပ်ပွဲတစ်ခုစီနှင့် ကြုံရမည်ဖြစ်သည်။ ထိုစမ်းသပ်ပွဲတစ်ခုကို ကျော်ဖြတ်ပြီးတိုင်း ထိုနန်းတော်ခုနစ်ခုထဲမှ တစ်ခုအား အောင်နိုင်သွားပြီဟု သတ်မှတ်၍ရပေသည်။ ထိုသို့ ကျော်ဖြတ်ပြီးသွားပါက သူတို့မှာ တာအိုနန်းတော် ဂိုဏ်းသားရာထူးအား ရရှိသွားကြမည် ဖြစ်သည်။
ဂိုဏ်းသားရာထူး အဆင့်ဆင့်ရှိပေသည်။ ပထမအဆင့်မှ ဆဋ္ဌမအဆင့်အထိ ရာထူးများ၏ အမည်မှာ အမည်ခံဂိုဏ်းသား၊ အပြင်စည်းဂိုဏ်းသား၊ အတွင်းစည်းဂိုဏ်းသား၊ အဓိကဂိုဏ်းသား၊ တပည့်ရင်းဂိုဏ်းသားနှင့် မွေးစားဂိုဏ်းသားဟူ၍ ဖြစ်ပေသည်။
နောက်ဆုံးအဆင့်ဖြစ်သည့် သတ္တမမြောက်အဆင့်၏ အမည်မှာ ကျယ်ပြန့်တာအိုဂိုဏ်းသား ဖြစ်ပေသည်။
ဖုန့်ချိုးရန်မှာ ထိုစမ်းသပ်ပွဲများ၏ အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ခြင်းမရှိပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ အားအင်အပြည့်ဖြင့် ပထမဆုံးနန်းတော်၏ ရှေ့၌ ရပ်နေ၏။ သူသည် နောက်သို့လှည့်၍ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းများထဲတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့သုံးယောက်မှာ စကားအများကြီး ပြောမနေကြပဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့၏ရှေ့တွင်ရှိနေသော ပထမဆုံးနန်းတော်ဆီသို့ တစ်ပြိုင်နက်တည်း သွားလိုက်ကြတော့သည်။
သူတို့သုံးယောက်မှာ ပထမဆုံးနန်းတော်၏ ပင်မတံခါးပေါက်ဆီသို့ ချက်ချင်းပင်ရောက်ရှိသွား၏။ သူတို့သုံးယောက် အထဲသို့ ဝင်သွားကြသောအခါ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံးတုန်ရီသွားကြသည်။ ထို့နောက် ကျောက်ယမုန့်၏ နဖူးပေါ်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ သူမ ရရှိခဲ့သော ဘေးဒုက္ခမိုးကောင်းကင် မန္တန်အစီအရင် အမွေအနှစ်အား ကိုယ်စားပြုသည့် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ နှလုံးသားပေါ်ရှိ နတ်ဘုရားဧကရာဇ် ချုပ်ဝတ်တန်ဆာ အမှတ်အသားမှာလည်း လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု၏ စစ်ဆေးခြင်းကို ခံလိုက်ရသည့်အလား လင်းလက်တောက်ပလာ၏။
ထို့နောက် သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များမှာ မှုန်ဝါးဝါး ဖြစ်သွားကြပြီး တည်နေရာပြောင်းရွှေ့ခံရသည့်အလား လုံးဝပျောက်ကွယ်သွားကြတော့သည်။ ခဏအကြာတွင် သူတို့မှာ စမ်းသပ်ပွဲတစ်ခုထဲတွင် မဟုတ်ဘဲ စတုတ္ထမြောက်တောင်ထိပ်ပေါ်ရှိ စတုတ္ထမြောက် နန်းတော်ထဲတွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။
ခုန်းတောက်တစ်ယောက်သာလျှင် ပထမဆုံးနန်းတော်ထဲရှိ စမ်းသပ်ပွဲကိုကျော်ဖြတ်ကာ အမည်ခံဂိုဏ်းသားအဖြစ်သို့ တက်လှမ်းရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေထဲ၌ အမွေအနှစ်များရရှိခဲ့သည် မဟုတ်ပါလော။ ရှိခိုးနန်းတော်အဆောင်မှာ ထိုအမွေအနှစ်များကို အာရုံခံမိလိုက်သောကြောင့် သူတို့ နှစ်ယောက်အား ပထမဆုံးနန်းတော်သုံးခုအား ကျော်ဖြတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ သူတို့မှာ အမည်ခံဂိုဏ်းသား စမ်းသပ်ပွဲမှ စတင်စရာမလိုပဲ အဓိကဂိုဏ်းသား စမ်းသပ်ပွဲထဲသို့ တန်း၍ ဝင်ရောက်နိုင်ပေသည်။
အကယ်၍ သူတို့မှာ ထိုစမ်းသပ်ပွဲအား ကျော်ဖြတ်နိုင်ပါက အဓိကဂိုဏ်းသားများ ဖြစ်လာကြမည် ဖြစ်သည်။ အကယ်၍ မအောင်မြင်နိုင်ခဲ့လျှင်တောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သရွေ့ အပြင်စည်းဂိုဏ်းသားအဖြစ်သို့ ရောက်ရှိသွားကြမည်သာ ဖြစ်သည်။
၎င်းမှာ အဆုံးမဲ့ပညာရပ် မျက်လုံးနယ်မြေထဲရှိ အစွမ်းထက် အမွေအနှစ်များအား ပိုင်ဆိုင်ထားခြင်း၏ အားသာချက်ဖြစ်ပေသည်။
သူတို့နှစ်ယောက် စတုတ္ထမြောက်နန်းတော်ထဲရှိ ခန်းမကြီး၏ရှေ့၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အလွန်အင်မတန်မှအားကောင်းသော စုပ်ယူအားတစ်မျိုးမှာ သူတို့နှစ်ယောက်စလုံးအား ဆွဲငင်စုပ်ယူလိုက်ကြ၏။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ထိုနန်းတော်ထဲ၌ ပေါ်ပေါက်လာပြီးနောက် အမြင်အာရုံများ ဝေဝါးသွားကြသည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ပင် မမြင်နိုင်တော့ဘဲ တစ်နေရာစီ ကွဲသွားကြသလို ဖြစ်သွားသဖြင့် ဟင်းလင်းပြင်ကြီးထဲတွင် တစ်ယောက်တည်း ရှိနေသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သတိကြီးကြီးထားလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။ ထိုအခါ ဟင်းလင်းပြင်ကြီးထဲမှနေ၍ ထွက်ပေါ်လာသည့် ခံစားချက်မပါသော အေးစက်စက် စကားသံတစ်သံမှာ သူ၏နားထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” စတုတ္ထနန်းတော်ရဲ့ အဓိကဂိုဏ်းသား စမ်းသပ်ပွဲကို အသက်ရှူကြိမ် အကြိမ်တစ်ရာပြည့်ရင် စတင်ပါမယ် ”
” စမ်းသပ်ပွဲကို ရင်ဆိုင်မဲ့ပုဂ္ဂိုလ်များ ကျေးဇူးပြုပြီး အဆင်သင့်ပြင်ထားပါ။ သင်တို့ကို ကင်းခြေများကြယ်အဖွဲ့အစည်းထဲက ဝိညာဉ်နက်ဂြိုဟ်ပုဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ သင်တို့ဟာ အနက်ရောင်မီးခိုးငွေ့တွေ စုပေါင်းသွားရာနေ ပေါ်ပေါက်လာပြီး ထိုဂြိုဟ်ပုအား ပုန်ကန်ခဲ့တဲ့ ဂြိုဟ်သားကျင့်ကြံသူကို သတ်ဖြတ်ပေးရမှာဖြစ်ပါတယ်။ သူ့ကို သတ်နိုင်မှ ဒီ စမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ် ”
” ဂြိုဟ်သားကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအဆင့်က ယွမ်ယင်အဆင့်မှာ ရှိပါတယ်။ တကယ်လို့ သင်တို့ဘက်မှ အသက်ရှူကြိမ် အကြိမ်တစ်ရာအတွင်း ငြင်းဆန်ခြင်း မရှိပါက ဤစမ်းသပ်ပွဲကို ရင်ဆိုင်ဖို့ သဘောတူတယ်လို့ မှတ်ယူလိုက်မှာဖြစ်ပါတယ်။ ဒါက အတုအယောင်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝဆိုတာကို သိထားပါ။ တကယ်လို့ စမ်းသပ်ပွဲထဲမှာ သင်တို့ သေဆုံးသွားခဲ့မယ်ဆိုရင် တကယ့်တွေ့ဘဝမှာလည်း သေသွားမှာပါ။ စမ်းသပ်ပွဲထဲရောက်ပြီးမှ အရှုံးပေးခဲ့မယ်ဆိုရင် တစ်လတိတိ ဆက်ပြီးတော့ တောင့်ခံဖို့ လိုပါသေးတယ် ”
ထိုအေးစက်စက်စကားသံကြီး ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ မိန်းမောတွေဝေသွားရ၏။ သူသည် ထိုစကားလုံး တစ်လုံးချင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာ ကြားခဲ့ရပြီး အပြည့်အဝ နားလည်လိုက်၏။ သို့သော် သူကြားခဲ့ရသည့် စကားများကြောင့် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။
” ကင်းခြေများကြယ်အဖွဲ့အစည်း၊ ဝိညာဉ်နက်ဂြိုဟ်ပု၊ အနက်ရောင်မီးခိုးငွေ့ ဂြိုဟ်သားကျင့်ကြံသူဆိုပဲဟ…. ဘာတွေလဲကွာ ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်နေ၏။ သို့သော် သူသည် မယုံသင်္ကာ ဖြစ်နေသည့်တိုင်အောင် အဆင်သင့်ပြင်ထားလိုက်၏။ ထို့နောက် သူသည် စိတ်ထဲမှနေ၍ အသက်ရှူကြိမ် အကြိမ်တစ်ရာအား ရေတွက်နေလိုက်တော့သည်။ နောက်ဆုံးတွင် သူ၏သက်တမ်းတစ်လျှောက်လုံး ကြုံတွေ့ဖူးခဲ့သမျှ အရာအားလုံးထက် ပို၍အားကောင်းသော တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားတစ်ခုမှာ သူရှိနေသည့် ဟင်းလင်းပြင်ကြီးထဲ၌ ပေါက်ကွဲသွားတော့သည်။
ထို စွမ်းအားများ ပေါက်ကွဲသွားသောအခါ မျက်လုံးဖြင့် မမြင်နိုင်သော လေမုန်တိုင်းတစ်ခုမှာ အရပ်မျက်နှာ အနှံ့မှနေ၍ သူ့ဆီသို့ ဦးတည်တိုက်ခတ်လာပြီး သူ၏ ပတ်ပတ်လည်တွင် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေတော့သည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ၎င်းမှာ မည်းနက်နေ၏။ ထို့နောက် သူသည် မျက်စိတစ်မှိတ်အတွင်းတွင် ရာစုနှစ်တစ်ခု ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါ သူသည် စတုတ္ထမြောက်နန်းတော်ထဲတွင် ရှိမနေတော့ပေ။
အပူလှိုင်းကြီးတစ်ခုမှာ သူ့အား လွှမ်းခြုံသွား၏။
လေများမှာ ပူပြင်းခြောက်သွေ့လွန်းလှပြီး ထူးဆန်းသော အနံ့အသက်တစ်ခု ကိန်းအောင်းနေသောကြောင့် အသက်ရှူနိုင်ရန်ပင် အခက်တွေ့နေရ၏။ ဝမ်ပေါင်လဲ့မှာ ကြံ့ခိုင်သန်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုလေများအား တစ်ချက်မျှသာ ရှူရှိုက်မိလိုက်ပါသော်လည်း ပျို့အန်ချင်စိတ်များ ပေါ်ပေါက်လာပြီး သူ၏ဗိုက်အား လက်ဖြင့် ဖိထားမိလိုက်တော့သည်။
သို့သော် သူ၏ ပါးစပ်ထဲမှ မည်သည့်အရာမှ အန်ထွက်လာခြင်းမရှိပေ။ သူသည် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မြေပြင်ကြီးမှာ အနက်ရောင်သဲများ ဖြစ်နေသည်ကို မြင်လိုက်ရ၏။ တစ်အောင့်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ပတ်ဝန်းကျင်အသစ်အား အနည်းငယ်ခန့် ကျင့်သားရသွားတော့သည်။ ထို့နောက် သူသည် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ ပတ်ပတ်လည်ရှိ ကန္တာရကြီးမှာ အဆုံးမရှိလောက်အောင် ကျယ်ပြောနေသည်ကို မြင်လိုက်ရတော့သည်။
ထိုကန္တာရကြီး တစ်ခုလုံးမှာ အနက်ရောင်သဲများဖြင့် ပြည့်နှက်နေပြီး အလွန်အင်မတန်မှ အားကောင်းသော ဖိနှိပ်အားတစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ ခံစားနေရ၏။ ကောင်းကင်ကြီးမှာ အစိမ်းရောင်ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်များထဲမှ ကောင်းကင်များနှင့် လုံးဝမတူပေ။
ထို့အပြင် သူရောက်နေသည့် နေရာ၌ လနှင့်နေများလည်း မရှိပေ။ ကောင်းကင်ယံကြီးထဲရှိ ပုံစံအတိအတိအကျမရှိသော အလင်းထုတ်လွှတ်နိုင်သည့် အရာတစ်ခုကသာလျှင် ထိုနယ်မြေကြီးအား အလင်းပေးထားသောကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ ထူးဆန်းကာ ကျောချမ်းဖွယ်ရာကောင်းနေတော့သည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရ၏။ သူသည် ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် ဘေးပတ်ဝန်းကျင်အား ချက်ချင်းအကဲခတ်ခဲ့သည်ဖြစ်ရာ အနီးအနားတစ်ဝိုက်တွင် အန္တရာယ်မရှိကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော်ငြားလည်း သူသည် အချိန်အတော်အတန်ကြာသည်အထိ မလှုပ်မယှက် ရပ်နေဆဲပင်။
” ဒါ တခြားဂြိုဟ်ပေါ်က လူမှုအဖွဲ့အစည်း တစ်ခုများလား ” ဝမ်ပေါင်လဲ့မှာ ရေရွတ်လိုက်၏။ သူသည် ထိုနေရာရှိ လေများကို ရှူရှိုက်နိုင်စွမ်းရှိနေသောကြောင့် အထူးတဆန်း ဖြစ်နေရသလို ထို အခြားဂြိုဟ်ပေါ်မှ လူမှုအဖွဲ့အစည်းဆိုသော အရာကြီးမှာလည်း အမှန်တကယ်ရှိမရှိ သိချင်နေ၏။
သူသည် ပထမအချက်နှင့် ပတ်သတ်၍ အဖြေတစ်ခု ရှိထားပြီးသားဖြစ်သည်။ သူသည် သာမန်လူတစ်ယောက်မဟုတ်ဘဲ ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအား ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အာကာသကြီးထဲတွင်ပင် လှည့်လည်သွားလာနိုင်စွမ်း ရှိနေသည်ဖြစ်ရာ အချို့သောကြယ်များပေါ်ရှိ ဆိုးရွားသော ရာသီဥတုအခြေအနေများကို တောင့်ခံနိုင်စွမ်းရှိနေသည်မှာ မထူးဆန်းပေ။
ဝမ်ပေါင်လဲ့မှာ ဒုတိယအချက်ကြောင့် ပို၍ စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။ အကယ်၍ သူသည် ဆင်းသက်ခြင်းကစားပွဲနှင့် မကြုံဖူးထားပါက ယခုလောက် စိုးထိတ်နေမည်မဟုတ်ပေ။ သို့သော် သူသည် ထိုကစားပွဲအား ကစားဖူးထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ဘေးပတ်ဝန်းကျင်အား ဝေ့ဝိုက်ကြည့်ရှုကာ သူ၏ခန္ဓာကိုယ်အား တို့ထိကြည့်လိုက်၏။ သူသည် သူ၏ သိုလှောင်လက်ကောက်ကိုပင် စစ်ဆေးကြည့်လိုက်သေးသည်။ နောက်ဆုံးမှသာ သူရောက်နေသည့် ကမ္ဘာကြီးမှာ အတုအယောင် မဟုတ်ကြောင်း သူက ကောက်ချက်ချလိုက်တော့သည်။
ထိုနေရာရှိ အရာအားလုံးမှာ အစစ်အမှန်များ ဖြစ်ကြ၏။
” ဒီနေရာက ကင်းခြေများအဖွဲ့အစည်း ဝိညာဉ်နက်ဘာဆိုလားပဲ ဖြစ်ရမယ်…. ဒါပေမဲ့ အနက်ရောင်မီးခိုးငွေ့ ဂြိုဟ်သားကျင့်ကြံသူတစ်ယောက် တကယ်ပဲရှိနေမယ်ဆိုရင် သူ ယွမ်ယင်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာကို ရှိခိုးနန်းတော်က ဘယ်လိုလုပ်ပြီးတော့ တပ်အပ်သိထားနိုင်မှာလဲ။ ကျယ်ပြန့်တာအိုနန်းတော်က ကပ်ဘေးကြီးကြောင့် ပျက်စီးသွားခဲ့တာ ကြာလှပြီလေ ”
” ပြီးတော့ ဒီ စမ်းသပ်ပွဲကရော ဘယ်လိုလုပ်ပြီး ပေါ်ပေါက်လာတာလဲ။ ကျောက်ယမုန့်ရဲ့ စမ်းသပ်ပွဲကရော ငါ့ရဲ့ စမ်းသပ်ပွဲနဲ့ အတူတူပဲလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရ၏။ သူသည် စိတ်ထဲ၌ သံသယများစွာ ပေါ်ပေါက်လာသောကြောင့် မမလေးအား မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။
မမလေးမှာ သူ၏အမည် တာအိုကျောက်ပြားပေါ်တွင် ပေါ်ပေါက်လာသည်နှင့် သူအဆင့်တက်နိုင်ရန် ကူညီပေးမည်ဟု ကတိပေးထားသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့၏ သံသယများမှာ မမလေးအတွက်မူ အလွန်အင်မတန်မှ ရိုးရှင်းပေသည်။ ထို့ကြောင့် ယခုအကြိမ်တွင် သူမသည် မသိချင်ယောင် ဆောင်မနေတော့ဘဲ ငါသိငါတတ် လေသံဖြင့် တည်ကြည် စွာဆိုလိုက်၏။
” ဒီမေးခွန်းရဲ့ အဖြေက… ”
” ကျွန်တော်သိပါတယ်ဗျာ။ မမလေးက အဲဒီအဖြေကို သုံးနှစ်သားအရွယ်ကတည်းက သိထားတာမလား ” ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်ကာ ချောင်းဟန့်လိုက်ပြီး မမလေးအား စိတ်ထဲတွင် ပြန်ဖြေလိုက်၏။
” မှားတယ်။ ငါက တစ်နှစ်သားအရွယ်ကတည်းက သိတာဟဲ့ ” မမလေးမှာ မကျေမနပ်ဖြစ်သွားသည့် လေသံဖြင့် နှာမှုတ်လိုက်၏။ ထို့နောက် သူမသည် စကားဆက်လိုက်သည်။
” ရှိခိုးနန်းတော်အဆောင်က အာရုံငါးပါးနယ်မြေနဲ့ ဆင်တူတယ်။ အစတုန်းက ကျယ်ပြန့်တာအိုနန်းတော်က အဲဒီပစ္စည်းတွေကို မပိုင်ဘူး။ နောက်ပိုင်းမှသာ ကျယ်ပြန့်တာအိုနန်းတော်က စကြဝဠာကြီးထဲမှာ အဲဒီပစ္စည်းတွေကို ရှာတွေ့ခဲ့ကြတာ။ အဲလို ရှာတွေ့ခဲ့ပြီးတော့ သူတို့က အဲဒီပစ္စည်းတွေကို ဂိုဏ်းသားတွေအတွက် စမ်းသပ်ပွဲတွေ ကျင်းပပေးတဲ့ နေရာတွေအဖြစ် ပြောင်းလဲပစ်ခဲ့ကြတာပဲ။ စမ်းသပ်ပွဲတွေ ကျင်းပတဲ့ နေရာတွေအကုန်လုံးက အရင်တုန်းက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ကိုလိုနီနယ်မြေတွေ ဖြစ်ခဲ့တာ။ အခု ကျယ်ပြန့်တာအိုနန်းတော်က ပျက်သုဉ်းသွားတာတောင် ဒီကိုလိုနီနယ်မြေတွေက ရှိနေတုန်းပဲ ”
” ကဲ။ နင့်ရဲ့ တာဝန်ကို သွားပြီးတော့ ထမ်းဆောင်လိုက်ဦး။ အဓိကဂိုဏ်းသားရာထူးကို ရပြီးရင် တပည့်ရင်းဂိုဏ်းသားစမ်းသပ်ပွဲကိုပါ ထပ်စမ်းကြည့်လိုက်။ နောက်ထပ် တာဝန်ကို ကြေညာတဲ့အချိန်ကျရင် နင့်ရဲ့ခန္ဓာကိုယ်ထဲက ဓားအိမ်လေးကို သုံးလိုက်။ အဲတာဆိုရင် ငါ နင့်ကို အကူအညီ အလွယ်တကူ ပေးနိုင်တဲ့ နေရာတစ်ခုဆီ ရောက်ရင်ရောက်သွားလောက်တယ်။ ငါ့ရဲ့ အကူအညီနဲ့သာဆိုရင် တပည့်ရင်းဂိုဏ်းသားရာထူးကို အိပ်နေရင်းနဲ့တောင် ယူလို့ရတယ် ” မမလေးမှာ ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြလိုက်၏။ ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ် ပေကလပ်နှင့် သူမ၏ စကားများကို နားထောင်လိုက်ပြီးနောက် သူမအား ချီးကျူးခန်းများ ဖွင့်နေလိုက်တော့သည်။ ထို့နောက် သူသည် ရှေ့သို့ပြေးထွက်သွားလိုက်၏။
” ဒီတာဝန်က အနက်ရောင်မီးခိုးငွေ့ ဂြိုဟ်သားကျင့်ကြံသူကို သတ်ဖြတ်ဖို့ပဲ။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ဂြိုဟ်ကြီးပေါ်မှာ ငါက သူ့ကို ဘယ်လိုလုပ်ပြီးတော့ ရှာရမှာတုန်း။ ပြီးတော့ ငါ့မှာ အချိန်တစ်လပဲရှိတာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ အရှိန်မြင့်တင်လိုက်သဖြင့် တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာတော့သည်။ သူသည် ဆယ်ငါးမိနစ်တိတိ အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို လေထဲ၌ ရပ်တန့်သွား၏။
ထို့နောက် သူသည် သူ၏ ညာဘက်သို့ စက္ကန့်အနည်းငယ်ခန့် လှမ်းကြည့်နေလိုက်၏။ ထို့နောက် သူသည် အမူအရာပြောင်းလဲသွားပြီး ဘယ်ဘက်သို့ ပြေးသွားလိုက်တော့သည်။ ခဏအကြာတွင် သူ၏ရှေ့ ခပ်လှမ်းလှမ်းတွင် ရွာတစ်ရွာနှင့်တူသည့် အိမ်ခြေအစုအဝေးတစ်ခု ပေါ်ပေါက်လာ၏။
ထို အိမ်ခြေအစုအဝေး၏ အရွယ်အစားမှာ ကြီးမားခြင်းမရှိဘဲ အဆောက်အဦများမှာ ဟောင်းနွမ်းစုတ်ပြတ်နေကြပြီး ရွှံ့များဖြင့် တည်ဆောက်ထားသော တဲအိမ်များကဲ့သို့ ဖြစ်နေကြသည်။ ထိုကဲ့သို့သော အဆောက်အဦမျိုး အလုံး တစ်ရာနီးပါး ရှိနေကြပြီး ထိုနေရာတွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်နက်ဂြိုဟ်ပုပေါ်မှ ဒေသခံလူမျိုးများကို မြင်လိုက်ရတော့သည်။
ပြည်ထောင်စုကြီး၊ ကျယ်ပြန့်တာအိုနန်းတော်နှင် ဟီရိုလူမှုအဖွဲ့အစည်းထဲမှ လူများနှင့် မတူသည့်အချက်မှာ ဝိညာဉ်နက်ဂြိုဟ်ပုပေါ်မှ ဒေသခံလူမျိုးများအားလုံးမှာ ပိန်ပါးပါးခန္ဓာကိုယ်များနှင့် အရွယ်အစားသေးငယ်သော ဦးခေါင်းများကို ပိုင်ဆိုင်ထားခြင်းပင်။ သို့သော် သူတို့၏ ခြေထောက်များမှာမူ အလွန်အင်မတန်မှ ဖွံ့ထွားကြ၏။ သူတို့၏ ခြေထောက်များ၏ အရွယ်အစားမှာ ခန္ဓာကိုယ်တစ်ဝက်ခန့် ရှိပေသည်။
ထို့ကြောင့် ဖျတ်ခနဲကြည့်လိုက်ပါက သူတို့မှာ ဘဲများနှင့်ပင် အနည်းငယ် ဆင်တူနေတော့သည်။
သူတို့ အသားအရေမှာလည်း အနက်ရောင်ဖြစ်သည်။ သူတို့မှာ မျက်လုံးများရှိကြပါသော်လည်း သူငယ်အိမ် မပါဘဲ အဖြူရောင်များသာ ဖြစ်နေ၏။ ယခုတွင် ထိုဒေသခံ အယောက်တစ်ရာခန့်မှာ ရွာ၏အလယ်တွင် ရှိနေကြပြီး ရုပ်ထုကြီးတစ်ခုရှေ့၌ ဒူးထောက်နေကြ၏။
ထိုရုပ်ထုကြီးမှာ ပို၍ပင် ထူးဆန်းနေသည်။ ၎င်း၏ ဦးခေါင်းမှာ အရေးကြောင်းများဖြင့် ပြည့်နှက်နေသည့် အသက်ကြီးပိုင်း လူကြီးတစ်ယောက်၏ မျက်နှာ ဖြစ်ပေသည်။ သို့သော် ၎င်းမှာ တစ်ကိုယ်လုံး မည်းနက်နေပြီး အနီရောင်အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး ရှေ့သို့တိုးမိသွား၏။ သို့သော် သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ရွာထဲမှ ဒေသခံအားလုံးမှာ လေထဲတွင်ရှိနေသော ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြပြီးနောက် အမူအရာများ ပြောင်းလဲသွားကြတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့နားမလည်သည့် ဘာသာစကားတစ်မျိုးဖြင့် အော်ဟစ်မြည်တမ်းကာ ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားကြ၏…
အကယ်၍ ဝမ်ပေါင်လဲ့မှာ သူတို့၏ ဘာသာစကားကို နားလည်နိုင်မည်ဆိုပါက အံ့အားသင့်သွားရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို ဒေသခံများအားလုံးမှာ မကောင်းဆိုးဝါးကြီးတစ်ကောင် ရောက်ရှိလာပြီဟု အော်ဟစ်နေခဲ့ကြသောကြောင့်ဖြစ်သည်။ သူတို့၏အမြင်တွင် သူတို့၏ ပုံပန်းသွင်ပြင်နှင့် လုံးဝမတူဘဲ ကွဲထွက်နေသော ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် မကောင်းဆိုးဝါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။
တော်သေးတယ်၀မ်ဖက်တီးနားမလည်လို့ မဟုတ်ရင်ဆတ်ဆတ်ခါနေမှာ