မျက်စိတမှိတ်အတွင်း နှစ်လတာကုန်ဆုံးသွားခဲ့၏။ အချိန်များကုန်လွန်လာသည်နှင့်အမျှ မီတာသုံးရာအမြင့်ရှိ ဆေးပေါင်းဖိုများက တဖြည်းဖြည်းကြက်သွေးရောင်ပြောင်းလာပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အပူလှိုင်းများ ထုတ်လွှတ်နေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ လုံးလုံးမကျေနပ်သေးသည့်အတွက် မြေမီးတောက်ကျောက်တုံးများကို မကြာခဏ ထပ်ဖြည့်နေလေသည်။
အကောင်းဆုံးရလဒ်များ ရရှိရန်အတွက် သူက ပိုင်လင်းဆီသို့ သွားကာ မီးတောက်များကို အဆင့်မြှင့်ပေးနိုင်သည့် ထိပ်တန်းကျွမ်းကျင်သူများ ရှိ၊မရှိမေးမြန်းခဲ့သည်။ပိုင်လင်းနှင့် ပိုင်ရှောင်ချန်းတို့က ထိုဧရာမဆေးပေါင်းဖိုကြီးဆယ်လုံးနှင့် ပတ်သက်လာလျှင် လုံးဝတူညီသည့်အတွေးများရှိကြလေရာ ပိုင်လင်းက အနည်းငယ်မျှ တွန့်ဆုတ်နေခြင်းမရှိဘဲ သူ၏တောင်းဆိုချက်ကို သဘောတူလေသည်။
အမှန်တွင် ပိုင်လင်းက ဆေးပေါင်းဖိုများကို ချိတ်ပိတ်ရန် သူကိုယ်တိုင်သွားခဲ့သည့်အပြင် သူ၏ယင်ယန်ဝိညာဥ်အဆင့် လက်အောက်ငယ်သားကျင့်ကြံသူ ဆယ်ဦး ကို သွားရောက်စေကာ သူတို့၏ကျင့်ကြံခြင်းအခြေခံမှ ယင်ယန်ဝိညာဥ်မီးတောက်များ၏အကူအညီဖြင့် ဆေးပေါင်းဖိုများကို အပူပေးစေခဲ့သည်။
ပိုင်ရှောင်ချန်းက နေ့တိုင်းအပြင်ဘက်သို့ထွက်လာသည့်အခါတိုင်း သက်ရှိမြေမီးတောက်ကျောက်တုံးများအလား ရှိနေကြသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူဆယ်ဦးကိုတွေ့မြင်နေရပြီး သူက ရလာဒ်ကောင်းများကို မျှော်လင့်လျက်ရှိလေသည်။
” ဒီအရာတွေက ဘယ်လိုများပြီးဆုံးသွားမလဲဆိုတာ ငါသိချင်မိတယ်”
နောက်ဆုံးတွင်သူက သူ၏သိလိုစိတ်ကိုချိုးနှိမ်ကာ စောင့်ဆိုင်းနေရန် သူ့ကိုယ်သူ အတင်းအကြပ် ထိန်းချုပ်လိုက်သည်။ လွန်ခဲ့သောနှစ်လအတွင်း သူက ဝိညာဥ်စုစည်းဆေးလုံးများကို တစ်သုတ်ပြီးတစ်သုတ် ဖော်စပ်ခဲ့သည်။ အမှန်တွင် သူက တစ်နေ့ကို ဆေးလုံးတစ်သောင်းကျော် ဖော်စပ်နိုင်သည်အထိ လျင်မြန်ခဲ့သည်။
ကျောက်လုံနှင့်အခြားသူများက ဖော်စပ်ပြီးသွားသောဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး ပိုင်ရှောင်ချန်းက စေတီတော်နှင့်ဧရာမမျက်စိကြီးတို့ကို ဆက်သွယ်ထားသော သူ၏အမိန့်ပေးတံဆိပ်ပြားကိုသုံး၍ နတ်ဘုရားအာရုံဖြင့် တံဆိပ်ခတ်နှိပ်ခြင်းများ ပြုလုပ်လိုက်သည်။ ထို့နောက် ပိုင်လင်းပို့ထားသော ကျင့်ကြံသူများက ကြီးမားသည့်တိုက်ပွဲကြီးဖြစ်လာသောအခါ ဆေးလုံးများကိုဝေငှပေးနိုင်ရန်အတွက် သိုလှောင်ထားရန် ဆေးလုံးများကိုသိမ်းသွားလေသည်။
ဆေးလုံးများအား နတ်ဘုရားအာရုံဖြင့်တံဆိပ်ခတ်နှိပ်ထားခြင်း၏ အကြောင်းရင်းမှာ တိုက်ပွဲတွင် ထိုဆေးလုံးများကိုအသုံးပြုသည့်အခါ သူ့အနေဖြင့် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များရရှိစေရန်ဖြစ်သည်။ သူက ဆေးလုံးတစ်လုံးချင်းစီအတွက် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များအားလုံးကိုရမည်မဟုတ်ပေ။ သို့သော် သုံးဆယ်ရာခိုင်နှုန်းကို ရရှိပေလိမ့်မည်။
၎င်းမှာ သူနှင့်ပိုင်လင်းတို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။ ပိုင်လင်းအတွက်မူ သူကဆေးလုံးများ၏ ငွေကြေးထောက်ပံ့ပေးထားသူဖြစ်ပြီး စစ်သေနာပတိချုပ် တစ်ယောက်လည်းဖြစ်သောကြောင့် အရေခွံဆုတ်တပ်သားများမှ ရရှိသောတိုက်ပွဲစွမ်းဆောင်မှုရမှတ်အနည်းငယ်ကိုသာ ရရှိပေမည်။ အခြား စစ်တပ်လေးခုမှ သုံးသောဆေးလုံးများအတွက်မူ ပိုင်လင်းက သုံးဆယ်ရာခိုင်နှုန်းဖြတ်ယူနိုင်သည်။
လူတိုင်းအကျိုးအမြတ်များစွာရရှိကြသည်ဟူသောအချက်က ပိုင်လင်းနှင့် ပိုင်ရှောင်ချန်းတို့ နှစ်ဦးစလုံးအတွက် အတော်လေးစိတ်ကျေနပ်မှုရရှိခဲ့သည်။ ပိုင်လင်းက ဝိညာဥ်စုစည်းဆေးလုံးများကို စနစ်တကျ ကာကွယ်ပေးပြီး လက်နက်တိုက်ကို စောင့်ကြပ်ရန်အတွက် အဖွဲ့တစ်ခုကိုပင်စေလွှတ်ခဲ့သည်။
ထိုနှစ်လအတွင်း ဝိညာဥ်စုစည်းဆေးလုံးအမြောက်အများကို ဖော်စပ်ခဲ့ပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက ကျင့်ကြံရန်အတွက် အချိန်ရရန် စီစဥ်ထားခဲ့သည်။ သူကလောလောဆယ်တွင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို သိပ်အရေးမထားသော်လည်း ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ပေးပို့ထားသည့်ဆေးပင်များအားလုံးနှင့် သူ၏ကျင့်ကြံမှုကို ပုံမှန်လုပ်ဆောင်နေသည်။ သူ၏အေးစိမ့်ချီမှာ ဆက်လက်၍အားကောင်းလာပြီး ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းဆီသို့ ရောက်ရှိရန် လွန်စွာနီးကပ်နေပြီဖြစ်သည်။
သို့သော်လည်း အလျင်အမြန်တိုးတက်မှုရှိသည့်နယ်ပယ်မှာ သူ၏ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်သာဖြစ်သည်။ သူအလိုရှိသလိုအသုံးပြုနိုင်သော နှစ်ပေါင်းရာနှင့်ချီသည့် မြေဝိညာဉ်သစ်ဥများစွာနှင့်အတူ လုပ်ဆောင်ခဲ့ရာ သူ့ထံမှာ ထိတ်လန့်ဖွယ်သက်စောင့်အားများ ရှိနေပြီဖြစ်သည်။ ထိုအတိုင်းဖြင့် ယခုတွင် သူ၏ဘယ်ဘက်လက်တစ်ခုလုံးမှာ ထာဝရအရွတ်ကြောများဖြင့် ပြည့်နှက်နေပြီး သူ၏ညာဘက်လက်တွင်လည်း ပြီးဆုံးလာတော့မည့်အချိန်သို့ရောက်လာသည်။
ပိုင်ရှောင်ချန်းက မြေဝိညာဥ်သစ်ဥများကို ယုန်လေးကမုန်လာဥနီအား တမြုံ့မြုံ့စားသည့်လမ်းစဥ်အတိုင်း နေ့စဥ်တမြုံ့မြုံ့စားလေသည်။ ဆေးများဖော်စပ်နေစဥ်တွင်လည်း တစ်တိတိကိုက်ကာစားလေ့ရှိသည်။ ပိုင်ရှောင်ချန်း၏ညာဘက်လက်တွင် ထာဝရအရွတ်ကြောများ ပြည့်နှက်လာနေစဥ် နောက်ထပ်ဆယ်ရက်တာကုန်လွန်သွားပြီး ညနေခင်းအခါ၌ ကောင်းကင်ထက်တွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပေါ်ထွက်လာလေသည်။
သူ၏ညာဖက်လက်မောင်းအုံမှတစ်ဆင့် သူ၏လက်ချောင်းများအထိ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများဖြင့် တဒုတ်ဒုတ်ကိုက်ခဲနေပြီး သူ၏ညာဘက်လက်ကို အရှိန်ကုန်တင်၍လက်သီးဆုပ်ကာပစ်သွင်းလိုက်သောအခါ လေထုထဲတွင် အက်ကွဲသည့်အသံများပြည့်နှက်လာသည်။
ပို၍ထူးဆန်းသည်မှာ သူကလက်ကိုလက်သီးအသွင်ဆုပ်လိုက်သောအခါ စကြဝဋ္ဌာကြီး၏အစိတ်အပိုင်းတစ်ခုကို ဆွဲယူနေရသည့်အလား ခံစားလိုက်ရပြီး သူ၏လက်ကို ရွေ့လိုက်ရုံမျှဖြင့် ပတ်ပတ်လည်ရှိ လေထုကိုအလိပ်လိပ်ထသွားစေနိုင်လေသည်။
သူ၏လက်များအား စိတ်လှုပ်ရှားစွာငုံ့ကြည့်လျက် သူကပြောလိုက်သည်။
” ငါ လက်နဲ့ခြေနှစ်ဖက်စလုံး ကျင့်ကြံလို့ပြီးသွားပြီကွ”
သူ၏လက်များမှာ ယခုတွင် မယုံနိုင်လောက်သည့်စွမ်းအားများနှင့် အမြန်နှုန်းများပြည့်နှက်နေသည်ကို ခံစားသိရှိနိုင်သည်။
” ဒီနေရာက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထက်တောင် ပိုပြီးမြင့်မြတ်သန့်စင်တဲ့နယ်မြေတစ်ခုပဲ”
ပိုင်ရှောင်ချန်းမှာ လွန်စွာစိတ်လှုပ်ရှားနေဆဲဖြစ်သည်။ တကယ်တမ်းတွင် ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်က အရင်းအမြစ်များစွာကို ကြီးကြီးမားမားကုန်စေခဲ့ပြီး ထိုအခါမှသာ ထိုပညာရပ်အားကျင့်ကြံသည့်အခါတွင် သိသာသည့်တိုးတက်မှုအလားအလာ များပြားလာကြောင်းသိနိုင်လေသည်။ သူ့ထံတွင် အရင်းအမြစ်အမြောက်အများရနိုင်သည့် အခွင့်အလမ်းများသာမရှိပါက ယခုလက်ရှိအဆင့်အထိ ရောက်အောင် သူ ကျင့်ကြံနိုင်မည်မဟုတ်ချေ။
ယခင်က သူသည်နှောင်းပိုင်းရွှေအမြုတေအဆင့်တွင်ရောက်နေပြီဖြစ်သော်လည်း သူ၏ခြေထောက်တစ်ဖက်တွင်သာ ထာဝရအရွတ်ကြောများရှိခဲ့သည်။
ယခုတွင်မူ ပြောမပြနိုင်လောက်အောင် အဖိုးတန်သည့် မြေ၀ိညာဉ်သစ်ဥများ၏ ကျေးဇူးကြောင့် သူက တဟုန်ထိုး တိုးတက်လာခဲ့သည်။ အမှန်တွင် ပိုင်ရှောင်ချန်းမသိသေးသောအချက်တစ်ခုမှာ ယခုချိန်အထိ သူသုံးစွဲခဲ့သောမြေဝိညာဥ်သစ်ဥပမာဏက အမှန်တကယ်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ခုလုံးသုံးရန် နှစ်ပေါင်းများစွာသီးသန့်ဖယ်ထားသော အရင်းအမြစ်များ၏တစ်ဝက်ထက်ပင် များပြားလေသည်။ တကယ်တမ်းတွင် ကျင့်ကြံခြင်းလောက၌ လူအနည်းငယ်ကသာ အခြေခံအားဖြင့် စိုက်ပျိုးရန်ခက်ခဲလှသော မြေဝိညာဥ်သစ်ဥများကိုစိုက်ပျိုးလေသည်။ မြေဝိညာဥ်သစ်ဥများထဲမှ အများစုက ထူးဆန်းသော လျှို့ဝှက်နယ်မြေတွင် တည်ရှိကြပြီး နှစ်ပေါင်းတစ်ရာအထိ ကြီးထွားလာပြီးမှသာ ဆေးပင်များအဖြစ်သို့ ပြောင်းလဲနိုင်ကြလေသည်။
” အခုကျန်တဲ့အစိတ်အပိုင်းတွေက ငါ့ရဲ့ရင်အုပ်နဲ့ ခေါင်းပိုင်းတွေပဲ။ ဒီနှုန်းအတိုင်းသာဆိုရင် ငါက ထာဝရအရွက်ကြောတွေကို လုံးလုံးအောင်မြင်သွားဖို့ နောက်ထပ်နှစ်အနည်းငယ်ပဲလိုတော့မှာ။ အဲ့အချိန်ရောက်ရင် ငါက တတိယအချုပ်အနှောင်ကို ဖောက်ထွက်နိုင်လောက်ပြီ ”
သူက ထိုအကြောင်းအားတွေးလေလေ၊ ပို၍စိတ်လှုပ်ရှားလာလေဖြစ်နေသည်။ သူက အသစ်ဖြစ်တည်လာသည့်စွမ်းအားဖြင့် နောက်ထပ်စမ်းသပ်မှုများပြုပြီးနောက်တွင် ဂုဏ်ယူစွာဖြင့်ဦးမော့လိုက်ကာ အစ်ကိုကြီး ဇောင်ထျန်ကျောက်နှင့်ယှဉ်၍ တိုက်ခိုက်လျှင်ပင် သူ့မှာ အနိုင်ရနိုင်သော အခွင့်အလမ်းရှိသည်ဟု သူ့ဘာသာ တွေးတောကောက်ချက်ချလိုက်သည်။
” အီးယား..ငါနဲ့တိုက်ခိုက်ဖို့ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူကို ရှာချင်လိုက်တာ ”
သို့သော်လည်း ခဏတာကုန်လွန်သွားသောအခါ ထိုကဲ့သို့သောအတွေးက များစွာယုတ္တိမရှိကြောင်း သူကသဘောပေါက်သွားခဲ့ပြီး လျင်မြန်စွာပင် သူ၏စိတ်ကိုပြောင်းလဲပစ်လိုက်သည်။ သူက ချောင်းဟန့်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
” အရမ်းကြီး စိတ်လိုက်မာန်ပါလုပ်ဖို့မလိုပါဘူးလေ…”
ထိုသို့ဆိုကာ သူ၏အတွေးများကို ပြန်ညှိရန် အချိန်အနည်းငယ်ယူလိုက်ပြီးနောက် ကျင့်ကြံခြင်းအမှုကို ဆက်လက်လုပ်ဆောင်လေသည်။
နောက်တစ်လကုန်လွန်သွားပြန်သည်။ တစ်နေ့သောအခါ ပိုင်ရှောင်ချန်း တရားထိုင်နေဆဲအချိန်တွင် အပြင်ဘက်မှ စစ်စည်တော်ကြီးတီးခတ်သံ ကဲ့သို့သောအသံကို ရုတ်တရက်ကြားလိုက်ရသည်။ မိုးခြိမ်းသံအလားအသံများက မြို့တစ်ခုလုံးဖုံးလွှမ်းသွားပြီး များစွာသောကျင့်ကြံသူများက အပြေးအလွှားထွက်လာကာ ကောင်းကင်ကိုမော့ကြည့်လိုက်ကြသည်။
ကျောက်လုံနှင့် အခြားသူများက စစ်စည်တော်ကြီးတီးသံကို ကြားလိုက်ရသည့်အချိန်တွင် သူတို့က ခြံဝင်းထဲတွင် ဆေးပေါင်းဖိုများကို စောင့်ကြည့်နေကြပြီး သူတို့၏အမူအယာများမှာ ချက်ချင်းပင်တောက်ပသွားကြတော့သည်။ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူဆယ်ဦး မှာလည်း သူတို့၏မျက်လုံးများကိုဖွင့်ကာ မျှော်စင်နှင့်မျက်လုံးကြီးရှိရာသို့ ကြည့်လိုက်ကြသည်။
ထိုမျက်လုံးကြီးမှာ စစ်ပွဲစည်တော်သံများ ဖြစ်ပေါ်လာသည့်နေရာဖြစ်လေသည်။
” ကောင်းကင်ဘုံစစ်သည်တော် စည်တော်သံကွ ”
” ငါ့တို့ကောင်းကင်ဘုံစစ်သည်တော် စည်တော်သံကို မကြားရတာတောင် တော်တော်ကြာနေခဲ့ပြီကွ”
” အဲဒီစည်တော်သံပေါ်လာတဲ့အခါတိုင်း အင်အားငါးသိန်းထက်ပိုတဲ့ လူ့ဘီလူးစစ်တပ်ကြီး လာနေတယ်လို့ဆိုလိုတာကွ”
အထိတ်တလန့်အော်ဟစ်စကားပြောသံများက ကျယ်လောင်လာပြီး စည်သံကလည်း ပိုင်ရှောင်ချန်းအပါအဝင် ကျင့်ကြံသူများ၏သွေးကြောထဲရှိ သွေးများကို ယခင်ကထက် ပို၍လျင်မြန်စွာစီးဆင်းသွားစေသည်။ စည်တော်သံက သူတို့အားစစ်တိုက်လိုသောဆန္ဒများဖြင့် ပြည့်နှက်သွားစေပြီး သူတို့၏အရိုးများနှင့်အသွေးများကိုပါ တုန်ခါသွားစေသည်။ စည်တော်သံက သူတို့၏ ကျင့်ကြံခြင်းအခြေခံများကိုပင် အနည်းငယ်ပို၍ စွမ်းအားပြည့်ဝသွားစေသည်။
၎င်းက ကောင်းကင်ဘုံစစ်သည်တော် စည်တော်သံ အစွမ်းပင်ဖြစ်သည်။ ထို့အပြင် ထပ်ဆောင်း အကျိုးကျေးဇူးများလည်းရှိလေသည်။ မဟာတံတိုင်းမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးမှာ သူတို့၏ကိုယ်တွင် ခရမ်းရောင်အလင်းမှိန်မှိန်လေးများ စတင်၍တောက်ပလာသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအလင်းက သူတို့၏အကာအကွယ်များကို ပိုမိုခိုင်မာတောင့်တင်းစေသော ချပ်ဝတ်တန်ဆာတစ်မျိုးဖြစ်ကာ သူတို့၏ ပေါ့ပါးဖျတ်လတ်မှုကို အနည်းငယ်မြှင့်တက်စေနိုင်သည်။
ခဏအကြာတွင် စစ်ခရာသံများက မြို့ထဲတွင်ပြည့်နှက်သွားပြီး စစ်တပ် ငါးခုရှိကျင့်ကြံသူများအားလုံး မည်သည့်အရာများ လုပ်ဆောင်နေပါစေ သူတို့၏အာရုံစိုက်မှုများမှာ ဆွဲယူခံလိုက်ရလေသည်။
ပိုင်ရှောင်ချန်းက သူ၏အခန်းအတွင်းမှထွက်လာသောအခါ ပိုင်လင်းက အလွန်လျင်မြန်သည့် အရှိန်ဖြင့်သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် သူကလေထဲတွင်ရပ်တန့်လိုက်ပြီး ပိုင်ရှောင်ချန်းအား အလွန်လေးနက်သည့်အမူအယာဖြင့် ငုံ့ကြည့်လိုက်လေသည်။
” မြေရိုင်းဒေသက စွမ်းအားကြီးတဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်နဲ့အတူ အောက်လမ်းဆရာတစ်ရာကျော်၊ ဝိညာဥ်ကျင့်ကြံသူပေါင်း တစ်ထောင်နဲ့ လူ့ဘီလူးမျိုးနွယ်စုတစ်ရာကျော်က လူ့ဘီလူးပေါင်းခုနှစ်သိန်းကို လွှတ်လိုက်တယ်။ ပြီးတော့ မရေမတွက်နိုင်လောက်တဲ့ သားရဲတွေနဲ့ ဝိညာဥ်တွေလည်း ပါတယ်။ ဒီဟာက ငါတို့စောင့်နေခဲ့တဲ့ အဓိကတိုက်ပွဲကြီးပဲ”
ပိုင်ရှောင်ချန်းမှာ တုန်ရီသွားလေသည်။ ထိုအခိုက်အတန့်အတွက် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုသတင်းများက ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်နေဆဲ ဖြစ်လေသည်။
” နတ်အဆင့်ခေါင်းဆောင်ကြီးက မြို့ထဲမှာရှိတဲ့ကျင့်ကြံသူတိုင်း တိုက်ပွဲအတွက်ပြင်ဆင်ရမယ်လို့ အမိန့်ထုတ်ထားတယ်။ ဒီတိုက်ပွဲက ဒီနှစ်တွေအတွင်းမှာဖြစ်တဲ့ တိုက်ပွဲတွေထဲက အကြီးမားဆုံးစစ်ပွဲပဲ”
” ပိုင်ရှောင်ချန်း… ငါက စစ်တပ်ကိုအမိန့်ပေးဖို့နဲ့ အရမ်းအလုပ်ရှုပ်နေမှာ။ ပြီးတော့ ငါ့မှာ မင်းကို စောင့်ရှောက်ပေးဖို့ အချိန်မရှိဘူး။ လာမဲ့တိုက်ပွဲမှာ ကိုယ့်ဘာသာသေချာဂရုစိုက်ရမယ် ”
ထိုသို့ဆိုကာ ပိုင်လင်းက ဧရာမဆေးပေါင်းဖိုဆယ်လုံးအား လှမ်းကြည့်လိုက်လေသည်။ ၎င်းတို့က ပြင်းထန်သည့်အပူလှိုင်းများ ဖြာထွက်နေသော်လည်း ပေါက်ကွဲနိုင်သည့်အချိန်မရောက်သေးချေ။ ကံမကောင်းစွာပင် ၎င်းတို့အား လုပ်ပေးနိုင်သည့်အရာတစ်ခုမှ မရှိချေ။ ပိုင်လင်းက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ ဆယ်ဦး ကို ခေါင်းညိတ်ပြလိုက်ရာ သူနှင့်အတူ မဟာတံတိုင်းဆီသို့ လိုက်ပါသွားလေသည်။
ကျောက်လုံနှင့် ကျန်တပ်သားများက သူတို့၏ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်နေကြပြီး သူတို့၏အမူအယာများမှာလည်း တိုက်ပွဲဆာလောင်မွတ်သိပ်နေဟန်အပြည့်ရှိလေသည်။
သူတို့သည် ပိုင်ရှောင်ချန်း၏နောက်လိုက်များဖြစ်လာကတည်းက စစ်မြေပြင်၌ သွား၍စစ်တိုက်ခဲ့ရခြင်းမရှိခဲ့ပေ။ ယခုတွင် သူတို့၏နှလုံးသားများမှာ ကောင်းကင်ဘုံစစ်သည်တော်၏စည်တော်သံကြောင့် သူတို့၏သတ်ဖြတ်လိုစိတ်မှာ လောင်မြိုက်လာပြီး မဟာတံတိုင်းမြို့တော်၏ကျင့်ကြံသူ စစ်သည်တော်တို့၏မျက်လုံးများတွင် အနီရောင်အလင်းတန်းများ တောက်ပနေလေသည်။
ပိုင်ရှောင်ချန်းက ကျောက်လုံ၊ လျှိုလီနှင့် သူ၏အမိန့်အောက်ရှိ အခြားတပ်သားများအားလုံးကို တိတ်တဆိတ်ကြည့်ရှုလိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏အိတ်ကိုပုတ်ကာ များပြားလှသော ချပ်ဝတ်တန်ဆာများ၊ အမျိုးမျိုးသောမှော်ပစ္စည်းများ၊ မရေမတွက်နိုင်လောက်သည့်ဆေးလုံးပုလင်းများနှင့် အဆောင်လက်ဖွဲ့စာရွက်အထပ်လိုက်ကို ထုတ်ယူလိုက်သည်။သူထံတွင် အဆုံးအစမဲ့ များပြားသော ပစ္စည်းများ မရှိသော်လည်း တိုက်ပွဲတွင် တပ်သားတစ်ထောင်ကျော်ကို သေချာပေါက် ဆင်ပေးနိုင်သည်အထိ လုံလုံလောက်လောက်ရှိလေသည်။ သူက တွန့်ဆုတ်မနေဘဲ ထိုပစ္စည်းများကို တပ်ရင်းရှိ ကျောက်လုံနှင့် အခြားကျင့်ကြံသူများထံ ပျံသန်းကာ ပေးပို့လိုက်သည်။
” ငါကမင်းတို့ရဲ့ တပ်မှူးလေး ပါ။ ပြီးတော့ မင်းတို့က ငါ့ရဲ့အဖွဲ့အောက်မှာ တိုက်ခိုက်ကြရမှာ”
သူကပြောလေသည်။
“ ငါကဒီအချိန်အထိ ဆုလာဘ်များတွေအများကြီး မင်းတို့ကို မပေးဖူးပေမဲ့ အချိန်အကြာကြီးကတည်းက ဒီတိုက်ပွဲအတွက် အသင့်ပြင်ထားခဲ့တာ။ ဒီမှော်ပစ္စည်းတွေ၊ ဆေးလုံးတွေနဲ့ အဆောင်လက်ဖွဲ့တွေက မင်းတို့အတွက်ပဲ”
” ချပ်ဝတ်တန်ဆာတစ်စုံက မလုံလောက်ဘူး။ ဒါကြောင့် မင်းတို့အားလုံးအတွက် အစုံတွေအများကြီး ငါပြင်ဆင်ထားတယ်။ မင်းတို့ ကောင်းကောင်း ဝတ်ဆင်တာသေချာပါစေ။ အကောင်းဆုံးကတော့ မင်းတို့အားလုံး မင်းတို့ရဲ့ဝိညာဥ်ခမောက်တွေကို အမြဲတမ်းဝတ်ဆင်ထားသင့်တယ်။ မှော်ပစ္စည်းတွေကို မင်းတို့တစ်ယောက်ချင်းစီအတွက် အခုနှစ်ဆယ်ထက်ပိုပြီး ပြင်ဆင်ပေးထားတယ်။ အဲ့မှော်ပစ္စည်းတွေကို ဖောက်ခွဲလို့ ထွက်လာတဲ့ စွမ်းအားတွေကိုပဲ သုံးမယ်ဆိုရင်တောင် ရန်သူများများကို ပိုသတ်နိုင်တာပေါ့”
” ငါတို့သိတဲ့အတိုင်း တိုက်ပွဲအလယ်မှာဆိုရင် ဆေးလုံးတွေကုန်သွားလို့မဖြစ်ဘူးလေ။ ဒါကြောင့်မို့ မင်းတို့ရဲ့ကျင့်ကြံခြင်းအခြေခံကိုပြန်ဖြည့်ပေးတဲ့ဆေးလုံးအပါအဝင် ဒဏ်ရာတွေကိုကုသဆေးနဲ့ အဆိပ်ဆေးလုံးအချို့ကိုလည်း ငါပြင်ဆင်ပေးထားတယ်”
” မင်းတို့စစ်ပွဲကိုသွားတဲ့အခါ မင်းတို့ကငါ ပိုင်ရှောင်ချန်း ကို ကိုယ်စားပြုတယ်ဆိုတာ မှတ်ထားပေးပါ”
” ဒါ့အပြင် မင်းတို့တစ်ယောက်ချင်းစီအတွက် ဝိညာဥ်စုစည်းဆေးလုံး တစ်ရာစီ ငါကိုယ်တိုင် ပြင်ပေးထားတယ်။ စစ်ပွဲအတွက် အမိန့်ဆိုရင် ငါပြောချင်တာတစ်ခုပဲရှိတယ်။ မင်းတို့ရန်သူကိုသတ်ဖို့သွားတော့မယ်ဆိုရင် ကိုယ့်အသက်ကိုယ် သေချာစောင့်ရှောက်ကြပါ ”
ပိုင်ရှောင်ချန်းက သူ၏မိန့်ခွန်းအဆုံးသတ်တွင် အနည်းငယ် အသံတုန်သွားခဲ့လေသည်။ သူ၏အင်္ကျီလက်ကိုဝေ့ယမ်းကာ ကျောက်လုံနှင့် အခြားတပ်ရင်းလူများဆီသို့ ဝိညာဥ်စုစည်းဆေးပုလင်း အများအပြားပေးလိုက်ပြန်သည်။
လူတိုင်းမှာကြက်သေသေနေကြပြီး မကြာမီ သူတို့၏မျက်လုံးများတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များ ပြည့်လျှံလာလေသည်။ သူတို့အားလုံးက ပိုင်ရှောင်ချန်းက သူတို့အား ပေးသောအရာများမှာ သူ၏ကိုယ်ပိုင်တိုက်ပွဲစွမ်းဆောင်မှုရမှတ်ဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်းသိကြလေသည်။
ထို့အပြင် အရာအားလုံးမှာ အရည်အသွေးမြင့်မားကြပြီး သူတို့နှင့်တူညီသည့် ကျင့်ကြံခြင်းအဆင့်ရှိသော လူများအကြားတွင် သိသာထင်ရှားသည့် အကျိုးကျေးဇူးကို ပေးနိုင်လိမ့်မည်။
ထို့နောက် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ကာ လူသတ်ငွေ့များကို ထုတ်လွှတ်လိုက်သည်။သူ့ မျက်လုံးများမှာ တဖျတ်ဖျတ်တောက်ပနေပြီး သံမဏိသွေးကြောများမှာလည်း တဆတ်ဆတ် ခုန်နေလျက် သူ၏တပ်ရင်းအား မဟာတံတိုင်းဆီသို့ ဦးဆောင်သွားရန် အလင်းတန်းအသွင်ပြောင်းလိုက်လေသည်။
” သွားကြမယ် “