ပိုင်ရှောင်ချန်းက သူသိသောအံ့သြဖွယ်ကောင်းသည့်အရာအားလုံးကို စိတ်ထဲတွင်ပြန်လည်သုံးသပ်ပြီး နောက်ထပ်တောင်းဆိုမှုများပြုလုပ်ရန် တွက်ချက်နေလေသည်။ သို့သော်သူကမတောင်းဆိုနိုင်သေးမီ ပိုင်လင်းက သူ့အားဆွဲခေါ်သွားကြောင်း တွေ့ရှိလိုက်ရသည်။
သို့တိုင် ပိုင်ရှောင်ချန်းက စိတ်ထဲတွင်ရယ်မောနေလေသည်။ စောစောက သူသည် မတန်တဆ လျော်ကြေးငွေကို တောင်းခံခဲ့ပြီး ထိုတောင်းဆိုချက်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖြည့်ဆည်းပေးပါကလည်း သူပျော်ရွှင်နိုင်လိမ့်မည်။
သူသည် သူ့ကိုယ်သူလွန်စွာ ကျေနပ်နေမိပြီး သေစေနိုင်လောက်သည့် အကျပ်အတည်းကြီးအား ကြံကြံခံရင်ဆိုင်ခဲ့ရသည့် အကြောင်း စိတ်ထဲတွင် ပူပူနွေးနွေးရှိနေသေးလျက် ပိုင်လင်းအား ကြည့်လိုက်သည်။
” စစ်သေနာပတိချုပ်၊ ဆေးပေါင်းဖိုပေါက်ကွဲတာကို ပိုပြီးအားကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းရှိသလားလို့ ကျုပ်ကိုမေးခဲ့ဘူးတယ်မလား ”
” ဘာ ”
ပိုင်လင်းက သူငယ်အိမ်များကျုံ့လျက် ပြန်ဖြေလိုက်သည်။
” အဲ့တာမဖြစ်နိုင်ဘူးလို့ မင်းပြောခဲ့တယ်မလား ”
ပိုင်ရှောင်ချန်းက မျက်လုံးကြီးပြူးလျက် စိုက်ကြည့်လိုက်သည်။
” မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သိပ်ကိုဖြစ်နိုင်တာပေါ့။ ” အံကိုကြိတ်လျက် သူကဆက်ပြောလေသည်။
” ခင်ဗျားလိုချင်တာက အင်မတန် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး၊ ဟုတ်တယ်မလား။ အဲ့တာက ရိုးရှင်းပါတယ်။ အရင်တုန်းက ကျုပ်တကယ်ကို ဆေးပေါင်းဖိုပေါက်ကွဲမှု အကြီးကြီးတစ်ခုကို လုပ်ခဲ့မိပြီး အင်မော်တယ်တောင်တစ်လုံးကိုတောင် ဖြိုဖျက်မိလုနီးနီးဖြစ်သွားခဲ့ဖူးတယ်။ အပင်နဲ့အသီးအရွက်တွေအားလုံး မီးရှို့ပြာချခံလိုက်ရပြီး အရာအားလုံးလဲ ကြွပ်ရွသွားတဲ့အထိ လောင်ကျွမ်းကုန်တာ ”
ထိုစကားအား ပိုင်လင်းကြားလိုက်သည်နှင့် သူ၏မျက်လုံးများမှာ တောက်ပလာလေသည်။ သူက ပေါက်ကွဲနိုင်သည့်ဆေးပေါင်းဖိုများအား လုံးလုံးစွဲလမ်းနေလေရာ အလျင်အမြန် မေးမြန်းလိုက်သည်။
” မင်းဘာလိုလဲ။ စကားလေးသာပြောလိုက် ”
” တိကျတဲ့ဆေးစပ်နည်းဆိုတာ ရှုထောင့်တစ်ခုပဲ။ ဒါပေမဲ့ ပိုအရေးကြီးတာက အမှန်တကယ် ပါဝင်ရတဲ့ ဆေးပေါင်းဖိုပဲ။ ကျုပ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုန်းကလိုမျိုး ဆေးပေါင်းဖိုလိုအပ်တယ်။ ကျုပ် ဘယ်လိုရှင်းပြရမလဲဆိုတာ တကယ်သေချာမသိဘူးဗျာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းက လူတချို့ကို အဏ္ဏဝါခေါ်သံဂိုဏ်းကိုပို့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့က နွံအိုင်တောင်ထိပ်ရဲ့မဟာအကြီးအကဲကို သွားရှာခိုင်းလိုက်ပါလား။ သူက အသေးစိတ်ရှင်းပြပေးနိုင်လိမ့်မယ်။ ရှင်းကုံကျစ်တာအိုဂိုဏ်းကို သူ့ရဲ့အသေးစိတ်ပြောပြချက်တွေအပေါ်အခြေခံပြီး အဲ့လိုမျိုးဆေးပေါင်းဖိုတချို့လုပ်ခိုင်းလိုက်ပေါ့ဗျာ ”
” အဲ့လိုမျိုးဆေးပေါင်းဖိုတွေက အင်မတန် ခိုင်ခံ့တယ်။ သူတို့ကြောင့်ဖြစ်တဲ့ပေါက်ကွဲမှုက အံ့သြစရာကောင်းလောက်အောင်ကြီးမားတယ် ”
” ကျုပ်က အဏ္ဏဝါခေါ်သံဂိုဏ်းကဆိုတာသာ မမေ့ပါနဲ့။ စစ်သေနာပတိချုပ် ပိုင်…ဒါကြောင့်မို့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကိုယ်စားလှယ်တွေသွားတဲ့အခါ ပုံမှန်ထက် ယဥ်ကျေးဖို့သေချာပါစေနော် ”
“ကိစ္စမရှိပါဘူး ”
ပိုင်လင်းက တက်ကြွစွာပြောလေသည်။ ရယ်မောလိုက်ရင်း သူက ပိုင်ရှောင်ချန်းအား လက်နက်တိုက်ဆီသို့ ကိုယ်တိုင်ပြန်ရန် ပြောလိုက်ပြီးနောက် စုန့်ရီဒိုဆီသို့ ဆွေးနွေးမှုများပြုလုပ်ရန် ပြန်သွားလိုက်သည်။
ပိုင်ရှောင်ချန်းက စိတ်လက်ကြည်သာစွာဖြင့် လက်နက်တိုက်ဆီသို့ ပြန်လာခဲ့သည်။ ယခုအချိန်တွင် သူက သေစေလောက်သည့်အကျပ်အတည်း၏ ခံစားမှုအာရုံမှ ပြန်လည်ကောင်းမွန်နေပြီဖြစ်၏။ သို့သော်လည်း ယခုလေးတွင်မှ သူဖြတ်ကျော်ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံနှင့် သူ့အားတိုက်ခိုက်ခဲ့သော အောက်လမ်းဆရာ၏မျက်လုံးများတွင် တွေ့မြင်ခဲ့ရသော ရေခဲတမျှအေးစက်သည့်သတ်ဖြတ်လိုစိတ်ကို မေ့ဖျောက်၍မရနိုင်သေးပေ။
” မြေရိုင်းသားတွေက လူ့ဘီလူးကြီးအကောင်တစ်ရာ၊ ဝိညာဥ်ကျင့်ကြံသူသုံးယောက်နဲ့ အောက်လမ်းဆရာတစ်ယောက်။ သူတို့အားလုံးကို ငါ့ကိုသတ်ဖို့အတွက်နဲ့ စွန့်လွှတ်ဖို့လိုလားတယ်ဆိုတာ ငါမယုံနိုင်ဘူးကွာ” ထိုအခိုက်အတန့်၌ သူက လုံးဝမလိုအပ်လျှင် မဟာတံတိုင်းပေါ်သို့ ဘယ်တော့မျှမသွားတော့ရန် ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးတွင် သူက ပေါက်ကွဲစေသောဆေးပေါင်းဖို အသစ်တစ်ခုကိုပွဲထုတ်ပြီး ဝိညာဥ်စုစည်း ဆေးလုံးများကို ဝေါခနဲထုတ်ပြလိုက်ပါက မြေရိုင်းသားများမှာ သူ့အားယခင်ကထက်ပင် ပို၍မုန်းတီးသွားပေလိမ့်မည်။ များမကြာမီ သူ၏ဦးခေါင်းက မြေရိုင်းဒေသတွင် ကျိန်းသေ ကြီးမားသောငွေကြေးရလာပေလိမ့်မည်။
ထိုအတွေးက သူ၏နှလုံးသားအား ကြောက်ရွံ့ခြင်း၊ဒေါသထွက်ခြင်း နှစ်ခုစလုံးဖြင့် မွှေနှောက်သွားလေသည်။
” ငါဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ပါဘူး”
သူက သက်ပြင်းချရင်းတွေးတောလိုက်သည်။
” ဒါပေမဲ့ အဲ့တာအတွက်ငါဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ငါတို့က မတူညီတဲ့ဘက်ခြမ်းမှာလေ၊ ဒါပါပဲ ”
ထို့နောက် သူကဆယ်နှစ်အတွင်း ထွက်ခွာနိုင်လိမ့်မည်ကို စဉ်းစားမိကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
” အဲ့တာအတွက် စိတ်ပူစရာသိပ်မလိုပါဘူး။ ဆယ်နှစ်အတွင်းမှာ ဘာပဲဖြစ်ဖြစ်ငါကထွက်သွားမှာပဲလေ။ အခုငါက တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေအပေါ်ကိုသာ အာရုံစိုက်ဖို့လိုတာ။ ပြီးတော့ပိုအရေးကြီးတာက ငါ့ကိုယ်ငါ ရွှေအမြုတေအဆင့်ရဲ့ မဟာစက်ဝန်းအထိရောက်အောင် လုပ်ဖို့ပဲ။ ငါ့ရဲ့ ထာဝရအသက်ရှည်နည်းသိုင်းပညာရပ်ကိုလည်း အပြီးသတ်ကျင့်ကြံဖို့လိုတယ်။ အဲ့တာတွေအားလုံးလုပ်ပြီးတာနဲ့ ငါကပိုကောင်းတဲ့ရာထူးကိုရနိုင်လိမ့်မယ် ”
လက်နက်တိုက်ဆီသို့ ပြန်လိုက်ပြီးနောက် သူကတရားထိုင်ကာ သူ၏ကျင့်ကြံခြင်းကို စတင်လုပ်ဆောင်တော့သည်။
မျက်စိတမှိတ်အတွင်း ခုနစ်ရက်တာကုန်ဆုံးသွားခဲ့သည်။ ပိုင်ရှောင်ချန်းကိုယ်တိုင်က ပိုင်လင်းနှင့် စုန့်ရီဒိုတို့ မည်သို့စီမံဆောင်ရွက်ခဲ့သည်ကိုမသိပေ။ သို့သော် ရှစ်ရက်မြောက်နေ့၌ ရှင်းကုံကျစ်တာအိုဂိုဏ်း၏တည်နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှာ သက်ဝင်လှုပ်ရှားသွားပြီး ပစ္စည်းများတစ်သုတ်လုံးကို မဟာတံတိုင်းမြို့တော်ဆီသို့ ပို့ဆောင်လိုက်သည်။
ထိုနေ့ညနေတွင် ပိုင်လင်းက ပိုင်ရှောင်ချန်း၏နေရာဆီသို့ ကိုယ်တိုင်ကိုယ်ကျရောက်လာပြီး လက်တစ်ချက်ဝေ့ယမ်းကာ ကောင်းကင်ပေါ်မှ ဆေးပေါင်းဖိုတစ်ထောင်ကိုတဝုန်းဝုန်းကျလာစေလိုက်သည်။
များပြားလှသောအိတ်များနှင့် လုံးဝအသစ်ဖြစ်သော ဆေးပင်များလည်း ပါလာလေသည်။ တစ်လုံးချင်းစီက မီတာသုံးရာအပြည့်အဝမြင့်မားသော တုန်လှုပ်ချောက်ချားဖွယ် ဆေးပေါင်းဖိုကြီးဆယ်လုံးလည်း ပါလာသည်။ ကောင်းကင်ပေါ်မှ ဆေးပေါင်းဖိုကြီးများ ကျလာပြီး မြေပြင်ပေါ်ဆင်းသက်လာသည့်အခါ ထိုနေရာရှိ အရာအားလုံးမှာ အပြင်းအထန်လှုပ်ခါသွားလေသည်။
မယုံကြည်နိုင်လောက်သည့်ဖိအားကြီးကျဆင်းလာသည့်အတွက် ဖုန်မှုန့်များမှာ နေရာအနှံ့လွင့်စင်လာသည်။ ကျောက်လုံနှင့် ပိုင်ရှောင်ချန်း၏ အမိန့်အောက်ရှိအခြားတပ်သားအားလုံးမှာ လုံးဝထိတ်လန့်အံ့သြစွာဖြင့် ထိုဆေးပေါင်းဖိုကြီးများအား ကြည့်ရှုနေကြသည်။
” အဲ့…အဲ့တာတွေက ဆေးပေါင်းဖိုတွေလား”
“ဘုရားရေ…အဲ့လောက်ကြီးတဲ့ ဆေးပေါင်းဖိုတွေကို ငါဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး”
” အဲ့တာဆေးပေါင်းဖိုတွေ မဖြစ်နိုင်ဘူး။ စွမ်းအားကြီးတဲ့မှော်ရတနာ တစ်မျိုးနေမှာ။ သူတို့ကို ဘာနဲ့လုပ်ထားလဲသာကြည့်လေ။ ယင်ယန်ဝိညာဥ်အဆင့် စစ်သင်္ဘောတွေကိုလုပ်တဲ့ ပစ္စည်းတွေနဲ့ အတူတူပဲ။ ပင်လယ်မှော်သံမဏိကွ”
သူတို့၏အော်ဟစ်ပြောဆိုသံများ ထွက်ပေါ်လာချိန်တွင် ပိုင်ရှောင်ချန်းက တရားထိုင်နေရာ သူ၏အခန်းအတွင်းမှ ထွက်လာသည်။ ခြံဝင်းထဲတွင်ရောက်ရှိနေသော ဆေးပေါင်းဖိုများအားမြင်လိုက်ရသောအခါ သူက အခြားသူများကဲ့သို့ပင် အသံကျယ်ကျယ်ဖြင့် ပင့်သက်ရှိုက်မိသွားလေသည်။
” ကိုင်း..မင်းဘယ်လိုထင်လဲ ”
ပိုင်လင်းစွာ တက်ကြွစွာရယ်မော၍ပြောလေသည်။ ထိုပစ္စည်းများအားလုံးကို ရယူနိုင်ရန်အတွက် ပိုင်လင်းက သူ၏အဘိုးထံမှ အတင်းအကြပ်အကူအညီတောင်းခံခဲ့ရပြီး ရရှိနိုင်သောအခြားနည်းလမ်းများကိုလည်း အသုံးပြုခဲ့ရသည်။ ထို့အပြင် ထိုကြီးမားသည့်ဆေးပေါင်းဖို ဆယ်လုံးအားထုတ်လုပ်ရန် ရှင်းကုံကျစ်တာအိုဂိုဏ်း၏အင်အား အလုံးအရင်း ထုတ်သုံးခဲ့ရပြီး အရှေ့ပိုင်းကျင့်ကြံခြင်းလောက၏ အခြားဒေသများမှ အကူအညီပင်တောင်းခဲ့ရသည်။
အဏ္ဏဝါခေါ်သံဂိုဏ်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ သံတမန်တစ်ဦးရောက်လာပြီး မေးခွန်းများစွာကို ရိုသေလေးစားစွာဖြင့် မေးမြန်းလာသည့်အတွက် လုံးဝထိတ်လန့်အံ့သြနေခဲ့သည်။ တချိန်တည်းမှာပင် သူတို့က ပိုင်ရှောင်ချန်းအကြောင်း သတင်းအချို့သိလိုက်ရသောအခါ အဏ္ဏဝါခေါ်သံဂိုဏ်းတစ်ခုလုံးမှာ အလွန်စိတ်လှုပ်ရှားသွားခဲ့ရသည်။
” အဲ့တာတွေက မင်းတောင်းဆိုတဲ့ ဆေးပင်အားလုံးပဲ”
ပိုင်လင်းက အိတ်အားလုံးကို လက်ညှိုးထိုးပြရင်း ဆက်လက်ပြောလေသည်။
” ပြီးတော့၊ ဒါက ငါလုပ်ပေးနိုင်သမျှ အကုန်ပဲ ”
အလွန်စိတ်ကျေနပ်စွာဖြင့် ပိုင်ရှောင်ချန်းက အိတ်များကို အပြေးအလွှားစစ်ဆေးနေပြီး သူ၏နှလုံးသားမှာလည်း အချိန်တိုင်းပိုမိုမြန်ဆန်စွာဖြင့် ခုန်ပေါက်နေလေသည်။ ခဏတွင်းချင်း သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် သွေးရောင်ဖြန်းသွားလေသည်။
ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးများနှင့် ကိုးရောင်ခြယ်မီးတောက်လောင်စာ မပါရှိသော်ငြားလည်း နတ်ဆေးလုံးဆယ်လုံးနှင့် သူတောင်းဆိုသမျှ ဆေးပင်များအားလုံးပါရှိလေသည်။ မတွေးနိုင်လောက်အောင် များပြားလှသည့်အရေအတွက်ထိမပါလာသော်လည်း သူတောင်းဆိုခဲ့သမျှအားလုံး ရှိလေသည်။ အရေးအကြီးဆုံးမှာ သက်စောင့်အားကို တိုးမြှင့်ပေးနိုင်သည့် မြေဝိညာဉ်သစ်ဥများနှင့် အခြားပါဝင်ပစ္စည်းများအားလုံး အများအပြားပါရှိလေသည်။
ပျော်ရွှင်ကြည်နူးမှုကြောင့် မျက်ခုံးကိုမြှင့်၍ ပိုင်ရှောင်ချန်းက အိတ်ကိုစစ်ဆေးနေစဉ် ထပ်ခါထပ်ခါခေါင်းညိတ်နေလေသည်။ ထို့နောက် သူက သာမန်ဆေးပေါင်းဖိုတစ်ထောင်နှင့် မီတာသုံးရာမြင့်သော ဆေးပေါင်းဖိုများကိုပါ စစ်ဆေးရန်ထိုနေရာသို့ လျှောက်သွားလေသည်။
ဧရာမဆေးပေါင်းဖိုကြီးများအား စစ်ဆေးပြီးနောက် ပိုင်ရှောင်ချန်းက အရည်အသွေးအရ ၎င်းတို့မှာ နွံအိုင်တောင်ထိပ်တွင် သူအသုံးပြုခဲ့ဖူးသည့် ဆေးပေါင်းဖိုများထက်ပင် ကျော်လွန်နေသည်ကို ၀မ်းမြောက်စွာတွေ့ရှိသွားရသည်။ ထို့အပြင် ၎င်းတို့အားတင်းကျပ်စွာ ပိတ်လှောင်နိုင်ပြီး ၎င်းတို့၏မျက်နှာပြင်တွင်လည်း ထိုရည်ရွယ်ချက်ကြောင့် မန္တန်အစီအရင်များဖြင့် ဖုံးအုပ်ထားသည်။
” ရှောင်ချန်းလေး..မင်းတောင်းဆိုထားတာထဲက အများစုတော့ ဒီမှာရောက်ပြီ။ မရောက်သေးတဲ့ပစ္စည်းတွေကိုလဲ ရှာဖို့ ငါ့ကို အချိန်နည်းနည်းလောက် ပေးပါဦး။ အခုချိန်မှာစဉ်းစားရမဲ့အရေးကြီးဆုံးအချက်က တိုက်ခိုက်ရတော့မဲ့ အကြီးမားဆုံးတိုက်ပွဲက လာမယ့်လအနည်းငယ်အတွင်းဖြစ်လာတော့မယ် ဆိုတာပဲ ”
” ဒါကြောင့်မို့ အချိန်က အဓိကဖြစ်နေပြီ။ မင်း တတ်နိုင်သမျှမြန်မြန် ဝိညာဥ်စုစည်းဆေးလုံးတွေကို စဖော်စပ်ဖို့လိုနေပြီ။ ပြီးတော့ အဲဒီ ပေါက်ကွဲနိုင်တဲ့ ဆေးပေါင်းဖိုဆယ်လုံးလည်း လုပ်ဆောင်လိုက်ပါအုံး ”
ပိုင်ရှောင်ချန်းအား နောက်ဆုံးနက်ရှိုင်းသည့်အကြည့်တစ်ချက်ပေးလိုက်ပြီး ပိုင်လင်းကလှည့်ကာထွက်သွားလေသည်။
ပိုင်ရှောင်ချန်းက သူ၏လက်နှစ်ဖက်လုံးကို ပွတ်တိုက်လိုက်သည်။ သူက ဆေးပေါင်းဖိုကြီးဆယ်လုံးအား အကြိမ်အနည်းငယ်လှည့်ပတ်နေစဥ် သူ၏မျက်လုံးများမှာ တောက်ပနေလေသည်။ နောက်ဆုံးတွင် သူကခေါင်းကိုနောက်ပစ်၍ရယ်မောလိုက်လေသည်။
” ကျောက်လုံ..လျှိုလီ..မင်းတို့နဲ့ ကျန်ရှိနေတဲ့တပ်ရင်းတစ်ခုလုံးကတော့ အရင်ကမြင်ဖူးမှာမဟုတ်တဲ့၊ မကြားဖူးတဲ့ ထိပ်တန်းဆေးလုံးအချို့ လုပ်ဆောင်ရာမှာ ငါ့ကိုကူညီပေးရတော့မယ် ”
တပ်ရင်းအဖွဲ့ဝင် အယောက်တစ်ရာလုံးက သဘောတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ကြီးမားသောဆေးပေါင်းဖိုကြီးဆယ်ခုအား ခြံဝင်းအလယ်တွင် ထားလိုက်ကာ ၎င်းအား သာမန်ဆေးပေါင်းဖိုအလုံးတစ်ထောင်ဖြင့် စက်ဝိုင်းသဏ္ဍာန်ဝိုင်းရံစေလိုက်သည်။
ကံမကောင်းစွာပင် ဆေးပေါင်းဖိုများမှာ အလွန်များပြားလွန်းလှသဖြင့် ပိုင်ရှောင်ချန်းက လက်ကိုဝှေ့ယမ်းကာ သူ၏နေအိမ်ခြံဝန်းကိုချဲ့ထွင်ရန် သူ၏လူများအားအမိန့်ထုတ်လိုက်သည်။ အနီးအနားရှိ လူမနေတော့သောခြံဝင်းများကို ဖျက်ကာ သူ၏ခြံဝန်းအတွင်းပေါင်းထည့်လိုက်ပြီးနောက် သူထံ၌ မီတာသုံးသောင်းအပြည့်ကျယ်ဝန်းသော ခြံဝင်းသစ်တစ်ခုကိုရရှိသွားခဲ့ပြီး ဆေးပေါင်းဖိုအားလုံးအား လုံလောက်သောနေရာများ ပေးနိုင်သွားခဲ့သည်။
သူစတင်အလုပ်လုပ်သည့် ပထမဦးဆုံးဆေးပေါင်းဖိုကြီးမှာ လွန်စွာကြီးမားလှသည်။ ပိုင်ရှောင်ချန်းက ၎င်းတို့မှာ ထူးကဲလှသည့်ဆေးပေါင်းဖိုများဖြစ်ကြောင်း သိထားလေရာ ပုံမှန်ထက်ဆယ်ဆပိုများသည့် မြေမီးတောက်ကျောက်တုံးများအားသုံးလေသည်။ တကယ်တမ်းတွင် သူက ကျောက်တုံးအချို့ကို ဆေးပေါင်းဖိုအတွင်းထဲသို့ ထည့်သွင်းခဲ့သေးသည်။ သူက လုံလောက်စွာ ပူပြင်းလာသည့်အခါ ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်လာစေရန် ဆေးအပင်ပေါင်းများစွာကိုလည်း ထည့်သွင်းခဲ့လေသည်။ အပင်တစ်မျိုးစီအတွက် ရာနှင့်ချီသောဝေစုများကို ထည့်သွင်းပေးကာ သူ၏သုံးစွဲစရာဆေးပင်များကိုပင် ရက်ရက်ရောရော ထည့်သွင်းပေးခဲ့လေသည်။
” ငါလိုချင်တာ ပေါက်ကွဲမှုတစ်ခု..ဟုတ်တယ်နော်။ တခြားဆေးမျိုးကို ဖော်စပ်ချင်ရင် ငါကဆေးစပ်နည်းပေါင်းများစွာကို စဉ်းစားဖို့လိုအပ်တယ်။ ဒါပေမဲ့ ပေါက်ကွဲစေမဲ့ ဆေးပေါင်းဖိုတွေအတွက်ကတော့ ရိုးရှင်းလွန်းတယ် ”
သူက ယုံကြည်မှုအပြည့်ဖြင့် ဧရာမဆေးပေါင်းဖိုဆယ်လုံးကြားထဲသို့ လမ်းလျှောက်သွားကာ ဆေးပင်များ ဟိုဟိုဒီဒီထပ်ထည့်လိုက်ပြီး ယခင်ကသူဖော်စပ်ခဲ့သည့် အဆင့်နိမ့် ဝိညာဥ်စုစည်းဆေးလုံးများကိုပင် ထည့်လိုက်သည်။
သူက အနာဂတ်တွင် သုံးစွဲရန်စီစဉ်ထားခြင်းမရှိသည့် အိတ်အတွင်းက အခြားဆေးလုံးအချို့ကိုပင် ထပ်မံ၍ထည့်သွင်းလိုက်သည်။ အနည်းငယ်စဥ်းစားလိုက်ပြီးနောက် သူက အဆိပ်ဆေးလုံးအတော်များများအား ထည့်လိုက်သည်။
ပေါက်ကွဲမှုက အလုံအလောက်အစွမ်းမထက်မှာကို သူက စိုးရိမ်နေဆဲဖြစ်၍ အံကြိတ်လိုက်ကာ အတိတ်တုန်းက ဖော်စပ်ခဲ့သည့် သူကိုယ်တိုင်ဘယ်တုန်းကမျှသောက်သုံးရန် မဝံ့ရဲခဲ့သော ထူးဆန်းသည့်ဆေးလုံး အများအပြားကို လည်း ထည့်သွင်းလိုက်လေသည်။
နောက်ဆုံးတွင် သူကဆေးပေါင်းဖိုအတွင်းတွင် မည်သည့်ထူးခြားဆန်းကြယ်လှသော ဆေးလုံးမျိုး ပေါ်ပေါက်လာမည်ကိုအတိအကျမသိသော်လည်း အဓိကအချက်က ဆေးပေါင်းဖိုအတွင်းရှိ ပါဝင်ပစ္စည်းများက ပေါက်ကွဲချိန်မတိုင်မီ မပေါက်ကွဲစေရန်နှင့်တည်ငြိမ်နေစေရန်ဖြစ်လေသည်။
နောက်ဆုံးတွင် သူကစိတ်ကျေနပ်စွာဖြင့် သူ၏လက်များအားဖွဖွပုတ်လိုက်လေသည်။
” အဲ့လိုလုပ်သင့်ပါတယ်လေ”
သူက ဧရာမဆေးပေါင်းဖိုဆယ်လုံးအား ကျေနပ်အားရစွာကြည့်လျက် ပြောလိုက်သည်။ ယခုအချိန်တွင် သူက နောက်ဆုံး ဆေးပေါင်းဖိုများ ပေါက်ကွဲသွားသည့်အခါ မည်သို့ဖြစ်သွားမည်ကို ကြည့်ရဖို့ရန် လွန်စွာမျှော်လင့်နေလေသည်။
ထိုအရာများအားလုံး ပြီးမြောက်အောင်လုပ်ဆောင်လိုက်ပြီးနောက် သူက ကျန်ရှိနေသေးသည့် သာမန်ဆေးပေါင်းဖိုအလုံးတစ်ထောင်နှင့် စတင်အလုပ်လုပ်လိုက်တော့သည်။