ဝိညာဥ်ကျင့်ကြံသူများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းကြောင့် ဝုန်းခနဲအသံကြီး ထွက်ပေါ်သွားပြီး အရပ်မျက်နှာအနှံ့သို့ တုန်ခါလှိုင်းတစ်ခု ပျံ့နှံ့သွားလေသည်။ တချိန်တည်းမှာပင် ပေါက်ကွဲမှုအတွင်းမှ အရိပ်တစ်ခုပေါ်လာ၏။၄င်းသည် ဝိညာဥ်နက်မြင်းကို စီးထားသည့် မီးခိုးရောင် တစ္ဆေတစ်ကောင်ဖြစ်ပြီး စောစောက ဝိညာဥ်ကျင့်ကြံသူများထက် များစွာသာလွန်သော အမြန်နှုန်းဖြင့် ပြေးလာနေလေသည်။ မျက်စိတစ်မှိတ်တွင်းမှာပင် ၄င်းက အကာအကွယ်ကို ထိုးဖောက်၍ ပိုင်ရှောင်ချန်းထံ ဦးတည်လာ၏။
” နတ်တစ်ပိုင်းအဆင့် အောက်လမ်းဆရာ ဝိညာဥ် ”
အရာအားလုံးမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားလေရာ ရန်သူကို ဝင်တိုက်ခိုက်ရန် ချက်ချင်းခုန်လိုက်သော ပိုင်လင်းမှလွဲ၍ လူတိုင်းမှာ အံ့သြတုန်လှုပ်လျက် ကြက်သေသေနေကြလေသည်။ သို့သော်လည်း လာနေသော အောက်လမ်းဆရာဝိညာဥ်မှာ အသေခံရန် ဆုံးဖြတ်ထားပြီး သူ၏တိုက်ကွက်တွင် မည်သည်ကိုမှ ထိမ်ချန်မထားတော့ပေ။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ရင်း ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးလိုက်ကာ အစိမ်းရောင်စွမ်းအင်စီးကြောင်းတစ်ခု ပစ်လွှတ်လိုက်သည်။ ပိုင်လင်းက သူထုတ်နိုင်သမျှ စွမ်းအားအကုန်ဖြင့် တိုက်ခိုက်လိုက်သည့်တိုင် အစိမ်းရောင်စွမ်းအင်ကို အနည်းငယ်သာ အရှိန်လျှော့သွားစေပြီး ၄င်းက အလွန်လျင်မြန်စွာသွားနေလေရာ မည်သည့်အမြုတေအဆင့်ကျင့််ကြံသူမှ ရှောင်နိုင်လိမ့်မည်မဟုတ်ပေ။
သူ့စိတ်ထဲတွင် သေစေနိုင်သော အန္တရာယ် အငွေ့အသက်ကြီး ရလိုက်ပြီး သူ့ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားတော့သည်။ ထိုအကျဥ်းအကြပ် အခြေအနေတွင် သူက အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လိုက်ပြီး သူ၏ ခြေထောက်နှစ်ဖက်လုံးရှိ ထာဝရအရွတ်အကြောများ၏ စွမ်းအားကို ဆင့်ခေါ်ကာ အမြုတေအဆင့်ထက် သာလွန်သော အမြန်နှုန်းဖြင့် နောက်ဆုတ်လိုက်၏။ သူနှင့် အစိမ်းရောင်စွမ်းအင်စီးကြောင်းအကြား အနည်းငယ် ကွာဝေးသွားသည်။ ထို့နောက် သူက မီတာ ၃၀၀ အဝေးသို့ တည်နေရာ လွှဲပြောင်းရန် သူ၏အေးစိမ့်ချီကို ဆင့်ခေါ်လိုက်သည်။ ထိုအရာအားလုံးလုပ်လိုက်မှပင် သူက အန္တရာယ်တွင်းမှ လွတ်သည်ဆိုရုံသာရှိလေသည်။
သူရပ်နေခဲ့သောနေရာမှာ အစိမ်းရောင်စွမ်းအင်၏ ထိုးဖောက်ခြင်းခံလိုက်ရ၏။ စွမ်းအင်အငွေ့အသက်များ ထိမှန်ခံလိုက်ရသည့် ထိုနေရာနှင့် မီတာရာပေါင်းများစွာ အတွင်းရှိ အရေခွံဆုတ်တပ်သားများအားလုံး ချက်ချင်းပင် သွေးအိုင်များအဖြစ် ပြောင်းသွားတော့သည်။
မည်သူမျှ အသတ်မခံရမီ အော်ရန်အခွင့်အရေးလေးပင် မရလိုက်ကြပေ။ ပိုင်လင်းနှင့် ပိုင်ရှောင်ချန်းမှလွဲ၍ လူတိုင်းမှာ ချက်ချင်း အသတ်ခံလိုက်ရ၏။ ထိုနယ်နိမိတ်အပြင်ရှိ အရေခွံဆုတ်တပ်သားများမှာ ကြောက်လန့်မှုကြောင့် မျက်နှာများ ဖြူဖျော့သွားကြတော့သည်။
ပိုင်ရှောင်ချန်းက သွေးတစ်ပွက်အန်လိုက်၏။ သူ့အရိုးများအားလုံးမှာ ကျိုးကြေလုမတတ်ဖြစ်နေပြီး သူ၏ ယင်အင်္ဂါငါးခုနှင့် ယန်အင်္ဂါငါးခုပင်လျှင် ပျက်စီးလုနီးပါးဖြစ်နေတော့သည်။ ထို့ပြင် ၎င်းမှာ တိုက်ကွက်၏ အငွေ့အသက်လှိုင်း ရိုက်ခတ်ခံလိုက်ရခြင်းသာ ဖြစ်သည်။
အနီးအနားရှိ ကျင့်ကြံသူများမှ ကျန်ခဲ့သော သွေးအိုင်များကို လှည့်ပတ်ကြည့်လိုက်ရင်း ပိုင်ရှောင်ချန်း၏ နှလုံးသား တဆတ်ဆတ်တုန်သွားလေသည်။
” ခင်ဗျား…..”
သူ မည်သို့မျှ ဆက်မပြောနိုင်လိုက်ခင် နောက်ထပ် သွေးတစ်ပွက် အန်လိုက်လေသည်။ ကံကောင်းထောက်မစွာ သူ့မှာ စွမ်းအားကြီးသော အပြင်အားကိုယ်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအခြေခံရှိရာ သေမင်းကို ရှောင်နိုင်ခဲ့သည်။ သို့သော်လည်း သူ အပြင်းအထန် ဒဏ်ရာသွားသေးလေသည်။
သူ၏ပါးစပ်မှ နောက်ထပ်သွေးများ ထွေးထုတ်လိုက်ရင်း ယခုလေးတွင် မျှော်စင်ပေါ်ရှိ ဧရာမမျက်လုံးကြီး၏ သုတ်သင်ခြင်းခံလိုက်ရသော အရိပ်အောက်လမ်းဆရာကို လှမ်းကြည့်လိုက်သည်။
အရိပ်အောက်လမ်းဆရာမှာ ချေမှုန်းခံလိုက်ချိန်တွင် သူ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော တွေဝေသွားသည့် အကြည့်ကို မြင်ရပြီး ဤသို့ပြောနေလေသည်။။
သူဘယ်လိုများ အသက်ရှင်သွားတာလဲ။ သေဘေးက ဘယ်လိုလွတ်သွားတာလဲ။
အစက အောက်လမ်းဆရာသည် ပိုင်ရှောင်ချန်းက ပထမတိုက်ခိုက်မှုကို ရှောင်နိုင်လျှင်တောင်မှ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်အပြင် မပိုသည့်အတွက် ထွက်ပေါ်လာသည့် အငွေ့အသက်များကြောင့် သေချာပေါက် အသတ်ခံရမည်ဟု ထင်ခဲ့သည်။
ထိုအောက်လမ်းဆရာ၌ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိသည့်အပြင် လုပ်ကြံသတ်ဖြတ်မည့်အရိပ်အယောင် လုံးဝမပြသထားခဲ့သည် မဟုတ်ပါလော။ မြေရိုင်းဒေသသည် သေချာအောင်မြင်စေရန် လူ့ဘီလူးများနှင့် ဝိညာဥ်ကျင့်ကြံသူသုံးဦးအား အဆုံးစီရင်ခဲ့ရသည်။ ထိုအရာအားလုံးအပြင် လုပ်ကြံသူသည် အမှန်စင်စစ် စွမ်းအားကြီးသော အောက်လမ်းဆရာ၏ ဝိညာဥ်ဖြစ်သည်။ ပိုင်ရှောင်ချန်းကို သတ်ရန်အတွက်တင် ထိုအရာအားလုံးပေးဆပ်ခဲ့ရသည်။
ပိုင်ရှောင်ချန်းကို မြင်လိုက်ရရုံနှင့် မြေရိုင်းသားအားလုံး၏ အမုန်းတရားများဆူပွက်လာသည့်တိုင် သူတို့၏ အားထုတ်မှု အရေးနိမ့်ခြင်းဖြင့်သာ ကြုံတွေ့သွားရသည်။
လောလောဆယ်တွင် ချွေးသီးများက ပိုင်ရှောင်ချန်း၏နဖူးထံမှ ကျဆင်းလာသည်။ စောစောက သေခါနီးဆဲဆဲခံစားချက်ကြီးမှာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ခဲ့သည်။ ဝိညာဥ်ကျင့်ကြံသူများသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံဖြင့် အလွန်တရာ စွမ်းအားကြီးလေသည်။ အောက်လမ်းဆရာမှာမူ နတ်တစ်ပိုင်းအဆင့်သို့ ရောက်နေသည့် ပိုင်လင်းနှင့် အဆင့်တူတူပင်။ သူ၏ ဝိညာဥ်ကခန္ဓာကိုယ်နှင့် အထူးမှော်ပညာရပ်အချို့သံုးကာ အကာအကွယ်ကို အလွယ်တကူ ချိုးဖောက်လာနိုင်ခဲ့သည်။
ပိုင်လင်းသာ ဤနေရာတွင် မရှိခဲ့လျှင် ပိုင်ရှောင်ချန်းမှာ စောစောကထက် ပို၍ မြန်နိုင်ခဲ့လျှင်တောင်မှ တိုက်ကွက်ကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
ပိုင်လင်း၏ မျက်နှာမှာ ရှုံ့တွ့နေတော့သည်။သူ့ဘေးတွင်ရှိနေလျက်နှင့် ပိုင်ရှောင်ချန်းအသတ်ခံရလုနီးပါးဖြစ်သွားခြင်းကြောင့် အလွန်အရှက်ရဖွယ်ကောင်းလှပေသည်။ ပိုင်ရှောင်ချန်းက သူ့အတွက် အလွန့်အလွန် အရေးကြီးသည်။ သူ ဝိညာဥ်စုစည်းဆေးလုံးများစွာကို ဖော်စပ်ထားပြီးလျှင် သူ၏ ဆုံးရှုံးမှုကို လက်ခံနိုင်ကောင်း လက်ခံနိုင်လိမ့်မည်။ သို့သော် ယခုအချိန်တွင် သူက စပင် မစ ရသေးပေ။ ယခု သူသာ သေသွားပါက မဟာတံတိုင်းမြို့တော်၏ ကျင့်ကြံသူများအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
စိုးရိမ်သောကများဖြင့် ပိုင်ရှောင်ချန်းထံ အပြေးအလွှားသွားပြီး ခရမ်းရောင်အလင်းများ တောက်ပနေသည့် ဆေးလုံးတစ်လုံး ကမ်းပေးလိုက်သည်။
” ဒီ နတ်ဆေးလုံးကို ယူလိုက်”
ဆေးလုံး၏ အနံအသက်နှင့်ပင် ၄င်းသည် ဒဏ်ရာများကို ကုသရန် ပြုလုပ်ထားသော သန့်ရှင်းသော ဆေးလုံးတစ်လုံးဖြစ်ကြောင်း ပိုင်ရှောင်ချန်းသိလိုက်လေသည်။ တုံ့ဆိုင်းမနေပဲ သူက ပါးစပ်ထဲပစ်ထည့်လိုက်ပြီး တခဏကြာသော် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်စွမ်းအင်များ၊ သက်စောင့်အားများဖြင့် တဖျစ်ဖျစ် မြည်လာတော့သည်။ တချိန်တည်းမှာပင် သူ၏ ထိခိုက် ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားတော့သည်။
၄င်းသည် ပိုင်ရှောင်ချန်း အရင်က တစ်ခါမှ မမြင်ဖူးသည့် အံ့ဖွယ်သရဲဆေးလုံးဖြစ်သော်လည်း မယုံနိုင်စရာကောင်းလောက်အောင် တန်ဖိုးကြီးမည်ဟု ပြောနိုင်လေသည်။ အမှန်တကယ်ဆိုရလျှင် ပိုင်လင်းသည် သူ့အတွက် အရေးပေါ်အခြေအနေတွင် အသက်ကယ်ရန် ဆောင်ထားခြင်းဖြစ်တန်ရာသည်။ ပိုင်ရှောင်ချန်းက ထိုအကြောင်းနှင့် ပတ်သက်ပြီး ထပ်သိရန် စိတ်မဝင်စားပေ။ ပိုင်လင်းဘက်လှည့်ပြီး သူက ပြော၏။
” စစ်သေနာပတိချုပ် ပိုင်။ ခင်ဗျား ကျုပ်ကို မဟာတံတိုင်းပေါ် တိုက်ပွဲကြည့်ဖို့ ခေါ်တုန်းက လုံခြုံပါတယ်လို့ ခင်ဗျား အထပ်ထပ် ပြောခဲ့တယ်နော်။ ”
ပိုင်ရှောင်ချန်းမှာ အတန်ငယ်လန့်ဖျပ်ပြီး ကြောက်ရွံ့နေဆဲဖြစ်သောကြောင့် စကားပြောပြီးသည်နှင့် တံတိုင်း၏ အစွန်းနားနောက် အတော်ဝေးဝေးသို့ ဆုတ်လိုက်လေသည်။
ပိုင်လင်းမှာ ဆိုးဆိုးရွားရွား ခံစားလိုက်ရသည်။ ပိုင်ရှောင်ချန်းကို တောင်းပန်သည့်အနေဖြင့် လက်ယှက်လိုက်ပြီးနောက် မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များတောက်လောင်နေလျက် စစ်မြေပြင်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
အမှန်တွင် ပိုင်ရှောင်ချန်းက ပိုင်လင်းကို စိတ်မဆိုးပေ။ ပိုင်လင်းသာ ဝင်မကူပါက ယခုအချိန်တွင် ပိုင်ရှောင်ချန်း အသက်ရှိနေမည်မဟုတ်တော့ပေ။
” အောက်လမ်းဆရာတွေက တကယ်ပဲ မဟာတံတိုင်းကို ဒီတိုင်းဝင်လာလို့ရတာလား ”
သူက မေးလိုက်သည်။
ပိုင်ရှောင်ချန်း၏ မေးခွန်းမှာ သိပ်မရေရာသည့် လေသံပေါက်နေသော်လည်း မည်သည်ကိုဆိုလိုသည်မှာ ထင်ရှားသည်။ သူ သေလုနီးပါးဖြစ်ခဲ့သည်မဟုတ်လော။ သူက များသောအားဖြင့် ဘယ်နေရာသွားသွား သတိထားခဲ့သော်လည်း မဟာတံတိုင်းကို ကာကွယ်ထားသည့် မန္တန်အစီအရင်အကာအကွယ်ကြောင့် သူလုံခြုံသည်ဟု အမြဲ ယူဆခဲ့သည်။
တခဏကြာ တိတ်ဆိတ်သွားပြီးနောက် ပိုင်လင်းက ပြန်ဖြေ၏။
” အများစုတော့ မလုပ်နိုင်ဘူး။ အမှန်အတိုင်းပြောရရင် တကယ့်ခန္ဓာကိုယ်နဲ့ အောက်လမ်းဆရာတွေ မလုပ်နိုင်ဘူး။ ဝိညာဥ်ပုံစံနဲ့ပဲ ဒီလိုအရာတွေကို လုပ်နိုင်တာ။ ဒါပေမယ့် အကာအကွယ်ထဲ ဖြတ်ပြီးရင် မျှော်စင်ပေါ်က မျက်လုံးက သူတို့ကို သတိထားမိသွားပြီး အသက်ရှူချိန်သုံးကြိမ်အတွင်း သတ်ခံရလိမ့်မယ်။ ဒါကြောင့် ဒီလိုအရာမျိုး လုပ်ဖို့ ရွေးချယ်တဲ့ အောက်လမ်းဆရာ မရှိသလောက်နည်းတယ် ”
အသက်ရှူသံများကို အားတင်းထိန်းရင်း ပိုင်ရှောင်ချန်းသည် တံတိုင်းအလွန်ရှိ စစ်မြေပြင်ကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် လူ့ဘီလူးများနှင့် ဝိညာဥ်တပ်ဖွဲ့သည် ဆုတ်ခွာနေကြ၏။
” ရှောင်ချန်း၊ ဒီနေ့ ငါ့ရဲ ပေါ့လျော့မှုကို ခွင့်လွှတ်ပါ”
ပိုင်လင်းက ပိုင်ရှောင်ချန်းကို ပြန်လှည့်ကြည့်ရင်း ပြောသည်။
” ဂိုဏ်းရဲ့ ထောက်ပံ့ရေးအရာရှိကို တွေ့ဖို့ ငါနဲ့ လိုက်ခဲ့လိုက်။ မင်းသူ့ကိုစကားနည်းနည်းပါးပါးသာပြောလိုက်ကွာ၊ မင်းလိုအပ်တဲ့ ဘယ်ဆေးပင်မဆို မင်းဟာပဲ ”
ပိုင်ရှောင်ချန်းသည် ပိုင်လင်းဆိုလိုသည်ကို ချက်ချင်း သဘောပေါက်လေသည်။ ပိုင်လင်းက ဖြစ်ပျက်သွားသောအရာများအတွက် သူလိုသမျှအကုန်ယူရန် အခွင့်အရေးပေးနေလေသည်။ ထို့ကြောင့် စောစောက အဖြစ်အပျက်များအပေါ် သူ၏ စိုးရိမ်သောကများကို ဖိနှိပ်၍ လူ့ဘီလူးများကို မုန်းတီးခြင်းများအပြည့်ဖြင့် နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်လင်းနောက် လိုက်ပါသွားတော့သည်။
မကြာမီ သူတို့က မြို့တော်ထဲ ပြန်ရောက်သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းထောက်ပံ့ရေးဌာနကို သွားလိုက်ကြသည်။ သူ၏ရာထူးအဆင့်အတန်းကြောင့် ပိုင်လင်းက ယဥ်ယဥ်ကျေးကျေး ပြုမူနေရန်မလိုပေ။ ဝင်ပေါက်ထဲတန်းဝင်သွားလိုက်ပြီး သူက အော်လိုက်သည်။
” စုန့်ရီဒို အခုချက်ချင်းထွက်လာစမ်း”
အချိန်အနည်းငယ်ကြာသော် ခပ်ဝဝ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အမောတကော အပြေးအလွှားထွက်လာ၏။ သူက လက်ယှက် အရိုအသေပေးရင်း ပြောသည်။
” စစ်သေနာပတိချုပ် လိုအပ်တာကို တစ်ခွန်းသာပြောလိုက်ပါ”
ပိုင်လင်းက ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်သို့ လေးလေးနက်နက် မော့ကြည့်ရင်း ရပ်နေလိုက်သည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ စိုးရိမ်သောကများကို ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ချေဖျက်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက ပြောရန် တုံ့ဆိုင်းမနေတော့ပေ။
” ကျုပ် မြေဝိညာဥ်သစ်ဥ ၅၀၀၀လိုတယ်။ တစ်ခုစီတိုင်းကလည်း နှစ်၅၀၀ သက်တမ်း အနည်းဆုံးရှိရမယ်”
စုန့်ရီဒိုသည် ယခုလေးတင် အမြီးတက်နင်းခံလိုက်ရသည့် တောဝက်ကြီးပမာ တဆတ်ဆတ်တုန်သွားလေသည်။
သူက စူးစူးဝါးဝါးအော်ရင်း သူ့ဝမ်းဗိုက် အဆီများ တုန်ခါနေလျက် ပြန်ပြော၏။
” သက်တမ်း အနှစ်၅၀၀။ ၅၀၀တဲ့လား။ မဖြစ်နိုင်တာ”
သူ့ကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းက ဆက်ပြော၏။
” ကျုပ် ကောင်းကင်နဂါးပင် ၊ ပင်လယ်ကိုးစင်းဂျင်ဆင်းမြစ်၊ ဥာဏ်ပညာအကြေးခွံ၊ နတ် ဆေးပင် လိုတယ်။ တစ်မျိုး တစ်သောင်းစီ ”
စုန့်ရီဒို ပြန်ပြောမည့်ဆဲဆဲမှာပင် ပိုင်ရှောင်ချန်းကကြားဖြတ်ကာ ထပ်ထည့်လိုက်သည်။
“ပြီးတော့ ကိုးရောင်ခြည်မီးအတွက် လောင်စာ။ ပုံးတစ်ရာ ”
စုန့်ရီဒို မီးပွင့်သွားလေပြီ။
“ မဖြစ်နိုင်ဘူး။ ကျုပ် လက်ထဲ အဲ့တာတွေ မရှိဘူး။ ဘယ်သူကကော ရှိနိုင်မှာတုံး ”
စုန့်ရီဒိုကို အဖက်ပင်မလုပ်ဘဲ ပိုင်ရှောင်ချန်းက ဆက်ပြော၏။
” ကျုပ် ကျင့်ကြံခြင်းအခြေခံကို အားပြန်ပြည့်စေဖို့ ဝိညာဥ်အရက်ပုလင်း တစ်သောင်းလဲ လိုတယ်”
“ပြီးတော့ ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံး တစ်ရာ”
“အိုး ဟုတ်ပြီ။ အဲဒါ… ဘာပါလိမ့်..နတ်ဆေးလုံး ။ ကျုပ် အဲ့ဆေးလုံး တစ်ရာလိုချင်တယ်”
ထိုအချိန်တွင် ပိုင်လင်းပင်လျှင် စိုးရိမ်လာတော့သည်။ သူ့အဖိုးထံ ထိုပစ္စည်းများကို ရရန် စာပို့ရန် လိုလိမ့်မည်ဟုသာ သူ ပြောနိုင်တော့သည်။
စုန့်ရီဒိုမှာ စိတ်ထဲတွင် သောကများဖြင့် ငိုကြွေးနေမိတော့သည်။ သူသည် မဟာတံတိုင်းမြို့တော်ရှိ နေ့စဥ်နေ့တိုင်းကိစ္စများအားလုံးအတွက် တာဝန်ရှိပြီး အသုံးစရိတ်များလာလျှင် သူအပြစ်ပေးခံရလိမ့်မည်။ အပြန်အလှန်အားဖြင့် စစ်တပ်ငါးဖွဲ့ကို ကျေနပ်သည်အထိ လုံလုံလောက်လောက် သုံးမပေးလျှင်လည်း သူတို့က ဒေါသထွက်ပေဦးမည်။
ပိုင်ရှောင်ချန်းမှာ သူ၏လက်ကို အရေးမထားသည့်ဟန်ဖြင့် ခါလိုက်ပြီး ပိုင်လင်းကို လှမ်းကြည့်လိုက်သည်။ တခဏကြာတွေးပြီးသော် ပိုင်လင်းက စုန့်ရီဒိုကို ခပ်ယဲ့ယဲ့ ပြုံးပြပြီးနောက် ဘေးကို ဆွဲခေါ်သွား၏။ ပထမတွင် သူက တိုးတိုးတိတ်တိတ်ပြောနေသော်လည်း ထို့နောက် ဒေါသထွက်လာပြီး နောက်ဆုံး အနီးနားရှိ အလှကျောက်တုံးကို လက်သီးဖြင့် လှမ်းထိုးလိုက်ကာ စုန့်ရီဒိုကို နေ့ခင်းကြောင်တောင် ခြောက်လှန့်နေလေသည်။ ထို့နောက် သူတို့နှစ်ယောက် ပိုင်ရှောင်ချန်းထံ ပြန်လျှောက်လာကြသည်။
သူသည် ခပ်မဲ့မဲ့ ပြုံးနေရင်း ပိုင်ရှောင်ချန်းက နောက်ထပ်တောင်းဆိုဦးမည်ကို စိုးရိမ်၍ ဆွဲခေါ်သွားတော့သည်။
” မင်းသူ့ကို သတ်ရင်တောင်မှ ကိုးရောင်ခြည်မီးတောက်လောင်စာ နဲ့ နတ်ဆေးလုံးတွေ သူ ပေးနိုင်မှာမဟုတ်ဘူး။ အဲ့တာက လွဲပြီး ကျန်တာတွေ သူလုပ်ပေးနိုင်တယ်။ ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးတွေကတော့ ဘယ်လိုရနိုင်မလဲ ငါစဥ်းစားဖို့လိုတယ်။ “