Switch Mode

အခန်း (၅၉၄)

ထွန်းတောက်လမ်း

ခုန်းတောက်မှာ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီးနောက် ပတ်ဝန်းကျင်အသစ်သို့ ရောက်သွားသဖြင့် အံ့ဩတုန်လှုပ်နေရာမှ အသိစိတ်ပြန်ဝင်လာသောအခါ ရုတ်တရက် ဆိုလိုက်၏။

” ပေါင်လဲ့၊ ယမုန့်။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရိဖန်းဆီကို သွားပြီးတော့ ဗေဒါရွက်ကိုယူဖို့ သွားပြောခဲ့သေးတယ်။ ဒါပေမဲ့ သူက မလိုချင်ဘူးလို့ ပြောခဲ့တာ… ”

” ခုန်းတောက်။ မင်းက အတွေးလွန်နေတာပါ ” ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အား ပခုံးပုတ်၍ ခေါင်းယမ်းကာ ပြုံးပြလိုက်၏။ သူသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ကျိုးရိဖန်းအား သွားရောက်တွေ့ဆုံခဲ့ပါသော်လည်း ကျိုးရိဖန်းမှာ သူ့ကိုလည်း ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ သူသည် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ဝင်မပြိုင်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဗေဒါရွက်ပိုင်ရှင်အား စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည့်တိုင်အောင် ထိုအခွင့်အရေးအား ခုန်းတောက်ကိုသာ လွှဲပေးလိုက်၏။

ဝမ်ပေါင်လဲ့၏စကားကို ကြားလိုက်ရသောအခါ ခုန်းတောက်မှာ စိတ်အေးသွားရတော့သည်။ ထို့နောက် သူသည် မေးငေါ့ကာ သူ၏ရှေ့တွင်ရှိနေသော တောင်ပတ်လမ်းအား လှမ်းကြည့်လိုက်၏။

” ဒါ အကြီးအကဲချိုးရန် ပြောတဲ့ ထွန်းထောက်လမ်းပဲ ဖြစ်ရမယ်။ ငါ မန္တန်အစီအရင်တစ်ခုရဲ့ အငွေ့အသက်တွေကို အာရုံခံမိနေတယ်။ အဲဒီ အငွေ့အသက်က ‌အားကောင်းပေမဲ့ ဘာအန္တရာယ်မှ မရှိဘူး ” ကျောက်ယမုန့်မှာ ထိုတောင်ပတ်လမ်းအား စိုက်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ငါ အရင်ဆုံးသွားလိုက်မယ် ” ကျောက်ယမုန့်တစ်ယောက် စကားဆုံးသွားသည်နှင့် ခုန်းတောက်၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့ သူ့အား ပေးအပ်ခဲ့သည့် အခွင့်အရေးအတွက် ကျေးဇူးတင်မဆုံးဖြစ်နေသဖြင့် ထွန်းတောက်လမ်းပေါ်သို့ အရင်ဆုံး တက်ချင်နေသည်။ သို့မှသာ အန္တရာယ်တစ်ခုခု ပေါ်ပေါက်လာပါက ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ခုန်းတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့လှမ်းသွားလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ သူ့အား မတားနိုင်ခင်မှာပင် လှေကားထစ်ပေါ်မှ ပထမအဆင့်ပေါ်သို့ တက်လိုက်၏။ သို့သော် သူ၏ ခြေထောက် အောက်သို့ပြန်ကျလာသောအခါ ခုန်းတောက်မှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။

ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ချက်ချင်းပင် ရှေ့သို့လှမ်းသွားလိုက်ကြပြီး အခြေအနေများကို အကဲခတ်လိုက်၏။ ဆယ့်ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် သူတို့နှစ်ယောက်မှာ စိုးရိမ်စိတ်များ ကြီးထွားလာရသဖြင့် ခုန်းတောက်အား နောက်သို့ပြန်ဆွဲရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် ခုန်းတောက်မှာ အသက်ပြင်းပြင်းရှုကာ ဆိုလိုက်၏။

” ငါ ပုံရိပ်ယောင်တစ်ခုကို မြင်ခဲ့ရတာ။ ဒီနေရာက ဘေးကင်းပါတယ် ”

ခုန်းတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ ဆက်၍ချီတက်သွားပြန်သည်။ သူသည် ခြေလှမ်းတစ်ရာတိတိ ထပ်၍လှမ်းလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ တစ်ကိုယ်လုံးတုန်ရီသွားပြီး ရပ်တန့်သွားရပြန်သည်။

ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်စလုံးမှာ လှေကားထစ်၏ ပထမဆုံးအဆင့်ပေါ်သို့ အတူတူ တပ်လိုက်ကြတော့သည်။ ထိုအခါ သူတို့နှစ်ယောက်စလုံးမှာ ချက်ချင်းပင် တုန်ရီသွားကြ၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ခုန်းတောက် မြင်ခဲ့ရသည့်အရာများကို သိလိုက်ရတော့သည်။ သူသည် သူ၏ ရှေ့၌ မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်၏။

အနက်ရောင်လျှပ်စီးတန်းများနှင့် မိုးကောင်းကင်ကြီးမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာ၌ အပြာရောင်ကောင်းကင်ယံကြီး အစားထိုးဝင်ရောက်လာ၏။ ဘေးပတ်ပတ်လည်ရှိ အချုပ်အနှောင်များ အားလုံးမှာလည်း ပျောက်ကွယ်သွားပြီး အေးဆေးတည်ငြိမ်နေသည့် လွင်ပြင်များ ပေါ်ပေါက်လာကြသည်။ လေထဲတွင် ကျေးငှက်များ ပျံသန်းနေကြပြီး တောင်ထိပ်ခုနစ်ခုရှိသော တောင်ကြီးပင်လျှင် ယခင်တုန်းကလောက် ခံ့ညားထည်ဝါနေခြင်း မရှိတော့ပေ။ ၎င်းမှာ အရွယ်အစားသေးငယ်သွားပြီး တောင်ငယ်လေးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

လေထုထဲတွင် စိတ်တည်ငြိမ်အေးချမ်းစေသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျပ်ဖျပ် ခတ်မိသွားပြီးနောက် သူရှိနေသည့် တောင်ထိပ်ပေါ်တွင် ခြံဝင်းတစ်ခုရှိနေသည်ကို မြင်လိုက်ရတော့သည်။

ထိုခြံဝင်းထဲတွင် ရေတွင်းတစ်တွင်းရှိနေပြီး ခွေးကြီးတစ်ကောင်မှာ ထိုရေတွင်၏ ဘေးတွင် ပျင်းရိပျင်းတွဲနှင့် လဲလျောင်းနေ၏။ ထူးခြားသောအငွေ့သက်များ ပိုင်ဆိုင်ထားသည့် အဘိုးကြီးတစ်ယောက်မှာ တင်ပျဉ်ခွေထိုင်ကာ ထို‌ခွေးကြီး၏ ဦးခေါင်းအား ပွတ်သပ်ပေးနေ၏။ ထို့အပြင် သူသည် ခြံဝင်းတံခါးအပြင်ဘက်၌ ဆိုင်းဘုတ်တစ်ခု ချိတ်နေသော ကလေးငယ်နှစ်ယောက်ကိုလည်း လှမ်း၍ ပြုံးပြနေသေးသည်။

ထိုကလေးငယ်နှစ်ယောက်မှာ အသက်ငယ်သေးပါသော်လည်း အလွန်အင်မတန်မှ ဖျတ်လတ်တက်ကြွ၏။ သို့ဖြစ်ရာ သူတို့မှာ ထိုဆိုင်းဘုတ်အားချိတ်နိုင်ရန် အချိန်သိပ်မပေးလိုက်ရပေ။ ဝမ်ပေါင်လဲ့မှာ ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စကားလုံးများကို ချက်ချင်းသတိထားမိလိုက်၏။

” ကျယ်ပြန့်ခြံဝင်း ”

ထိုအချိန်တွင် ထိုပုံရိပ်ယောင်ကြီးမှာ ရပ်တန့်သွားပြီး ပျောက်ကွယ်သွားတော့သည်။ အရာအားလုံးမှာလည်း နဂိုအတိုင်းပြန်ဖြစ်သွား၏။ အနက်ရောင်လျှပ်စီးတန်းများ၊ အချုပ်အနှောင်များနှင့် ခံ့ညားထည်ဝါနေသည့် တောင်ထိပ်နန်းတော်ခုနစ်ဆောင်တို့မှာလည်း ပြန်လည်ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူ ဘေးသို့လှည့်ကြည့်လိုက်သောအခါ ကျောက်ယမုန့်မှာလည်း မျက်လုံးများပြန်ပွင့်လာသည်ကို မြင်လိုက်ရသည်။

” ထွန်းတောက်လမ်းက ကျယ်ပြန့်တာအိုနန်းတော် တန်ခိုးအာဏကြီးထွားလာတဲ့ သမိုင်းကြောင်းကို ပြနေတာလား ” ကျောက်ယမုန့်မှာ တိုးတိုလေး ရေရွတ်လိုက်၏။ သူမ၏ စကားများမှာ ဝမ်ပေါင်လဲ့၏ အတွေးများနှင့်ထပ်တူကျနေသည်။ ထို့နောက် သူတို့နှစ်ယောက်မှာ ရှေ့သို့ ဆက်လက်ချီတက်သွားလိုက်ကြ၏။

အဝေးမှ ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့နှစ်ယောက် အတူတူရှိနေပြီး ခုန်းတောက်မှာ သူတို့၏ရှေ့ ခြေလှမ်းတစ်ရာအကွာတွင် ရှိနေသည်ကိုမြင်နိုင်ပေသည်။ သူတို့သုံးယောက်မှာ အနက်ရောင် လျှပ်စီးတန်းများနှင့် ဘေးပတ်ပတ်လည်ရှိ အချုပ်အနှောင်များ၏ ကြားတွင် တောင်ထိပ်ပေါ်သို့ ခရီးနှင်နေကြသည်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ခြေလှမ်းတစ်ရာတိတိ ထပ်၍လှမ်းလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ ဒုတိယပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြန်သည်။ ကောင်းကင်ယံထဲတွင် တိမ်တိုက်များရှိနေပြီး လွင်ပြင်များပေါ်တွင် မြို့များကိုတည်ဆောက်ထားပြီး ဖြစ်သည်။ တောင်ကုန်းလေးမှာလည်း မြင့်မားသော တောင်ကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ခြံဝင်းကြီးမှာလည်း ရာပေါင်းများစွာသော အဆောက်အဦများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ တစ်တောင်လုံးမှာ စိမ်းစိုနေပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ဂိုဏ်းသားများမှာလည်း ပထမ ပုံရိပ်ယောင်ထဲတွင် ရှိခဲ့သည့် ကလေးငယ်နှစ်ယောက်တည်း မဟုတ်တော့ပေ။ သောင်းဂဏန်းအထိရှိသော ဂိုဏ်းသားပေါင်း မြောက်မြားစွာမှာ အလုပ်ရှုပ်နေကြသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ စည်ကားသိုက်မြိုက်နေပြီဖြစ်သည်။ နေရောင်ခြည်အလင်းတန်းများမှာ ဝင်ပေါက်တွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပေါ်သို့ ကျရောက်နေကြ၏။

ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားသည့် စကားလုံးများမှာ ” ကျယ်ပြန်ခြံဝင်း ” မဟုတ်တော့ဘဲ ” ကျယ်ပြန့်မျိုးနွယ်စု ” အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ရှေ့သို့ ခြေလှမ်းတစ်ရာ လှမ်းလိုက်တိုင်း ပုံရိပ်ယောင်အသစ်တစ်ခု ပေါ်ပေါက်လာ၏။ သူတို့သုံးယောက်မှာ ရှေ့သို့ရောက်လာလေလေ သူတို့ခံစားနေရသည့် ဖိနှိပ်အားများမှာ ပို၍ အားကောင်းလာလေလေ ဖြစ်နေတော့သည်။

ခုန်းတောက်နှင့် ကျောက်ယမုန့်တို့မှာ အစပိုင်းတွင် ထိုဖိနှိပ်အားများကို ခုခံနိုင်စွမ်းရှိပါသော်လည်း တဖြည်းဖြည်းနှင့် ရှေ့သို့ရောက်လာကြသောအခါ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သူ၏နဂိုမူလအမြန်နှုန်းအား ထိန်းထားနိုင်တော့သည်။ သို့သော် ထွန်းတောက်လမ်းပေါ်တွင် အန္တရာယ်များရှိမနေကြောင်း သူက သိထားသဖြင့် သူသည် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား ကူညီပေးခဲ့ခြင်းမရှိပေ။ ထို့အပြင် သူတို့ ခံစားနေရသည့် ဖိနှိပ်အားများကို သူတို့၏ အပြင်ခန္ဓာကိုယ်များအတွက် လေ့ကျင့်ခန်းတစ်ခုဟုပင် အတိုင်းတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထို အပြင်ခန္ဓာကိုယ်လေ့ကျင့်ခန်းအား မလိုအပ်ပါသော်လည်း ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အတွက်မူ ၎င်းမှာ သူတို့၏ ခန္ဓာကိုယ်များအား သန်မာလာအောင် လေ့ကျင့်နိုင်မည့် အဖိုးတန် အခွင့်အရေးကြီးတစ်ခုဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား အကဲခတ်လိုက်ပြီးနောက် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်ပုံရိပ်ယောင်များအား ကစားပွဲတစ်ခု ကစားနေသကဲ့သို့ ကြည့်နေလိုက်တော့သည်။

ထို ပုံရိပ်ယောင်သုံးခုမှာ တစ်ခုနှင့်တစ်ခုဆင်တူကြ၏။ ၎င်းတို့မှာ နှစ်ပေါင်းများစွာကြာပြီးနောက် ကျယ်ပြန့်မျိုးနွယ်စုထဲ၌ တန်ခိုးအာဏာကြီးထွားလာကြသော ကျင့်ကြံခြင်းဂိုဏ်းများအကြောင်းကို ဖော်ပြနေကြခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ထိုဂိုဏ်းများမှာ သူတို့ရောက်နေသည့် ဂြိုဟ်အား အုပ်ချုပ်လိုက်ကြပြီး ကြယ်စင်စုခေတ်အား စတင်သွားစေတော့သည်။ သူတို့မှာ ဂြိုဟ်တစ်လုံးတည်း ရှိနေခဲ့သည့် အဆင့်မှ ကြယ်စင်စုကြီးတစ်ခုအဆင့်သို့ ရောက်သွားခဲ့၏။ ထိုအဖြစ်အပျက်များအားလုံးကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါသော်လည်း ထိုသို့ ဖြစ်လာနိုင်ရန် မျိုးဆက်ပေါင်းမြောက်မြားစွာမှ ကျင့်ကြံသူများ ကြိုးစားအားထုတ်ခဲ့ကြရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ထိုသို့ဖြင့် သူတို့မှာ အခြား ကြယ်စင်စုအဖွဲ့အစည်းများကိုပါ သိမ်းပိုက်ခဲ့ပြီးနောက် နောက်ဆုံးတွင် ကြယ်စင်စုနယ်မြေကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်သွားသဖြင့် ထိုနယ်မြေကြီး၏ အရှင်သခင်အဖြစ်သို့ ရောက်သွားတော့သည်။

ထိုကဲ့သို့ အဆင့်ဆင့်ပြောင်းလဲခဲ့သည့် တစ်လျှောက်လုံးတွင် ဂိုဏ်၏အမည်အား သုံးကြိမ်တိတိ ပြောင်းလဲခဲ့၏။ ထိုသို့ဖြင့် နောက်ဆုံးတွင် ” ကျယ်ပြန့်တာအိုနန်းတော် ” ဆိုသည့်အမည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ကျယ်ပြန့်တာအိုနန်းတော်၏ သမိုင်းကြောင်းအား ပြတ်တောင်းပြတ်တောင်းသာ မြင်ခဲ့ရပါသော်လည်း ၎င်း၏ ကြီးကျယ်ခမ်းနားမှုများနှင့် ဂုဏ်ကျက်သရေများကို စိတ်ကူးထဲ၌ မှန်းဆကြည့်နိုင်ပေသည်။ ထို ခြံဝင်းလေးမှာ ကြယ်စင်စုနယ်မြေတစ်ခုလုံး၏ အရှင်သခင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်မှ မဟုတ်သည့်တိုင်အောင် ၎င်း၏ တန်ခိုးအာဏာ ကြီးထွားလာမှုကြောင့် အားတက်လာရဆဲပင်။ ကျယ်ပြန့်တာအိုနန်းတော် ကပ်ဘေးကြီးနှင့် မကြုံတွေ့ခဲ့ရစဉ်တုန်းက ထိုဂိုဏ်းသားများမှာ သူတို့၏အနာဂတ်အတွက် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေခဲ့မည်ကို မှန်းဆကြည့်နိုင်ပေသည်။

” ဒီတောင်ပတ်လမ်းရဲ့ အဆုံးအထိသွားရင် ကျယ်ပြန့်တာအိုနန်းတော်ရဲ့ သမိုင်းကြောင်းတစ်ခုလုံးကို သိရမှာပဲ…. ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်အား လေးစားမိသွားတော့သည်။ သို့သော် သူသည် ပုံရိပ်ယောင်များထဲ၌ မြင်ခဲ့ရသည့် ကျယ်ပြန့်တာအိုနန်းတော်၏ တန်ခိုးအာဏာကြီးထွားလာမှု ပုံရိပ်များနှင့် တကယ့်လက်တွေ့ဘဝတွင် မြင်နေရသော အနက်ရောင်လျှပ်စီးတန်းများ၊ အချုပ်အနှောင်များနှင့် မီးပင်လယ်ကြီးတို့မှာ လုံးဝအပ်စပ်မှုမရှိကြောင်း ခံစားနေရ၏။

ထို သမိုင်းကြောင်းနှင့် လက်ရှိဖြစ်ရပ်များကို ဆက်စပ်တွေးတောကြည့်နိုင်ရန်မှာ ခဲယဉ်းလွန်းလှပေသည်။ တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ တောင်ထိပ်ပေါ်သို့ ဆက်တက်သွားလိုက်ပြီး ထွန်းတောက်လမ်းပေါ်၌ နောက်ဆုံးခြေလှမ်းအား လှမ်းလိုက်တော့သည်။

သူ‌၏ခြေထောက် အောက်သို့ပြန်ကျလာသောအခါ သူ၏ မျက်ဝန်းများထဲ၌ ဆဋ္ဌမမြောက် ပုံရိပ်ယောင် ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ ကျဆုံးခန်းကို မြင်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း သူနှင့် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရ၏။

၎င်းမှာ အ‌ဆော့သန်သော ကလေးမလေးတစ်ယောက်အား ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ခေါ်ဆောင်လာသည့် ငွေရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ ပုံရိပ်ဖြစ်ပေသည်။ ကျယ်ပြန့်တာအိုနန်းတော်မှာ သူ၏ ရောက်ရှိလာမှုအား အလွန်အင်မတန်မှ အလေးထားပြီး ဂိုဏ်းခေါင်းဆောင်ကြီးပင်လျှင် သူ့အား လူကိုယ်တိုင် လာရောက်တွေ့ဆုံ၍ နှုတ်ဆက်ခဲ့၏။ ထိုပုံရိပ်ယောင်ထဲရှိ ကလေးမလေးမှာ သူမ၏ ဘေးပတ်ဝန်းကျင်အား အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်ရှုနေသည်။

” မမလေး… ” ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားပြီး စိတ်ထဲ၌ ရေရွတ်မိလိုက်၏။ ထိုပုံရိပ်ယောင်ကြီး ပျောက်ဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ထွန်းတောက်လမ်း၏ အပြင်ဘက်သို့ ရောက်သွားပြီဖြစ်သည်။ သူသည် သူ၏ရှေ့တွင်ရှိနေသော နန်းတော်ကြီးအား မျက်နှာမူကာ တောင်ထိပ်ပေါ်တွင်ရပ်နေ၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား စောင့်ဆိုင်းနေရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သူသည် သူ၏ရှေ့ရှိ နန်းတော်ကြီးအား စိုက်ကြည့်နေရင်း စိတ်များ ပြန်လည်တည်ငြိမ်သွား၏။ ထိုနန်းတော်ကြီးမှာ အရွယ်အစားကြီးမားကာ ခံ့ညားထည်ဝါနေပြီး ၎င်း၏ တိုင်လုံးကြီးများမှာလည်း မိုးကောင်းကင်ကြီးအား ပင့်တင်ပေးထားသကဲ့သို့ပင်။ ၎င်း၏ရှေ့တွင် စိုက်ထူထားသော ရုပ်ထုကြီးမှာလည်း ခမ်းနားကြီးကျယ်ပြီး ဩဇာညောင်းသည့်ပုံ ပေါက်နေ၏။ သို့သော် ထိုနန်းတော်ကြီးမှာ အလွန်အင်မတန်မှ သက်တမ်းရင့်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုရုပ်ထုကြီးအား မျက်မှန်းတန်းမိလိုက်၏။ ၎င်းမှာ ပထမဆုံး ပုံရိပ်ယောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေခဲ့သော သက်လတ်ပိုင်းလူကြီး ဖြစ်ပေသည်။

ထိုလူကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်၏ ဂိုဏ်းချုပ်ကြီး ဖြစ်နိုင်ပေသည်။

ထိုနန်းတော်ကြီးမှာ ဓားကိုယ်ထည်ပိုင်းထဲရှိ အပျက်အစီးများကြားတွင် ရောက်နေသည့်တိုင်အောင် အကောင်းပတိအတိုင်း ကျန်ရှိနေဆဲပင်။ ၎င်း၏ရှေ့တွင် ရပ်နေပါက ဘီလူးကြီးတစ်ကောင်၏ ရှေ့တွင် ရပ်နေသည့်အလား ခံစားရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ကြီးအား အကဲခတ်ကြည့်ရှုနေစဉ်မှာပင် သူ၏နောက်၌ လေးလံသော အသက်ရှူသံများကို ကြားလိုက်ရသည်။ ခုန်းတောက်မှာ ကတုန်ကယင် ဖြစ်နေသည့်တိုင်အောင် အရောင်တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် ရောက်ရှိလာခြင်းဖြစ်၏။ ထွန်းတောက်လမ်းတစ်လျှောက်၌ သူ ကျော်ဖြတ်ခဲ့ရသည့် အပြင်ခန္ဓာကိိုယ်လေ့ကျင့်ခန်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အများကြီးပို၍ သန်မာလာပြီဖြစ်သည်။ နောက်ထပ် ငါးမိနစ်တိတိ ကုန်ဆုံးသွားပြီးနောက် ကျောက်ယမုန့်မှာလည်း ထွန်းတောက်လမ်း၏ အဆုံးသို့ ရောက်ရှိလာ၏။

သူမသည် သူတို့သုံးယောက်ထဲ၌ အားအနည်းဆုံး အပြင်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထွန်းတောက်လမ်းတစ်လျှောက်လုံးတွင် အကျိုးကျေးဇူး အများဆုံး ရရှိခဲ့၏။

” ဒုတိယအပိုင်းက ရှိခိုးနန်းတော် ခုနစ်ဆောင်ပဲ ” ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ အနားယူပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်နေသည့် မျက်ဝန်းများဖြင့် ရုတ်တရက် ရေရွတ်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset