ဝမ်ပေါင်လဲ့မှာ သူဌေးသူကြွယ်ကြီးတစ်ယောက်ပုံစံဖြင့် ကစားပွဲမှ ရရှိခဲ့သည့် တိုက်ပွဲရမှတ်များကို အသုံးပြုကာ ကျယ်ပြန့်ပညာရပ်အဆောင်ထဲမှ ကျင့်ကြံခြင်းပညာရပ် အမြောက်အမြားကို ဝယ်ယူလိုက်၏။ ထို့နောက် သူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ သွားရောက်၍ ၎င်းတို့အား ပြည်ထောင်စုကြီးဆီသို့ ပြန်ပို့နေစဉ် သူ၏ ပတ်ပတ်လည်၌ လူများဝိုင်းလာကြတော့သည်။ ထိုအချိန်တွင် ပြည်ထောင်စုကြီးမှာလည်း အံ့ဩတုန်လှုပ်သွားရ၏။
ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင် လီရှင်းဝမ်မှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ပြူးကျယ်နေပြီး တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ပေါက်လာနေသည့် ကျင့်ကြံခြင်းပညာရပ်များအား စိုက်ကြည့်ကာ မိန်းမောတွေဝေနေရတော့သည်။
သွမ့်မုချွယ်မှာမူ ဝမ်ပေါင်လဲ့ ဆယ့်ရှစ်ခုမြောက် ကျင့်ကြံခြင်းပညာရပ်အား ပြန်ပို့ခဲ့သည့် အချိန်ကတည်းက နေမထိထိုင်မသာ ဖြစ်နေခဲ့ရ၏။ ထို့ကြောင့် သူသည် ပြည်ထောင်စုကြီး၏ နည်းပညာဖြင့် ဖန်တီးထားသော သူ၏ ပုံရိပ်ယောင်ကို အသုံးပြုကာ အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။
ယခုတွင် သွမ့်မုချွယ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး လင်းလက်တောက်ပလာသည်ကို ချက်ချင်းသတိထားမိသွား၏။ အစပိုင်းတွင် သူသည် စိတ်အေးသွားရပါသော်လည်း အနည်းငယ်မျှသာ ခံလိုက်သည်။ ခဏအကြာတွင် ကျင့်ကြံပညာရပ် တစ်ခုပြီးတစ်ခု စက္ကန့်နှင့်အမျှ ရောက်ရှိလာနေသည်ကို သတိထားမိလိုက်သဖြင့် သူသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရတော့သည်။
” နှစ်ဆယ့်တစ်ခု၊ နှစ်ဆယ့်နှစ်ခု… ”
” သုံးဆယ့်ခုနစ်ခု၊ သုံးဆယ့်ရှစ်ခု… ”
” လေးဆယ့်နှစ်ခု၊ လေးဆယ့်သုံးခု… ”
အစောင့်တာဝန် ကျနေကြသည့် ပြည်ထောင်စု ကျင့်ကြံသူများမှာလည်း အံ့သြတုန်လှုပ်နေကြရပြီဖြစ်သည်။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ အဆက်မပြတ် လင်းလက်တောက်ပနေပြီး ကျင့်ကြံခြင်းပညာရပ်များမှာလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာနေသောကြောင့် လူတိုင်းမှာ မိန်းမောတွေဝေနေရတော့သည်။ သူတို့မှာ လွန်ခဲ့သည့် တစ်နှစ်တာအတွင်းတွင် ကျင့်ကြံခြင်းပညာရပ်ပေါင်း မြောက်မြားစွာ ရောက်ရှိလာကြသည့် မြင်ကွင်းကို မြင်ဖူးထားသည့်တိုင်အောင် ယခုအကြိမ်မှာမူ ယုံချင်စရာပင် မကောင်းလောက်အောင် များပြားလွန်းနေ၏။
လူတိုင်းမှာ နှုတ်ဆိတ်သွားကြပြီး သွမ့်မုချွယ်မှာမူ အံ့သြမှင်တက်နေရပြီ ဖြစ်သည်။ ထို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးမှာ အသက်ရှူကြိမ် အကြိမ်တစ်ရာ့နှစ်ဆယ်အထိ ကြာမြင့်သွား၏။
ပြည်ထောင်စုကြီးထဲသို့ ရောက်ရှိလာသော ကျင့်ကြံခြင်းပညာရပ်အရေအတွက်မှာမူ တစ်ရာ့လေးဆယ်တိတိ ရှိနေသည်။
နောက်ဆုံး ကျင့်ကြံခြင်းပညာရပ် အခုနှစ်ဆယ်မှာ တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းဖြစ်၏။ သို့ဖြစ်ရာ ၎င်းတို့အား ပေးပို့နေခဲ့သည့်လူမှာ စိတ်မရှည်တော့သဖြင့် ထိုသို့ ပေးပို့ခဲ့ခြင်း ဖြစ်ရပေမည်…
ထိုမြင်ကွင်းကြောင့် ထိုလုပ်ငန်းစဉ်ကြီးအား စောင့်ကြည့်နေကြသည့် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာ အံ့ဩမှင်တက်သွားရတော့သည်။ နောက်ဆုံးတွင် သူတို့မှာ မနေနိုင်တော့သဖြင့် အော်ပြောမိလိုက်ကြ၏။
” တစ်ရာ့လေးဆယ်တောင်ပါလား ”
” ဒါ ကျင့်ကြံခြင်းပညာရပ်တွေရော ဟုတ်ရဲ့လားကွာ။ ငါ့အမြင်မှာ ဘာလို့ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ဂေါ်ဖီထုပ်တွေနဲ့ တူနေရတာလဲ ”
ထိုကဲ့သို့ လူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် လီရှင်းဝမ်မှာ ကြိုးစား၍ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ထို ကျင့်ကြံခြင်းပညာရပ် အခုတစ်ရာ့လေးဆယ်အား ကောက်ကိုင်လိုက်၏။ သူသည် ၎င်းတို့အားလုံးကို ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူ၏မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရတော့သည်။ ထို့နောက် သူသည် အံ့ဩမှင်တက်နေဆဲဖြစ်သော သွမ့်မုချွယ်အား လှမ်းကြည့်ကာ ဆိုလိုက်၏။
” မုချွယ်ရေ။ မင်း အဆင်သင့်ပြင်ထားသင့်ပြီ။ ဝမ်ပေါင်လဲ့ ပြန်ရောက်လာရင် မင်းရဲ့ရာထူးကနေ ဖယ်ပေးရမှာ သေချာသလောက် ဖြစ်နေပြီကွ ”
” ဒီ ကျင့်ကြံခြင်းပညာရပ်တွေ အကုန်လုံးက ဝမ်ပေါင်လဲ့ ပို့ပေးလိုက်တဲ့ ပညာရပ်တွေလား ” သွမ့်မုချွယ်မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသောကြောင့် ထိုကျင့်ကြံခြင်းပညာရပ်များအား သူကိုယ်တိုင် ကြည့်ရှုစစ်ဆေးကြည့်လိုက်တော့သည်။ သူသည် ၎င်းတို့အား တစ်ခုပြီးတစ်ခု ကြည့်ရှုစစ်ဆေးနေရင်း တဖြည်းဖြည်းနှင့် မျက်စိမျက်နှာပျက်သွားရ၏။ ထို့နောက် သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ရှုပ်ထွေးသွားရတော့သည်။ နောက်ဆုံးတွင် သွမ့်မုချွယ်မှာ သက်ပြင်းအရှည််ကြီး ချလိုက်ပြီးနောက် အခြေအနေမကောင်းတော့ကြောင်း သိလိုက်ရတော့သည်။ သူသည် ကျင့်သိုမင်အား စေလွှတ်ခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အသာစီးရနေဆဲပင်။
” ဒါ အောင်ပွဲခံရမယ့် ကိစ္စတစ်ခုပဲဗျ။ ဟားဟား ဝမ်ပေါင်လဲ့ ပြန်ရောက်လာပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်လာမှာကို ကျုပ် မြင်ချင်နေပြီဗျာ ” သွမ့်မုချွယ်မှာ ချောင်းဟန့်ကာ ပြုံး၍ ဆိုလိုက်၏။ သူသည် အလွန်အင်မတန်မှ အားရကျေနပ်နေသည့်ပုံစံ ပေါက်နေသောကြောင့် မည်သူကမှ သူ၏ နှလုံးသားထဲရှိ အခြားခံစားချက်များကို သတိထားမိနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် လီရှင်းဝမ်မှာ ချောင်းဟန့်ကာ သွမ့်မုချွယ်အား အသိပေးလိုက်၏။
” သူ အရင်တုန်းကပို့ခဲ့တဲ့ ကျင့်ကြံခြင်းပညာရပ် ဆယ့်ရှစ်ခုကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဒီကောင်လေးက ကျင့်ကြံခြင်းပညာရပ် အခုတစ်ရာငါးဆယ့်ရှစ်ခုတိတိ ပို့ပြီးသွားပြီပဲ … ”
သွမ့်မုချွယ်မှာ လီရှင်းဝမ်၏ စကားများကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။
” တောက်ကွာ… ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာတာ ဆယ်နှစ်တောင်မပြည့်သေးဘူး… အောင်မြင်မှုကြီးတစ်ခုခု ရပြီးမှ ရာထူးကနေဖယ်ပေးလိုက်ရရင် တော်သေးတယ်။ ဒါပေမဲ့ အခုက ငါ့ကို ရာထူးကနေ မဆင်းဆင်းအောင် အတင်းအကြပ် ဖိအားပေးနေတာပဲ။ ဘာလဲကွာ။ ငါ နာမည်ပျက်တော့မှာပဲကွ ” သွမ့်မုချွယ်မှာ စိုးရိမ်စိတ်များ ကြီးထွားလာရပြီဖြစ်သည်။ ထို့နောက် သူသည် ယခုတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်အတွက် ကံကောင်းကြောင်း မှတ်ယူလိုက်၏။ သူ ရာထူးမှ ဆင်းမပေးလျှင်တောင် ဝမ်ပေါင်လဲ့မှာ သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ… သို့သော် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် ပတ်သတ်၍ ကျယ်ပြန့်တာအိုနန်းတော်မှ ပေးပို့ခဲ့သည့် အချက်အလက်များကို သတိပြန်ရသွားသောအခါ သွမ့်မုချွယ်မှာ ယုံကြည်ချက်များ ပျောက်ဆုံးသွားရပြန်သည်။
” ဝမ်ပေါင်လဲ့ ပြန်မလာခင် ပြည်ထောင်စုကြီးထဲက စနစ်တွေကို ပြောင်းပစ်ရင် ကောင်းမလား။ ဒုပဏာမအဆင့်အထက်မှာ နောက်ထပ်ရာထူးဆယ်ခု ထပ်ပြီးတော့ ပေါင်းထည့်လိုက်တာလိုမျိုးပေါ့ ” သွမ့်မုချွယ်မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ သို့သော် လက်တွေ့တွင် ထိုသို့လုပ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း သူက သိထားသဖြင့် စိုးရိမ်ပူပန်လာရတော့သည်။
သွမ့်မုချွယ်တစ်ယောက် စိုးရိမ်သောကရောက်နေစဉ် ရှေးဟောင်းကြီးပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်၏ ပြည်သူ့ရင်ပြင်ထဲတွင် ရှိနေသော ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်အား ဝမ်းသာအားရ ပုတ်လိုက်၏။ သူသည် သွမ့်မုချွယ်အား မမြင်ရသည်တိုင်အောင် ယခုတွင် သူသည် စိတ်ဓာတ်ကျနေလောက်ပြီဖြစ်ကြောင်း တွေးလိုက်တော့သည်။
” ငါ့ကို ယှဉ်ချင်တယ်ပေါ့ ဟုတ်လား။ သွမ့်မုလေး။ ကျင့်ကြံခြင်းပညာရပ် အခုတစ်ရာကျော်လောက်နဲ့ ပြီးသွားလိမ့်မယ်လို့ ထင်မနေနဲ့။ ငါ နောက်ထပ် အကွက်အကြီးကြီး တစ်ကွက်ကို ထုတ်သုံးပြဖို့ ကျန်သေးတယ်။ ငါတို့နှစ်ယောက်ကြားက ရာထူးလုပွဲက ဒီလောက်နဲ့ပြီးမသွားသေးဘူးကွ ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွလာပြီး မောက်မာဝင့်ကြွားစွာ မေးငေါ့လိုက်၏။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ ပြည်ထောင်စုပျိုးပင်များနှင့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများ သူ့အား တအံ့တဩနှင့် စိုက်ကြည့်နေစဉ်မှာပင် သူသည် ပြည်သူ့ရင်ပြင်ထဲမှ ထွက်ခွာသွားပြီး ဖုန့်ချိုးရန်၏ ဂူဗိမာန်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ မြည်းလေးအား သူနှင့်အတူ ခေါ်မလာခဲ့ပေ။ ၎င်းမှာ အပြင်ဘက်သို့ အစာထွက်စားသည့် အချိန်မှလွဲ၍ အခြားအချိန်များတွင် ကစားပွဲထဲ၌သာ ရှိနေခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ပြဿနာများ ပေါ်ပေါက်လာမည်ကို စိတ်ပူနေစရာ မလိုခဲ့ပေ။
ဝမ်ပေါင်လဲ့တစ်ယောက် ဖုန့်ချိုးရန်ဆီသို့ ရောက်ရှိသွားချိန်တွင် ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်သည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ဝမ်ပေါင်လဲ့ဆီမှ အကြောင်းကြားစာအား လက်ခံရရှိလိုက်ပြီးနောက် ဖုန့်ချိုးရန်၏ ဂူဗိမာန်ဆီသို့ အပြေးရောက်လာကြ၏။
ခဏအကြာတွင် သူတို့သုံးယောက်မှာ ဖုန့်ချိုးရန်၏ ဂူဗိမာန်အပြင်ဘက်၌ ဆုံတွေ့လိုက်ကြ၏။ သူတို့သုံးယောက်မှာ ဖုန့်ချိုးရန်အား ဂါရဝပြုနှုတ်ဆက်လိုက်ကြပြီးနောက် ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား ဗေဒါရွက်သုံးရွက် လက်ဆင့်ကမ်းပေးလိုက်၏။
ထိုဗေဒါရွက်သုံးရွက်အား ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား ခွဲဝေပေးမည်ဆိုသော ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား ဖုန့်ချိုးရန်က လိုက်လျောပေးလိုက်၏။ အဘယ်ကြောင့်ဆိုသော ဖုန့်ချိုးရန် နားလည်ထားသလောက်ဆိုလျှင် ကျောက်ယမုန့်မှာ အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေထဲမှ အမွေအနှစ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ ထို့ကြောင့် သူမသည် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျရှုံးသွားခဲ့သည့်တိုင်အောင် အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်လာခွင့်ရှိပေသည်။
ဖုန့်ချိုးရန်မှာ ထိုကဲ့သို့သော ရာထူးအဆင့်အတန်းမျိုးကို အလွန်အင်မတန်မှအလေးထား၏။ ခုန်းတောက်မှာမူ ကျိုးရိဖန်းသို့ အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေ၏ အမွေအနှစ်များကို ပိုင်ဆိုင်ထားခြင်း မရှိသည့်တိုင်အောင် ဝမ်ပေါင်လဲ့အနေနှင့် ဗေဒါရွက်အား ကျိုးရိဖန်းဆီသို့ လွှဲပေးရန်မှာ မျက်နှာပျက်စရာဖြစ်နေမည် မဟုတ်ပါလော။
ကံကောင်းစွာဖြင့် ကျိုးရိဖန်းမှာ ထိုကိစ္စအား နားလည်ပေးခဲ့၏။ ထို့အပြင် ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ၏ ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။ ထို့ကြောင့် သူမသည် ဗေဒါရွက်များအား ပေးအပ်လိုက်ပြီးနောက် သူတို့သုံးယောက်အား ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းပေါ်ရှိ တောင်တန်းများဆီသို့ ခေါ်သွားလိုက်၏။
ထို တောင်တန်းများပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား အဆင်သင့်ပြင်ထားပြီးသား ဖြစ်သည်။ ထိုကိစ္စကြီးတစ်ခုလုံးကို ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ လူများက အစအဆုံးဆောင်ရွက်ခဲ့သောကြောင့် မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့မှာ ရောက်ရှိလာခြင်းမရှိပေ။ သို့သော် ဂိုဏ်းချုပ်ကြီးရှုအား ဖိတ်ခေါ်ထား၏။ အရာအားလုံး ဘေးကင်းမှုရှိကြောင်း သေချာသွားသောအခါမှသာ ဂိုဏ်းချုပ်ကြီးရှုမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ထိုသုံးယောက်အား ဂါရဝပြုကာ ပြုံးပြလိုက်၏။
” မင်းတို့သုံးယောက်စလုံး ခရီလမ်း အဆင်ပြေချောမွေ့ပြီး ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အတွင်းစည်းဂိုဏ်းသားတွေအဖြစ် ရောက်သွားနိုင်ဖို့ ဆုတောင်းပေးပါတယ် ”
ဝမ်ပေါင်လဲ့၏ ဂိုဏ်းချုပ်ကြီးရှုအပေါ် ထားရှိသော အတွေးအမြင်များမှာ ပြောင်းလဲသွားပြီဖြစ်ရာ ယခုလို သူ၏ ဆုတောင်းစကားများကို ကြားလိုက်ရသောအခါ သူသည်လည်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပြန်ပေးလိုက်၏။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲသို့ တစ်ပြိုင်နက်တည်း ဝင်သွားလိုက်ကြတော့သည်။
ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ကျင့်ကြံသူများ မန္တန်လက်ကွက်များ ဖော်လိုက်ကြသောအခါ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ စတင်လည်ပတ်လာ၏။ ဖုန့်ချိုးရန်မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ထိုသုံးယောက်အား စိုက်ကြည့်ကာ နောက်ဆုံးအနေနှင့် သတိပေးလိုက်ပြန်သည်။
” ရှိခိုးနန်းတော်အဆောင်ကို နှစ်ပိုင်းခွဲထားတယ်။ ပထမအပိုင်းကို ထွန်းတောက်လမ်းလို့ ခေါ်ပြီးတော့ ဒုတိယအပိုင်းကို ရှိခိုးနန်းတော်ခုနစ်ဆောင်လို့ ခေါ်တယ်။ ထွန်းတောက်လမ်းက ရှိခိုးနန်းတော်ခုနစ်ဆောင်ထဲ ဝင်နိုင်ဖို့ အရည်အချင်းပြည့်မီမှု ရှိမရှိ စစ်ဆေးရုံပဲမလို့ ပထမအပိုင်းမှာ ဘာအန္တရာယ်နဲ့မှ ကြုံရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒုတိယအပိုင်းမှာတော့ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်။
” အဲတာမလို့ မင်းတို့တွေအကုန်လုံး သတိဝီရိယရှိရှိ နေမှရမယ်။ ပြီးတော့ ငါ နားလည်ထားသလောက်ဆိုရင် ပေါင်လဲ့နဲ့ ယမုန့်တို့နှစ်ယောက်က အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေထဲက အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတာမလို့ ရှိခိုးနန်းတော်အဆောင်ထဲ ဝင်ပြီးရင် ကြုံရမဲ့ စမ်းသပ်ပွဲတွေကို ကျော်ပြီးတော့ အတွင်းစည်းဂိုဏ်းသား စမ်းသပ်ပွဲထဲကို တန်းဝင်လို့ရတယ် ”
” အဲဒီ စမ်းသပ်ပွဲထဲမှာ အောင်မြင်သွားပြီဆိုရင် အတွင်းစည်းဂိုဏ်းသား ဖြစ်သွားပြီ ”
” နောက်ဆုံးအနေနဲ့ မင်းတို့တွေအကုန်လုံး အောင်မြင်နိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် ”
ဖုန့်ချိုးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲတွင် ရှိနေကြသည့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အမြင်အာရုံများဝေဝါးသွားရတော့သည်။ ထို့နောက် သူတို့မှာ စွမ်းအားကြီးတစ်ခု သူတို့ခန္ဓာကိုယ်အား တွန့်လိမ်ပုံပျက်သွားအောင် လုပ်လိုက်သည်ကို အာရုံခံမိလိုက်၏။ နောက်ဆုံးတွင် သူတို့သုံးယောက်မှာ ချက်ချင်းပင် တည်နေရာပြောင်းရွှေ့ခံလိုက်ရတော့သည်။
” သူတို့ရဲ့ ခရီးလမ်း အဆင်ပြေချောမွေ့ဖို့ ငါ မျှော်လင့်ပါတယ် ” သူတို့သုံးယောက် ပျောက်ကွယ်သွားသောအခါ ဂိုဏ်းချုပ်ကြီးရှုမှာ တတွတ်တွတ် ရေရွတ်လိုက်ပြီးနောက် ဖုန့်ချိုးရန်အားကြည့်ကာ ချောင်းဟန့်လိုက်၏။
” အကြီးအကဲချိုးရန်။ ကျွန်တော့်ရဲ့ အစ်ကိုကြီး ရှင်းဝမ်က အကြီးအကဲအပေါ် တကယ်မေတ္တာရှိနေတာ ဟုတ်မဟုတ် ဆုံးဖြတ်ပြီးသွားပြီလား ”
ဖုန့်ချိုးရန်မှာ ထိုစကားကိုကြားလိုက်ရသောအခါ ခေါင်းခဲသွားရပြီး ဂိုဏ်းချုပ်ကြီးရှုအား စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။
” လီရှင်ဝမ်ကို သူကိုယ်တိုင် ငါ့ဆီ အဲဒီစကား လာပြောလို့ ပြောလိုက် ” ထိုသို့ ဆိုလိုက်ပြီးနောက် ဖုန့်ချိုးရန်မှာ ချက်ချင်းပင်ထွက်ခွာသွားတော့သည်။
ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ကျင့်ကြံသူများမှာမူ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြပြီးနောက် ထွက်ခွာသွားကြ၏။ သူတို့ထဲမှ အချို့မှာမူ ထိုအကြောင်းအား ဝိညာဉ်ကွန်ရက်၏ အတင်းအဖျင်းသတင်းကဏ္ဍထဲ၌ ဖြန့်မိသွားကြ၏။ ထို့ကြောင့် လီရှင်းဝမ်နှင့် ဖုန့်ချိုးရန်တို့၏ ကိစ္စကြီးမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် တစ်ဖန်ပြန်၍ ရေပန်းစားလာတော့သည်။
ထိုအချိန်တွင် ဓားကိုယ်ထည်ပိုင်း၏ အတွင်းပိုင်းတစ်နေရာရှိ အချုပ်အနှောင်မြောက်မြားစွာ ရှိနေသော နယ်မြေတစ်ခုထဲတွင် ထူးဆန်းသော တောင်တစ်လုံးရှိနေ၏။
ထိုတောင်ပေါ်တွင် လမ်းတစ်လမ်းသာရှိပါသော်လည်း တောင်ထိပ်ခုနစ်တိတိ ရှိနေသည်။ ထိုတောင်ထိပ်များမှာ လှေကားထစ်များကဲ့သို့ ဖြစ်နေပြီး တစ်ခုပြီးတစ်ခု ပို၍ မြင့်မားသွားကြ၏။
၎င်း၏ ပတ်ပတ်လည်တွင် မီးပင်လယ်ကြီး ရှိမနေပါသော်လည်း ကောင်းကင်ယံထဲတွင်မူ အနက်ရောင် လျှပ်စီးတန်းများမှာ အဆက်မပြတ် တလက်လက်ထနေ၏။ ထို့ကြောင့် ထိုတောင်ထိပ်ခုနစ်ခုမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါနေတော့သည်။
ထို တောင်ထိပ်ခုနစ်ခုပေါ်တွင် နန်းတော်ခုနစ်ခုမှာ ငွားငွားစွင့်စွင့် တည်ရှိနေ၏။ ထို အချိန်တွင် ထိုတောင်ပေါ်ရှိ လမ်းပေါ်တွင် အလင်းရောင်တစ်ခု တောက်ပလာပြီးနောက် ဝမ်ပေါင်လဲ့နှင့် သူ၏အပေါင်းအပါများ ပေါက်လာတော့သည်။
သူတို့သုံးယောက် ပေါ်ပေါက်လာကြသောအခါ မိုးခြိမ်းသံများမှာ ဆူညံသွားပြီး လျှပ်စီးတန်းများမှာလည်း ပို၍ လင်းလက်တောက်ပလာကြသဖြင့် ထိုလမ်းကြီးအား ပြုပြင်နေသည်ဟု သတိပေးထားသည့် ဆိုင်းဘုတ်တစ်ခုအား မြင်လိုက်ရတော့သည်။ သူတို့ သုံးယောက်မှာ ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စာလုံးများကိုပင် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။
” ရှိခိုးနန်းတော်အဆောင် “