Switch Mode

အခန်း ( ၄၈၈ )

ဆေးလုံး၏ အံ့ဖွယ်အာနိသင်

မဟာတံတိုင်းအပြင်ရှိ တိုက်ပွဲသည် တစ်နှစ်တာအတွင်း ကောင်းကောင်းမွန်မွန် ဖြစ်ပွားနေခဲ့သည်။ သို့သော် မကြာသေးမီက ဖြစ်ပျက်သွားသော ပရမ်းပတာအခြေအနေများကြောင့် မြေရိုင်းသားများမှာ ဒေါကန်သွားကြရလေသည်။ တချိန်တည်းမှာပင် လူ့ဘီလူးမျိုးနွယ်စုများမှာလည်း မျက်နှာပင် မဖော်ရဲကြတော့ပေ။

စစ်မြေပြင်ပေါ်တွင် လူ့ဘီလူးအနည်းစုကို မြင်ရပြီး သူတို့သည် တံတိုင်းကြီးမှ ခပ်ဝေးဝေးတွင် နေကြလေသည်။ သားရဲအချို့သည်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော်လည်း အမုန်းဝိညာဥ်များတပ်သည် တံတိုင်းနှင့် အကာအကွယ်ထံသို့ ဆက်လက်ဝင်တိုးနေကြ၏။ ဤထိုးစစ်ဆင်နည်းမှာ တစ်ကောင်တည်းဆိုလျှင် အကျိုးမထူးသော်လည်း ပါဝင်သောပမာဏ အလွန်များသောကြောင့် အကာအကွယ်သည် လှိုင်းဂယက်များ အဆက်မပြတ်ထနေပြီး အလင်းများ ထုတ်လွှတ်နေတော့သည်။

သိသာထင်ရှားစွာပင် အမုန်းဝိညာဥ်များမှာ မဟာတံတိုင်းကြီး၏ ခုခံမှုကို ဖျက်ဆီးနိုင်ရန် မျှော်လင့်ချက်မရှိပေ။ မှော်အမြောက်များက တရစပ်ပစ်ခတ်နေပြီး စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများကလည်း အကွက်ကျကျတိုက်ခိုက်နေကြသည်။ အကျိုးဆက်အနေဖြင့် အနားကပ်လာသော ဝိညာဥ်အများစုမှာ ချေမှုန်းခံလိုက်ရလေသည်။

မဟာတံတိုင်းကြီးစတင်တည်ရှိခဲ့သော အချိန်မှစ၍ ယခုအချိန်အထိ ဤသို့သော တိုက်ပွဲမျိုး မဖြစ်ပွားခဲ့ဖူးပေ။ ယခုအချိန်တွင် အမုန်းဝိညာဥ် မည်မျှများပြားစွာ ချေမှုန်းခံလိုက်ရလဲဆိုသည်ကို တိတိကျကျမဆုံးဖြတ်နိုင်ပေ။ သို့တိုင်အောင် သူတို့နေရာဝင်ရန် ဝိညာဥ်များစွာ အမြဲရှိနေဆဲပင်။

ထိုမျှသာမက မြေအောက်မြစ်သည် ဖျက်စီးခံလိုက်ရသောကြောင့် ဝိညာဥ်အရေအတွက်မှာ ပို၍သာ တိုးလာပုံရသည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက အသက်တစ်ချက်ရှူသွင်းလိုက်ပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေလျက် တံတိုင်း၏ အစွန်းနား ခြေလှမ်းကျဲကျဲလျှောက်လိုက်သည်။ ရွှေရောင် ဝိညာဥ်စုစည်းဆေးလုံးကို သူပစ်လွှတ်လိုက်သောအခါ ၄င်းက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းသွားပြီး ဝိညာဥ်တပ်၏ အလယ်တည့်တည့်သို့ ကျဆင်းသွား၏။

မြေကြီးနှင့် ထိသွားသည်တွင် ယခင်ဆေးလုံးပုံစံကဲ့သို့ ကွဲထွက်မသွားပေ။ ထိုအစား ၄င်းက အရပ်မျက်နှာတခွင်သို့ ရွှေရောင်အလင်းဂယက်များ ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် တံတိုင်းပေါ်ရှိ ကျင့်ကြံသူများနှင့် မြေရိုင်းဒေသလူ့ဘီလူးများကြား နှစ်ဖက်လုံးသို့ ရွှေရောင်လှိုင်းဂယက်များ မီတာ ၃၀၀၀ အကျယ် ဖြန့်ကျက်သွားကြောင်း တွေ့လိုက်ရလေသည်။

ထို မီတာ ၃၀၀၀ အတွင်းရှိ အမုန်းဝိညာဥ်များအားလုံး တဆတ်ဆတ်တုန်ရီသွားကြပြီး မည်သို့မျှ မလုပ်နိုင်မီ တစ်နေရာတည်းသို့ အမုန်းဝိညာဥ်များအားလုံး အတူတကွစုပ်ယူခံလိုက်ရလေရာ လေထဲတွင် ဝှီးခနဲအသံတစ်ခု ပြည့်နှက်သွားတော့သည်။

ဝိညာဥ်စုစည်းဆေးလုံးသည် တွင်းနက်ကြီးတစ်ခုအလားဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးလုံး၏ အကျယ်အဝန်းရှိ ဝိညာဥ်တစ်သောင်းကျော်လုံး အလင်းတန်းများဖြစ်သွားကာ ဆေးလုံးထံသို့ စုပ်ယူခံလိုက်ရလေရာ စူးစူးဝါးဝါး အော်ဟစ်သံပေါင်းများစွာ ကြားလိုက်ရလေသည်။

သို့သော်လည်း ထိုသည်က သိပ်အထင်ကြီးဖွယ်မကောင်းသောကြောင့် ပိုင်လင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။ ဤဝိညာဥ်စုစည်းဆေးလုံး၏ စွမ်းအားသည် ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများနှင့် ယှဥ်နိုင်သည့်ပုံမရပေ။

သို့သော်လည်း ထိုအကြောင်း ခပ်များများ မတွေးနိုင်လိုက်ခင် မီတာ၃၀၀၀ အကျယ်အဝန်းရှိ ဝိညာဥ်များအားလုံးကို စုပ်ယူလိုက်သော ရွှေရောင် ဝိညာဥ်စုစည်းဆေးလုံးသည် ရုတ်တရက် အရောင်ပြောင်းသွား၏။ အလွန်တိုတောင်းလှသော အချိန်အတွင်းမှာပင် အနီရောင် ရင့်ရင့်သို့ ပြောင်းသွားချေပြီ။

ထိုအခိုက်အတန့်တွင် ဝိညာဥ်စုစည်းဆေးလုံး၏ ဒုတိယအာနိသင် ထွက်ပေါ်လာလေရာ မယုံကြည်နိုင်ဖွယ်ကောင်းသော အသံကြီးတစ်ခု ပဲ့တင်ထပ်သွားတော့သည်။ ဆေးလုံးသည် အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲသွားရာ မီတာ ၃၀၀၀၀ အကျယ်အဝန်းကို အနီရောင်လှိုင်းဂယက်များ ဖုံးလွှမ်းသွားတော့သည်။

ထိုသို့ဖြစ်သွားသည်နှင့် အနီရောင်လှိုင်းများ ဖံုးလွှမ်းခံလိုက်သော ဝိညာဥ်များမှာ တစ်ခုခုကို ဆန့်ကျင်၍ ရုန်းကန်နေကြသည့်အလား ပြင်းထန်စွာ တုန်ရီလာကြတော့သည်။ ထို့နောက် သူတို့၏ မျက်လုံးများအတွင်းရှိ ရက်စက်ကြမ်းကြုတ်မှုများ ပျောက်ကွယ်သွားပြီး သူတို့၏ ခန္ဓာကိုယ်များသည် လေမုန်တိုင်းထဲရှိ မီးခိုးတစ်မျှင်အလား လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ ထိုမျှသာမက ပျောက်ကွယ်နေသော အခိုက်အတန့်လေးတွင် သူတို့၏ မျက်လုံးများက ရုတ်တရက် အရာအားလုံးကို သဲသဲကွဲကွဲမြင်ရပြီး လှည့်ပတ်ကြည့်နေပုံရလေသည်။

ထိုကြည်လင်ပြတ်သားခြင်းအတွင်းမှာ ငြိမ်းချမ်းသွားသော အရိပ်အယောင်များ ရှိနေပုံရလေသည်….

စစ်မြေပြင်သည် နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ လူ့ဘီလူးများသည် ပေါက်ကွဲတတ်သော ဆေးပေါင်းဖို ဆယ်လုံးနည်းတူ စွမ်းအားကြီးသည့် ကြောက်စရာကောင်းသော ဆေးလုံးကို လှမ်းကြည့်ရင်း တုန်ရီလာကြတော့သည်။ သူတို့သည် တွေးပင် မတွေးမိလိုက်ပဲ နောက်သို့ ဆုတ်မိသွားကြလေသည်။

မဟာတံတိုင်းပေါ်တွင် ပိုင်လင်းအပါအဝင် လူတိုင်းမှာ ဤဆေးလုံးအသစ်သည် ပေါက်ကွဲတတ်သော ဆေးပေါင်းဖို ဆယ်လုံး သို့မဟုတ် ထို့ထက် သိသိသာသာပို၍ ထိရောက်ကြောင်း သဘောပေါက်သွားကြပြီး ပင့်သက်ရှိုက်မိသွားကြသည်။

ထို့ပြင် ဆေးလုံးတစ်လုံးတည်းသာ ရှိသေးသည် မဟုတ်ပါလော။

ပိုင်လင်းမှာ ပိုင်ရှောင်ချန်းကို စိတ်လှုပ်တရှားလှမ်းကြည့်ပြီး မေးလိုက်သည်။
” မဟာသမားတော် ပိုင်။ မင်းတစ်ယောက်ပဲ ဒီဆေးလုံးကို သုံးနိုင်တာလား ဒါမှမဟုတ် တခြားသူတွေကောပဲ သုံးနိုင်တာလား”

” ပိုင်ရှောင်ချန်းဆေးဖော်ရင်..။ ဟုတ်တာပေါ့ ဘယ်သူမဆို သုံးနိုင်တဲ့ အမျိုးအစားတွေပဲ ”
ပိုင်ရှောင်ချန်းပင်လျှင် မဟာတံတိုင်းအပြင်ဘက်တွင် ဖြစ်ပျက်သွားသည့်အရာများကြောင့် အတန်ငယ် တုန်လှုပ်သွားရသည်။ အထူးသဖြင့် အမုန်းဝိညာဥ်များ မပျောက်ကွယ်ခင် ငြိမ်းချမ်းသွားသည့်ပုံဖြစ်သွားသော အကြောင်းကြောင့်ပင်။ ထိုသည်က ပိုင်ရှောင်ချန်းကို အလွန်တရာ ထူးဆန်းသွားစေသည်။

ဆေးလုံးများနှင့်ပတ်သက်၍ အခြားမယုံနိုင်ဖွယ် အသုံးဝင်မှုရှိမည်ကို သူပင်လျှင် သတိမပြုမိခဲ့ပေ။ ကြည့်ရသရွေ့ သက်ရောက်လိုက်သည့် ဝိညာဥ်များကို သန့်စင်ပေးနိုင်ပုံရလေသည်။

ထိုအချိန်တွင် မည်သူမျှ သတိမထားမိလိုက်သော အခြားတစ်ခုဖြစ်ပျက်သွားလေသည်။ ကောင်းကင်အထက်မြင့်မြင့်တွင် ခပ်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာပြီး ယခုအခါ အောက်ဘက်ရှိ မြေပြင်ကို ငုံကြည့်နေလေသည်။ ၄င်းသည် အဖိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏ မျက်နှာသွင်ပြင်ကို ပုံဖော်ရန် ခဲယဥ်းသော်လည်း ပိုင်ရှောင်ချန်းသာ အနားမှာရှိလျှင် သူချက်ချင်းမှတ်မိပေးလိမ့်မည်။ သူသည် သင်္ချိုင်းစောင့်အဘိုးအိုကလွဲ၍ တခြားသူမဟုတ်ပေ။

သူ့ကို ဝန်းရံထားသည်မှာ အရိပ်သဖွယ် လှိုင်းထနေသော အရည်များဖြစ်သည့် မြေအောက်မြစ်ရေက လွဲ၍ တခြားမဟုတ်ပေ။

သူက ပိုင်ရှောင်ချန်းကို လေးလေးနက်နက်ကြည့်လိုက်ပြီးနောက် လှည့်၍ မြေအောက်မြစ်ရေထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

အောက်ဖက် မဟာတံတိုင်းပေါ်တွင် ပိုင်လင်း၏ မျက်လုံးများသည် နေလုံးကြီးအလား ထွန်းလင်းတောက်ပနေတော့သည်။

” အံသြစရာကောင်းလိုက်တာ။ မင်း အများကြီး ထုတ်နိုင်လား”

ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် စစ်မြေပြင်ကို ကြည့်၍ သူ၏လက်ကို အရေးမထားသည့်ဟန်ဖြင့် ခါလိုက်သည်။
“ ကျုပ် လုပ်နိုင်တာပေါ့။ ဒါပေမယ့် ကျုပ်မှာ ဆေးပင်တွေ ဆေးပေါင်းဖိုတွေ အလုံလောက် မရှိဘူး ။ ခင်ဗျားပြောပေးနိုင်လောက်တယ်မလား”

ဝမ်းမြောက်သွားသော ပိုင်လင်းက သူ၏ခေါင်းကို နောက်လှန်ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။

” လုံးဝ ပြဿာနာမရှိဘူး။ ဆေးပေါင်းဖိုတစ်ထောင်ဆို လောက်တယ်မလား။ ဆေးပင်တွေအတွက် ငါမင်းကို ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ ထောက်ပံ့ရေးအရာရှိ နဲ့ တွေ့ဖို့ ခေါ်သွားလို့ရတယ်။ မင်းတောင်းဆိုတာတွေက အရမ်းမလွန် ရင်တော့ သူမင်းကို စဥ်းစားပေးလိမ့်မယ်”

ပိုင်လင်းက သူ့ကို သိပ်လောဘမကြီးရန် သတိပေးနေကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သည်။ ခပ်တိုးတိုးရယ်ရင်း သူက ပြန်ပြောလိုက်၏။
“ ကောင်းပါပြီ…..”
တစ်ဆက်တည်းမှာပင် မည်သည့်ဆေးပင်များ တောင်းဆိုရမည်ကို ကြိုးစားဆုံးဖြတ်နေတော့သည်။

ပိုင်လင်းက အရေခွံဆုတ်တပ်ရှိ တပ်သားများအားလုံး၌ အချိန်မရွေး အဆင်သင့်ပစ်ပေါက်နိုင်ရန် ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးသာ ရှိပါက မည်သည်နှင့်တူလိမ့်မည်ကို တွေးရင်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အသက်ပြင်းပြင်းရှူလိုက်သည်။ ၄င်းသည် စစ်ပွဲလမ်းကြောင်းတစ်လုံးကို လုံးဝပြောင်းလဲနိုင်သည်မဟုတ်ပါလော။

အမှန်တွင် သူသည် မြေရိုင်းဒေသကို အမြတ်ဖြုတ် ဖျက်စီးပစ်မည့် တိုက်ပွဲကို ဦးဆောင်သွားသည့် ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ပထမဆုံးစစ်သေနာပတိချုပ်အဖြစ် သူ့ကိုယ်သူပင် မြင်ယောင်နေလေသည်။

သူထမ်းဆောင်မည့် တာဝန်များနှင့် သူရရှိမည့် ဂုဏ်ကျက်သရေများသည် ခေတ်အဆက်ဆက်ပြောစမှတ်တွင်လိမ့်မည်။ သူ၏ အတွေးရထားများခုတ်မောင်းရင်း ထိုနေရာကို ရောက်သောအခါ ပိုင်လင်းမှာ သူ့နှလုံးသား ဒုန်းဆိုင်းခုန်နေသည်ကို မထိန်းနိုင်တော့ပဲ စစ်မြေပြင်ထံမှ ပိုင်ရှောင်ချန်းကို ပြန်ကြည့်လိုက်သည်။

” ရှောင်ချန်း.. နတ်အဆင့်ခေါင်းဆောင်ကြီး ပြောပုံအရ ဒီမြေရိုင်းဒေသေရဲ့ တိုက်စစ်က အရင်ကဟာတွေနဲ့ တခြားစီပဲတဲ့။ အခု သူတို့ ထွက်ပြေးရင် ပြေးနေလိမ့်မယ်။ အမှန်က နောက် လအနည်းငယ်အတွင်း အင်မတန် ကြီးမားတဲ့ စစ်တပ်ကြီးကို ဦးဆောင်လာလိမ့်မယ်”

” အဲဒီစစ်ပွဲမှာ သူတို့ရဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ နတ်အဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက် ဝင်တိုက်နိုင်ခြေများတယ်။ အင်း အကြီးအကဲချိန်က တိုက်ပွဲရဲ့ အဲဒီအပိုင်းကို ကိုင်တွယ်လိမ့်မယ်။ ငါတို့ များများ စားစား အကူအညီပေးစရာ လိုမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျန်တဲ့ တိုက်ပွဲထဲမှာတော့ အရမ်းများလိမ့်မယ်။ ငါတို့ မစဥ်းစားနိုင်လောက်တဲ့ လူ့ဘီလူးတွေ၊ ဝိညာဥ် အရေအတွက်ကို မြင်ရလိမ့်မယ်”

” ဒါကြောင့် မင်း မြန်မြန်လုပ်ရမယ့်အပြင် ဝိညာဥ်စုစည်းဆေးလုံးတွေကို များများသာ ဖော်ပါ။ မင်း အရင်က အကြိမ်များစွာ သုံးခဲ့တဲ့ ဘယ်အရာထက်မဆို သာလွန်တဲ့ ပေါက်ကွဲ ဆေးပေါင်းဖို အမျိုးအစားတစ်ခု ထုတ်လုပ်ဖို့ နည်းလမ်းလဲ စဥ်းစားသင့်တယ်။ ပေါက်ကွဲမှုကြီးလေလေ ကောင်းလေပဲ”

ပိုင်လင်း၏ စကားများကို နားထောင်ရင်း ပိုင်ရှောင်ချန်းသည် နက်နက်နဲနဲစဥ်းစား၍ ရပ်နေလေသည်။ အမှန်မှာ ဆေးပေါင်းဖိုများကို ဖောက်ခွဲရန် အထူးရည်ရွယ်ချက်ဖြင့် ဆေးလုံးများကို သူ မဖော်စပ်ချင်ပေ။ သူသည် သမားတော်တစ်ယောက်ဖြစ်ပြီး သမားေတာ်များသည် ဆေးပေါင်းဖိုများ ဖောက်ခွဲရန်မဟုတ်ပဲ ဆေးဖော်ရမည် မဟုတ်ပါလော။ သူ၏ ပေါက်ကွဲတတ်သော ဆေးလုံးများသည် ဆေးဖော်စပ်ရာတွင် မထင်မှတ်ထားသောအဖြစ်အပျက်များကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။

မဟာတံတိုင်းမြို့တော်သို့ ပထမဆုံး သူရောက်ခဲ့စဥ်တုန်းက ငြင်းဆိုရန် အလွန်ကြောက်ရွံ့ခဲ့သော်လည်း ယခုအချိန်တွင် သူ အနည်းငယ် အတင့်ရဲလာပြီး စိတ်ပိုင်းလည်းဖြတ်ထားလေသည်။ သူက မဟာသမားေတာ် မဟုတ်လော။ ထို့ကြောင့် ပိုင်လင်းကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

” စစ်သေနာပတိချုပ် ပိုင်။ ကျုပ်စိုးရိမ်မိတယ် ခင်ဗျားမေ့သွား….. ”
သို့သော်လည်း သူ စကားပင် ဆုံးအောင် မပြောလိုက်ခင် ပိုင်လင်း၏ အမူအရာပြောင်းသွားပြီး တစ်ဆက်တည်းမှာ သူတို့နှစ်ယောက်လုံး အချက်ပေးသံများစွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။

မဟာတံတိုင်းမှ မနီးမဝေးတွင် အလင်းတန်းတစ်ရာကျော်သည် သိသာထင်ရှားစွာပင် သူတို့အသက်ကိုပင် မမှုပဲ လေကို ခွင်း၍ မယုံကြည်နိုင်ဖွယ် အရှိန်ဖြင့် တဟုန်ထိုးလာနေသည်ကို တွေ့ရလေသည်။ နီးကပ်လာသည်နှင့် ဘီလူးတစ်ရာကျော်ရှိကြောင်းပြောနိုင်ပြီး တစ်ကောင်ချင်းစီတိုင်းက မီတာ ၆ဝ အမြင့်ရှိ၏။ သူတို့၏ အရွယ်အစား နှင့် သူတို့မှ တဟုန်းဟုန်းထွက်လာသော မယုံနိုင်စရာကောင်းသော အငွေ့အသက်များအရ အံ့မခန်းအစွမ်းထက်သူများဖြစ်ကြောင်း သိသာလေသည်။

တံတိုင်းပေါ်ရှိ ကျင့်ကြံသူများသည် လာနေသော ဘီလူးများကို ချက်ချင်းပင် အာရုံစိုက်လိုက်ကြသည်။ မကြာမီ ဘီလူးကြီးများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြရာ မယုံကြည်နိုင်ဖွယ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။ သို့သော် ထိုသည်က တံတိုင်းပေါ်ရှိ ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်လိုက်သည့်အချိန်တွင် အလင်းတန်းသုံးခုသည် မဟာတံတိုင်းသို့ရောက်ရန် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသွားသည့် ဘီလူးကြီးများ၏ အားကို အသုံးချရင်း လေကိုခွင်း၍ ထွက်လာသော မြားသုံးစင်းအလား မတူညီသောဘက်မှ ပေါ်လာ၏။

မကြာမီ ထိုအလင်းတန်းသုံးတန်းအတွင်းတွင် ဘီလူးများမဟုတ်ပဲ ဝိညာဥ်ကျင့်ကြံသူများဖြစ်ကြောင်း ရှင်းလင်းပြတ်သားလာတော့သည်။

အထဲတွင် အမျိုးသားနှစ်ယောက်၊အမျိုးသမီးတစ်ယောက် ရှိပြီး ပေါ်လာသည်နှင့် သူတို့က ထူးခြား ဆန်းကြယ်သော နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ရာ မကောင်းဆိုးဝါးအစိမ်းရောင်အလင်းများက လက်ကြီးတစ်ဖက်အသွင် အတူတကွ ဖြစ်ပေါ်သွား၏။ ထို့ကြောင့် ပိုင်လင်း၏ မျက်လုံးများ တလက်လက်တောက်ပသွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ကာ ဝိညာဥ်ကျင့်ကြံသူသုံးယောက်ထံသို့
ပြင်းထန်သော စွမ်းအားတစ်ခု ပစ်လွှတ်လိုက်လေသည်။ ထိုအခိုက်အတန့်မှာပင် ပိုင်ရှောင်ချန်းက လှမ်းကြည့်လိုက်၏။

အကာအကွယ်အလွှာက သူ့ကို ဝိညာဥ်ကျင့်ကြံသူသုံးယောက်ထံမှ ကာကွယ်ပေးထားသည့်တိုင်အောင် သူတို့က သူ့ကို အာဃာတအမုန်းတရားများဖြင့် စူးစိုက်ကြည့်နေကြလေသည်။ ပိုင်လင်း၏ နတ်ဘုရားစွမ်းရည်က သူတို့နားရောက်မလာနိုင်မီ သုံးယောက်လုံးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်၏။

လုပ်ကြံသူနှစ်ဖွဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် အကြောင်းပြချက် ကောင်းကောင်းတစ်ခု ရှိပေလိမ့်မည်။

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်ရင်း တဖြည်းဖြည်း နောက်ဆုတ်လိုက်လေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset