အခန်း ( ၄၈၇ )

ဝိညာဥ်စုစည်းဆေးလုံး၏ အကြီးအကျယ်အောင်မြင်မှု

ပိုင်ရှောင်ချန်းသည် စစ်မြေပြင်မှ ပရမ်းပတာအဖြစ်များကို ကြည့်လိုက်ကာ လည်ချောင်းရှင်းလိုက်သည်။ ထို့နောက် မေးကိုမော့ကာ လက်ကိုခါပြီး ပြောလိုက်သည်။

“လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ကျုပ် ပိုင်ရှောင်ချန်းက လူ့ဘီလူးတွေ၊ သားရဲတွေအားလုံးကို ပြာကျသွားအောင် လုပ်နိုင်တယ် ”
သူသည် အထီးကျန်သူရဲကောင်းအသွင်ဖြင့် လှည့်ကာ မဟာတံတိုင်းပေါ်မှ ဇာတ်လမ်းဆန်ဆန်ဖြင့် အေးအေးလူလူ လျှောက်ပြန်သွားလေသည်။ ထိုစဥ် သူ့နောက်မှ ကျင့်ကြံသူများသည် သူထွက်သွားသည်ကို ကြည့်ကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့်အတူ အခြားခံစားချက်များ ရောထွေးနေသည်ကို သိသာစွာ တွေ့နိုင်သည်။

ထိုခံစားချက်များထဲမှ အချို့မှာ လေးစားမှု၊ အချို့မှာ ကြောက်ရွံ့မှုဖြစ်ပြီး ကျန်သည့်ခံစားချက်များမှာ ထိတ်လန့်တုန်လှုပ်မှု သက်သက်သာဖြစ်ပေသည်…။

ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်တွင် မဟာတံတိုင်းပေါ်မှ မှော်အမြောက်များသည် အသက်ဝင် ပေါက်ကွဲလာကြသည်။ တပ်မဟာ၅ခုသည် ဤထူးခြားလှသော အခွင့်အရေးကို အဘယ့်ကြောင့် အသုံးမချဘဲ နေရပါမည်နည်း။ ကျင့်ကြံသူအချို့သည် စစ်မြေပြင်သို့ ကိုယ်တိုင်ချီတက်ကာ လမ်းတစ်လျှောက်ရှိ ရန်သူတိုင်းမှာ သစ်ကိုင်းကဲ့သို့ အချိုးခံလိုက်ရသည်။ ပိုင်ရှောင်ချန်းသည် စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို သိရှိရန်ပင် မလိုအပ်ပေ။
“ ပိုင်ရှောင်ချန်းကို လာစလျှင် တန်ရာတန်ကြေးပြန်ပေးရမည် ” ဟူသော သတင်းစကားကို မြေရိုင်းဒေသသို့ ထင်ရှားစွာပို့ပြီးကြောင်း သိရသည်နှင့် သူကျေနပ်နိုင်သည်။

ကာမအားတိုးဆေးမှာ အမှားကင်းစင်ခြင်း မရှိသေးပေ။ ဥပမာဆိုရလျှင်၊ သားရဲများပေါ်တွင် ကောင်းစွာ သက်ရောက်မှုရှိသော်လည်း လူ့ဘီလူးများသည် ထိုသက်ရောက်မှုများမှ ကာကွယ်လိုလျှင် နည်းအမျိုးမျိုးဖြင့် ကာကွယ်နိုင်ပေသည်။ ဤအခြေအနေတွင် ကောင်းကောင်းကြီး အလုပ်လုပ်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ မမျှော်လင့်ထားခြင်းကြောင့်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည်လည်း ဤအချက်ကို သတိပြုမိပြီးဖြစ်သည်။

သို့သော်လည်း သူသည် ကာမအားတိုးဆေးများကို တိုက်ပွဲအောင်မြင်မှု ရမှတ်များ စုဆောင်းရာတွင် သုံးရန် မစီစဥ်ထားပေ။ မြေရိုင်းဒေသကို ခြောက်လှန့်ရန်နှင့် သူ၏ ပေါက်ကွဲဆေးပေါင်းဖိုများကို စားပစ်မည့် သားရဲများကို ထပ်မပို့ရဲရန် သုံးခဲ့ခြင်းဖြစ်သည်။

“ဟွန်း၊ ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ပေါက်ကွဲဆေးပေါင်းဖိုတွေက ရေရှည်နည်းလမ်းမဖြစ်နိုင်ပါဘူးလေ။ ငါ နည်းလေး နည်းနည်းပြောင်းဖို့လိုနေတာ။ အဓိကသော့ချက်ကတော့ ငါ့ရဲ့ ဝိညာဥ်စုစည်းဆေးလုံးပဲ။”
ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်တွင် ကျောက်လုံနှင့် အခြားသူများသည် နှလုံးများ တုန်ရီလျက် သူ့နောက်မှလိုက်လာကြလေသည်။ ပိုင်ရှောင်ချန်း၏ နောက်ကျောမြင်ကွင်းသည်ပင် သူတို့ကို ကြက်သီးများထစေသည်။

ပိုင်ရှောင်ချန်း၏ ကြောက်မက်ဖွယ် ကာမအားတိုးဆေးများနှင့် ပတ်သက်လျှင် ကျောက်လုံနှင့် လျှိုလီတို့နှစ်ယောက်လုံးက ထပ်တူခံစားနေရသည်။ သူတို့က သေလုအောင် ကြောက်ရွံ့သည်သာမက သူသည် စစ်ပွဲအတွက် အမှန်တကယ်မွေးဖွားလာခဲ့ခြင်းဖြစ်သည်ကို သဘောကျလျက်ရှိသည်။

နောက်ရက်အနည်းငယ်အတွင်းတွင် မဟာတံတိုင်းမြို့တော်မှ ကျင့်ကြံသူအားလုံးဆီသို့ စကားများ ပျံ့သွားခဲ့သည်။ ပိုင်ရှောင်ချန်း လှုပ်ရှားလိုက်ချိန်တွင် ဖြစ်ပျက်သွားသည့် အကြောင်းများကို ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေကြပြီး သူ၏ အမည်မှာလည်း မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

သူ၏ ဆေးဖော်စပ်သည့် နည်းစနစ်များမှာ ကြောက်စရာကောင်းသည်သာမက သူ၏ ဆေးလုံးများမှာလည်း ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလေသည်။ လက်နက်တိုက်ထဲတွင် သူ့အနီး၌နေကြသော အကြီးအကဲအများစုသည် ကြောက်လွန်းလှသဖြင့် ပြေးကုန်ကြလေသည်…။

သို့ဖြစ်ရာ လက်နက်တိုက်သည် တစ်ဝက်နီးပါးလွတ်သွားပြီး ထိုအကြောင်းကို ပိုင်ရှောင်ချန်း သိသွားသောအခါ လက်ကို ဝှေ့ယမ်း၍ လွတ်နေသော တစ်ဝက်ကို သူ၏ ကိုယ်ပိုင်ဌာနချုပ်နှင့် ပေါင်းစည်းလိုက်သည်။

သူ၏ ဆောင်ရွက်မှုများကြောင့် တိုက်ပွဲအောင်မြင်မှု ရမှတ်များအမြောက်အမြားရရှိကာ တပ်ခွဲမှူး မှ တပ်မှူးေလး အဆင့်သို့ ချက်ချင်းပင် ရာထူးတိုးသွားလေသည်။

ထို့ကြောင့် သူ၏ နေရာမှာ ယခင်ထက်ပို ကျယ်သွားသော်လည်း သူ၏ ထိန်းချုပ်မှုအောက်မှ လက်အောက်ငယ်သားအရေအတွက်မှာလည်း ပို၍များပြားလာရာ လွတ်နေသည်ဟု လုံးဝ မခံစားရပေ။

ပိုင်ရှောင်ချန်းသည် မဟာတံတိုင်းမြို့တော်အတွင်း၌သာ နာမည်ကြီးသည် မဟုတ်ဘဲ တံတိုင်းအပြင်ထိပါ ကျော်ကြားသူဖြစ်သည်။

အရှေ့မြေရိုင်းဒေသမှ ရာချီသည့် မျိုးနွယ်စုများအားလုံးပင် ပိုင်ရှောင်ချန်းနှင့် သူ၏ ကာမအားတိုးဆေးများသာမက ၊၎င်းတို့ကြောင့် မြေရိုင်းဒေသမှ ခံစားခဲ့ရသော ကြေကွဲဖွယ်အရှုံးကိုပါ ကြားသိကြလေသည်။ ထိုအကြောင်းများကြောင့် ပိုင်ရှောင်ချန်း၏ အမည်သည် မြေရိုင်းဒေသ၏ သေမိန့်ကျစာရင်းတွင် ပို၍ မြင့်လာခဲ့သည်။ ယခင်က ထိပ်ဆုံး၁၀၀တွင်သာ ရှိခဲ့သော်လည်း ယခုမူ နံပါတ်၂၇နေရာသို့ ရောက်နေပြီဖြစ်သည်။

စာရင်းထဲမှ သူ့ထက်မြင့်သူများမှာ အားအနည်းဆုံးသည်ပင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများဖြစ်သည်။ အမှန်တွင် သူ့အောက်မှ လူအတော်များများသည်လည်း ထိုကျင့်ကြံခြင်းအဆင့်ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ထိပ်ဆုံး၅၀တွင်ရှိသည့် တစ်ဦးတည်းသော အမြုတေအဆင့် ကျင့်ကြံသူဖြစ်သည်။

သူသည် ယခုတွင် ကျော်ကြားလျက်ရှိပြီး တိုက်ပွဲအောင်မြင်မှု ရမှတ်များများ အများအပြား စုဆောင်းနိုင်ကာ တပ်မှူးလေး အဆင့်သို့လည်း ရောက်နေပြီဖြစ်သည်။ မဟာတံတိုင်းမြို့တော်တွင် သူမည်သည့်နေရာသို့ သွားသည်ဖြစ်စေ မြင်သမျှ ကျင့်ကြံသူတိုင်းက လက်ချင်းဆုပ်၍ အရိုအသေပြုမည်သာ ဖြစ်သည်။

၎င်းသည် ပိုင်ရှောင်ချန်းသဘောကျသော အံ့ဩဖွယ်ခံစားချက်တစ်မျိုးဖြစ်ပြီး ဤနေရာတွင်နေထိုင်ရန် ဆုံးဖြတ်ချက်မှန်သွားသည်ကိုလည်း ကျေနပ်လျက်ရှိသည်။ အမှန်တွင် သူ၏ ကြေးမုံပြင်ကို မကြာမကြာထုတ်ကာ လူလိမ်ညမုဆိုး ရူးချင်စိတ်ပေါက်သွားစေမည့် မေးခွန်းများကို လှည့်ပတ်မေးမြန်းလျက်ရှိသည်။

လူလိမ်ညမုဆိုးမှာ ဦးနှောက်ကို ဖျစ်ညှစ်၍ ပိုင်ရှောင်ချန်းကို ကြွေသွားစေမည့်နည်းလမ်းများဖြင့် ဖြေပေးရသည်မှာ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းရှက်လာကာ မေးနေခြင်းကို ရပ်လိုက်ရသည်အထိဖြစ်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းမှာလည်း ရပ်တန့်မသွားပေ။ သူ၏ တိုက်ပွဲအောင်မြင်မှု ရမှတ်များအားလုံးဖြင့် ဟန်ဇောင်ကျောင်းတော်စိတ်ဆန္ဒမန္တန်ကို ကူညီပေးနိုင်သည့် ဆေးလုံးများကို ပေါပေါများများ ရနိုင်သည်။ တချိန်တည်းမှာပင် သူ၏ ဝိညာဥ်စုစည်းဆေးလုံးကို ဆက်လက်ကြိုးစားဖော်စပ်နေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းမှာ အမှန်တွင် အရှိန်အတန်အသင့်ဖြင့် တိုးတက်နေသော်လည်း ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းသို့ တွန်းပို့ပေးနိုင်သည့် ယင်ယန်ဝိညာဥ်အဆင့်ဆေးလုံးများကို ရရှိရန် မည်မျှကုန်ကျကြောင်း တွေးလိုက်သည့်အခါတိုင်း သူ့အရှိန်မှာ အလွန်နှေးနေမည်ကို အမြဲတမ်းပင် စိတ်ပူနေရသည်။

သို့တိုင်အောင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အတော်နှေးသည့်နှုန်းဖြင့် မြင့်တက်နေခြင်းဖြစ်သော်လည်း သူ၏ ထာဝရအသက်ရှည်နည်းသိုင်းမှာမူ ကြီးမားသော တိုးတက်မှုများ ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ပိုင်လင်းသည် ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာတွင် ကျွမ်းကျင်မှုကြောင့် လုံးဝအံ့ဩသွားခဲ့ရပြီး သူတောင်းဆိုသမျှကို ပျော်ပျော်ကြီး ပေးသည်သာဖြစ်သည်။

တောင်းဆိုထားသော အချို့ဆေးပင်များမှာ အမှန်တွင် တစ်ကိုယ်ရေ အသုံးပြုရန်ဖြစ်သည်ကို အပြစ်မမြင်တော့ပေ။ သူ့အမြင်အရ ပိုင်ရှောင်ချန်းသည် အလွန်အရေးကြီးသူဖြစ်သည်။

သူရသမျှ ဆေးပင်အားလုံး၏ အကျိုးကြောင့် ပိုင်ရှောင်ချန်း၏ ထာဝရအသက်ရှည်နည်းသိုင်းမှာ အရှိန်မြင့်လျက်ရှိသည်။ ဤနည်းဖြင့် သူသည် ထာဝရအကြောကို ဘယ်ဘက်လက်မောင်းတွင် ဖြန့်ကျက်နိုင်ပြီဖြစ်သည်။ တစ်ညတွင် သူ၏ ဘယ်လက်မှာ အလင်းရောင်များ တောက်ပလာပြီး အထဲမှ သွေးကြောနှင့် သွေးများကို ထိုးဖောက် မြင်ရသည်အထိ ကြည်သွားလေသည်။

မျက်လုံးပြူးလျက် လက်သီးဆုပ်လိုက်ရာ အက်ကွဲသံများ ထွက်လာလေသည်။ ထို့နောက် လေထဲသို့ ထိုးလိုက်ရာ လက်မှာ လျင်မြန်လွန်းလှသဖြင့် လုံးဝ မမြင်ရသလောက်နီးပါး ဖြစ်သွားသည်။

သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသော မယုံကြည်နိုင်လောက်သည့် စွမ်းအင်များ၏ အငွေ့အသက်ကြောင့် သူ၏ အပြင်ကိုယ်စွမ်းအားသည် မည်မျှ များပြားကြောင်း သိသာစေသည်။

“အောင်ပြီ။ ငါ့မှာ ထာဝရအရွတ်ကြောကို ခြေထောက်၂ဖက်လုံးနဲ့ ဘယ်လက်မှာပါ ရှိနေပြီ။ ခု ငါက ခေါင်း၊ ညာလက်နဲ့ ဝမ်းဗိုက်ပိုင်းကိုကျင့်ဖို့ပဲ လိုတော့တာ။”

” အဲ့တာတွေပြီးသွားရင် ထာဝရအရွတ်ကြောကို လေ့ကျင့်တာပြီးသွားပြီး ထာဝရကျမ်းရဲ့ တတိယတွဲလည်း ပြီးဆုံးသွားပြီ။ အဲ့နောက်မှာ ရွှေအမြုတေအဆင့်ကနေ ယင်ယန်ဝိညာဥ်အဆင့်ကို ထိုးဖောင်ဝင်ဖို့ပဲ လိုတော့တယ်။ ”

” ယင်ယန်ဝိညာဥ်အဆင့်ရောက်တာနဲ့ ထာဝရအရိုးကို ကျင့်ကြံလို့ရပြီ။”
ထာဝရအရိုးကို တွေးကြည့်ရုံနှင့်ပင် ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားကာ ပြုံးဖြီးဖြီးဖြစ်သွားသည်။

ထာဝရကျမ်းတွင်ပါရှိသည့် ဖော်ပြချက်များအရ ထာဝရအရိုးကို ကျင့်ကြံသည်နှင့် မဖျက်ဆီးနိုင်သော အပြင်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

“အရေပြား၊ အသား၊ အကြော၊ အရိုး၊ သွေး ” သူက နူးညံ့စွာ ပြောလိုက်သည်။

” ထာဝရအရေပြားက ကာကွယ်ဖို့အတွက်ဖြစ်တယ်။ ထာဝရအသားက စွမ်းအားကို ပေးတယ်။ ထာဝရအကြောက အမြန်နှုန်းကို ကူပေးတယ်။ ထာဝရအရိုးက အဲ့၃ခုလုံးကို စုစည်းပေးပြီးတော့ မယုံနိုင်လောက်တဲ့ စွမ်းအားတွေ ထုတ်လွှတ်နိုင်အောင် လုပ်ပေးတယ်။ ”
ဤအကြောင်းများကို တွေးလိုက်သောအခါ ထာဝရအရိုးနှင့် ပတ်သက်သည့် မျှော်လင့်ခြင်းများမှာ ပို၍များလာခဲ့သည်။

” ထာဝရအရိုးမပါသေးဘဲ ထာဝရအကြောကို တစ်ဝက်ပဲ ပြီးသေးတာတောင် ငါ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားက ရွှေအမြုတေကျင့်ကြံခြင်းအခြေခံနဲ့ ပေါင်းလိုက်တော့ ငါ့နဲ့ ကျင့်ကြံခြင်းအဆင့်တူတွေထဲမှာ မယုံနိုင်လောက်အောင် အဆင့်မြင့်သွားတာ။ ”
ကုန်းစွန်းဝမ်အာ၏ ရုပ်တုနှင့် တိုက်ပွဲကို ပြန်စဥ်းစားမိစဥ် သူ၏ မျက်လုံးထဲတွင် ဂုဏ်ယူနေသည့် အရိပ်အယောင်က ပေါ်လာသည်။ ထိုစဥ်က ကောင်းကင်တာအိုရွှေအမြုတေရှိသော်လည်း အလယ်ပိုင်း အမြုတေအဆင့်တွင်သာ ရှိသေးသည်။

တိုက်ပွဲတွင် သူသည် အစွမ်းရှိသမျှ အမှန်တကယ် ထုတ်မပြနိုင်ခဲ့ပေ။ ပင်လယ်ရေပြင်ဖြစ်ပါစေ ပုလင်းလည်ပင်းသေးသေးလေးမှ ဖြတ်လာရလျှင် အကန့်အသတ်ရှိသည်သာ ဖြစ်သည်။

ယခုမူ အရာရာသည် ကွာခြားသွားခဲ့ပြီဖြစ်သည်။ မဟာစက်ဝန်းသို့ နီးကပ်လာသည်နှင့်အမျှ ထာဝရအရွတ်ကြောကိုလည်း ခန္ဓာကိုယ်တစ်ဝက်စာ ရှိထားသောအခါ ကုန်းစွန်းဝမ်အာ၏ ရုပ်တုနှင့် ထပ်မံတိုက်ခိုက်ရလျှင်ပင် လက်ကို မှောက်လှန်သကဲ့သို့ လွယ်ကူစွာ အောင်မြင်နိုင်သည်ဟု အပြည့်အဝယုံကြည်မှုရှိလေသည်။

” အစ်ကိုကြီး ဇောင်ထျန်ကျောက်က အမြုတေအဆင့်မှာကို ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေကို သတ်နိုင်ခဲ့တာ…။ ငါလည်း အဲ့လိုလုပ်နိုင်ရင် ကောင်းမှာ ”
ပိုင်ရှောင်ချန်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်အဝကို အမှန်တကယ်ထုတ်လွှတ်ပါက စွမ်းအားအဆင့်သည် ဇောင်ထျန်ကျောက်ထက် လုံးဝမနိမ့်ကြောင်း ပြောနိုင်သည်။

“အခုကစပြီး နှောင်းပိုင်းအမြုတေအဆင့်အောက်က ဘယ်ယူမဆို ငါ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး။ ”
သူသည် လက်ကို ခါလိုက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တစ်ခါတရံတွင် ကံေကာင်းခြင်းက လှိုင်းလုံးသဖွယ်ရောက်လာတတ်သည်။ ဘယ်ဘက်လက်တွင် ထာဝရအရွတ်ကြောပြီးဆုံးသွားပြီး ၃ရက်ခန့်အကြာ နှစ်ဝက်နီးပါး စမ်းသပ်မှု မရပ်မနားလုပ်ပြီးနောက်တွင် သူစိတ်ကြိုက်ဖြစ်သော ဝိညာဥ်စုစည်းဆေးလုံးတစ်သုတ်ကို ဖော်စပ်နိုင်ခဲ့သည်။

ဤဝိညာဥ်စုစည်းဆေးလုံးများသည် အနက်ရောင်မဟုတ်တော့ဘဲ ရွှေရောင်များ ဖြစ်သည်။

အနီးအနားမှ လေထုကို ပုံပျက်စေနိုင်သည့် မမြင်ရသော အငွေ့အသက်တစ်ခုကိုလည်း ထုတ်လွှတ်နေသည့်အပြင် ဆေးလုံးထဲတွင် တွင်းနက်ကြီးတစ်ခု လှည့်နေသည်ကို တွေ့ရသည်။

ထို့အပြင် ထိုဆေးလုံးတစ်လုံးကို ကြာကြာစိုက်ကြည့်ပါက ကြည့်သူ၏ ကိုယ်ထဲမှ ဝိညာဥ် လွတ်ထွက်သွားတော့မည့်အလား ခံစားရပေမည်။

ရွှေရောင်ဝိညာဥ်စုစည်းဆေးလုံးများ ပေါ်လာသည့် အခိုက်အတန့်တွင် အဆင့်မြင့်ဆေးလုံးများဖြစ်ကြောင်း သူသိလိုက်သည်။ အညစ်အကြေးအချို့ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့သည် ပြဿနာမဖြစ်စေပေ။

ဤဆေးလုံးများသည် သူဖော်စပ်သမျှ ဝိညာဥ်စုစည်းဆေးလုံးများထဲတွင် အကောင်းဆုံးဖြစ်သည်။

စိတ်လှုပ်ရှားစွာဖြင့် သူသည် ပိုင်လင်းကို သတင်းပို့လိုက်ပြီး ကျောက်လုံနှင့် သူ၏ အခြားအစောင့်များကို ခေါ်ကာ မဟာတံတိုင်းဆီသို့ တက်သွားသည်။

ပိုင်လင်းသည် ထိုနေရာတွင် စောင့်နေကာ သူကိုင်ထားသည့် ရွှေရောင်ဆေးလုံးများကို ချင်ချင်းပင် သတိပြုမိသွားသည်။

” ဝိညာဥ်စုစည်းဆေးလုံးလား။” ဟု သူက စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်သည်။

” သေချာတာပေါ့။”
ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ လက်ထဲတွင် ဆေးလုံးကို ကိုင်ထားကာ ဂုဏ်ယူသော အပြုံးဖြင့် တံတိုင်းအလွန်ကို ကြည့်လိုက်စဥ် သူ့မျက်လုံးများမှာလည်း တလက်လက်တောက်ပနေပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset