Switch Mode

အခန်း ( ၄၈၆ )

ပိုင်ရှောင်ချန်းကို သုတ်သင်ရန် ကမ္ဘာလုံးဆိုင်ရာ ဝရမ်းထုတ်ခြင်း

ကျောက်လုံသည် မျက်လုံးများပြူးသွားပြီး လျှိုလီမှာလည်း အံ့ဩကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အားလုံး၏ မျက်နှာပေါ်တွင် အလားတူအမူအရာများဖြင့် ပိုင်ရှောင်ချန်းရပ်ကာ ရူးနှမ်းစွာ ရယ်မောနေသည်ကို ကြည့်ကာ ပြောလိုက်သည်။

” ကာမအားတိုးဆေး ”
ပိုင်လင်းသည် ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။

မည်သူမှ မေးခွန်းများ ထပ်မထုတ်နိုင်မီ ပိုင်ရှောင်ချန်းသည် အင်္ကျီလက်ကို ဝှေ့ယမ်းကာ ဆေးပေါင်းဖို ၈ခုလုံးကို သယ်ကာ သူ၏ ခြေထောက်ရှိ ထာဝရအရွတ်ကြောစွမ်းအားကို သုံး၍ မဟာတံတိုင်းဆီသို့ သွားရန် လေထဲကို ခုန်တက်လိုက်သည်။

” ကောင်းပြီ။ သောက်ကျိုးနည်း ဗိုက်ပူသားရဲတွေ”
သူက မျက်လုံးများတောက်ပလျက် လေထဲကို ဖြတ်ပြေးသွားရင်း ပြောလိုက်သည်။
” ပိုင်ရှောင်ချန်းက မင်းတို့အတွက် လာနေပြီ။”

ပိုင်လင်းမှာမူ ဝေခွဲမရဖြစ်နေခြင်းကို ချိုးနှိမ်ကာ မျက်တောင် တဖျပ်ဖျပ်ခတ်လျက် ပိုင်ရှောင်ချန်းနောက်သို့ လိုက်သွားလေသည်။ ကျောက်လုံနှင့် အခြားသူများသည်လည်း တခဏမျှ တွေဝေနေပြီး ကြောက်စရာကောင်းလှသော အခြေအနေတွေနှင့် ပိုင်ရှောင်ချန်း ဖန်တီးထားသော ဆေးလုံးများ၏အစွမ်းကို သိချင်စိတ်အပြည့်ဖြင့် မဟာတံတိုင်းဆီသို့ ပျံသန်းသွားကြလေသည်။

မကြာမီ ပိုင်ရှောင်ချန်းသည် မဟာတံတိုင်းပေါ်သို့ ရောက်သွားကာ အော်ဟစ်၍ ဆေးပေါင်းဖိုအားလုံးကို စစ်မြေပြင်ဆီသို့ ပစ်လိုက်လေသည်။

အောက်ဘက်တွင် လူ့ဘီလူးမျိုးနွယ်စုများမှ လူ့ဘီလူးများသည် အဆုံးမရှိဟုထင်ရသော ဝိညာဥ်ပင်လယ်ကြီးနှင့်အတူ တံတိုင်းဆီသို့ ချီတက်လာနေသည်။ ယခုမူ ဆေးပေါင်းဖိုများ၏ စွမ်းအင်သည် အချည်းနှီးဖြစ်သွားရာ အမုန်းဝိညာဥ်များမှာ ဖိအားနည်းလာကာ ၎င်းတို့ကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူလာသည်။ ထိုကြောင့် အောက်လမ်းဆရာများက အားအင်စိုက်ထုတ်ရမှု လျော့နည်းလာကာ အမုန်းဝိညာဥ်များကို ယခင်ကထက်ပို၍ စွမ်းအားရှိစေရန် ပြုလုပ်လာနိုင်သည်။

စစ်မြေပြင်တွင် ပေါက်ကွဲသံများသည် ယခင်ထက်ပို၍ မြည်ဟီးလာသည်။ အမုန်းဝိညာဥ်များ၏ တိုးမြှင့်ထားသော စွမ်းအားကြောင့် လူ့ဘီလူးများ၏ စစ်မြေပြင်တွင် ကျရှုံးနှုန်းမှာ ပို၍နည်းသွားပြီး တချိန်တည်းမှာပင် တပ်မဟာ၅ခုပေါ်မှ ဖိအားမှာ ပိုများလာခဲ့သည်။

ယခုလေးမှ ပစ်လွှတ်လိုက်သော မီးဖိုရှစ်လုံးမှာမူ အပူကြောင့် နီရဲနေသည်မှာ အံ့ဩဖွယ်ရာ မြင်ကွင်းပင် ဖြစ်သည်။ ပေါက်ကွဲသွားလျှင်မည်သို့ဖြစ်မည်နည်းဟူသော အတွေးသည်ပင်တွေးကြည့်ရန် ကြောက်စရာကောင်းလှပေသည်။

အမှန်တွင် မီးဖိုများပေါ်လာသည်နှင့် လူ့ဘီလူးများသည် နှလုံးသားထဲတွင် ပူပန်စိုးရိမ်မှုများ မြင့်တက်လာပြီဖြစ်သည်။ သို့သော် ထိန်းမရအောင် လန့်သွားခြင်းမျိုး မဖြစ်ပေ။ သူတို့သည် လာနေသော မီးဖိုများကိုစိုက်ကြည့်နေကြစဥ် အနက်ရောင်ယဇ်ပလ္လင်ပေါ်မှ အနက်ရောင် ဝတ်ရုံရှည်နှင့် အဘိုးအိုသည် သူ့ဘေးမှ မျိုးနွယ်စု ခေါင်းဆောင်များ၊ အောက်လမ်းဆရာများနှင့်အတူ ရေပြင်ပေါ်တွင် ပေါ်နေသော မြင်ကွင်းကို ကြည့်နေကြသည်။

“ဘာလဲ၊ ဆေးပေါင်းဖိုတွေကို လက်ကျန်ဖြတ်တာလား၊ ဟမ်”
အနက်ရောင် ဝတ်ရုံရှည်ဖြင့် အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
” ဒီနည်းက အလုပ်မဖြစ်တော့ပါဘူးကွာ။”

သူသည် အေးစက်စက်အမူအရာနှင့် ညာလက်ဖြင့် မန္တာန်လက်ကွက်ဖော်လိုက်၍ ရေပြင်ကို လက်ချောင်းဖြင့် ဝှေ့ယမ်းလိုက်သည်။ ရေပြင်သည် လှုပ်ခတ်သွားပြီး တစ်ဒါဇင်ခန့်ရှိမည့် စက်လုံးသားရဲများသည် စစ်မြေပြင်တွင် ရုတ်တရက် ခေါင်းများမော့ကာ ဟိန်းဟောက်လိုက်ကြသည်။

ထို့နောက် သူတို့၏ မျက်နှာတွင် အထင်သေးသည့် အကြည့်များပေါ်လာကာ ပါးစပ်ကို အကျယ်ကြီးဖွင့်၍ လေကို အားရပါးရ ရှူသွင်းလိုက်ကြသည်။

ချက်ချင်းပင် မီးဖို၈ခုသည် ရှေ့နောက်ယိမ်းထိုးကာ ၎င်းတို့ကို ဝါးမျိုရန် တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်နေကြသော စက်လုံးသားရဲများဆီသို့ ပြေးဝင်သွားသည်။ အချိန်တိုအတွင်းမှာပင် ဆေးပေါင်းဖိုအားလုံးသည် ဝါးမျိုခြင်းခံလိုက်ရသည်။

မီးဖိုများကို မမျိုလိုက်ရသော သားရဲများမှာမူ မကျေမနပ်ဖြင့် အော်မြည်နေကြလေသည်။

အနက်ရောင် ယဇ်ပလ္လင်ပေါ်မှ အဘိုးကြီးသည် အဖြစ်အပျက်ကို မြင်သောအခါ ဖျော့တော့စွာပြုံးလိုက်ပြီး မျက်လုံးများတွင် မထီမဲ့မြင်ဟန် ပေါ်လာသည်။

တပ်မဟာ၅ခုမှ ကျင့်ကြံသူများသည် ဆေးပေါင်းဖိုများ အစားခံရခြင်းကို မျက်မြင်ကြုံရသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ပိုင်လင်းသည် ငြိမ်သက်စွာ ရပ်နေကာ အခြားကျင့်ကြံသူများကမူ သက်ပြင်းကို အသာချလိုက်ကြသည်။

ပိုင်ရှောင်ချန်းသာ နေရာတွင် အသာရပ်ကာ ဆေးပေါင်းဖိုများအား ဝါးမျိုသွားသော သားရဲရှစ်ကောင်ကို အေးစက်စွာ ကြည့်နေနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

“စားကြစမ်း။” သူက ရေရွတ်လိုက်သည်။
” တစ်စက်ကလေးမှ မကျန်စေနဲ့။”

ဗလုံးဗထွေးပေါက်ကွဲသံတစ်ချက်ပေါ်လာကာ သားရဲကြီးများ၏ ဗိုက်သည် တခဏမျှ ဖောင်းလာပြီး မူလအခြေအနေသို့ ပြန်ရှုံ့သွားလေသည်။

သားရဲများသည် မဟာတံတိုင်းကို ခြိမ်းခြောက်ဟန်ဖြင့် ကြည့်ကာ လှည့်မထွက်မီ ခြိမ်းခြောက်အော်သံပေးလိုက်သေးသည်။ တချိန်တည်းမှာပင် လူ့ဘီလူးအများအပြားသည် သူတို့ကို ကာကွယ်ရန် ပျံသန်းလာကြလေသည်။ ထိုအချိန်တွင် စစ်မြေပြင်ရှိ အခြားလူ့ဘီလူးများကလည်း လှုံ့ဆော်သည့်ပုံစံဖြင့် အော်ဟစ်ကြလေသည်။

“မင်းတို့ အစွမ်းက ဒါအကုန်ပဲလား။ အဲဒီမှော်ပစ္စည်းတွေက အခု ငါတို့အတွက် ဘာမှ အသုံးမကျတော့ဘူး။”

“မဟာတံတိုင်းပေါ်က အားနည်းသူလေးတွေက ဒီလှည့်ကွက်ကို သုံးနေတုံးလား။ ဆေးပေါင်းဖိုရှစ်ခုက ငါတို့သားရဲတွေ ဗိုက်ပြည့်ဖို့ဆို လောက်တောင် မလောက်ဘူးကွ။”

“မင်းတို့က မိုက်မဲ၊ ဥာဏ်နည်းလိုက်ကြတာကွာ။ သူတို့ ဆေးပေါင်းဖိုတွေက အရင်တစ်ခါတုံးကလည်း အလုပ်မဖြစ်ပါဘူး။ အဲဒါကို တစ်ပုံစံတည်း ထပ်လုပ်တာတဲ့။”

တပ်မဟာ၅ခုမှ ကျင့်ကြံသူများသည် စစ်မြေပြင်မှ လှောင်ပြောင် ရယ်မောသံများ ထွက်လာသောအခါ မချင့်မရဲဖြင့် အံကြိတ်ထားရလေသည်။ နတ်အဆင့်ခေါင်းဆောင်မှ သူတို့ကို တံတိုင်းပေါ် ရှိ နေရာကို မခွာရန် အမိန့်ချထားခြင်းသာ မရှိပါက သေစေနိုင်လောက်သည့် နည်းလမ်းများဖြင့် စစ်မြေပြင်တွင် မြေရိုင်းသားတို့၏ သွေးများ ချောင်းစီးသွားစေမည်မှာ အသေအချာဖြစ်သည်။

ပိုင်လင်းသည် သက်ပြင်းချကာ ပိုင်ရှောင်ချန်းဘက်သို့ လှည့်၍ စကားပြောရန် ဟန်ပြင်လိုက်သည်။

မပြောမီမှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ရေရွတ်လိုက်သည်။
” အခုချိန်ကစပြီး သူတို့ရယ်သံတွေ စဲသွားစေရမယ်။ ငါစိတ်တိုရင် ငါ့ကိုယ်ငါတောင် ကြောက်တယ် ”

ပိုင်လင်းသည် ထိုစကားကို ကြားသောအခါ အံ့ဩသွားသည်။ ထို့နောက် သူ ဘာမှ မမေးနိုင်မီမှာပင် ဆေးပေါင်းဖိုများကို စားထားကြသော သားရဲရှစ်ကောင်သည် ရုတ်တရက် ငြိမ်သွားကြသည်။

ခဏကြာလျှင် သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး တဖြည်းဖြည်းနှင့် မျက်လုံးများ နီရဲတောက်လာကြသည်။ သူတို့က တုန်ခါလာကြကာ ပါးစပ်များကို ဖွင့်၍ ပန်းရောင် မီးခိုးများကို ထုတ်လိုက်ကြသည်။ အမှန်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် ရုတ်တရက် နီရဲတောက်လာသည်။

အသံပြာကြီးများကို ကြားနေရပြီး မကြာမီ ဆူညံစွာဖြင့် အော်ဟစ်နေသံများ ဖြစ်သွားသည်။ ဘေးပတ်လည်မှ လူ့ဘီလူးများသည် အံ့ဩတကြီး ကြည့်နေဆဲတွင် သားရဲ၈ကောင်သည် ရုတ်တရက် သူတို့ဘက်ကို လှည့်ကာ ရူးသွပ်မှုအပြည့်ဖြင့် ခုန်အုပ်လိုက်ကြသည်။

၎င်းတို့ထဲမှ ၂ကောင်မှာ အရူးအမူး အော်ဟစ်ကာ အမျိုးတူသားရဲများဘက်သို့ လှည့်လိုက်ကြသည်။ မကြာမီပင် သားရဲ၈ကောင်လုံးသည် အနီးအနားရှိ ရွေ့လျားနေသည့် အရာမှန်သမျှပေါ်ကို ခုန်အုပ်ကြတော့သည်…။

အားလုံးသည် ကာမအားတိုးဆေး၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ရောက်သွားပြီဖြစ်သည်။

ထို့အပြင် ကာမအားတိုးဆေးများသည် သားရဲများ၏ ကိုယ်ထဲတွင် ပေါက်ကွဲသွားသည်ဖြစ်ရာ ထွက်လာသော စွမ်းအင်မှာ လွင့်ပြယ်ရန် မဖြစ်နိုင်ပေ။ လေးကြိမ်တိုင် သန့်စင်ထားသော ထိုကဲ့သို့ ဆေးလုံးများတွင် ပါဝင်သည့် မယုံနိုင်ဖွယ် စွမ်းအားမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။

သားရဲများသည် အထီးဖြစ်စေ၊ အမဖြစ်စေ အရေးမပါတော့ပေ။ ဆေးပေါင်းဖိုများသည် သူတို့၏ အစာအိမ်ထဲတွင် ပေါက်ကွဲသွားသည်ဖြစ်ရာ ကျိုးကြောင်းဆင်ခြင်စိတ်တစ်စက်မှ မရှိတော့ဘဲ ကားမအားတိုးဆေး၏ သက်ရောက်မှုများတွင် နစ်မြုပ်သွားလေသည်။ ဤအခြေအနေမျှဆိုလျှင် ကိစ္စကြီးမဟုတ်သေးပေ။ သို့သော် သူတို့သည် ပန်းရောင်မီးခိုးများကို အဆက်မပြတ်ထုတ်နေရာ အမုန်းဝိညာဥ်များကို မသက်ရောက်သော်လည်း လူ့ဘီလူးများကိုမူ သေချာပေါက် ထိလေသည်။

လူ့ဘီလူးများမှာ ထိုအငွေ့များကို ရှူမိရုံသာဖြစ်သော်လည်း သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ရဲတက်လာလေသည်။ ခဏကြာလျှင် သူတို့၏ မျက်လုံးများသည် ဗလာဖြစ်သွားကာ တချိန်တည်းမှာပင် နီရဲလာကြပြီး ခေါင်းမော့ကာ အော်လိုက်ကြသည်။

အချိန်တိုအတွင်းမှာပင် စစ်မြေပြင်တစ်ခုလုံး ကစဥ့်ကလျားဖြစ်သွားလေသည်…။

အော်သံ၊ဟစ်သံများ နေရာတိုင်းမှ ထွက်ပေါ်လာနေသည်။ ဤအခိုက်အတန့်တွင် မဟာတံတိုင်းအပြင်ဘက်ရှိ နေရာမှာ စစ်မြေပြင်နှင့် လုံးဝမတူတော့ဘဲ ကပ်ဘေးဆိုက်နေသည့် မြင်ကွင်းတစ်ခုဖြစ်သွားသည်။

ဤကာမအားတိုးဆေးများ အလွန်ကြောက်မက်ဖွယ် အစွမ်းထက်နေရသည့် အဓိကအကြောင်းတစ်ခုမှာ ပိုင်ရှောင်ချန်းသည် သူ၏ မူလဖော်စပ်နည်းကို မူးယစ်ဆေးလုံးဖော်စပ်နည်းနှင့် ပေါင်းစပ်လိုက်သောကြောင့်ဖြစ်သည်။ အဓိကပါဝင်ပစ္စည်းအချို့တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများပင် လုပ်ဆောင်ထားသေးသည်။ ထို့ကြောင့်ပင် ဆေးလုံးများသည် ယခင်ကထက် အများကြီးကြောက်မက်ဖွယ်ကောင်းနေခြင်းဖြစ်သည်။

မဟာတံတိုင်းပေါ်မှ ကျင့်ကြံသူများသည် အောက်ကိုငုံ့ကြည့်လျက် မြင်တွေ့နေရသော မြင်ကွင်းကြောင့် သူတို့၏ စိတ်များ ချာချာလည်ကုန်ကြကာ သူတို့မျက်နှာတွင် ထိတ်လန့်နေသည့်အကြည့်များ ရှိနေပြီး သူတို့၏ နှလုံးအား အံ့ဩမှုလှိုင်းလုံးများက ရိုက်ခတ်နေသည်ကို ခံစားနေရသည်။

“ဒ-ဒါ…ဒါက…”

“သူတို့…သေစမ်း။ ဘာတွေဖြစ်ကုန်ကြတာလဲ။”

“အဲဒီဆေးလုံးတွေက ဘာတွေလဲ။ ဘုရားရေ”

တပ်မဟာ၅ခုမှ လူတိုင်းသည် သာမန်စစ်သားမှစကာ တပ်ခွဲမှူးများ၊ တပ်မှူးလေးများ၊ တပ်မှူးကြီး များနှင့် စစ်ဦးစီးမှူး များပင်လျှင် ဖြစ်ပျက်နေသည့် အကြောင်းများကို ပြောဆိုနေကြသည်။ ဖြစ်ပေါ်နေသော အံ့ဩဖွယ်မြင်ကွင်းမှာ တစ်ယောက်မကျန်၊ အားလုံးကို သတိလက်လွတ်ဖြစ်သွားစေသည်။

တပ်မဟာ၅ခု၏ စစ်သေနာပတိချုပ် ပိုင်လင်းပင် အံဩလှသောကြောင့် စိတ်နှလုံးများ ချာချာလည်လျက်ရှိသည်။

အမှန်တွင် အဖြစ်အပျက်သည် မယုံကြည်နိုင်လောက်အောင်ပင် အံ့ဩဖွယ်ကောင်းလှသောကြောင့် ဘုရားထိပ်မှ မျက်လုံးကြီးသည်ပင် လှုတ်ခတ်လျက်ရှိသည်။ ထို့နောက် မျက်လုံး၃လုံး ချိန်ဟဲ့ထျန်ပေါ်လာ၏။ သူသည် လေးစားဖွယ် နတ်အဆင့်တစ်ယောက်ဖြစ်သည့်တိုင် မအံ့ဩဘဲမနေနိုင်ပေ။ ထို့နောက် ထူးဆန်းလှသော မျက်နှာအမူအရာဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။

“ဒါက တကယ့်ကို မဟာတံတိုင်းလား ”
သူက တွေးလိုက်သည်။

အမှန်တွင် လူတိုင်းသည် အတူတူပင် သတိလစ်မတတ်ဖြစ်သွားကြသည်။ ဤအချိန်တွင် ဆေးလုံးဖန်တီးသူ၏ အမည်၊ ပိုင်ရှောင်ချန်းသည် ရှိသမျှ လူတိုင်း၏ စိတ်ထဲတွင် မေ့မရနိုင်လောက်အောင် မှတ်တမ်းတင်ပြီးဖြစ်သွားသည်။
“ကျန်တဲ့ ငါ့ဘဝတစ်လျှောက်လုံးမှာ ဒီကြောက်စရာကောင်းတဲ့ ပိုင်ရှောင်ချန်းကို ဘယ်တော့မှ သွားမထိဘူးဆိုတာ သေချာတယ် “

မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာနေပြီး စစ်မြေပြင်မှ ကစဥ့်ကလျားအဖြစ်အပျက်များမှာလည်း ဆက်လက်ဖြစ်ပွားနေစဥ်တွင် အနက်ရောင် ပလ္လင်ပေါ်မှ ဝတ်ရုံနက်အဘိုးအိုသည် ဘေးမှ အောက်လမ်းဆရာများ၊ မျိုးနွယ်စုခေါင်းဆောင်များနှင့်အတူ ဖြစ်ပျက်နေသည်များကို စောင့်ကြည့်လျက်ရှိသည်။

ယဇ်ပလ္လင်ပေါ်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေပြီး မျက်လုံးများသည် ရေမျက်နှာပင်တွင် ကော်ကပ်ထားသကဲ့သို့ ကပ်နေလေသည်။ တစ်ယောက်မှ စကားမပြောကြဘဲ အမှန်တွင် တစ်ယောက်မှ အသက်မရှူကြပေ။ အသက်ပြန်ရှူရန် အချိန်အတော်ကြာပြီး ပြန်ရှူပြီးမကြာမီပင် အမောတကောဖြစ်သွားကြကာ နောက်ဆုံးတွင် တစ်အုပ်စုလုံးသည် ခန္ဓာကိုယ်များ တုန်လာကြသည်။

ထို့နောက်တွင် ယဇ်ပလ္လင်ဆီမှ ဒေါသတကြီး အော်သံများ စတင်ထွက်ပေါ်လာသည်။

“ပိုင်ရှောင်ချန်းးး”

“မြေရိုင်းဒေသက မင်းကို မရ၊ ရတဲ့နည်းနဲ့ ဖျက်ဆီးပစ်မယ်ကွ။”

“သေစမ်း၊ ပိုင်ရှောင်ချန်း။ မ-မ-မင်း…မင်း သေခြင်းဆိုးနဲ့ သေစေရမယ်။”

” ဖမ်းဝရမ်းထုတ်စမ်းဟေ့။ ဒီပိုင်ရှောင်ချန်းက သေကိုသေရမယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာစမ်း။ သူသာ မသေရင် မြေရိုင်းသားတွေ တချိန်လုံး ကျက်သရေမဲ့နေလိမ့်မယ်။”


Comment

Leave a Reply

Options

not work with dark mode
Reset