ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက တစ်ခါသုံး အဋ္ဌမအဆင့်ဓမ္မလက်နက်များကို ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်ပြီး အချို့အချိန်များတွင် တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်သည့် အဋ္ဌမအဆင့်ဓမ္မလက်နက်များကိုလည်း ဖန်တီးနိုင်စွမ်းရှိခဲ့၏။
အဋ္ဌမအဆင့်ဓမ္မလက်နက် အစစ်အမှန်တစ်ခုအား အောင်မြင်စွာဖန်တီးနိုင်ရန် ဝမ်ပေါင်လဲ့ ကြုံတွေ့နေရသည့် အကြီးမားဆုံး အခက်အခဲမှာ ဝိညာဉ်အာရုံခံနိုင်စွမ်းများ နည်းပါးနေသည့် အချက်ပင်ဖြစ်သည်။ သူသည် သစ်သီးခြောက်လေးအား ရရှိခဲ့ပြီးနောက် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအား မြှင့်တင်နိုင်ခဲ့သည့်တိုင်အောင် မလုံလောက်သေးပေ။ သို့သော် ယခုတွင်မူ သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်သွားခဲ့ပြီဖြစ်ရာ အရာအားလုံးမှာပြောင်းလဲသွားပြီဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုကြောင့် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းမှာလည်း ပို၍အားကောင်းလာခဲ့၏။ ထို့ကြောင့် သူသည် အဆောင်ပစ္စည်းများအား ယခင်တုန်းကထက် ပို၍လွယ်ကူစွာ ဖန်တီးသန့်စင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းအလုံအလောက် ရှိနေပြီဖြစ်ရာ တစ်ခဏမျှ စမ်းသပ်ကြည့်လိုက်ပြီးနောက် ယခင်တုန်းကနှင့် မတူတော့ကြောင်း ခံစားမိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်အောင်လုပ်ကာ ကျင့်ကြံခြင်းပညာရပ်အား အောင်မြင်စွာ လေ့ကျင့်ပြီးသွားသောအခါ အဆောင်ပစ္စည်းများသန့်စင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏ ထို ခုနစ်ရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ အဋ္ဌမအဆင့်ဓမ္မလက်နက်အမျိုးမျိုးကို ကြိုးစားဖန်တီးသန့်စင်နေခဲ့သည်။ ၎င်းတို့ထဲတွင် တစ်ကြိမ်သုံး အဋ္ဌမအဆင့်ဓမ္မလက်နက်များပါသလို တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်သော အဋ္ဌမအဆင့်ဓမ္မလက်နက်လည်း ပါသည်။ နောက်ဆုံးတွင် သူသည် အဋ္ဌမအဆင့်ဓမ္မလက်နက် အစစ်တစ်ခုအား ဖန်တီးသန့်စင်နိုင်သွားသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရတော့သည်။
” နောက်ဆုံးတော့… ငါ အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခုကို ဖန်တီးသန့်စင်နိုင်ခဲ့ပြီကွ ” ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်နေရပြီဖြစ်သည်။ သူသည် သူသန့်စင်ဆင်ထားသည့် ခေါင်းလောင်းလေးအား သူ၏ရှေ့၌ချကာ စိုက်ကြည့်ရင်း ၎င်းအား အကြိမ်အနည်းငယ်ခန့် တီးကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိုခေါင်းလောင်းထဲမှ ထွက်ပေါ်လာသည့် ပဲ့တင်ထပ်သံအား နားထောင်ရင်း ၎င်းထဲ၌ ပိတ်မိနေကြမည့် လူများ၏ အဖြစ်ကို စိတ်ကူးဖြင့် မှန်းဆတွေးတောရင်း စိတ်ကျေနပ်နေတော့သည်။
” ငါ့ဆီမှာ အဋ္ဌမအဆင့်ဓမ္မလက်နက်အတုတွေ အများကြီးရှိသေးတယ်။ အသုံးလိုလာတဲ့အချိန်ကျရင် အတုတစ်ခုကို အရင်ဆုံးထုတ်လိုက်မယ်။ ငါ့ရဲ့ရန်သူတွေ အဲဒီအတုကို ဖျက်ဆီးပစ်လိုက်တဲ့အချိန်မှ အစစ်ကို ထုတ်လိုက်ရုံပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ပျော်ရွှင်ကျေနပ်သွား၏။ သူသည် အောင်ပွဲခံလိုသောကြောင့် ဝိညာဉ်အဆီအနည်းငယ် စုဝေးနေပြီဖြစ်သော သူ၏ဗိုက်အား လက်ဖြင့်ပုတ်လိုက်သည်။ ထို့နောက် သူသည် ယခုတွင် အလွန်အင်မတန်မှ ပိန်နေသည်ဖြစ်ကြောင်း သတိရသွားသောအခါ မုန့်ထုပ်များကိုထုတ်ယူကာ ဝမ်းသာအားရနှင့် တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။
သူသည် ဝိညာဉ်ရေခဲရေဘူး ငါးဘူးကိုလည်းထုတ်ယူပြီး ၎င်းတို့အား တစ်ကျိုက်တည်း မော့ချလိုက်၏။ ထိုအခါမှသာ သူသည် ဗိုက်ဝသွားသဖြင့် အဆောင်ပစ္စည်းများကို ဆက်၍ သန့်စင်နေလိုက်တော့သည်။ သူ ထပ်၍သန့်စင်ရန် ရွေးချယ်ခဲ့သည့် ပစ္စည်းမှာ သတ္တမအဆင့်ဓမ္မလက်နက် အော်လံကြီး ဖြစ်ပေသည်။
ထို အော်လံကြီး အဆင့်မှာ နိမ့်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား အသုံးမပြုခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ သို့သော် သူသည် ၎င်းအား အလွန်အင်မတန်မှ နှစ်သက်နေဆဲပင်။ ယခုတွင် သူ၏ ဓမ္မလက်နက် သန့်စင်ခြင်းပညာရပ်မှာ တိုးတက်လာပြီဖြစ်ရာ သူသည် ၎င်းအား အဆင့်မြှင့်တင်ရန် ချက်ချင်းပင် စီစဉ်လိုက်တော့သည်။
ထိုအော်လံကြီးအပြင် ထူးဆန်းထွေလာ ကြိုးကြီးနှင့် ဧရာမ တံဆိပ်တော်ကြီးတို့လည်း ရှိနေသေးသည်။ ထို ဓမ္မလက်နက်နှစ်ခုမှာ ကိုယ်ပိုင်အသိစိတ်တစ်မျိုးစီ ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ အခြားသော ဓမ္မလက်နက်များနှင့် မတူပေ။ ထို့အပြင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ ယခုအထိ ဆက်တိုက် အဆင့်မြှင့်တင်နိုင်ခဲ့သည့် ဓမ္မလက်နက် အနည်းငယ်ထဲမှ နှစ်ခုဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ လေးရက်တိတိအချိန်ပေးကာ ထို ဓမ္မလက်နက်သုံးခုအား အဋ္ဌမအဆင့်ဓမ္မလက်နက်များအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးနောက် သူ၏ သိုလှောင်အိတ်အား ရှာဖွေစစ်ဆေးနေရင်း ဒူဂူလင်းနှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲထဲ၌ ပေါက်ကွဲသွားခဲ့သော ဖဲကြိုးလေးအား ပြန်၍သတိရသွားသဖြင့် နှလုံးသားထဲ၌ တဆစ်ဆစ် နာကြည်းသွားရ၏။
” နှမြောစရာပဲ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်ပြီး သူ့ဆီတွင် ရှိနေသော တိုက်ခိုက်ရေးလက်နက်များကို စစ်ဆေးကြည့်လိုက်၏။ ၎င်းတို့ထဲတွင် သုံးရောင်ခြယ်ဓားပျံလေးနှင့် အခြား အဋ္ဌမအဆင့်ဓမ္မလက်နက်အနည်းငယ် ရှိပေသည်။ သူ့ဆီတွင် ဓမ္မလက်နက် အလုံအလောက်မရှိပါသော်လည်း သူသည် အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီးသားဖြစ်သည်။ သို့သော် အကာအကွယ် ဓမ္မလက်နက်အပိုင်းတွင်မူ သူသည် အများကြီးလိုအပ်နေဆဲပင်။ ခေါင်းလောင်းလေးအား အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည့်တိုင်အောင် ၎င်းမှာ ရန်သူများအား ချုပ်နှောင်ရာ၌ ပို၍သင့်တော်သည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရ၏။
ထို့ကြောင့် သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခုအား ဖန်တီးသန့်စင်ရန် အရေးတကြီး လိုအပ်ကြောင်း မှတ်ယူလိုက်၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုမည်ဖြစ်ရာ ၎င်း၏ ပုံပန်းသွင်ပြင်အား ချပ်ဝတ်တန်ဆာတစ်ခုပုံစံ ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို့အပြင် ၎င်းမှာ အလွန်အမင်း ထူထပ်နေ၍ မဖြစ်သလို သူ၏ခန္ဓာကိုယ်နှင့် အချိုးအစားကိုက်ညီနေရန်လည်း လိုအပ်ပေသည်။ တစ်ချိန်ထဲမှာပင် ၎င်းကြောင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား အသုံးပြု၍မရနိုင်တော့သည့် အခြေအနေသို့ ရောက်သွား၍လည်း မဖြစ်ပေ။ သို့မှသာ သူသည် ဒူဂူလင်းနှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲမျိုးနှင့် ထပ်၍ကြုံတွေ့ရပါက သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ပျက်စီးသွားလျှင်တောင် အကာအကွယ်တစ်ခု ရှိနေဦးမည်ဖြစ်သည်။ ထို့အပြင် သူ၏ အပြင်ခန္ဓာကိုယ်ကိုပါ ထည့်တွက်လိုက်မည်ဆိုပါက သူသည် တိုက်ကွက်များအား ယခင်တုန်းကထက် ပို၍ ခုခံနိုင်စွမ်း ရှိနေမည်မှာ မလွဲဧကန်ပင်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲ၌သာ ရောက်နေမည်ဆိုပါက ထိုကဲ့သို့ အကြံအစည်များ ရေးဆွဲထားနိုင်လျှင်တောင် အသုံးပြုရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပိုင်ဆိုင်ထားနိုင်မည် မဟုတ်ပေ။ သို့သော် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင်မူ ကုန်ကြမ်းပစ္စည်းအမြောက်အမြား ရှိနေသောကြောင့် ထိုကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝိညာဉ်ကွန်ရက်ပေါ်တွင် လိုက်လံရှာဖွေကြည့်လိုက်ပြီးနောက် အမှောင်ရှားပါးပစ္စည်းဟု အမည်ရသည့် သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတစ်ခုအား ရှာတွေ့လိုက်၏။
၎င်းမှာ မှတ်ဉာဏ်သိုလှောင်နိုင်သည့် ဂုဏ်သတ္တိတစ်ခုကိုသာမက ဝမ်ပေါင်လဲ့ သဘောကျနှစ်သက်သည့် ခုခံကာကွယ်ရေး ဂုဏ်သတ္တိများကိုလည်း ပိုင်ဆိုင်ထား၏။ ထို့အပြင် ၎င်းဆီတွင် တုန်ခါမှုများကို ဆန့်ကျင်နိုင်သည့် ဂုဏ်သတ္တိတစ်ခုလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ဝယ်ယူလိုက်ပြီးနောက် သန့်စင်ခြင်းလုပ်ငန်းစဉ်အား တစ်ဖန်ပြန်၍ စတင်လိုက်ပြန်သည်။
ယခုအကြိမ်တွင်မူ ဝမ်ပေါင်လဲ့မှာ လဝက်တိတိ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပြီးနောက် အမှောင်ရှားပါးပစ္စည်းချပ်ဝတ်တန်ဆာအား အောင်မြင်စွာ ဖန်တီးသန့်စင်နိုင်သွားတော့သည်။ သူသည် လက်ထဲ၌ ကုန်ကြမ်းပစ္စည်းအချို့ ကျန်ရှိနေသေးဆဲဖြစ်ကြောင်း သိလိုက်ရသောအခါ နဝမအဆင့်ဓမ္မလက်နက်ဖြစ်သည့် အနက်ရောင်လှံကြီးအား ပြန်ပြင်ရန် တွေးမိသွား၏။
ဝမ်ပေါင်လဲ့မှာ ၎င်းအား ပြင်ဆင်ရမည့်နည်းလမ်းများကို အသေးစိတ် စဉ်းစားတွေးတောထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် ဓားကိုယ်ထည်ပိုင်းထဲ၌ ရှာတွေ့ခဲ့သည့် လှံကြီးအား ပြုပြင်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ နဝမအဆင့်ဓမ္မလက်နက်များကို ဖန်တီးသန့်စင်နိုင်စွမ်း မရှိသေးသောကြောင့် ထိုပြင်ဆင်မှု လုပ်ငန်းမှာလည်း ပြီးပြည့်စုံခြင်းမရှိပေ။ သို့သော် သူသည် ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ပိုင်ဆိုင်ထားပြီး ၎င်းတို့အား ထိုပြုပြင်ရေးလုပ်ငန်းထဲ၌ အသုံးပြုရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်ရာ ၎င်းအား အကောင်းပတိအတိုင်း ပြန်ဖြစ်လာအောင် မပြင်ဆင်နိုင်ခဲ့သည့်တိုင်အောင် အစိတ်အပိုင်းအများစုအား ပြင်ဆင်နိုင်ခဲ့၏။ ယခုတွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုလှံကြီးမှာ သူ၏ရှေ့ရှိ လေထဲတွင် တဝှီးဝှီးမြည်အောင် ရစ်ဝဲနေရင်း ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေတော့သည်။
ထိုအအငွေ့အသက်၏ ပတ်ပတ်လည်တွင် အနက်ရောင်မီးခိုးများ ရှိနေ၏။ ထိုမီးခိုးများထဲတွင် တောင်ပံများပေါက်နေသည့် အနက်ရောင် မြွေကြီးတစ်ကောင် ရှိနေပြီး ၎င်းမှာ ဝမ်ပေါင်လဲ့အား အေးစက်စွာစိုက်ကြည့်နေသည်။
သူတို့ အကြည့်ချင်းဆုံသွားကြသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် နှလုံးသားတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး ထိုလှံကြီးမှာ သုံးရောင်ခြယ်ဓားပျံနှင့် ကွဲပြားခြားနားချက် သိပ်မရှိနိုင်ကြောင်း သိလိုက်ရ၏။
၎င်းမှာ အစွမ်းထက် နဝမအဆင့် ဓမ္မလက်နက်တစ်ခု မဟုတ်ဘဲ အားပျော့နေဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကျေနပ်နေဆဲပင်။ သူသည် သူ၏လက်ကိုမြှောက်ကာ ထိုလှံကြီးအား သိမ်းဆည်းရန် ပြင်လိုက်၏။ သို့သော် သူ၏လက် ထိုလှံကြီး၏ အနီးသို့ ရောက်သွားသောအခါ ၎င်းထဲမှ အနက်ရောင်မြွေကြီးတစ်ကောင် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ လက်အား လှမ်းကိုက်ရန် ပြင်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ အံ့တုန်လှုပ်နေခြင်းမရှိသလို သူ၏ ညာဘက်လက်အား ရပ်တန့်လိုက်ခြင်းလည်း မရှိပေ။ ထိုအနက်ရောင်မြွေကြီး အနားသို့ရောက်လာသည်နှင့် သူသည် လက်ဖျောက်တီးလိုက်၏။ ထိုအခါ အမှောင်မီးလုံးတစ်လုံး စတင်လောင်ကျွမ်းလာပြီးနောက် တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်သံများထွက်ပေါ်လာသဖြင့် ထို အနက်ရောင်မြွေကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး စူရှကျယ်လောင်စွာ အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာသွားတော့သည်။ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း အမှောင်မီးတောက်များ ဝန်းရံနေ၏။ ထိုမြွေကြီး အနက်ရောင်မီးခိုးထဲသို့ ပြန်ဝင်သွားသောအခါမှသာ အမှောင်မီးတောက်မှာ ၎င်းအား လွှတ်ပေးလိုက်ပြီး ဝမ်ပေါင်လဲ့၏ လက်ဖဝါးပေါ်သို့ ပြန်ရောက်လာ၏။
” မင်း နောက်တစ်ခါ ဒီလိုထပ်မလုပ်နဲ့ ” ဝမ်ပေါင်လဲ့မှာ ထိုအနက်ရောင်မြွေကြီးအား တစ်ချက်ပင်မကြည့်ဘဲ တည်ကြည်စွာဆိုလိုက်၏။ ထို့နောက် သူသည် လှံကြီးအား သူ၏သိုလှောင်လက်ကောက်ထဲ၌ သိမ်းဆည်းလိုက်ပြီးနောက် ၎င်း၏ အတွင်းပိုင်းထဲ၌ ပုံနေသည့် ကုန်ကြမ်းပစ္စည်းများကို မြင်လိုက်ရတော့သည်။
” ငါ အများကြီး ဝယ်မိခဲ့တာပဲ… ” ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို ကြည့်ရင်း ၎င်းတို့အား မသုံးဘဲ ပစ်ထားလိုက်ပါက ဖြုန်းတီးရာကျမည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ အထူးသဖြင့် ထိုကုန်ကြမ်းပစ္စည်းများထဲမှ တစ်ဝက်ကျော်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးအတွက် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဝက်မှာ အဆင်နိမ့်ပစ္စည်းများ ဖြစ်ကြပေသည်။ ၎င်းတို့မှာ အဋ္ဌမအဆင့်ဓမ္မလက်နက်တစ်ခု ဖန်တီးသန့်စင်ရာ၌ အသုံးပြုနိုင်ပါသော်လည်း ဓားအိမ်လေးအား သန့်စင်ရန် အရည်အသွေး ပြည့်မီခြင်းမရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောလိုက်ပြီးနောက် ချက်ချင်းပင်လှုပ်ရှားကာ ရုပ်သေးရုပ်များအား စတင်သန့်စင်လိုက်တော့သည်။ သူသည် ဓမ္မလက်နက်ရုပ်သေးရုပ်များကို စမ်း၍ဖန်တီးကြည့်ရန် ပြင်ဆင်နေ၏။
တစ်ချိန်ထဲမှာပင် သူ့ဆီ၌ ကုန်ကြမ်းပစ္စည်းအမြောက်အမြား ရှိနေသည့် အချိန်ကာလမျိုးမှာ အလွန်အင်မတန်မှ ရှားပါးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ခြင်များအတွက် အသေးစားချပ်ဝတ်တန်ဆာများ ဖန်တီးပေးရန် အစီအစဉ်များ ရေးဆွဲလိုက်ပြန်သည်။ ထိုသို့ ဖန်တီးရသည်မှာ ခဲယဉ်းပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိကျွမ်းကျင်မှုအဆင့်အတန်းမှာ မြင့်မားနေပြီဖြစ်ရာ ၎င်းတို့အတွက် ဓမ္မလက်နက်အဆင့် ချပ်ဝတ်တန်ဆာများ မဖန်တီးပေးနိုင်လျှင်တောင် အင်အားစိုက်ထုတ်လိုက်မည်ဆိုပါက ဆဋ္ဌမအဆင့် လျှို့ဝှက်ဆန်းကြယ်ရတနာအဆင့်တွင်ရှိသည့် ချပ်ဝတ်တန်ဆာများကို ဖန်တီးပေးနိုင်မည်သာဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ပစ္စည်းများအားလုံးကို ဖန်တီးသန့်စင်ပြီးသွားသောကြောင့် တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာတော့သည်။ သူ၏နောက်မှ လိုက်လာကြပြီး ဂူဗိမာန်အပြင်ဘက်သို့ ထွက်လာကြသည့် ရုပ်သေးရုပ် ခုနစ်ရုပ်၊ ရှစ်ရုပ်မှာဆိုလျှင် သတ္တမအဆင့် ဓမ္မလက်နက်များအဖြစ်သို့ ရောက်လုနီးပါး ဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် ရှိနေသော ရုပ်သေးရုပ်အား အားရကျေနပ်နေသည့် မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်၏။
ထိုရုပ်သေးရုပ်မှာ သူ၏နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ကျူးကန်ချမ်းပင် ဖြစ်ပေသည်။
ကျူးကန်ချမ်းမှာ အခြား ရုပ်သေးရုပ်များနှင့်မတူဘဲ တမူထူးခြားနေသောကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းအား သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုဖြစ်လာအောင် သန့်စင်နိုင်ခဲ့၏။ ထို့အပြင် ၎င်းထဲသို့ ဝိညာဉ်တစ်ခု ထည့်သွင်းပေးခဲ့သဖြင့် လူအများ၏ အမြင်တွင် ၎င်းမှာ အသိဉာဏ်ရှိနေသည့်ပုံ ပေါက်နေတော့သည်။
တိုက်ခိုက်ရေးအပိုင်းတွင်လည်း ကျူးကန်ချမ်းမှာ အစောပိုင်း အမြုတေအဆင့်၌ ရှိနေပြီဖြစ်သည်။
ထိုရုပ်သေးရုပ်များအပြင် ဝမ်ပေါင်လဲ့မှာ သူ အဆင့်မြှင့်တင်နိုင်သမျှ ဓမ္မရတနာအားလုံးအား အဆင့်မြှင့်တင်ခဲ့၏။ ထို့အပြင် သူသည် ခြင်များအတွက် ချပ်ဝတ်တန်ဆာများကိုလည်း သန့်စင်ပေးနိုင်ခဲ့သေးသည်။ သူသည် ထိုချပ်ဝတ်တန်ဆာများ၏ အစွမ်းအား စမ်းသပ်ကြည့်ခဲ့ပြီးနောက် ၎င်းတို့အား ပြန်လည်သိမ်းဆည်းလိုက်၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းကာ ရုပ်သေးရုပ်များအားလုံးကို သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းဆီသို့ ပြေးသွားလိုက်၏။
သူသည် ကျယ်ပြန့်တာအိုနန်းတော်မှာ ရှိခိုးနန်းတော်အဆောင်သို့ သွားရောက်မည့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အပြင်ဆင်မှုများကို ပြုလုပ်ပြီးသွားပြီဆိုသည့် အကြောင်းကြားစာအား လက်ခံရရှိလိုက်သဖြင့် ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီသို့ သွားနေခြင်းဖြစ်သည်။ ညနေခင်းသို့ရောက်လျှင် စတင် ထွက်ခွာတော့မည်ဖြစ်သည်။
ထိုသို့ ညနေခင်းမှ သွားရသည့် အကြောင်းပြချက်ကိုလည်း ဖုန့်ချိုးရန်က ရှင်းပြလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဓားကိုယ်ထည်ပိုင်းဆီသို့ ပို့ဆောင်ပေးသည့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များမှာ ညနေခင်းအချိန်တွင် တိကျမှုအရှိဆုံး ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့အား လှမ်း၍ဆက်သွယ်လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။ သူသည် တည်နေရာမပြောင်းရွှေ့ခင် ကိစ္စကြီးတစ်ခု ဆောင်ရွက်လိုသောကြောင့် အစောရောက်အောင်သွားလိုက်သည်။
သူသည်… သွမ့်မုလေးအား ခြောက်လှန့်ချင်နေခြင်းဖြစ်ပေသည်။
” သွမ့်မုလေး။ ဒီတစ်ခေါက်တော့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုတဲ့ရာထူးကို မရရအောင် သိမ်းပိုက်ပြမယ်ဆိုတာ ခဗျားကြီး သိသွားစေရမယ် “