Switch Mode

အခန်း (၅၉၁)

ပြန်လည်ပြုပြင်ခြင်းများ

ထိုကစားပွဲ အောင်မြင်လာသည်နှင့်အမျှ ဝိညာဉ်ကွန်ရက်မှာလည်း ပို၍ ကျော်ကြားလာ၏။ လအနည်းငယ်အတွင်းတွင် ပြည်ထောင်စုကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်အား သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့ပြီး ဆည်းဆာကြယ်စင်စုဂိုဏ်းချုပ်ကြီး ပြောခဲ့သည့် အစီအစဥ်အတိုင်း သူတို့နှင့်အတူ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထိုအစီအစဉ်နှင့် ဝိညာဉ်ကွန်ရက်တို့၏ အောင်မြင်မှုကြောင့် ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားများ၏ နေ့စဉ်ဘဝများမှာလည်း အများကြီးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခုတွင် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် တစ်ခုလုံးထဲရှိ အတင်းအဖျင်းသတင်းများကို သိရှိနိုင်ရန် တစ်ခုတည်းအတွက် အိမ်အပြင်သို့မထွက်ကြတော့ပေ။ ထို့အပြင် သူတို့မှာ နည်းလမ်းမျိုးစုံဖြင့် အပန်းဖြေကာ မိတ်ဆွေဖွဲ့နိုင်စွမ်း ရှိနေပြီဖြစ်သလို အရောင်းအဝယ် ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်နေပြီမဟုတ်ပါလော။ ကစားပွဲကြီး ပေါ်ပေါက်လာမှုကြောင့် သူတို့၏ အားလပ်ချိန်များမှာလည်း ပို၍ ပျော်စရာကောင်းလာတော့သည်။

ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးရှု ဆောင်ရွက်ရမည့် နောက်ထပ် တာဝန်တစ်ခုမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား လျှို့ဝှက်စွာ တည်ဆောက်ရန် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ပြည်‌ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့၏ စည်းလုံးညီညွတ်မှုကိုလည်း ထိန်းသိမ်းပေးရဦးမည်ဖြစ်သည်။ သူသည် အချိန်ပေးကာ ကျယ်ပြန့်တာအိုနန်းတော်မှ အဆင့်မြင့်အရာရှိကြီးများနှင့် မိတ်ဆွေဖွဲ့နေသလို သူ၏ ကျင့်ကြံခြင်းကိုလည်း မေ့လျော့ထားခြင်းမရှိပေ။ ထို့ကြောင့် သူသည် ယွမ်ယင်အဆင့်အနီးသို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာပြီဖြစ်သည်။

ထို့အပြင် ကစားပွဲကြီး ထင်ပေါ်ကျော်ကြားလာသည်နှင့်အမျှ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲရမှတ်များ ပို၍ ရရှိလာသောကြောင့် သူ၏ ဘဝကြီးမှာ ပို၍ ဇိမ်ကျလာတော့သည်။ သို့သော် သူသည် ကျင့်ကြံခြင်းပညာရပ်များကို ပေးပို့ခဲ့ခြင်းမရှိဘဲ သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအမြောက်အမြားကိုသာ ဝယ်ယူခဲ့၏။

ထိုပစ္စည်းများထဲမှ အများစုအား သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးအား သန့်စင်ရာ၌ အသုံးပြုရမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် မရှိသေးသောကြောင့် မစမ်းကြည့်ရဲသေးပေ။ ထို့အပြင် သူ၏ လေ့လာချက်များအရဆိုလျှင် အကယ်၍ သူ၏ သန့်စင်မှုမှာ မအောင်မြင်ဘဲ ပျက်ပြားသွားမည်ဆိုပါက ထိုဓားအိမ်လေးမှာ အများကြီး ထိခိုက်ပျက်စီးသွားမည် ဖြစ်ပေသည်။ ဒူဂူလင်းနှင့် ရင်ဆိုင်ခဲ့ရစဥ်တုန်းက ၎င်းအား ထုတ်သုံးခဲ့ခြင်းမရှိပါက ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သတိပင် ထားမိခဲ့မည် မဟုတ်ပေ။ သို့သော် ထိုတိုက်ပွဲကြီးထဲ၌ ဓားအိမ်လေး၏ အစွမ်းအား မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ အရေးပါပုံကို နားလည်လာတော့သည်။

ထို့ကြောင့် သူသည် ၎င်းအား နမော်နမဲ့ မသန့်စင်ရဲဘဲ ဖြစ်နေ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုအား အရင်ဆုံးသန့်စင်ပြီး အောင်မြင်သွားသောအခါမှ ဓားအိမ်လေးအား ဆက်၍သန့်စင်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့၏ ကစားပွဲလုပ်ငန်းမှာ ဝက်ဝက်ကွဲ အောင်မြင်နေခဲ့၏။ ကျင့်သိုမင်မှာ ထို ကစားပွဲမှ ရရှိသော အံ့ဩမှင်တက်ဖွယ်ရာ အမြတ်အစွန်းများကို သတိထားမိလိုက်သောအခါ ငြိမ်မနေနိုင်တော့ပေ။ သူသည် ယခင်တုန်းက ရှဲ့ဟေးရန်ကို မသိခဲ့ဘဲ ဤ ကစားပွဲကြီး ပေါ်ပေါက်လာသောအခါမှသာ သူ့အား သိခဲ့ရသည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ရှဲ့ဟေးရန်မှာ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားဟောင်းတစ်ယောက် ဖြစ်သည့်အချက်ကို မသိထားပေ။ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများသာလျှင် ထိုအကြောင်းကို သိထားကြသည်မဟုတ်ပါလော။ ထို့အပြင် ရှဲ့ဟေးရန်မှာ သိုသိုသိပ်သိပ် နေတတ်သူတစ်ယောက်ဖြစ်ရာ ပြည်ထောင်စုပျိုးပင်များထဲ၌ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သူ၏အကြောင်းကို ကောင်းကောင်းကြီး သိထား၏။

ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ပင်လျှင် ခန့်မှန်းရုံမျှသာ ခန့်မှန်းကြည့်နိုင်ခဲ့၏။ သို့သော် သူတို့မှာ သတိကြီးသူများဖြစ်သောကြောင့် ထို‌ကိစ္စအား စုံစမ်းရန် ကြိုးစားခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ကျင့်သိုမင်မှာ ရှဲ့ဟေးရန်အကြောင်း များများစားစား မသိနိုင်ဘဲ ဖြစ်နေရ၏။ သူသည် သူ၏အကြောင်းများကို စုံစမ်းခဲ့သည့်တိုင်အောင် မည်သည့်အချက်အလက်ကိုမှ မဖော်ထုတ်နိုင်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့ဆီသို့ သွားကာ ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်နှင့် ပတ်သတ်၍ တိုက်ရိုက်မေးမြန်းလိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ကစားပွဲမှ ရသော အကျိုးအမြတ်များအပေါ် လောဘမတက်ရဲပေ။ သို့သော် သူသည် ရှဲ့ဟေးရန်ဆီမှ အကျိုးအမြတ်အချို့ ရရှိနိုင်လျှင် ကောင်းမည်ဟု ‌တွေးတောနေ၏။

” ရှဲ့ဟေးရန် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ပြုံးလျက်ထိုင်နေသော ကျင့်သိုမင်အား မော့ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ ဝိညာဉ်ရေခဲရေဘူးအား ဘေးသို့ချလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်အား သူ၏ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားသည့်တိုင်အောင် သူ့အား မုန်းတီးခြင်းမရှိပေ။ ယခုလို ဖြစ်နေရခြင်းမှာ သွမ့်မုချွယ်၏ နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့်သာဖြစ်ကြောင်း သူက မှတ်ယူထား၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ကစားပွဲမှ ရရှိသော အကျိုးအမြတ်များကြောင့် နောက်ဆုံးတွင် အနိုင်ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အဆင့်တွင် ရှိနေသည်ဖြစ်ရာ သူသည် ကျင့်သိုမင်အား အချိန်မရွေး ချုပ်တည်းပစ်နိုင်စွမ်း ရှိနေသည်ဟု မှတ်ယူထား၏။

အခြားတစ်ဖက်တွင်မူ ကျင့်သိုမင်မှာလည်း ပေါင်းသင်းဆက်ဆံရေးအပိုင်းတွင် အလွန်အင်မတန်မှ ကျွမ်းကျင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ငယ်စဉ်ကတည်းက အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားခဲ့သည့် လူတစ်ယောက်ဖြစ်ရာ ကျင့်သိုမင်အား ပြန်၍ ပြုံးပြလိုက်၏။ သူသည် ကမ္ဘာကြီးမှာ လူတစ်ယောက်တည်းကိုသာ ဗဟိုပြု၍ လည်ပတ်နေခြင်းမရှိကြောင်း နားလည်ထားသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခေါင်းထဲမှ အတွေးများအားလုံးကို မေ့ပျောက်ထားလိုက်ပြီးနောက် ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်နှင့် သူ၏ သံသယများကို ကျင့်သိုမင်အား ပြောပြလိုက်တော့သည်။

” မင်လေး။ ရှဲ့ဟေးရန်က နှယ်နှယ်ရရ လူတစ်ယောက်တစ်ယောက်တော့ မဟုတ်ဘူးကွ။ ငါလည်း သူ့အကြောင်းကို ခေါင်းအစခြေအဆုံး နားလည်တာတော့မဟုတ်ဘူး။ သူက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားတဲ့ဆိုတဲ့ အချက်ကိုပဲ ငါ သိတာ။ မင်း သူ့ကို မဟုတ်တာတွေမလုပ်ဖို့ ငါ အကြံပေးချင်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ကျင့်သိုမင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။

ထိုအကြည့်ကြောင့် ကျင့်သိုမင်မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည်။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်ချင်သည့်တိုင်အောင် ဝမ်ပေါင်လဲ့အပေါ် အမှားကျူးလွန်မိမည်ကို မလိုလားပေ။ သူ၏ အစီအစဉ်များအတိုင်းသာဆိုပါက အကယ်၍ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်သွားလျှင်တောင် ထိုရာထူးအား စွန့်လွှတ်ပစ်နိုင်ပေသည်။ ထို့ကြောင့် သူသည် ထိုကိစ္စအကြောင်း ထုတ်မပြောတော့ဘဲ သူသာ သူ၏ ပြည်ထောင်စုဥက္ကဋ္ဌရာထူးကို စွန့်လွှတ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ့အပေါ် အကြွေးတင်သွားမည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထိုသို့သာဆိုပါက သူသည် အနာဂတ်တွင် ပြည်ထောင်စုကြီးထဲ၌ ဇိမ်နှင့် နေနိုင်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ပြောစကားများကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး ရှဲ့ဟေးရန်၏ နောက်ကြောင်းရာဇဝင်အား စုံစမ်းလိုသည့် အတွေးများကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။ အကယ်၍ ရှဲ့ဟေးရန်သာ ထိုအကြောင်းကို သိသွားပါက နားလည်မှုများ လွဲသွားနိုင်ပေသည်။ ထို့ကြောင့် ကျင့်သိုမင်မှာ အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် စကားအနည်းငယ် ပြောလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအချို့ထုတ်ယူကာ ဝမ်ပေါင်လဲ့အား ပေးလိုက်၏။

” ပေါင်လဲ့။ မင်း ကုန်ကြမ်းပစ္စည်းတွေ လိုက်ဝယ်နေတယ်လို့ ငါကြားထားတယ်။ ငါ့မှာလည်း နည်းနည်းရှိတယ်။ မင်း သုံးထားနှင့်ပေါ့ ”

ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများအား တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်နှလုံးလုပ်ရှားသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထို သန့်စင်ခြင်းလုပ်ငန်းသုံး ပစ္စည်းများမှာ ကျယ်ပြန့်တာအိုနန်းတော်မှ မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲမှ ပစ္စည်းများဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ၎င်းတို့မှာ နဝမအဆင့် ဓမ္မလက်နက်များ ပြုလုပ်ရာ၌ အသုံးပြုနိုင်သည့် အလွန်အင်မတန်မှ ဈေးကြီးသော ပစ္စည်းများဖြစ်ကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီးနောက် ထိုပစ္စည်းများအား မလိုအပ်သည့်ပုံစံ ဟန်ဆောင်မနေတော့ပေ။ သူသည် ၎င်းတို့အား သိမ်းဆည်းကာ ကျင့်သိုမင်အား နှုတ်ဆက်လိုက်ပြီးနောက် တံခါးပိတ်ကျင့်စဉ်ထဲသို့ ပြန်ဝင်သွားလိုက်တော့သည်။ ထိုသို့ဖြင့် တစ်ပတ်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ တရားထိုင်နေရင်း မျက်လုံးများပွင့်လာ၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှ သက်သောင့်သက်သာရှိသော ခံစားချက်တစ်မျိုး ပေါ်ထွက်လာသည်ကို ခံစားနေရသည်။

ထိုခံစား‌ချက်ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။ ယခုတွင် သူသည် နှောင်းပိုင်း အမြုတေအဆင့်၏ အထွတ်အထိပ်တွင် ရောက်နေပြီဖြစ်ပြီး အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

တစ်ချိန်ထဲမှာပင် သူသည် ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ကိုလည်း အပြည့်အဝနားလည်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ထပ် ရက်အနည်းငယ်ခန့်ထပ်၍ လေ့ကျင့်လိုက်သောအခါ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်၏ တတိယအဆင့်အား အောင်မြင်စွာ ကျင့်ကြံနိုင်သွားတော့သည်။

သူ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ လျှပ်စီးကိုယ်ပွားတစ်ခု ထွက်ပေါ်လာ၏။ ထိုလျှပ်စီးကိုယ်ပွားမှာ ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်းနီးပါး တူနေ၏။

ထို့အပြင် ၎င်းမှာ ဝါးမျိုခြင်းသစ်စေ့တစ်စေ့ကိုပင် ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ ၎င်းမှာ ကိုယ်ပွားအစစ်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ လျှပ်စီးကိုယ်ပွားအား စိုက်ကြည့်ရင်း မျှော်လင့်ချက်များ ကြီးထွားလာရ၏။ သူသည် ၎င်းအား ထိန်းချုပ်လိုက်ပြီးနောက် ဂူဗိမာန် အပြင်ဘက်သို့ ပျံထွက်သွားစေလိုက်၏။ ထိုကိုယ်ပွား ပေထောင်ဂဏန်းအနည်းငယ်အကွာသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ဆက်၍ သွားနိုင်တော့မည်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူသည် ရပ်တန့်လိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်တော့သည်။

” လျှပ်စီးထွက်ပြေးလွတ်မြောက်ခြင်း ”

ဝမ်ပေါင်လဲ့၏ စိတ်ထဲ၌ ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့် သူ၏ လျှပ်စီးကိုယ်ပွားမှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးဖြစ်သွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ဂူဗိမာန်ထဲ၌ ရှိနေသော သူ၏ ခန္ဓာကိုယ်အစစ်မှာ ထိုလျှပ်စီးကိုယ်ပွားနှင့် နေရာချင်းလဲသွားသောကြောင့် သူသည် မီးပင်လယ်ကြီး၏ အထက်တွင် ပေါ်ပေါက်လာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး ကြိမ်ဖန်များစွာထပ်၍ စမ်းသပ်ကြည့်လိုက်၏။ သူသည် သူ၏ ဂူဗိမာန်ထဲသို့ ပြန်ရောက်လာသောအခါ ဝမ်းသာအားရနှင့် ရယ်မောလိုက်တော့သည်။

” လျှပ်စီးထွက်ပြေးလွတ်မြောက်ခြင်း ပညာရပ်ကိုသုံးပြီးတော့ လျှပ်စီးကိုယ်ပွားနဲ့ ချက်ချင်း နေရာဖလှယ်လို့ရတာမလို့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းအားတွေက သေချာပေါက် တိုးတက်လာတော့မှာပဲ ” ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ ထူးဆန်းထွေလာ တိုက်ကွက်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။ သူသည် စိတ်လှုပ်တရှားနှင့် တရားပြန်ထိုင်လိုက်ပြီးနောက် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ပညာရပ်၏ ဒုတိယအဆင့်အား ကြိုးစားလေ့လာကြည့်လိုက်တော့သည်။

ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ပညာရပ်၏ ဒုတိယအဆင့်မှာ ခက်ခဲသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ၎င်းအား တဖြည်းဖြည်းနှင့် ပို၍နားလည်လာပြီဖြစ်သည်။ ယခုတွင် သူ ထိုပညာရပ်အား လေ့ကျင့်နေရင်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လူရိပ်ကြီးအား အဖြူရောင် အမျှင်အတန်းများက ဖုံးအုပ်သွား၏။ ထို အမျှင်အတန်းများမှာ အများကြီးမရှိသေးပါသော်လည်း ၎င်းတို့မှာ အရိုးများ စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။

သို့သော် သူသည် အချိန်အကြာကြီး မဆုတ်မနစ် ကြိုးစားအားထုတ်ပြီးမှသာလျှင် အရိုးများအားလုံးကို ပြီးမြောက်စွာ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ပညာရပ်၏ ဒုတိယအဆင့်အား အောင်မြင်စွာကျင့်ကြံနိုင်သွားပြီဟု သတ်မှတ်၍ရမည်ဖြစ်သည်။

” ငါ လောနေလို့မဖြစ်ဘူး။ ဒါပေမဲ့ ပထမအဆင့်တုန်းက ကျူးသိုပညာရပ်ကို အသုံးပြုပြီးတော့ လေ့ကျင့်ခဲ့သလိုမျိုး ဖြတ်လမ်းနည်းတစ်ခုခုရှိနေရင်ရော… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားပြီးနောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ သူ၏ ခေါင်းထဲ၌ အတွေးများစွာ ပေါ်ပေါက်လာသည့်တိုင်အောင် သူသည် ၎င်းတို့အများစုအား မေ့ထားလိုက်၏။

” ထားလိုက်ပါတော့ကွာ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ငါက အရည်အချင်းစမ်းသပ်ပွဲမှာ ရှိနေခဲ့တုန်းကထက် အများကြီးပိုပြီးတော့ အစွမ်းထက်လာပြီပဲ ” ဝမ်ပေါင်လဲ့မှာ ပြုံးကာ သူ၏ သိုလှောင်အိတ်ထဲမှ ပွင့်ဖတ်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ ဒူဂူလင်း၏ ငါးရောင်ခြယ်ပန်းပွင့်ဆီမှ လုယူခဲ့သည် ပွင့်ဖတ်တစ်ခု ဖြစ်ပေသည်။ တိုက်ပွဲကြီးပြီးဆုံးသွားသည့်တိုင်အောင် ဒူဂူလင်းမှာ ၎င်းအား ပြန်တောင်းခဲ့ခြင်းမရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုပွင့်ဖတ်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ကြေးဒင်္ဂါးပြားတစ်ပြားကို ထုတ်ယူလိုက်၏။ သူသည် ထိုကြေးဒင်္ဂါးပြားအား စိုက်ကြည့်ရင်း မျက်လုံးများ အရောင်လက်သွားရတော့သည်။

” ငါ ဒီပစ္စည်းကို လေ့လာနေတာ ရပ်ပစ်လို့ မဖြစ်ဘူး။ ပြီးရင် အနက်ရောင် လှံကြီးကိုလည်း ပြန်ပြင်ရဦးမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရှိခိုးနန်းတော်အဆောင် ပြန်မဖွင့်ခင် သူ၏ ရတနာများအား အချိန်မီ သန့်စင်နိုင်ရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေလိုက်တော့သည်။

Comment

  1. ဦးဝိေကာ လသ says:

    Yes

Leave a Reply

Options

not work with dark mode
Reset