Switch Mode

အခန်း ( ၄၈၄ )

ပိုင်ရှောင်ချန်း၏ အမျက်ဒေါသ

ပိုင်ရှောင်ချန်းသည် မည်သည့်အတွက်ကြောင့်မသိ စိတ်တထင့်ထင့်ဖြစ်နေရင်း မဟာတံတိုင်းမြို့တော်ထဲတွင် တင်ပျဥ်ခွေလျက် ထိုင်နေ၏။ ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး ထူးဆန်းသောမျက်နှာအမူအရာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သို့သော်လည်း တခဏကြာသော် ဘာမှမဖြစ်သောကြောင့် သူက ပြန်လည်ကျင့်ကြံအားထုတ်လိုက်သည်။

နောက်ဆုံး နေဝင်လာသောအခါ သူက သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် သူ၏နေအိမ်မှ ထွက်လာလိုက်သည်။

ထို့နောက် သူက လည်ချောင်းရှင်းလိုက်ရင်း ပြော၏။
” ဆေးပေါင်းဖိုတွေ ယူလာခဲ့”

ချက်ချင်းပင် လျှိုလီ ၊ ကျောက်လုံ နှင့် သူ့အဖွဲ့ရှိ ကျန်လူများအားလုံး လျင်မြန်သွက်လက်စွာလှုပ်ရှားလိုက်ပြီး သူ့ပတ်လည်တွင် ဆေးပေါင်းဖို အလုံးငါးဆယ်အား စက်ဝိုင်းပုံသဏ္ဍာန် နေရာချလိုက်ကြသည်။

ဤအချိန်တွင် သူတို့သည် ပိုင်ရှောင်ချန်း၏ နည်းလမ်းများကို ကျင့််သားရသွားပြီး ယခုအခါ သူသည် မြေရိုင်းဒေသ၏ သေမိန့်ကျစာရင်းတွင်ပါဝင်သွားလေရာ အလွန်တရာ နာမည်ကြီးလာတော့သည် ။

တချိန်တည်းမှာပင် သူက သူတို့ကို မကြာခဏ ဆေးလုံးများ ၊ မှော်ပစ္စည်းများချီးမြှင့်ရင်း ကောင်းစွာ ဆက်ဆံလေသည်။ တိုက်ပွဲ စွမ်းေဆာင်မှုရမှတ်များသည် တစ်ပုံတည်းမရသည့်တိုင် နေ့စဥ်နေ့တိုင်း ပိုမိုတိုးလာသည့်အပြင် သူက ကပ်စေးနှဲလူစားမျိုးလဲ မဟုတ်ချေ။ သူက သူ့အနီးနားရှိလူများကို သူပျော်သကဲ့သို့ ပျော်စေချင်လေသည်။

ထို့ကြောင့် ကျောက်လုံနှင့် အခြားသူများသည် အမိန့်ပေးခံရသည်ကို စိတ်မခုပေ။ ဆေးပေါင်းဖိုများ နေရာချပြီးနောက် သူတို့က သတိထားလျက် နေရာယူလိုက်ကြ၏။

အစဥ်တကျနေရာချပြီးနောက်တွင် ပိုင်ရှောင်ချန်းက သဘောကျကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းရင်း ဆေးပေါင်းဖိုအားလုံးကို ဖွင့်လိုက်ပြီးနောက် ဆေးပင်အမြောက်အမြား ပျံဝဲစေလိုက်သည်။ ထုံးစံအတိုင်း ဆေးဖော်စပ်နည်း ငါးဆယ်လုံးကို ထူးခြားသော ညှိနှိုင်းမှုများ လုပ်လိုက်သည်။

ဆေးပေါင်းဖိုများ ပူလာချိန်တွင် ပိုင်ရှောင်ချန်းက ရံဖန်ရံခါ သည်နေရာရှိ ဆေးပေါင်းဖို တစ်လုံးထဲ ပါဝင်ပစ္စည်းများ ထပ်ထည့်လိုက်၊ ဟိုနေရာရှိ ဆေးပေါင်းဖိုတစ်ခုကို အပူရှိန်ညှိပေးလိုက် လုပ်ရင်း ၎င်းတို့အကြား လမ်းလျှောက်နေလိုက်သည်။ နှစ်နာရီနီးပါးကုန်လွန်သွားပြီးနောက် စနစ်တကျ ထိန်းညှိမှုများအားလုံး လုပ်ဆောင်ပြီးသွားကာ ဆေးပေါင်းဖိုများကို ပိတ်လှောင်လိုက်လေသည်။

ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုများကို ပိတ်လှောင်လိုက်သည်နှင့် ကျောက်လုံနှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့အကြား တီးတိုးပြောလိုက််ကြသည်။

” ဒီတစ်ခါ ဘယ်လောက်တောင် ပေါက်ကွဲမလဲ သိချင်တယ်”

” ငါတော့ အလုံးနှစ်ဆယ် ဒါမှမဟုတ် အဲဒီအောက်လို့ လောင်းတယ်ကွာ ”

” မနေ့က ဆယ့်ခုနစ်လုံး ပေါက်ကွဲသွားတာဆိုတော့ ငါကတော့ ဒီနေ့အလုံးနှစ်ဆယ်ကျော်မယ်လို့ လောင်းတယ်”

သူတို့က အမြဲတမ်း ထိုသို့ဆွေးနွေးနေကြ…

ဆေးပေါင်းဖိုများကို ပိတ်လှောင်ပြီးနောက် ပိုင်ရှောင်ချန်းက သူ၏လက် နှစ်ဖက်ကို ခါလိုက်ပြီး ဆေးပေါင်းဖိုများကို ဂရုမစိုက်တော့ပဲ နေအိမ်အတွင်းပြန်လျှောက်သွားတော့သည်။

နောက်ထပ် ရှစ်နာရီ ကုန်ဆုံးသွားပြီးနောက် ဆေးပေါင်းဖိုတစ်လုံးထံမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ ထုံးစံအတိုင်း ပိုင်လင်းရောက်ချလာစဥ် ပိုင်ရှောင်ချန်း၏ကျင့်ကြံအားထုတ်နေခြင်း ပြီးဆုံးသွားပြီး သူ့ကို တွေ့ရန် ထွက်လာလေသည်။

” အပင်ပန်းခံပေးတဲ့ ကျေးဇူးပါကွာ မဟာသမားတော်ပိုင်ရေ ”
ပိုင်လင်းက ပြုံး၍ ပြောသည်။ နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကျော်လွန်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းအပေါ် သူ၏အကောင်းမြင်စိတ်များ တိုးပွားလာသည်။

” ဘာမှ အပန်းမကြီးပါဘူးဗျာ ”
ပိုင်ရှောင်ချန်းက အရေးပါသော သူရဲကောင်းတစ်ယောက်အလား ခန့်ညားထည်ဝါစွာ ပြန်ဖြေလိုက်သည်။
” မဟာတံတိုင်းအတွက် ကျုပ်အကုန်လုပ်ပေးမယ်။ ဒါပေမယ့် ကျုပ်ပြောစရာရှိတယ် ပိုင်ကြီး။ ကျုပ် ဆေးပေါင်းဖိုတွေ ကုန်တော့မယ်။ ပြီးတော့ ဆေးပင်တွေ အထူးသဖြင့် မြေဝိညာဥ်သစ်ဥတွေကော တော်တော်နည်းနေပြီ။ နောက်တစ်ခါကျရင် ခါတိုင်းထက် နည်းနည်းလောက် ပိုယူလာပေးပါဦး ”

” ကောင်းပြီ။ ငါ ချက်ချင်းလုပ်ပေးမယ် ”
ပိုင်လင်းက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဆေးပေါင်းဖိုများ၏ အက်ကွဲသံများပို၍ ထွက်လာသည် အထိ စောင့်ကြည့်နေတော့သည်။ ဆေးပေါင်းဖိုအားလုံး ပေါက်ကွဲခြင်းအရိပ်အယောင်များ ပေါ်လာလျှင် ပိုင်လင်းက ပို၍စိတ်လှုပ်ရှားလာသည်။ ထိုမျှသာမက တစ်ချိန်တည်း အားလုံး သေချာပေါက်ကွဲနိုင်စေရန် မကြာခဏ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်အားကို ထုတ်ပြီး မတည်ငြိမ်ဆုံးအလုံးများကို ဖိနှိပ်လိုက်သည်။

နောက်ဆုံးတွင် နှစ့်ဆယ်ခုနစ်လုံးသော ဆေးပေါင်းဖိုများအားလုံး ပေါက်ကွဲခါနီးဖြစ်ပြီး အခြားအလုံးများ မပေါက်ကွဲတော့သည်မှာ သေချာသည့်အချိန်တွင် သူက အင်္ကျီလက်ကို ခါကာ တဟားဟားရယ်လိုက်ပြီး ဆေးပေါင်းဖိုများနှင့်အတူ မဟာတံတိုင်းထံ တဟုန်ထိုးသွားတော့သည်။

ထုံးစံအတိုင်း ပိုင်ရှောင်ချန်းသည် စစ်မြေပြင်တွင် ဖြစ်ပျက်မည်များကို သွားကြည့်ရန် နောက်ကလိုက်ပါ ပျံသန်းသွားလေသည်။ ထိုသို့ ပေါက်ကွဲတတ်သော ဆေးပေါင်းဖိုများကို တိုက်ရိုက်လေ့လာခြင်းသည် သူ၏ ဆေးအာနိသင်မျာားကို ထိန်းညှိုရာတွင် များစွာ အကူအညီပေးလေသည်။

ပိုင်လင်းသည် ပိုင်ရှောင်ချန်းက ပေါက်ကွဲမှုများကို ကိုယ်တိုင်ကြည့်ရန် သဘောကျကြောင်း သိသောကြောင့် သူနောက်က လိုက်နိုင်ရန် ခပ်နှေးနှေးပျံပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး မဟာတံတိုင်းကို ရောက်သောအခါ ပိုင်လင်းက ဆေးပေါင်းဖို အလုံးနှစ်ဆယ်ခုနစ်လုံးကို မတူညီသော နေရာ နှစ်ဆယ့်ခုနစ်ခုသို့ ပစ်ပေါက်လိုက်သည်။

စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများသည် အဖြစ်အပျက်များအား မြင်သောအခါ တစ်ခဲနက် အားပေးကြွေးကြော်လိုက်ကြသည်။ အဆုံးသတ်တွင် စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ အံကြိတ်၍ နောက်သို့ ဆုတ်သွားကြရလေသည်။ အမုန်းဝိညာဥ်များမှာ ဆေးပေါင်းဖို ပေါ်လာသည်နှင့် အောက်လမ်းဆရာများပင် ထိန်းချုပ်၍မရလုနီးပါး ဖြစ်သွားပြီး အလိုလို ခွဲထွက်သွားကြတော့သည်။

ဆေးပေါင်းဖိုမပေါက်ကွဲခင် ဖြစ်ပျက်နေသော မြင်ကွင်းလေးကြောင့်ပင် ပိုင်ရှောင်ချန်းမှာ ကြည်နူးပီတိဖြစ်နေတော့သည်။ သို့သော်လည်း….

လူ့ဘီလူးများနှင့် ဝိညာဥ်များ ပျံပြေးသွားကြသည်နှင့် တစ်ဒါဇင်ကျော်သော စက်လုံးပုံသဏ္ဍာန် သားရဲများသည် ရုတ်တရက် စစ်မြေပြင်ထဲ ခုန်ထွက်လာကြသည်။

သူတို့က မယုံကြည်နိုင်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လှုပ်ရှားနေကြပြီး တချိန်တည်းမှာပင် အလျင်အမြန် ကြီးထွားလာကြရာ မီတာ သုံးဆယ်အမြင့်ရှိသော အလုံးကြီးများဖြစ်သွားပြီး ဆေးပေါင်းဖိုများထံ ပြေးဝင်သွားကြတော့သည်။

အနားရောက်လာသည်နှင့် စက်လုံးသားရဲကြီးများက ပါးစပ်အကျယ်ကြီးဟလိုက်ကြသည်။ ထို့နောက် ပြင်းထန်သော စုပ်ယူသံများ ထွက်လာကာ ဆေးပေါင်းဖိုများမှာ ရုတ်တရက် သူတို့ရှိရာဘက်သို့ လိမ့်သွားကြတော့သည်။

မထင်မှတ်ထားသော တိုက်ခိုက်မှုက အလျင်အမြန် ဖြစ်ပွားလာသောကြောင့် မဟာတံတိုင်းပေါက်ရှိ မည်သူမှ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ခင် စက်လုံးသားရဲကြီးများက ဆေးပေါင်းဖိုများအားလုံးကို မျိုချလိုက်တော့သည်။

အချိန်အနည်းငယ်ကြာသော် သူတို့ ခန္ဓာကိုယ်ထဲမှ ခပ်အုပ်အုပ်အသံများကြားလိုက်ရလေသည်။ သတ္တဝါကြီးများ၏ခန္ဓာကိုယ်များ ဖောင်းပွလာပြီး မျက်လုံးကြီးများ ပြူးထွက်လာကြသော်လည်း တခဏကြာသော် မည်သို့မျှ ဆက်ဖြစ်မလာပေ။ အမှန်တကယ်ဆိုရလျှင် သူတို့က မျက်လုံးများသာ ပြန်ပိတ်လိုက်ကြသည်။

သူတို့သည် တဖြေးဖြေး လေလျော့လာပြီး ပုံမှန် အရွယ်အစားသို့ ပြန်ရောက်သွားလေသည်။ နောက်ဆုံးတွင် သူတို့၏ ပါးစပ်များ ဖွင့်ပြီး လေချဥ်တက်လိုက်ရာ မီးခိုးမည်းများထွက်လာပြီး တဖြေးဖြေးလေတွင် ပျောက်ကွယ်သွားတော့သည်။

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ တံတိုင်းပေါ်ရှိ ကျင့်ကြံသူများမှာ မျက်လုံးပြူး ကြီးများဖြင့် လှမ်းကြည့်နေကြပြီး ပိုင်လင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်ထိုးတက်လာကာ တဆတ်ဆတ်တုန်ယင်လျက် ရပ်နေလေသည်။

စက်လုံးသားရဲတစ်ဒါဇင်လုံးကို တွန့်လိန်ရှုံ့တွနေသော လှိုင်းဂယက်များက ဝန်းရံထားသဖြင့် သူတို့သည် အစွမ်းထက် အစောင့်အရှောက်များ၏ ကာကွယ်မှုအောက်တွင် ရှိကြောင်း ညွှန်ပြနေလေသည်။ ပိုင်လင်းသာ သူတို့ကို ကိုယ်တိုင်ထိပ်တိုက်ရင်ဆိုင်ပါက အန္တရာယ်များလိမ့်မည်ဖြစ်ပြီး တံတိုင်းပေါ်ရှိ တပ်ဖွဲ့များမှာ သူ့ကို ကူညီရန် ထွက်သင့်၊မထွက်သင့် ဆုံးဖြတ်ရကြပ်လိမ့်မည်။

” ချီးပဲကွာ ”
ပိုင်လင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အားကောင်းလာပြီး ငြီးတွားလိုက်သည်။ ထိုအချိန်တွင် ဤတိုက်ပွဲတစ်ခုလုံး၌ မြေရိုင်းသားများ၏ရည်ရွယ်ချက်မှာ နတ်အဆင့်ခေါင်းဆောင် ချိန်ဟဲ့ထျန် မြို့တော်ထဲမှ ထွက်လာစေရန်ဖြစ်ကြောင်း နားလည်လိုက်သည်။ အကယ်၍ ထိုသို့သာဖြစ်လျှင် သူ့ကို သတ်ရန် ထောင်ချောက်တစ်ခုဆင်ထားလိမ့်မည်။

” သူတို့တွေ နှစ်ဝက်တောင် မရှိသေးဘူး ဆေးပေါင်းဖိုကို ရင်ဆိုင်ဖို့ အကြံထွက်မယ်ဆိုတာ တွေးတောင် မတွေးမိဘူး။ အဲ့ ထူးဆန်းတဲ့သားရဲကြီးတွေကို သိပ်မကြာသေးခင်ကမှ သေချာပေါက် အသွင်ပြောင်းထားတာပဲဖြစ်ရမယ်…” ပိုင်လင်းက စိတ်ပျက်စွာ သက်ပြင်းချလိုက်စဥ် တံတိုင်းအပြင်ဘက်ရှိ လူ့ဘီလူးများသည် အရူးများကဲ့သို့ စူးစူးဝါးဝါးရယ်မောလိုက်ကြသည်။အမုန်းဝိညာဥ်များ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ပို၍ပြင်းထန်လာပြီး နောက်တစ်ကြိမ် စစ်မြေပြင်သို့ ချီတက်လာကြတော့သည်။

ဤတစ်ကြိမ်တိုက်ပွဲသည် ယခင်ထက် ပို၍ ကြမ်းတမ်းပြင်းထန်လာလေသည်။ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်သံများနှင့် ပေါက်ကွဲသံများ ချက်ချင်း ပေါ်ထွက်လာတော့သည်။

စစ်တပ်ငါးဖွဲ့မှ ကျင့်ကြံသူများသည် အနည်းငယ် စိတ်တင်းလိုက်ကြပြီး နောက်တစ်ဖန် မဟာတံတိုင်းကြီးကို ခုခံရန် တိုက်ခိုက်ကြတော့သည်။

ထိုအခိုက်အတန့်တွင် မည်သူမှ ပိုင်ရှောင်ချန်းကို အာရုံစိုက်မနေတော့ပေ။ သူ၏ ပေါက်ကွဲနိုင်သော ဆေးပေါင်းဖိုများမှာ အသုံးမဝင်တော့သည် မဟုတ်ပါလော။

ပေါက်ကွဲခြင်းအတွက် သူအလွန်ဒုက္ခခံ၍ ပြင်ဆင်ထားခဲ့ရသော ဆေးပေါင်းဖိုများ ယခုကဲ့သို့ အစားခံလိုက်သောကြောင့် ပိုင်ရှောင်ချန်းမှာ ဆွံ့အသွားတော့သည်။ သူ့ခေါင်းကို ကျောက်ထုသည့် တူကြီးဖြင့် ထုချခံလိုက်ရသည့်အလားပင်။

” ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လို သားရဲကြီးတွေတုံး..”
သူ့ နှလုံးသားချေမွခံလိုက်သည့်အလား သူ ခံစားနေရတော့သည်။

” တိုက်ပွဲစွမ်းေဆာင်မှုရမှတ်လဲ မရှိ။ ဆေးပင်တွေလဲ မရှိ ။ ဆေးပေါင်းဖိုလဲ မရှိတော့ဘူး ။ အဲ့တာတွေအပြင် ငါ့ရဲ့ အချိန်တွေနဲ့ စွမ်းအင်အားလုံးကို ဆေးဖော်ဖို့ သုံးပစ်လိုက်ရတယ် ” ပိုင်ရှောင်ချန်းမှာ ဒေါသူပုန်ထကာ မြည်တွန်တောက်တီးလိုက်ပြီး သူ၏မျက်လုံးများမှာ ရဲရဲနေတော့သည်။

ထိုအချိန်တွင် သူ့ဘဝကို တစ်ယောက်ယောက်က ဖျက်စီးလိုက်သည့်အလား ခံစားလိုက်ရ၏။ ယခင်ရခဲ့သော တိုက်ပွဲစွမ်းဆောင်မှုအမှတ်များမရှိပဲ တပ်မှူးလေးအဖြစ် ရာထူးတိုးရန် သူ၏အိပ်မက်များမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ထိုအကြောင်း တွေးလိုက်သည်နှင့် သူ၏ ဒေါသများပိုမို ပြင်းထန်လာတော့သည်။

ထို့အပြင် အခြားကျင့်ကြံသူများအားလုံး၏ရှေ့တွင် သူ၏ ဆေးပေါင်းဖိုများအားလုံး ပျက်စီးသွားခြင်းမှာ သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်သကဲ့သို့ ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိုးနှက်လိုက်သည့်အလားပင် ။ သူသည် ကောင်းကင်မှ ပြတ်ကျပြီး မြေကြီးနှင့်မိတ်ဆက်သွားရသည့်အလား ခံစားနေရပြီး စက်လုံးပုံသဏ္ဍာန်သားရဲများကို စိန်းစိန်းဝါးဝါးကြည့်နေတော့သည်။

” မင်းတို့ နေနှင့်ဦးပေါ့.. ။ ပိုင်ရှောင်ချန်းရဲ့ ဆေးပေါင်းဖိုတွေကို ဘယ်လိုတောင် မျိုရဲတာတုန်း။ မင်းတို့ နောင်တရစေရမယ်”

ဒေါသူပုန်ထရင်း သူက ချာခနဲလှည့်ထွက်ကာ လက်နက်တိုက်သို့ တဟုန်ထိုးပြန်လိုက်၏။ ပိုင်လင်းသည် ပိုင်ရှောင်ချန်း၏ အမူအရာကို မြင်လိုက်သောအခါ သက်ပြင်းချလိုက်လေသည်။ သိပ်မကြာခင် မြေရိုင်းဒေသရှိ လူ့ဘီလူးများက ပိုင်ရှောင်ချန်း၏ ဆေးပေါင်းဖိုများကို ရင်ဆိုင်ရန် အထူးဖန်တီးထားသည့် ထိုစက်လုံးသားရဲကြီးများ ရှိလာလိမ့်မည်ကို ပိုင်လင်း သိထားလေသည်။

မကြာမီ ပိုင်ရှောင်ချန်းက လက်နက်တိုက်သို့ပြန်ရောက်သွားပြီး သူ၏ နေအိမ်ဝင်းထဲသို့ လမ်းလျှောက်ဝင်လိုက်သည်။
” ငါ့ ဆေးပေါင်းဖိုတွေကို ဘယ်လိုတောင်စားရဲတာတုံး။ ငါ့ ဆေးလုံးတွေကို ဘယ်လိုတောင် ဖျက်စီးဝံ့တာတုံး။ ငါ့ကို စိန်ခေါ်တယ်ပေါ့ ဟမ့်.။ မလောက်လေးမလောက်စား သားရဲပေါက်စတွေ။ ငါ ပိုင်ရှောင်ချန်း လက်ဖျောက်တစ်ချက်တီးလိုက်လိုက်တာနဲ့ မင်းလို့အားလုံးကို ပြာချပစ်လို့ရတယ်ကွ ”

” ကျောက်လုံ၊ လျှိုလီ ။ မင်းတို့အကုန် ရပ်စောင့်နေ။ ဘယ်သူမှ အဝင်မခံနဲ့။ ငါ တံခါးပိတ်ကျင့်မလို့ ”
သူက လက်ကို ဝှေ့ယမ်းလိုက်ရင်း သူနှင့်အတူ ဆေးပေါင်းဖိုရှစ်လုံးကို သူ၏ကိုယ်ပိုင်အခန်းထဲ သယ်သွားပြီး တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်၏။ ကျောက်လုံနှင့် အခြားသူများမှာ မည်သို့ဖြစ်ခဲ့လဲ သေချာမသိပေ။ သူတို့တစ်ယောက်မှ ပိုင်ရှောင်ချန်းကို ဤကဲ့သို့ မမြင်ခဲ့ဖူးချေ။

” ဘာဖြစ်နေတာတာလဲ”
သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်တွင် သူတို့၏နှလုံးသားထဲဝယ် စိုးရိမ်သောခံစားချက်များ မြင့်တက်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset