ခြံဝန်းထဲတွင် ပဲ့တင်ထပ်နေသည့် ပိုင်ရှောင်ချန်း၏ အသံကြီးကြောင့် လျှိုလီ၊ ကျောက်လုံနှင့် အခြားသူများမှာ နိုးနိုးကြားကြား ဖြစ်သွားတော့သည်။ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားပြီး ဖြစ်ပျက်နေသည်များကို ကြည့်ရန် ပြေးထွက်လာကြတော့သည်။
သူတို့က သူ၏အနီးသို့ရောက်သွားသောအခါ အံမခန်းအမြန်နှုန်းတစ်ခုကြောင့် ပေါ်ထွက်လာပုံရသော လေထုထဲရှိ အားပြင်းသည့် အငွေ့အသက်တစ်ခုက သူတို့၏ အရေပြားများကို ပွတ်တိုက်နေသည့်အလား ခံစားလိုက်ရသည်။
ထို့နောက် သူတို့သည် ခပ်လှမ်းလှမ်းတွင် အားပါးတရ ရယ်မောနေသည့် ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ မှင်တက်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
ပိုင်ရှောင်ချန်းသည် အံ့မခန်းအမြန်နှုန်းများ ပါဝင်သည့် သိုင်းကွက်အသစ်တစ်ခုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သူတို့က သိလိုက်တော့သည်။
လျှိုလီက ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူမကိုယ်သူမ ရေရွတ်လိုက်တော့သည်။
” သမားတော်ပိုင်မှာ ဒီလိုမျိုး လျှို့ဝှက်သိုင်းကွက်ရှိလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…. ”
သူမအပါအဝင် ကျောက်လုံနှင့် အခြားလူများမှာ တရိုတသေ လက်ယှက်လိုက်ကြတော့သည်။
ကျောက်လုံနှင့် အခြားလူများ၏ မျက်ဝန်းများထဲရှိ အတိုင်းသားမြင်နေရသော အံ့အားသင့်မှုများကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေတော့သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်ပြီး သူတို့ကို အကြောင်းအရာတချို့နှင့်ပတ်သတ်၍ အားပေးစကားများ ပြောကြားကာ သူ၏နေအိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။
ကျောက်လုံနှင့် အခြားလူများမှာ ဤအဖြစ်အပျက်ကြီးကြောင့် စိတ်နှုလုံးများ လှုပ်ခတ်သွားရသည်။ ရက်များစွာ ကြာသည်အထိ သူတို့က ထိုအကြောင်းအရာကြီးကို ပြန်စဥ်းစားမိလိုက်တိုင်း သူတို့၏ နှလုံးသားများမှာ တုန်ရီလာရစမြဲပင်။ လျှိုလီနှင့် ကျောက်လုံတို့မှာ ပို၍ဆိုးသည်။ သူတို့သည် နှောင်းပိုင်း အမြုတေအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း အတော်အတန် အံ့အားသင့်သွားခဲ့ရသည်။
” အဲ့လို အမြန်နှုန်းက…. လျှို့ဝှက်မှော်သိုင်း တစ်ခုထဲတော့ မဖြစ်နိုင်ဘူး။ အဲ့လောက်မြန်ဖို့ဆိုရင် သြချရလောက်တဲ့ အပြင်အား လိုသေးတယ်။ ”
” အဲ့လိုမျိုး မယုံကြည်နိုင်စရာကောင်းတဲ့ အမြန်နှုန်းမျိုးနဲ့ဆိုရင် ပုံမှန်လက်သီးချက်တစ်ချက်ကတောင် နတ်ဘုရား စွမ်းရည်လိုမျိုး ဖြစ်နေမှာ။ ”
အချိန်များကုန်လွန်သွားပြီး ပိုင်လင်းသည် ဆေးပေါင်းဖိုများကို လာ၍စုစည်းကာ မဟာတံတိုင်းအပြင်သို့ လွှတ်၍ စစ်မြေပြင်ပေါ်တွင် ဖောက်ခွဲနေဆဲပင်။ ထိုပေါက်ကွဲသံ တစ်သံချင်းစီမှာ စစ်တပ်ငါးတပ်၏ စိတ်နှလုံးများကို နိုးကြားမှုများ ပေးစွမ်းနေသည်။ ထိုပေါက်ကွဲနေသည့် ဆေးပေါင်းဖိုများ၏ အစွမ်းနှင့် အကျိုးသက်ရောက်မှုများမှာ နေ့စဥ်နေ့တိုင်း ပို၍ တိုးတက်လာသဖြင့် သူတို့မှာ အလွန်အမင်း တက်ကြွနေကြတော့သည်။ မြေရိုင်းဒေသရှိ လူ့ဘီလူးများအတွက်မူ ထိုအချက်ကြောင့် ခေါင်းပိုခဲလာရတော့သည်။
ဆေးပေါင်းဖိုများမှာ အမုန်းဝိညာဥ်များကိုသာ အဓိကထား၍ တိုက်ခိုက်သည်ဖြစ်ပြီး သူတို့ကို တစ်နေရာထဲတွင် စုစည်းရုံတင်မဟုတ်ဘဲ အပြီးတိုင်ချေမှုန်းလိုက်သည်သာ ဖြစ်သည်။ ထိုပေါက်ကွဲမှုများ၏ ဖျက်စီးနိုင်စွမ်းများကြောင့် မဟာတံတိုင်း အပြင်ဘက်ရှိ အဆုံးမဲ့ များပြားလှသော ဝိညာဥ်ပင်လယ်ကြီးမှာ တဖြည်းဖြည်းချင်း အားလျော့သည့် လက္ခဏာများ ပြလာတော့သည်။
ဤ စစ်ဆင်ရေးကို လူ့ဘီလူးမျိုးနွယ်စုဆယ်စု အပါအဝင် ဝိညာဥ်ကျင့်ကြံသူများနှင့် အောက်လမ်းဆရာများစွာက ဝင်ရောက်ကူညီပေးနေသောကြောင့်သာ ထိုဝိညာဥ်များမှာ ယခုအထိ မပျောက်ကွယ်သွားသေးခြင်း ဖြစ်သည်။
မြေရိုင်းဒေသမှာ ယခုအခါ အလွန်ကြပ်တည်းသော အခြေအနေတစ်ခုထဲသို့ ရောက်နေပြီဖြစ်ပြီး ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် ဗျူဟာမျိုးကိုလည်း မစဥ်းစားနိုင်တော့ပေ။ ဤသို့ဖြစ်နေရခြင်းမှာ စစ်တပ်ငါးတပ်အတွက် ပိုင်ရှောင်ချန်းက အလုပ်လုပ်ပေးနေခြင်းကြောင့်ဖြစ်ကြောင်းကိုမူ သူတို့က မသိကြပေ။ တစ်ခါတရံတွင် ဆေးပေါင်းဖိုများ ပေါက်ကွဲမှု၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်စေချင်သဖြင့် ပိုင်လင်းက ပိုင်ရှောင်ချန်းကို မဟာတံတိုင်းပေါ်သို့ ခေါ်သွားတတ်သည်။ ထိုသို့ခေါ်ရာတွင်လည်း ပိုင်လင်းက လုံးဝဘေးအန္တရာယ်ကင်းရှင်းကြောင်း ကတိသစ္စာအကြိမ်ကြိမ်ဆိုပြီးမှသာ ခေါ်နိုင်သည်။
သူက တံတိုင်းပေါ်သို့ ခြေချလိုက်ချိန်တွင် စစ်တပ်ငါးတပ်၏ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသော အကြည့်များက သူ့အပေါ်သို့ ရောက်နေသည်ကို သိနိုင်ပေသည်။
ပိုင်ရှောင်ချန်းသည် ထိုခံစားချက်ကြီးကို ချက်ချင်းပင် နှစ်သက်သဘောကျသွားတော့သည်။ လူထုအလယ်တွင် တင့်တယ်စွာနေရသည့်အတွက် သူသည် သူရဲကောင်း အစစ်အမှန်တစ်ယောက်အလား ခံစားနေရတော့သည်…
ထိုနေ့မှစ၍ ပိုင်လင်းက ဆေးပေါင်းဖိုများကို လာယူတိုင်း ပိုင်ရှောင်ချန်းက ထိုပေါက်ကွဲမှုများကို ကိုယ်တိုင်ကိုယ်ကျကြည့်ရှုရန် လိုက်သွားတော့သည်။
စွမ်းအင်များ၏ ပေါက်ကွဲနေမှုကို မြင်လိုက်ရပြီး၊ နားစည်များပင် ကွဲအက်နိုင်စေလောက်သည့် အသံများကို ကြားလိုက်ရသောအခါ သူ၏စိတ်ဓာတ်များမှာ ထိပ်ဆုံးအထိ မြင့်တက်သွားတော့သည်။ ထို့အပြင် ပေါက်ကွဲမှုတစ်ခုစီနှင့်အတူ သူ၏ အမိန့်ပေးလည်ဆွဲထဲရှိ တိုက်ပွဲစွမ်းဆောင်မှု ရမှတ်များမှာလည်း မြင့်တက်လာသဖြင့် သူသည် ပို၍ပင် စိတ်လှုပ်ရှားလာရတော့သည်။
” ဒီနေရာက သေချာပေါက် ငါ့အတွက်သင့်တော်တဲ့ နေရာပဲ။ ”
ပိုင်ရှောင်ချန်းက မဟာတံတိုင်းအပြင်ဘက်ရှိ မြေကျင်းကြီးများ၊ ဒေါကန်နေသော လူ့ဘီလူးများနှင့် နောက်သို့ဆုတ်ခွာနေကြသည့် ဝိညာဥ်ပင်လယ်ကြီးကို ကြည့်ရင်း အင်္ကျီလက်ကို ခါယမ်းလိုက်တော့သည်။
“ ငါ လက်ဖျောက်လေး ကျယ်ကျယ် တစ်ချက်လောက် တီးလိုက်တာနဲ့ ” သူက ဝင့်ဝါစွာ ကြိမ်းဝါးလိုက်တော့သည်။
” အရာအားလုံးကို ဖျက်စီးနိုင်တယ်ကွ။ ”
တစ်လတိတိ ကုန်သွားပြီး ထိုအတောအတွင်း ဝိညာဥ်ပင်လယ်ကြီးမှာ ပို၍ အားနည်းလာတော့သည်။ ထိုဖြစ်စဥ်မျိုး မဖြစ်ဖူးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သဖြင့် တံတိုင်းအတွင်းရှိ ကျင့်ကြံသူများမှာ များစွာ စိတ်ဓာတ်တက်ကြွကုန်ကြတော့သည်။ သူတို့နှင့်ပြောင်းပြန်ပင် မြေရိုင်းဒေသကမူ ဤအခြေအနေကြီးကို အသေးစိတ်လေ့လာ စောင့်ကြည့်နေကြပြီ ဖြစ်သည်။
” ငါ့မှာ တိုက်ပွဲစွမ်းဆောင်မှုရမှတ် သုံးသိန်းကျော် ရှိတာပဲ ”
ပိုင်ရှောင်ချန်းက တီးတိုး ရေရွတ်လိုက်သည်။ နေ့စဥ်နေ့တိုင်း သူ၏ရမှတ်များ မည်မျှ တက်သွားလဲဆိုသည်ကို ကြည့်ရှုရန် စစ်ဆေးလိုက်ချိန်တိုင်း သူက ကျေနပ်သွားရစမြဲပင်။ သူ၏ အမြင်တွင် ကျင့်ကြံခြင်းကို ပြန်လည်စတင်နိုင်ရန်အတွက် လုံလုံလောက်လောက် ရှိသွားပြီ ဖြစ်သည်။
နေ့လယ်ခင်းတစ်ခုတွင် ပိုင်ရှောင်ချန်းက ဆေးပေါင်းဖို အလုံးငါးဆယ်ကို ပိတ်လှောင်လိုက်ပြီးနောက် ပုံမှန်လို ရပ်စောင့်မနေတော့ပေ။ သူသည် လက်နက်တိုက်ထဲမှ ထွက်ကာ မြို့လယ်ခေါင်ရှိ ဧရာမ စေတီတော်ကြီးဆီသို့ သွားလိုက်သည်။
ထိုစေတီတော်ကြီးမှာ မြို့တော်၏ ခမ်းနားကြီးကျယ်သော မန္တန်အစီအရင်ကို ထိန်းညှိပေးထားရုံသာမက စစ်တပ်ငါးတပ်၏ တိုက်ပွဲစွမ်းေဆာင်မှုရမှတ်များ အသုံးချရာ နေရာလည်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အလွန်အရေးပါလှသည့် နေရာတစ်ခု ဖြစ်သည်။
ဤသို့သောနေရာမျိုးတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် နေထိုင်သည်မှာလည်း မဆန်းပေ။ နေ့စဥ်နေ့တိုင်း စစ်တပ်ငါးတပ်မှ ကျင့်ကြံသူများက ထိုနေရာသို့ ပုံမှန်အဝင်အထွက်လုပ်နေကြသည်ကို မြင်နိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက စေတီတော်ကြီးဆီသို့ ရောက်သွားသောအခါ လူများစွာက သူ့ကို သတိထားမိကြလိုက်ကြသည်။ သူတို့အားလုံးက ပိုင်ရှောင်ချန်းကို တလေးတစားကြည့်နေကြပြီး လက်ယှက်ကာ အရိုအသေများ ပေးနေကြသည်။ ပိုင်ရှောင်ချန်းကလည်း နှုတ်ဆက်စကားများပြန်၍ ဆိုလိုက်ပြီး သူ၏ ကျော်ကြားမှုအကြောင်းကိုတွေးကာ သက်ပြင်းသာ ချလိုက်တော့သည်။
စေတီတော်ကြီးဆီသို့ ရောက်သွားသောအခါ သူက ဝယ်ယူရရှိနိုင်သည့် ပစ္စည်းများကို ကြည့်ရှုရန် နတ်ဘုရားအာရုံများကို စေလွှတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ဘေးပတ်ပတ်လည်မှ တအံ့တသြအော်ဟစ်သံများ ပေါ်ထွက်လာပြီး အထက်တွင် စူးရှတောက်ပသော အလင်းတန်းတစ်တန်း ပေါ်ထွက်လာသည်။ ထိုအလင်းတန်းကြီးမှာ အံ့သြဖွယ်ကောင်းသည့် အမြန်နှုန်းကြီးဖြင့် ဆင်းသက်လာပြီး သူ၏ဘေးပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဆင့်မြင့်သည့် အေးစိမ့်မှုများက ဝန်းရံနေတော့သည်။
” ကျီဖုန်း ပါလား။ ”
” စစ်တပ်ငါးတပ်ရဲ့ အမြုတေ မဟာ စက်ဝန်းအဆင့်ထဲမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးထဲမှာ သူက စစ်ဦးစီးမှူး အဖြစ်ရာထူးတိုးဖို့ အလားအလာ အရှိဆုံးပဲလေ။ သူ့နာမည်က ကျီဖုန်းတဲ့။ ”
” ငါသူ့ကို မမြင်တာတောင် တော်တော်ကြာပြီ။ ငါကြားတာတော့ သူက တံတိုင်းအပြင်ဘက်က မြေရိုင်းဒေသဆီကို သွားပြီး သတင်းအချက်အလက်တွေ စုဆောင်းတဲ့ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေတာတဲ့။ ”
ထိုဆွေးနွေးမှုအသံများ ပိုမိုကျယ်လောင်လာစဥ် ထိုအလင်းတန်းကြီးမှာ ကွယ်ပျောက်သွားပြီး သွေးရောင်သံချပ်ကာဝတ်စုံတစ်ခု ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ပေါ်ထွက်လာသည်။ သူ့တွင် ရှည်လျားနက်မှောင်သော ဆံပင်ရှည်များရှိပြီး သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် နဖူးမှနေ၍ ပါးစပ်အစွန်းအထိ ဖုံးအုပ်နေသော အမာရွတ်ကြီးတစ်ခု ရှိနေသဖြင့် သူ၏ ကြည့်ကောင်းသော ပုံပန်းသွင်ပြင်မှာ အနည်းငယ် အရုပ်ဆိုးနေရတော့သည်။ သူက လေပေါ်တွင် ပျံဝဲနေပြီး သူ၏ဘေးနားရှိ လူတိုင်းကို လျစ်လျူရှုကာ စေတီထိပ်ရှိ ဧရာမမျက်လုံးကြီးကို စိုက်ကြည့်နေတော့သည်။
မြေကြီးပေါ်ရှိ ပိုင်ရှောင်ချန်းမှာ ကျီဖုန်းကိုမော့ကြည့်နေသည်။ ပိုင်ရှောင်ချန်းက သူ့ကို မသိပါသော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံမှ ပေါ်ထွက်နေသည့် စွမ်းအားများကြောင့် ဇောင်ထျန်ကျောက်ကို ပြန်အမှတ်ရသွားတော့သည်။
” သူက ဇောင်ထျန်ကျောက်လို နာမည်ကြီးတဲ့ လူတစ်ယောက်ပဲနေမှာ…. ” သူကတွေးလိုက်လေသည်။
ကျီဖုန်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များရှိပြီး စစ်တပ်ငါးတပ်ထဲရှိ ပိုင်ရှောင်ချန်း ကြုံတွေ့ဖူးသမျှ လူများထဲတွင် ပိုင်လင်းမှလွဲ၍ အခြားလူများထက် ပို၍အားကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကြီးတစ်ခုလည်း ရှိသေးသည်။ ထို့အပြင် ပိုင်လင်းမှာ နတ်အဆင့်သို့ ရောက်ရန် အနည်းငယ်မျှသာ လိုတော့သည်ဖြစ်၍ ထိုကျီဖုန်းဆိုသူ၏ အခြေအနေကို ရိပ်စားမိနိုင်ပေသည်။
” မိစ္ဆာဆန်ဆန် သတ်ဖြတ်တတ်တဲ့ လူမျိုးပါလား။ ” ပိုင်ရှောင်ချန်းသည် အတွင်းစိတ်ထဲတွင် ပင့်သက်ရှိုက်ရင်း တွေးလိုက်သည်။ ကျီဖုန်းသည် ကြောက်စရာကောင်းနေပါသော်လည်း ပိုင်ရှောင်ချန်းကမူ သူနှင့်ယှဥ်၍တိုက်ခိုက်ရပါက ရှုံးနိမ့်မည်ဟု မတွေးထားပေ။ ဤသို့သော မိစ္ဆာဆန်ဆန် သတ်ဖြတ်သူများမှာ ရူးကြောင်ကြောင် လူစားမျိုးများသာ ဖြစ်တတ်ကြသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်းသည် အကြည့်လွှဲရန် ပြင်လိုက်စဥ်တွင် ကျီဖုန်းက မျက်လုံးကြီးဘက်သို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။
ထိုလှုပ်ရှားမှူကြောင့် သူ၏ အင်္ကျီလက်ထဲမှ ဝိညာဥ်အမြောက်အမြား စီးဆင်းကာထွက်လာကြတော့သည်။ ဝိညာဥ်ပေါင်း တစ်သောင်းကျော်မှာ အော်ဟစ်ရုန်းကန်နေကြသည်။ သို့သော် မျက်လုံးကြီးက သူတို့ကိုစိုက်ကြည့်လိုက်သောအခါ သူတို့မှာ ဆွဲငင်ခြင်းခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း စုပ်ယူခံလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
တစ်ပြိုက်နက်ထဲမှာပင် ထိုနေရာတစ်ဝိုက်တွင် တအံ့တသြဖြစ်နေကြသည့် အသံများ ပေါ်ထွက်လာတော့သည်။
” အစ်ကို ကျီဖုန်းက အခုလေးတင် ဝိညာဥ်အကောင်တစ်သောင်းကို ယစ်ပူဇော်လိုက်တာဟေ့။ ”
” ဒီလိုနည်းနဲ့ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ကို တက်အောင် လုပ်နိုင်တဲ့လူမျိုးက သိပ်များများစားစား မရှိဘူးကွ။ ကျီဖုန်းလိုမျိုး ထိပ်တန်းအဆင့် ကျွမ်းကျင်သူတွေသာ ဒီလိုမျိုး လုပ်နိုင်တာ ”
” ဝိညာဥ်အရေအတွက်က တစ်သောင်းေကျာ်ပေမဲ့ အရည်အသွေးက အမျိုးမျိုးကွဲနေတာ။ ငါ့အထင်တော့ သူ့ရဲ့တိုက်ပွဲစွမ်းဆောင်မှုရမှတ်က သောင်းဂဏန်းအနည်းငယ်လောက်ပဲ တက်သွားမယ်ထင်တယ်။ ”
ထိုသို့ လူများမှာဆက်လက် ငြင်းခုံနေကြစဥ် ကျီဖုန်းသည် နောက်သို့လှည့်ကာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အဝေးသို့ ထွက်သွားတော့သည်။ ထိုအခါမှသာ ပိုင်ရှောင်ချန်းသည် တိုက်ပွဲစွမ်းဆောင်မှုရမှတ်များကို ဤသို့ စုစည်းနိုင်ကြောင်း သိသွားသည်။
” စိတ်ညစ်စရာပဲ။ အခုလောလောဆယ် ငါ့ရဲ့ ပေါက်ကွဲစေတဲ့ ဆေးပေါင်းဖိုတွေက ဝိညာဥ်တွေကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်ပဲ ဆုတ်ဖြဲပေးနိုင်တာ။ ကျီဖုန်းရဲ့ နည်းမျိုးသာ ငါသုံးနိုင်မယ်ဆိုရင် တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေ ပိုရနိုင်မှာကွ။ ”
သူက သက်ပြင်းချကာ ခေါင်းယမ်းလိုက်တော့သည်။ ခပ်လှမ်းလှမ်းတွင် ပျောက်ကွယ်သွားသည့် ကျီဖုန်းကို နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်ပြီး သူက သူ၏ အမိန့်ပေးအမှတ်တံဆိပ် ဆွဲပြားထဲသို့ နတ်ဘုရားအာရုံအချို့ထည့်သွင်းလိုက်ကာ ဧရာမမျက်လုံးကြီးနှင့် ချိတ်ဆက်လိုက်လေသည်။
အနည်းငယ် အကြာတွင် အချက်အလက်ပေါင်းစုံမှာ သူ၏အတွေးထဲတွင် ပေါ်ပေါက်လာတော့သည်။
” ဒီမှာ လဲလှယ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိတာ ငါ မယုံနိုင်ဘူးကွာ။ ယင်ယန်ဝိညာဥ်ဆေးလုံးတွေ အထိကို ရှိတာပဲဟ…. ”
ယင်ယန်ဝိညာဥ်ဆေးလုံးများကိုပင် ရောင်းချနေသည်ကိုကြည့်ပါက ရွှေအမြုတေအဆင့်ကို အထောက်အကူပြုနိုင်သည့် ဆေးအမျိုးအစားများရှိနေသည့်အချက်မှာ အံ့သြစရာပင် မကောင်းတော့ပေ။
မှော်ပစ္စည်းများ၊ စက္ကူလက်ဖွဲ့အဆောင်များနှင့် ဆေးပင်အမျိုးအစားအားလုံးတို့လည်း ရှိသေးသည်။ ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေသဖြင့် ရင်ခုန်နှုန်းမြန်လာရတော့သည်။
ထိုပစ္စည်းများစွာထဲတွင် ဤနေရာတွင်သာ ရနိုင်သည့်ပစ္စည်းများစွာလည်း ပါသေးသည်။ မြေရိုင်းဒေသမှ ဝိညာဥ်မြက်ပင်များနှင့် မြေအောက်မြစ်ရေများအထိပင် ရရှိနိုင်သည်။
မြေအောက်မြစ်မှာ သဘာဝအတိုင်းဆိုလျှင် ပုံရိပ်ယောင်တစ်ခုမျှသာ ရှိသည်ဖြစ်ပြီး အခြားကမ္ဘာတစ်ခုနှင့် ချိတ်ဆက်နေသည့်အလား ဖြစ်နေသည်။ ၎င်းတွင် အလွန်ထူးခြားသော အရည်အသွေးများရှိပြီး ဆင့်ခေါ်ရန်မှာ အလွန်ခဲယဥ်းသည်။ နတ်အဆင့်ကျင့်ကြံသူများမှ လွဲ၍ ထိုမြစ်ရေကိုမည်သူမျှ မထိန်းချုပ်နိုင်ကြပေ။