Switch Mode

အခန်း ( ၄၈၁ )

အလိုကြီးခြင်း

ထိုခြောက်ယောက်အဖွဲ့တွင် ထူးကဲသော ကျင့်ကြံခြင်းအခြေခံများရှိလေသည်။ ပိုင်ရှောင်ချန်းအား အလေးပြုလိုက်ပြီးနောက်တွင် သူတို့က နာမည်နှင့် သူတို့၏ကျင့်ကြံခြင်းအခြေခံအဆင့်များကို မိတ်ဆက်လေသည်။ လေးဦးမှာ အစောပိုင်းအမြုတေအဆင့်၊ တစ်ဦးမှာ အလယ်ပိုင်းအမြုတေ အဆင့်နှင့် တစ်ဦးမှာ နှောင်းပိုင်းအမြုတေ အဆင့်တွင်ရှိကြပြီး နှောင်းပိုင်းအမြုတေအဆင့်ကျင့်ကြံသူမှာ မိန်းကလေးတစ်ဦးဖြစ်လေသည်။

သူမ၏အမည်မှာ လျှိုလီ ဖြစ်သည်။ သူမကလှပပြီး ငယ်ရွယ်နုပျိုသည့်မျက်နှာထက်တွင် ဖီးနစ်အလားမျက်ဝန်းတစ်စုံရှိလေသည်။ သူမက ငယ်ရွယ်နုပျိုသည့်အသွင်အပြင်ရှိပြီး သံချပ်ကာဝတ်စုံက သူမ၏လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ဖုံးအုပ်နိုင်ခြင်းမရှိပေ။ အမှန်မှာ သူမ၏ချပ်ဝတ်တန်ဆာက သူမအား ကြည့်ကောင်းစေပြီး သူရဲကောင်းပင်ဆန်သွားစေသည်။

ပိုင်ရှောင်ချန်းက ထိုတပ်ဖွဲ့၏ တပ်ခွဲမှူးဖြစ်ပြီး သူ၏နောက်တွင် ကျောက်လုံနှင့် လျှို့လီက အသန်မာဆုံးဖြစ်သည်။ သူတို့အဖွဲ့က အလယ်ပိုင်းကျင့်ကြံခြင်းလောကတစ်ခုလုံးကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သည်အထိ သန်မာလေသည်။

ထို့အပြင် ပိုင်ရှောင်ချန်းပြောနိုင်သည်မှာ ထိုဆယ်ယောက်က သူငယ်ချင်းများဖြစ်ကြသည် ဟူ၍။ သူတို့က စစ်တပ်၏အခြား စီရင်စုတစ်ခုမှာ တွေ့ဆုံခဲ့ကြပြီး သူတို့အချင်းချင်း ပနံသင့်ကာအဆင်ပြေကြသည်ဟု မှန်းဆနိုင်သည်။ သူတို့ထံ၌ မန္တန်ဝင်္ကပါဖော်ဆောင်နိုင်သည့် စွမ်းရည်လည်းရှိကြသည်။ သူတို့၏ ပေါင်းစပ်ထားသည့်စွမ်းအားက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်စွမ်းရှိပြီး အကယ်၍ သူတို့က အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံး တိုက်ပွဲတွင် ခေါင်းခဲအောင် လုပ်ဆောင်နိုင်လိမ့်မည်။

ပိုင်ရှောင်ချန်းက သူတို့အား အကဲဖြတ်သုံးသပ်နေသကဲ့သို့ သူတို့ကလည်း သူ့အားအလားတူ လုပ်နေကြလေသည်။ ပိုင်ရှောင်ချန်း သံသယရှိနေသည့်အတိုင်း သူတို့မှာ အချိန်ကြာသည်အထိ အဖွဲ့ငယ်လေးအဖြစ်ရှိနေခဲ့ကြသည်။ ကျောက်လုံ၏ အကြံပြုချက်အပြင် နံရံ၏အခြားတစ်ဖက်တွင် ဆေးပေါင်းဖိုများပေါက်ကွဲသွားခဲ့သည်ကို သူတို့ကိုယ်တိုင်မြင်ဖူးကြလေရာ ထိုလျှို့ဝှက်ဆန်းကြယ်သမားတော်၏ နောက်လိုက်ဖြစ်ရခြင်းက သူတို့အတွက်ကောင်းမွန်လိမ့်မည်ဟု သူတို့က လက်ခံယုံကြည်ခဲ့ကြသည်။

ကံမကောင်းစွာပင် ယခုသူ့အားပထမဦးဆုံး အမှန်တကယ်တွေ့မြင်လိုက်ရသောအခါ သူတို့မှာ အနည်းငယ်စိတ်ပျက်သွားခဲ့ရလေသည်။ သူက အတော်လေး ငယ်ရွယ်ရုံသာမက မည်သည့်အကြောင်းအရင်းမှန်းမသိ သူက ယုံကြည်အားကိုး၍မရနိုင်သောလူဟု ထင်ရသည်။

ပိုင်ရှောင်ချန်းက သူ၏လိုအပ်ချက်များနှင့် ပတ်သက်၍ အနည်းငယ်ရှင်းလင်းချက်ပေးလိုက်ပြီးနောက် ညနေပိုင်းရောက်နေပြီဖြစ်၍ သူတို့အားအနားပေးလိုက်လေသည်။ယနေ့မှစ၍ သူတို့က သူ၏ခြံဝန်းထဲတွင်နေထိုင်ကြရမည်ဖြစ်ပြီး သူ၏အမိန့်များအားလုံးကို ဆောင်ရွက်ရန်လည်းတာဝန်ရှိလေသည်။

ညအချိန်၌လည်း မဟာတံတိုင်းကြီး၏အပြင်ဘက်တွင် တိုက်ပွဲက ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ သို့သော်လည်း မန္တန်အစီအရင်အကာအကွယ်ကြောင့် မဟာတံတိုင်းမြို့တော်မှာ အလွန်တိတ်ဆိတ်နေလေသည်။

ပိုင်ရှောင်ချန်းက သူ၏နေထိုင်ရာခြံဝန်းထဲတွင် တပ်ခွဲမှူးအမိန့်ပေးတံဆိပ်ပြားကိုကြည့်၍ တိတ်ဆိတ်စွာထိုင်နေသည်။ ခဏအကြာတွင် သူကနတ်ဘုရားအာရုံအချို့ကို တံဆိပ်ပြားထဲသို့ ပို့လွှတ်လိုက်သည့်အခါ နောက်တစ်ကြိမ်ထပ်၍ သူနှင့် စေတီ၏ထိပ်ဆုံးရှိ မျက်လုံးကြီးအကြားတွင် ဆက်နွယ်မှုရှိနေကြောင်း ခံစားမိလိုက်ရပြန်သည်။

တချိန်တည်းမှာပင် သူကတံဆိပ်ပြားကို သူ၏သက်စောင့်အာရုံဖြင့် အမှတ်အသားပြုလိုက်ကာ ၎င်းအား ခရမ်းရောင်အလင်းများဖြင့် တောက်ပစေလိုက်သည်။ ခဏအကြာတွင် သူ၏စစ်ပွဲအတွင်းစုဆောင်းမိခဲ့သည့် အမှတ်များအား မြင်နိုင်လာသည်။

” ၄၃၊ ၇၅၃ ” သူကရေရွတ်လိုက်သည်။

” တပ်ခွဲမှူးတွေက တော်တော်အထင်ကြီးစရာကောင်းတယ်။ ဒါပေမဲ့ တကယ်လို့ငါသာ တပ်မှူးေလးတစ်ယောက်ဖြစ်သွားခဲ့ရင် ပိုပြီးအထင်ကြီးစရာကောင်းသွားမှာ။ အဲဒါဆိုရင် ငါက ကျင့်ကြံသူတစ်ရာကိုတောင် အမိန့်ပေးနိုင်မှာ”
သူသည် အတွေးထဲတွင် မျှော်လင့်ချက်များအပြည့်ဖြင့် တပ်မှူးေလးနေရာသို့ ရာထူးတိုးမြှင့်နိုင်သည့် လိုအပ်ချက်များကို စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။

” ၁,၀၀၀,၀၀၀ တောင်” သူကပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

” ဒါကအရမ်းများတာပဲ..”
သူကမျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ ထို့နောက် သူကနောက်ထပ်အချက်အလက်များကို ဖတ်လိုက်ပြီးနောက် ပို၍မျက်မှောင်ကြုတ်မိသွားသည်။

” အမုန်းဝိညာဥ်တွေကို သတ်ပစ်လို့ရတဲ့ဆုတွေထက် လူ့ဘီလူးတွေကို သတ်လို့ရတဲ့ဆုတွေက မတူညီကြဘူး။ ပြီးတော့ ဝိညာဥ်ကျင့်ကြံသူတွေနဲ့ အောက်လမ်းဆရာတွေကို သတ်လို့ရှိရင် ပိုများတဲ့ တိုက်ပွဲ စွမ်းဆောင်မှုရမှတ်တွေကိုရလိမ့်မယ်” ထိုအချိန်တွင် သူ၏မျက်လုံးများမှာ အရောင်လက်လာလေသည်။

” ကောင်းတာပေါ့…စိတ်မရှည်ဖြစ်စရာတောင်မလိုဘူး။ ငါက တိုက်ပွဲ စွမ်းဆောင်မှုရမှတ်တွေကို ဆေးပေါင်းဖိုတွေပေါက်ကွဲစေတာနဲ့တင် ရနိုင်တယ်..ဟုတ်တယ်မလား။ အဲ့တာလုပ်ဖို့ကလည်း လွယ်လွယ်လေးပါ။ ဒါတွေအားလုံးက ဝိညာဥ်စုစည်းဆေးလုံးကနေ ဖြစ်လာနိုင်တာပဲ”

” တကယ်လို့ ငါသာ စစ်မှန်ပြီးစွမ်းအားပြည့်တဲ့ ဝိညာဥ်စုစည်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရင် ဘာမှလုပ်စရာမလိုပဲ တိုက်ပွဲ စွမ်းဆောင်မှုရမှတ်တွေကို သဲ့ယူလို့ရပြီကွ” ပိုင်ရှောင်ချန်းက သူ၏အတွေးရထားကြီးကိုအဆုံးသတ်လိုက်ပြီးနောက် ယခင်ကထက်ပင် ပို၍ စိတ်လှုပ်ရှားလာသည်။

မှန်ပေသည်။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များက ရာထူးတိုးမြှင့်ခံရရန်ထက်ပင် ပို၍ကောင်းမွန်ကြသည်။ ထို့ကြောင့် သူကမည်သည့်ပစ္စည်းများကို ဝယ်ယူနိုင်ကြောင်းကိုလည်း စစ်ဆေးကြည့်ရန်ဆုံးဖြတ်လိုက်သည်။

( သင်လုပ်ရန်လိုအပ်သည်မှာ မျှော်စင်ဆီသို့သွားကာ ကိုယ်တိုင်လိုအပ်သည်များကိုကြည့်ပြီးနောက် သင်လိုချင်သည့် မည်သည့်အရာမဆို သင့်ပစ္စည်းဖြစ်လာမည်။ )

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူကတီးတိုးဆိုမိလိုက်သည်။
” အခု ငါ့ဆီမှာ လုံလောက်တဲ့တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေမရှိသေးဘူး”

ထိုသို့ဆိုကာ သူက ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

” ငါက ရွှေအမြုတေအဆင့်ရဲ့မဟာစက်ဝန်းကိုရောက်ဖို့ သိပ်မဝေးတော့ဘူးပဲ။ ဝမ်းနည်းစရာက ဒီနေရာမှာရှိတဲ့ စိတ်စွမ်းအင်တွေက အင်မတန် အားနည်းလွန်းတယ်။ ဒီနည်းနဲ့သာဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းကို အရှိန်မြှင့်ဖို့လွယ်မှာမဟုတ်ဘူး။ တကယ်လို့ ငါသာ တိုက်ပွဲစွမ်းဆောင်မှုရမှတ်တွေအလုံအလောက်ရခဲ့ရင် ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်အချို့ကို လွယ်လွယ်ကူကူရနိုင်လိမ့်မယ် ”
အနည်းငယ်တွေးတောပြီးနောက် သူက သူ့အား စောင့်ကြည့်နေသူ ရှိ၊မရှိကို နတ်ဘုရားအာရုံအချို့ပို့လွှတ်ကာ အတည်ပြုလိုက်သည်။

ထို့နောက် သူက အဆောင်လက်ဖွဲ့စာရွက်လက်တစ်ဆုပ်စာကို ထုတ်လိုက်ကာ သူ၏ခြံဝန်းပတ်လည်တွင် နေရာချလိုက်သည်။

ထို့နောက် သူက မလုံမလဲဖြင့် အိတ်ကိုဖွင့်ကာ မြေဝိညာဥ်သစ်ဥအချို့အား ထုတ်ယူလိုက်သည်။

မြေဝိညာဥ်သစ်ဥများက လုံးလုံးလျားလျားရွှေရောင်သန်းနေပြီး ၎င်းတို့၏သက်တမ်းကိုဆုံးဖြတ်ရန် မရေမတွက်နိုင်သည့် ကွင်းလိုင်းလေးများပါရှိသည်။ သစ်ဥတစ်ခုချင်းစီတိုင်းတွင် ရာနှင့်ချီသည့် ကွင်းလိုင်းလေးများပါနေသည်။

” သူတို့အားလုံးရဲ့သက်တမ်းက နှစ်တစ်ရာကျော်နေပြီ…”
သူက နှုတ်ခမ်းကိုသပ်ပြီး တွေးလိုက်မိသည်။ အမှန်တွင် ဝိညာဥ်စုစည်းဆေးလုံးကို ဖော်စပ်ရာတွင်ထိုသစ်ဥများအား သူ လိုအပ်သော်လည်း အများကြီးမလိုအပ်ပေ။

သူက ထိုသစ်ဥများတစ်ထောင်ကျော်နှင့် အခြားအဖိုးတန်ဆေးပင်များကို တောင်းဆိုခဲ့သည့် အကြောင်းအရင်းမှာ ၎င်းတို့အား သူ့အတွက် လျှို့ဝှက်စွာသိမ်းဆည်းထားပြီး သူ၏ချီနှင့်သွေးများ စွမ်းအားတိုးတက်လာစေရန်နှင့် သူ၏သက်စောင့်အားကိုလည်း သန်မာလာစေရန် ကြံရွယ်ထားလေသည်။

တကယ်တမ်းတွင် သက်စောင့်အားမှာ သူ၏ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို ကျင့်ကြံရာ၌ သော့ချက်ဖြစ်နေလေသည်။

” ဒီမြေဝိညာဥ်သစ်ဥတွေနဲ့ဆို ငါ့ရဲ့ထာဝရအရွတ်ကြောေတွက တဟုန်ထိုးတိုးတက်လာလိမ့်မယ်”
နှစ်တစ်ရာသာရှိသော မြေဝိညာဥ်သစ်ဥကပင် လူသိရှင်ကြားရောင်းချလျှင် အလွန်စျေးကောင်းရပေသည်။ အမှန်တွင် လေလံပွဲများ၌လည်း ၎င်းတို့အား ကောင်းကင်နှင့်မြေပြင်တစ်ခွင် အဖိုးတန်ပစ္စည်းများအဖြစ် ခွဲခြားသတ်မှတ်လေ့ရှိသည်။

မဟာတံတိုင်းမြို့တော်တွင် ပိုင်လင်းကဲ့သို့တစ်စုံတစ်ယောက်ကသာ မဆိုင်းမတွပဲ ၎င်းပစ္စည်းအများအပြားအား ဝယ်ယူနိုင်လိမ့်မည်။ ပိုင်ရှောင်ချန်းက သူမည်သို့လုပ်ခဲ့ကြောင်းကိုသာ မြင်ယောင်ကြည့်နိုင်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ပါဝင်ပစ္စည်း တစ်ထောင်အား ရရှိရန် ကြီးမားသည့်ငွေကြေးပမာဏကို ပေးရလိမ့်မည်။

သူ၏စိတ်ထဲတွင် ထိုကဲ့သို့တွေးတောမိနေရင်း ပတ်ပတ်လည်အားကြည့်ကာ သူ့အားမည်သူမျှစောင့်ကြည့်မနေကြောင်း သေချာစေလိုက်သည်။ ထို့နောက် မြေဝိညာဥ်သစ်ဥတစ်လုံးကိုထုတ်လိုက်ပြီး သူ၏လိပ်ဒယ်အိုးလေးအားသုံးကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်လိုက်သည်။ တကယ်တမ်းတွင် သူကများပြားလှသည့် ရောင်စုံခြယ်မီးတောက်အမျိုးအစားများကိုလည်း လောင်စာအဖြစ်တောင်းခံခဲ့သေးသည်။ ချက်ချင်းပင် မြေဝိညာဥ်သစ်ဥမှာ ယခင်ကထက် ပို၍ထူးကဲသာလွန်သွားလေသည်။

ကံမကောင်းစွာပင် သူ့မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရန် လုံလောက်သည့်လောင်စာ အနည်းငယ်သာရှိတော့သည်။ နောက်ဆုံးတွင် သူကလက်လျော့လိုက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးသား မြေဝိညာဥ်သစ်ဥကိုယူ၍ တစ်ကိုက်ကိုက်လိုက်သည်။

သူကရုတ်တရက် မီးဖိုထဲသို့ရောက်သွားသည့်အလားခံစားလိုက်ရပြီး သူ၏နှလုံးသားမှာလည်း ပူလောင်လာသည်။

” အစ်ကိုကြီးက ကုံမြို့သက်တန့်ဒေသမှာ ဘာတွေများလုပ်နေမလဲသိချင်လိုက်တာ ”
သူကတွေးတောလိုက်သည်။ ရုတ်တရက် သူက အဏ္ဏဝါခေါ်သံဂိုဏ်းရှိ လီချင်းဟောက်၊ ဟိုရှောင်မေ့နှင့် စုန့်ကျင်းဝမ်တို့အား သတိရသွားလေသည်။ သူ၏စိတ်ထဲတွင် အမှတ်တရအားလုံး ပေါ်လာလေသည်။

တချိန်တည်းမှာပင် သူ၏သက်စောင့်အားက မီးကဲ့သို့ တလိမ့်လိမ့်ပူလောင်လာသည်။ သူက ချက်ချင်းပင်သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်ကို စတင် ထုတ်ဖော်လိုက်ရာ သူ၏ဘယ်ဘက်ခြေထောက်ရှိ ထာဝရအရွတ်ကြောများသည် အနက်ရောင်အပေါက်တစ်ခုကဲ့သို့ ဖြစ်လာပြီး အပူအားလုံးကိုစုပ်ယူလိုက်သည်။

ညအချိန်မှာ လျင်မြန်စွာကုန်လွန်သွားပြီး ထိုအတောအတွင်း ပိုင်ရှောင်ချန်းက နှစ်တစ်ရာကျော်သက်တမ်းရှိသည့် မြေဝိညာဥ်သစ်ဥတစ်ခုလုံးကို စားသုံးခဲ့သည်။ ထိုကဲ့သို့လုပ်သည့်မည်သူမဆို သူတို့၏သက်စောင့်အားမှာ မယုံကြည်နိုင်ဖွယ် တက်ကြွပြီး ဒရဟော တိုးပွားလာပေလိမ့်မည်။

သို့သော် ပိုင်ရှောင်ချန်းမှာကွဲပြားလေသည်။ သူ၏ထာဝရအသက်ရှည်နည်း သိုင်းမှာ နက်ရှိုင်းသည့် အောက်ခြေမဲ့တွင်းတစ်တွင်းအလား ဖြစ်နေသည်။ ကျေးဇူးတင်ဖွယ်ကောင်းသည်မှာ သူ၏ဘယ်ဘက်ခြေထောက်ပေါ်ရှိ ထာဝရအရွတ်ကြောများက ပြီးပြည့်စုံသွားပြီဖြစ်၍ သူ၏ညာဘက်ခြေထောက်တွင် စတင်၍ တိုးတက်လာသည်။

မကြာမီ သူ၏အပြင်အားမှာ မယုံကြည်နိုင်ဖွယ်ကောင်းေလာက်အောင် တိုးတက်လာသည်ကို သူ ခံစားလိုက်ရလေသည်။

နေရောင်ခြည်တန်းေလးများက လောကတစ်ခွင် ဖြန့်ကျက်လာသောအခါ သူက ဆေးလုံးများကိုစတင်၍ ထပ်မံဖော်စပ်လေသည်။ ဤတစ်ကြိမ်၌ သူက အသုတ်ငါးဆယ်အထိ တိုးလိုက်လေသည်။ သူ၏ စဉ်ဆက်မပြတ်စမ်းသပ်မှုများကြောင့် ပို၍စွမ်းအားပြည့်ဝကောင်းမွန်သည့် ဝိညာဥ်စုစည်းဆေးလုံးကို တိုးတက်အောင်ပြုလုပ်လာနိုင်ခဲ့ေသာ်လည်း ထိုရလဒ်အား သူက စိတ်ကျေနပ်မှုမရှိသေးပေ။ ထို့အပြင် ဖြစ်နိုင်လောက်သည်ဟုသူသိထားသည့် အဆုံးစွန်သောအဆင့်သို့ ရောက်ရှိနိုင်မည့်ပုံမပေါ်ချေ။ သို့သော် သူကအလျင်စလိုမဖြစ်ပေ။ ထို့အပြင် သူ၏စမ်းသပ်မှုများက မကြာမီတွင် ပြီးပြည့်စုံသောအောင်မြင်မှုဆီဦးတည်နိုင်လိမ့်မည်ဟု သူကယုံကြည်လေသည်။

ထို့အပြင် နေ့ရက်တိုင်း ဆေးပေါင်းဖိုများမှာ ဆက်လက်ပေါက်ကွဲနေလေသည်။

ပိုင်လင်းနှင့် ပက်သက်၍လည်း အရာအားလုံးမှာ အဆင်ပြေနေလေသည်။ အမှန်မှာ ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုများပြတ်လပ်သွားမည်ကို စိုးရိမ်သွားသည့်အချိန်၌ ပိုင်လင်းက ဆေးပေါင်းဖိုအသစ်များကို ထုတ်ပေးလေသည်။

စစ်သေနာပတိချုပ်ပိုင်က ပေါက်ကွဲတော့မည့်ဆေးပေါင်းဖိုများအား အချိန်ကြာမြင့်စွာကတည်းက လုံးဝသဘောကျနေပြီဖြစ်သည်။ သူ့အတွက် သူတို့က ဆေးဝါးဖော်စပ်သည့်ကိရိယာများမဟုတ်ချေ။ အမုန်းဝိညာဥ်များအား အမြစ်ဖြုတ်နိုင်သော လက်နက်များသာဖြစ်နေသည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းက ကျင့်ကြံခြင်းကိုဆက်လက်လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူက မြေဝိညာဥ်သစ်ဥများကို အသုံးပြုပြီး၍ သူ့ထံတွင် ဒါဇင်အနည်းငယ်သာကျန်ရှိတော့ကြောင်းကို တွေ့ရှိသွားလေသည်။

ထိုညတွင် သူ၏ညာဘက်ခြေထောက်တစ်ခုလုံးမှာ မယုံကြည်နိုင်လောက်သည့်အပူများ လောင်ကျွမ်းနေပြီး ပြင်းထန်သော စွမ်းအားများကလည်း လှုပ်ရှားသက်ဝင်နေသည့်ပုံရသည်။ တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ထိုနေရာရှိအရာအားလုံး တုန်ရီလာလေသည်။

” ဒါကအလုပ်ဖြစ်တယ်”
သူကစိတ်လှုပ်ရှားစွာ တွေးမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ခြေနှစ်ဖက်စလုံးမှ ဖြာထွက်နေသော ကြောက်မက်ဖွယ်အပြင်အားကို ခံစားသိရှိလိုက်ရသည်။

ထာဝရပြုစားခြင်းသိုင်းကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ယခုအခါ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူက အသေးစားတည်နေရာရွေ့ပြောင်းခြင်းကိုမသုံးပဲ သူ့အားမီအောင်ဖမ်းနိုင်တော့မည်မဟုတ်ကြောင်း သူက ယုံကြည်လေသည်။ သူသည် ဗြုန်းကနဲအရှိန်တင်ကာ သူ၏ခြံဝန်းဆီမှ မီတာသုံးထောင်ကွာဝေးသောနေရာဆီသို့ ပြေးသွားလိုက်ပြီး တုံ့ခနဲ ရပ်လိုက်သည်။ သို့တိုင် သူ၏လှုပ်ရှားမှုအသံမှာ နားထဲသို့ပင် မရောက်လာသေးချေ။

” အသံရဲ့အလျင်ထက်တောင် ပိုမြန်သွားပြီ”
ပိုင်ရှောင်ချန်းသည် အားရကျေနပ်ကာ ဘဝင်လေဟပ်သွားပြီး ခေါင်းကိုနောက်ပစ်ကာ ခွက်ထိုးခွက်လန်ရယ်မောလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset